← Chapters

အခန်း ၁၉

Vol. 2 Ch. 19

အခန်း ၁၉

Vol. 2 Ch. 19

အခန်း (၁၉)

"နောက်ပိုင်းမှာ... ကျွန်မ အချိန်ပို အလုပ်ဆင်းရလို့ ညနက်သွားပြီး တက္ကစီငှားဖို့ တန်းစီနေတဲ့ တန်းရှည်ကြီးထဲမှာ မိုးမိနေတဲ့အခါ... အဲ့ဒီတုန်းက မိုးရွာတဲ့ညကို အမြဲ ပြန်သတိရမိတယ်... မြို့က သေးငယ်ပြီး လမ်းကလည်း တိုတောင်းတယ်... ရင်ထဲက စကားတွေကတော့ လမ်းတစ်လျှောက်လုံး အရှည်ကြီး အရှည်ကြီး ဖြစ်နေခဲ့တယ်"

—— ရှယ်ရီဝိုင် စမ်းသပ်ခန်း 《အိပ်မက်တွေကို ဖြတ်သန်းခဲ့တဲ့ ကိုးနှစ်တာ》

ယန့်စစ်ရှီ၏ အကြည့်က ရှလီ၏ မှတ်စုစာအုပ်ပေါ်ကိုပြန်ရောက်သွားပြီး တစ်ချက်ကြည့်လိုက်ကာ စကားပြောရန် ပြင်လိုက်သော်လည်း ဒီနေရာက စာကြည့်တိုက်ဖြစ်ကြောင်း သတိရသွားသလိုသူ့စားပွဲမှ ခဲတံတစ်ချောင်းကို လှည့်ယူလိုက်သည်။

ယန့်စစ်ရှီက လှပသော လက်ချောင်းများဖြင့် ခဲတံကို ကိုင်ကာ သူမ ကူးရေးထားသော စကားလုံးအသစ်များ၏ နောက်တွင် တရုတ်အဓိပ္ပာယ်တွေကို တစ်ခုချင်းစီ ရေးချလိုက်ပြီး "n.", "vi.", "vt." စသည့် ဝါစင်္ကတွေကိုပင် ရေးသားပေးလိုက်သည်ကို ရှလီ တွေ့လိုက်ရသည်။

ဒီထက်ပိုပြီး ရင်ခုန်စရာကောင်းတဲ့ မြင်ကွင်းမျိုးကို သူမ စိတ်ကူးလို့မရတော့ပေ။

ခဲတံထိပ်ဖျားက စာရွက်ပေါ်တွင် ရေးခြစ်သံများ ထွက်နေသည်။

ဓာတ်ပြားပေါ်မှ ဓာတ်ပြားအပ် သွားနေသလိုသူမ၏ ရင်ထဲတွင် သီချင်းတစ်ပုဒ်ကို ထပ်တလဲလဲ ဖွင့်နေပြီး မီးရှူးမီးပန်းများ ပေါက်ကွဲသွားသည်ထက်ပင် ပို၍ ပျော်ရွှင်နေမိသည်။

သိပ်မကြာလိုက်သလိုပင် ဘောပင်က ရပ်သွားပြီး ယန့်စစ်ရှီက သူမ၏ မှတ်စုစာအုပ်ကို တွန်းပေးလိုက်သည်။

ယန့်စစ်ရှီက တိုးတိုးလေး မေးလိုက်သည်

"တခြား မေးစရာ ရှိသေးလား"

ယန့်စစ်ရှီ ပြန်လှည့်သွားမှသာ ရှလီက အင်္ကျီလက်ကို ဖယ်ရှားလိုက်ပြီး အခြားစာအုပ်နှစ်အုပ်ကို ယူကာ 《Guns, Germs and Steel》 ၏ မျက်နှာဖုံးကို ဖုံးလိုက်သည်။

သူမ၏ နားရွက်ကို ကိုင်ကြည့်လိုက်ရာ အံ့သြလောက်အောင် ပူလောင်နေသည်။

သူမ ခေါင်းငုံ့ကာ မှတ်စုစာအုပ်ပေါ်တွင် ယန့်စစ်ရှီ ရေးပေးထားသော အဓိပ္ပာယ်တွေကို ကြည့်လိုက်၏။

ကတ်လုပ်သည့်နေရာတွင် သူက မင်ဘောပင်ဖြင့် ကျပန်းရေးခဲ့သော နာမည်နှင့် နှိုင်းယှဉ်လျှင် ယခု လက်ရေးက နည်းနည်း ပို၍ အားပါနေသည်။

ကျယ်ဝန်းသော နေရာတွင် နှေးကွေးသော ခြေသံများ ထွက်လာပြီး ရွှီနင်နှင့် အတန်းခုနစ်မှ အခြားမိန်းကလေးတစ်ယောက် အတူတူ ရောက်လာကြသည်။

ရွှီနင်က စာအုပ်အထပ်လိုက်ကြီးကို ပိုက်လာပြီး ချလိုက်ချိန်တွင် စားပွဲပင် တုန်ခါသွားသည်ဟု ရှလီ ခံစားလိုက်ရသည်။

ရွှီနင် ယူလာသော စာအုပ်များက ရှုပ်ထွေးလွန်းလှပြီး ခသူးလူး၊ တောင်နှင့်ပင်လယ်ကျမ်း၊ မြောက်ဥရောပ ဒဏ္ဍာရီ၊ ရာဇဝတ်မှု စိတ်ပညာ...

ရွှီနင်က သူမနှစ်သက်သော အန်နီမေးရှင်း ဇာတ်ကောင်စုံတွဲများ၏ ပြိုင်တူစကြဝဠာ ဇာတ်လမ်းတွေ ရေးရန် ထူးဆန်းသော ကမ္ဘာ့အမြင်အချို့ကို ဖန်တီးရန် ဒီစာအုပ်တွေကို ဖတ်ခြင်းဖြစ်ကြောင်း ရှလီ သိသည်။

လောင်ကျွမ်း ပြောတာ မှန်သည်... ရွှီနင်သာ သူမ၏ စိတ်ဝင်စားမှု တစ်ဝက်လောက်ကို သင်္ချာပေါ်တွင် ထားလိုက်လျှင် သင်္ချာအမှတ်ကြောင့် အတန်းထဲတွင် အဆင့် နှစ်ဆယ့်ငါးနောက်ပိုင်း၌ ရုန်းကန်နေရမည် မဟုတ်ပေ။

နေရာတစ်ခုလုံး တိတ်ဆိတ်သွားသည်။

အားလုံးက ကိုယ့်စာအုပ်ကိုယ် ဖတ်နေကြပြီး ကောင်းကင်က တဖြည်းဖြည်း မှောင်လာကာ စာကြည့်တိုက်ထဲတွင် မီးများ လင်းလာသည်။

အချိန်ကို ကြည့်လိုက်တော့ ညနေ ငါးနာရီ ကျော်နေပြီဖြစ်သည်။

ရှလီက ရှေ့ကိုတစ်ချက် လှမ်းကြည့်လိုက်တော့ ယန့်စစ်ရှီက လက်တော့ပ်ကို ပိတ်လိုက်ပြီး ပြန်ရန် ပြင်ဆင်နေပုံရသည်။

သူမက ခေါင်းလှည့်ကာ ရွှီနင်ကို တိုးတိုးလေး မေးလိုက်သည်

"ညစာစားချိန် ရောက်တော့မယ်... ငါတို့ ပြန်ကြမလား"

"အာ... ဘယ်အချိန် ရှိပြီလဲ" ရွှီနင်က စာအုပ်ကို ပိတ်လိုက်သည်။

"ငါးနာရီ ကျော်ပြီ"

"ဒါဆို သွားကြရအောင်"

အတန်းခုနစ်မှ ထိုမိန်းကလေးကို မေးကြည့်ရာ သူတို့ ပြန်မည်ဆိုလျှင် သူမလည်း အတူတူ လိုက်ပြန်မည်ဟု ပြောသည်။

ယန့်စစ်ရှီက အရင် ပစ္စည်းများ သိမ်းဆည်းပြီး စာအုပ်ငှားသည့် ကောင်တာကိုသွားခဲ့သည်။

ရှလီတို့လည်း သူ့နောက်မှ အနီးကပ် လိုက်သွားကြ၏။

ယန့်စစ်ရှီက မှတ်ပုံတင်ပြီးသား စာအုပ်ကို ကိုင်ကာ ဘေးကိုသွားရပ်လိုက်ပြီး ထိုပုံစံက သူတို့ကို အတူတူပြန်ရန် စောင့်နေပုံရသည်။

သူက အမြဲတမ်း အလွန် ယဉ်ကျေးပျူငှာသောသူ တစ်ယောက်ဖြစ်ပြီး ကျောင်းရှိ ရွယ်တူများတွင် မရှိသော လူကြီးလူကောင်းဆန်သည့် အမူအရာမျိုး ရှိသည်။

ရှလီက ယန့်စစ်ရှီဘက်ကိုတစ်ချက် လှမ်းကြည့်လိုက်ပြီး သူက ဒီဘက်ကို သတိမထားမိသည်ကို မြင်မှသာ စိတ်ချလက်ချဖြင့် သူမ၏ စာအုပ်အချို့ကို ကမ်းပေးလိုက်သည်။

ဝန်ထမ်းက ဘားကုဒ်ကို ဖတ်ကာ မှတ်ပုံတင်ပြီး အလေးအနက် ပြောလိုက်သည်

"သုံးလအတွင်း ပြန်အပ်ပါ"

စာအုပ်ငှားရန် မှတ်ပုံတင်ပြီး အားလုံး အတူတူ အပြင်ကိုထွက်လာခဲ့ကြသည်။

အပြင်တွင် မိုးမတိတ်သေးသော်လည်း စောနကထက် အများကြီး တိတ်သွားပြီဖြစ်သည်။

ရွှီနင်က ထီးယူလာသဖြင့် ရှလီက သူမနှင့်အတူ ဆောင်းလိုက်သည်။

လူအချို့က လှေကားထစ်များမှ ဆင်းကာ လမ်းဘေးကိုရောက်လာကြသည်။

အတန်းခုနစ်မှ ထိုမိန်းကလေး၏ အိမ်က ဒီနေရာနှင့် နီးပြီး ဘတ်စ်ကား နှစ်မှတ်တိုင်ပင် မဝေးသောကြောင့် ရှေ့တွင် သွားစောင့်မည်ဟု ပြောကာ ထီးဆောင်းပြီး အရင် ထွက်သွားသည်။

ရွှီနင်က ရှလီကို အကြံပြုလိုက်သည်။

"ငါတို့ တက္ကစီ ငှားကြမလား"

ရှလီက ထီးမပါသဖြင့် တက္ကစီက ကျောင်းသားအဆောင် တံခါးဝအထိ တိုက်ရိုက် ရောက်နိုင်သောကြောင့် သဘာဝကျကျ အဆင်အပြေဆုံးဖြစ်သည်။

ထိုအချိန်က ချူချန်မြို့ရှိ တက္ကစီများ၏ အခြေခံဈေးနှုန်းမှာ ၂ ကီလိုမီတာလျှင် ၅ ယွမ်ဖြစ်ပြီး ၁ ကီလိုမီတာ ပိုတိုင်း ၁ ယွမ်သာ ပိုပေးရသောကြောင့် ကားခကို ခွဲပေးလိုက်လျှင် ပိုက်ဆံ အများကြီး မကုန်ပေ။

သို့သော် မိုးရွာသောနေ့များတွင် တက္ကစီငှားရန် မလွယ်ကူသလို အလုပ်ဆိုင်းအပြောင်းအလဲ အချိန်နှင့်လည်း တိုက်ဆိုင်နေသောကြောင့် ကားအချို့ကို တားကြည့်သော်လည်း လူပါနေတာ မဟုတ်ရင် လက်မခံတာများသာ ဖြစ်နေသည်။

ရှလီကတော့ မလောပေ... အဘယ်ကြောင့်ဆိုသော် ယန့်စစ်ရှီလည်း ကားစောင့်နေသောကြောင့် ဖြစ်သည်။

ဆောင်းရာသီ၏ မီးခိုးရောင် မိုးခိုးများကြားမှ အဝေးကြီးမဟုတ်သော နေရာရှိ အနက်ရောင် ထီးအောက်မှ ထိုအရိပ်ကို ကြည့်ရင်း ကား လုံးဝ မလာပါစေနှင့်ဟုပင် သူမ ဆုတောင်းနေမိသည်။

သို့သော် မကြာမီပင် နွေးထွေးသော အဝါရောင် ကားမီးရောင် နှစ်ခုက မှိုင်းညို့နေသော ကောင်းကင်ယံကို ဖောက်ထွင်းလာပြီး အနက်ရောင် ဘင်ဇ် ကားတစ်စီးက နီးကပ်လာကာ ယန့်စစ်ရှီ၏ ဘေးတွင် ရပ်တန့်သွားသည်။

ယန့်စစ်ရှီက နောက်ခန်းတံခါးကို ဖွင့်လိုက်သော်လည်း ချက်ချင်း မတက်သေးဘဲ ခဏရပ်ကာ ရှလီနှင့် ရွှီနင်တို့ ရှိရာဘက်ကိုတစ်ချက်ကြည့်ပြီး တည်ငြိမ်စွာ ပြောလိုက်သည်။

"ကားပေါ်တက်... လိုက်ပို့ပေးမယ်"

သူ၏ လေသံနှင့် အသံက အလွန် ရှင်းလင်းပြတ်သားပြီး ဒီစကားတွင် ခံစားချက်များစွာ မပါဝင်ဘဲ အတန်းဖော်များကြား ရှိသင့်သော ယဉ်ကျေးမှုမျှသာ ဖြစ်သည်။

ရွှီနင်က ကြောင်သွားပြီး ခေါင်းလှည့်ကာ ရှလီကို နှုတ်ခမ်းလှုပ်ရုံဖြင့် မေးလိုက်သည်။

ငါ နားကြားမှားတာ မဟုတ်ပါဘူးနော်။

ဒီမေးခွန်းကို ရှလီလည်း ရွှီနင်ကို ပြန်မေးချင်နေသည်။

ယန့်စစ်ရှီက နောက်ခန်းတံခါးကို ကိုင်ထားပြီး သူတို့ တက်လာမည့်အချိန်ကို စောင့်နေသည်မှာ ထင်ရှားသည်။

ရှလီက သူမ၏ စိတ်လှုပ်ရှားမှုနှင့် နည်းနည်း လောကြီးနေသော ခံစားချက်ကို ထိန်းချုပ်ကာ လက်လှမ်း၍ ရွှီနင်၏ လက်မောင်းကို ဆွဲလိုက်ပြီး လေသံကိုတော့ တည်ငြိမ်အောင် ထားလိုက်သည်။

"သွားကြမလား"

"သွားကြတာပေါ့... တက္ကစီ စောင့်ရရင် ဘယ်လောက်ကြာဦးမလဲ မသိဘူး"

_____________

All Chapters