← Chapters

အခန်း ၅၀

Vol. 5 Ch. 50

အခန်း ၅၀

Vol. 5 Ch. 50

အခန်း (၅၀)

"နွေရာသီက အဲဒီလောက်တိုတောင်းပေမဲ့ လွမ်းဆွတ်ခြင်းတွေကတော့ အရမ်းကို ရှည်လျားလွန်းတယ်"

—— ရှယ်ရီဝိုင် စမ်းသပ်ခန်း 《အိပ်မက်တွေကို ဖြတ်သန်းခဲ့တဲ့ ကိုးနှစ်တာ》

၂၀၁၀ ခုနှစ်၏ တရုတ်နှစ်သစ်ကူးပွဲတော်မှာ နည်းနည်း နောက်ကျသည်။ လဆန်း ခုနစ်ရက်နေ့ ကျောင်းပြန်ဖွင့်ချိန်တွင် ဖေဖော်ဝါရီလနှောင်းပိုင်းကိုရောက်နေချေပြီ။ ဖေဖော်ဝါရီ ၂၇ ရက်နေ့သည်ကား တက္ကသိုလ်ဝင်ခွင့်စာမေးပွဲအတွက် ရက်တစ်ရာ ရေတွက်ခြင်းစတင်သည့်နေ့ပင် ဖြစ်သည်။

ဤမျှကျပ်တည်းလွန်းသော အချိန်ဇယားကြောင့် ကျောင်းသားများမှာ ပွဲတော်အပြီး အနားယူချိန်ပင် မရလိုက်ဘဲ လေ့ကျင့်ရေးဆင်းထားသည်မှာ နှစ်ဝက်ခန့်သာရှိသေးပြီး အရည်အချင်းစစ်ဆေးမှုပင် မအောင်မြင်သေးသော ရေတပ်သားသစ်လေးတွေကို အရှိန်ပြင်းပြင်း မောင်းနှင်နေသော သင်္ဘောကြီးပေါ်ကိုအတင်းအကျပ် ပစ်တင်လိုက်သလိုခေါင်းမူးမျက်စိနောက်စွာဖြင့် ပန်းတိုင်ဆီကိုတန်းတန်းမတ်မတ် ပြေးဝင်သွားရတော့သည်။

ကျောင်းက ရက်တစ်ရာ သစ္စာဆိုပွဲ ကျင်းပမည်ဖြစ်ပြီး အခန်း ၇ တွင်လည်း သူတို့ကိုယ်ပိုင် အခမ်းအနားလေး ရှိသည်။ ၎င်းမှာ လောင်ကျွမ်းက အထက်တန်းနောက်ဆုံးနှစ် ကျောင်းသားတွေကို တာဝန်ယူရသည့် အသုတ်တိုင်းတွင် လုပ်လေ့လုပ်ထရှိသော ရိုးရာတစ်ခုဖြစ်၏။

လောင်ကျွမ်းမှာ ပေကျင်းဆရာအတတ်သင်တက္ကသိုလ်မှ ဘွဲ့ရခဲ့သူဖြစ်သည်။ အတန်းပိုင်ဆရာတစ်ယောက်အနေဖြင့် တင်းကျပ်ပြီး ခေတ်နောက်ကျသူဖြစ်သော်လည်း တရုတ်စာဆရာတစ်ယောက်အနေဖြင့်မူ ကွယ်ရာတွင် ရှေးဟောင်းကဗျာတိုလေးများ ရေးဖွဲ့ကာ သူ၏ ဘလော့ဂ်ပေါ်တွင် တင်လေ့ရှိသည်။ ဤသို့သောလူစားမျိုးက ရိုမန်းတစ်ဆန်သော စိတ်ကူးယဉ်ဆန်မှု လုံးဝမရှိသူတော့ မဟုတ်နိုင်ပေ။

ကိုယ့်ကိုယ်ကိုယ်အတွက်ဖြစ်စေ မိသားစုအတွက်ဖြစ်စေ သူငယ်ချင်းအတွက်ဖြစ်စေ ရေးသားနိုင်သည်။

ထိုစာကို ရေးပြီးသည်နှင့် သေချာစွာ ပိတ်ပိတ်ပြီး ကိုယ်တိုင် သိမ်းဆည်းထားရမည်ဖြစ်ကာ တက္ကသိုလ်ဝင်ခွင့်စာမေးပွဲ ပြီးဆုံးချိန်ဒါမှမဟုတ်အမှတ်စာရင်းထွက်သည့်နေ့တွင်မှ ပြန်ဖွင့်ဖတ်ရမည် ဖြစ်သည်။

လောင်ကျွမ်းက ပြောလာသည်။

"အဲဒီအချိန်ကျရင် မင်းတို့ရေးထားတဲ့ စာသားတွေအတွက် နောင်တမရကြဖို့ မျှော်လင့်တယ်"

ဒီအခမ်းအနား၏ ခံစားချက်ကို ပိုမိုနက်ရှိုင်းစေရန်အတွက် စာရွက်နှင့် စာအိတ်တွေကို လောင်ကျွမ်းက အားလုံးကို တူညီစွာ ဝေငှပေးခဲ့ချေသည်။ အဖြူရောင်နောက်ခံတွင် အပြာရောင်မျဉ်းများပါသော စာရွက်၏ အလယ်တည့်တည့် ထိပ်ပိုင်းတွင် မင်ကျန်းအလယ်တန်းကျောင်း၏ နာမည်နှင့် ကျောင်းတံဆိပ်ကို ရိုက်နှိပ်ထား၏။

စာရွက်နှင့် စာအိတ်များ ဝေငှပြီးသွားတော့ စာသင်ခန်းတစ်ခုလုံး တိတ်ဆိတ်သွားပြီး စာရွက်လှန်သံနှင့် ဘောပင်သွားများ၏ တရှပ်ရှပ်မြည်သံတွေကိုသာ ကြားရတော့သည်။

ခဏအကြာတွင် ထိုအသံများထဲ၌ တစ်စုံတစ်ယောက်၏ တိုးညင်းသော ငိုကြွေးသံလေး ရောနှောပါဝင်လာသည်။

စာသင်နှစ်သစ်တွင် အသစ်ပြန်စီထားသော နေရာထိုင်ခင်းအရ ရှလီ၏ နေရာမှာ ပြတင်းပေါက်ဘေးတွင် ဖြစ်သည်။ ယခုအခိုက်အတန့်တွင် သူမက မေးထောက်ထားရင်း ပြတင်းပေါက်အပြင်ဘက်ရှိ ဘတ်စကက်ဘောကွင်းကို ငေးကြည့်ကာ သူမ၏ စာကို မည်သို့ရေးရမည်ကို ငေးမောတွေးတောနေချေသည်။

ရှလီက တွေးလိုက်သည်။

"ငါတို့သိခဲ့ကြတာ နှစ်နှစ်တောင် ရှိတော့မယ် နင်ဒီစာကို ရတဲ့အချိန် အရမ်းကြီး အံ့ဩမသွားဖို့ မျှော်လင့်ပါတယ်"

ပထမဆုံးစာလုံးကို ချရေးလိုက်ပြီး အတွေးအလျဉ်များက ပြတ်တောက်မသွားခဲ့တော့ချေ။ သူမတွင် သူ့အား ပြောပြချင်သော စကားများ အများအပြား ရှိနေသည်။

စတင်ဆုံတွေ့ခဲ့သည့် အချိန်မှစ၍ အဝေးမှ လှမ်းကြည့်ခဲ့ရသည့် အကြိမ်တိုင်း မမျှော်လင့်ဘဲ ဆုံတွေ့ခဲ့ရသည့် အကြိမ်တိုင်း အတူရှိခဲ့ရသည့် အကြိမ်တိုင်းတွင် ဖြစ်ပေါ်ခဲ့သော သူမ၏ ထောင်သောင်းမကသော ရင်တွင်းဖြစ်တွေကို သူ့အား ပြောပြချင်နေမိသည်။

ဤမျှလေးနက်သော စာရွက်ပေါ်တွင် ရည်းစားစာရေးနေသူမှာ သူမတစ်ယောက်တည်းများ ဖြစ်နေမလားပင် မသိနိုင်တော့ချေ။

ရေးပြီးသွားတော့ ရှလီက စာရွက်ကို သုံးခေါက် ခေါက်လိုက်ပြီး စာအိတ်ထဲကိုထည့်ကာ ကော်ဘူးဖြင့် အပိတ်ကို သေချာစွာ ပိတ်လိုက်၏။

စာအိတ်ပေါ်တွင် ယန့်စစ်ရှီ ကိုယ်တိုင်ဖွင့်ရန် ဟု ရေးသားလိုက်သည်။

သူမက တက္ကသိုလ်ဝင်ခွင့်စာမေးပွဲ ပြီးဆုံးသွားပြီး ဒီစာကို ယန့်စစ်ရှီ၏ လက်ထဲကိုလူကိုယ်တိုင် ပေးအပ်ရန် ဆုံးဖြတ်လိုက်သည်။

/

ထိုနေ့က ရက်တစ်ရာ သစ္စာဆိုပွဲဖြစ်ပြီး ကျောင်းက အလွန်အရေးထားသဖြင့် အရေးကြီးသော လှုပ်ရှားမှုများတွင်သာ အသုံးပြုလေ့ရှိသော ခန်းမကြီးကို ဖွင့်လှစ်အသုံးပြုခဲ့သည်။ အထက်တန်းနောက်ဆုံးနှစ် ကျောင်းသားအားလုံး ခန်းမကြီးထဲတွင် စုရုံးနေကြပြီး ဆရာများ မိဘများနှင့် ကျောင်းသားကိုယ်စားလှယ်များက တစ်ဦးပြီးတစ်ဦး စကားပြောကြားကြကာ အားလုံးက တပြိုင်နက် သစ္စာဆိုကြ၏။ လူများစွာမှာ ဒီလေထု၏ လွှမ်းမိုးမှုကြောင့် စိတ်အားထက်သန်လာပြီး မျက်ရည်များပင် ဝဲလာကြချေသည်။

ရှလီနှင့် ရွှီနင်တို့က တစ်တန်းတည်း ရပ်နေကြသည်။ ရှလီ၏ အင်္ကျီလက်ကို ရွှီနင်က တိတ်တဆိတ် ဆွဲလိုက်ပြီး တိုးတိုးလေး ပြောလာသည်။

"ငါတစ်ယောက်တည်းပဲ နေရခက်ပြီး ကြက်သီးတွေ ထနေတာလား မသိဘူး"

ရှလီကလည်း တိုးတိုးလေး ပြန်ဖြေလိုက်သည်။

"တကယ်တော့ ငါလည်း နည်းနည်း ဖြစ်နေတယ်"

ရွှီနင်က ထပ်ပြော၏။

"နည်းနည်းများ လီယန်ရဲ့ ရူးသွပ်အင်္ဂလိပ်စာပွဲကြီးနဲ့ တူမနေဘူးလား"

ရှလီမှာ ရယ်ချင်စိတ်ကို မနည်းထိန်းထားလိုက်ရသည်။

ထိုအဖြစ်အပျက်မှာ အထက်တန်းပထမနှစ် ဒုတိယနှစ်ဝက်တုန်းက ဖြစ်ပြီး လီယန်က ကျောင်းသို့လာ၍ သင်တန်းလာရောင်းရာ အထက်တန်းပထမနှစ် ကျောင်းသာ‌း‌ေတွ တစ်နှစ်လုံး အားကစားကွင်းထဲတွင် ထိုင်ကာ ပူပြင်းလှသော နေရောင်အောက်၌ ရေဒီယိုမှ ဖွင့်ပြသော ဖယောင်းတိုင်မီးရောင်ထဲက အမေ သီချင်းကို နားထောင်ရင်း တရှုံ့ရှုံ့ ငိုကြွေးခဲ့ကြဖူး၏။

ထိုစဉ်ကလည်း ရှလီက ရွှီနင်နှင့် တစ်တန်းတည်း ထိုင်ခဲ့ခြင်းဖြစ်သည်။

အခမ်းအနားပြီးဆုံးသွားတော့ အတန်းအလိုက် ခန်းမထဲမှ တစ်ဖွဲ့ပြီးတစ်ဖွဲ့ ထွက်ခွာလာကြသည်။ ခန်းမက ကန်တင်းနှင့် နီးပြီး အတန်းတက်ရန် အချိန်နည်းနည်း ကျန်သေးသဖြင့် ရှလီတို့ သုံးယောက်က လမ်းကြုံ မုန့်ဆိုင်သို့ဝင်၍ မုန့်နည်းနည်း ဝယ်ရန် ဆုံးဖြတ်လိုက်ကြသည်။

သူတို့ အခန်း ၇ မှာ စောစောထွက်ခွင့်ရသော အတန်းဖြစ်ပြီး လူအုပ်ကြီးမှာ နောက်တွင် ကျန်ခဲ့သေးသည်။ ဒီအချိန်၌ မုန့်ဆိုင်ကိုလာသူနည်းပါးသဖြင့် ရှလီက ရေခဲသေတ္တာနားမှာ ရေယူနေသော ယန့်စစ်ရှီနှင့် ဝမ်ချန်းတို့ကို ချက်ချင်း မြင်လိုက်ရ၏။

ရှလီက သဘာဝကျကျပင် နှုတ်ဆက်လိုက်သည်။

"ဟိုင်း"

ကောင်လေးနှစ်ယောက် လှည့်ကြည့်လာကြသည်။

ယန့်စစ်ရှီက မေးလိုက်သည်။

"ပြီးသွားပြီလား"

ရှလီက ဖြေသည်။

"အင်း"

လင်ချင်းရှောင်က ဝင်မေး၏။

"နင်တို့က မသွားကြဘူးလား"

ဝမ်ချန်းက ပြန်ဖြေလိုက်သည်။

"ငါတို့မှ တက္ကသိုလ်ဝင်ခွင့်စာမေးပွဲ ဖြေစရာမလိုတာ"

လင်ချင်းရှောင်မှာ ဆွံ့အသွားပြီး စိတ်ထဲမှ ရေရွတ်လိုက်သည်။

"အင်းပါ"

ရှလီတို့ သုံးယောက်က အနားကိုတိုးသွားကာ ရေခဲသေတ္တာထဲမှ အအေးတွေကို ရွေးချယ်လိုက်ကြသည်။

ယန့်စစ်ရှီက လက်ထဲတွင် ရေသန့်ဘူးတစ်ဘူး ကိုင်ထားရင်း ဘေးကိုနည်းနည်း ဖယ်ပေးလိုက်သည်။ သူက ရှလီ၏ လက်ထဲတွင် ကိုင်ထားသော ကျောင်းမှ တူညီစွာ ဝေငှပေးလိုက်သည့် ရက်တစ်ရာ အကြိတ်အနယ် အစီအစဉ်စာအုပ် ပေါ်ကိုတစ်ချက်ဝေ့ကြည့်လိုက်ပြီး မေးလာသည်။

"အစိုးရတက္ကသိုလ်ကို ဝင်ခွင့်ဖြေချင်တာလား"

(T/N Public Uni)

ထိုအစီအစဉ်စာအုပ်၏ မျက်နှာဖုံးတွင် အတန်းနှင့် နာမည်၏ အောက်ဘက် အကွက်လေး၌ ရည်မှန်းချက်တက္ကသိုလ် ဟု ရေးထားသည်။

ရှလီ၏ နားရွက်ဖျားလေးများ ပူနွေးသွားကာ ရှက်ရွံ့စွာ ဖြေလိုက်သည်။

"အင်း"

ယန့်စစ်ရှီက အားပေးစကား ဆို၏။

"အားတင်းထားပါ"

ရှလီက ပြန်ပြောလိုက်သည်။

"ကျေးဇူးပဲ"

ရှလီတို့က အအေးရွေးပြီးသွားတော့ ငွေရှင်းကောင်တာကိုလျှောက်သွားကြသည်။ ထိုအချိန်တွင် ဘေး၌ရပ်နေသော ယန့်စစ်ရှီက သူ၏ ရေသန့်ဘူးကို ကောင်တာပေါ်ကိုတင်လိုက်ပြီး ငွေရှင်းစာရေးကို ပြောလိုက်သည်။

"အကုန်လုံး အတူတူ ရှင်းမယ်"

ရှလီမှာ ကြောင်အမ်းသွားသည်။

လင်ချင်းရှောင်က မေးလိုက်သည်။

"ငါတို့ကို တိုက်တာလား"

ယန့်စစ်ရှီက အသံပြုလိုက်သည်။

"အင်း"

လင်ချင်းရှောင်က ဝမ်းသာအားရ ပြော၏။

"ဝါး ကျေးဇူးပဲနော်"

ဝမ်ချန်းက မကျေမနပ်ဖြင့် ဝင်ပြောလာသည်။

"မင်းက ဘာလို့ စောစောမပြောတာလဲ ငါ့ဟာကို ကိုယ့်ဘာသာ ရှင်းလိုက်ပြီ"

ယန့်စစ်ရှီက တည်ငြိမ်စွာ ပြန်ပြောသည်။

"ပုံမှန်ဆို ငါ မင်းကို တိုက်နေတာ မနည်းတော့ပါဘူး"

ဝမ်ချန်းမှာ ဘာပြန်ပြောရမှန်းမသိ ဖြစ်သွားသည်။

"မင်းကလည်းကွာ"

လူငါးယောက် ကန်တင်းမှ ထွက်လာပြီး စာသင်ဆောင်ဘက်ကိုအတူတူ လျှောက်သွားကြသည်။ လမ်းတွင် ယန့်စစ်ရှီ၏ ဖုန်းမြည်လာ၏။

သူက ဘောင်းဘီရှည်အိတ်ကပ်ထဲမှ ဖုန်းကို ထုတ်ကြည့်လိုက်ပြီး အားလုံးကို ပြောလိုက်သည်။

"မင်းတို့ အရင် ပြန်နှင့်ကြ ငါ ဖုန်းပြောလိုက်ဦးမယ်"

သူက လက်တစ်ဖက်တွင် ရေကိုကိုင်ထားပြီး ကျန်လက်တစ်ဖက်တွင် ဖုန်းကို ကိုင်ထားကာ မျက်နှာချင်းဆိုင်မှ လာနေသော လူအုပ်ကြီးကို ရှောင်ကွင်း၍ မင်ကျန်းကျောင်း၏ ပထမဆုံးကျောင်းအုပ်ကြီး၏ ရုပ်တုရှိရာ ကွင်းပြင်ငယ်လေးဆီကိုလျှောက်သွားသည်။

ရှလီက လူအုပ်ကြီးကို ကျော်လွန်၍ သူ့အား လှမ်းကြည့်လိုက်ရာ သူက လှေကားထစ်ဘေးတွင် ကျောခိုင်းရပ်ကာ ခေါင်းငုံ့နေသည်ကို တွေ့လိုက်ရသည်။

မွန်းလွဲပိုင်း နေရောင်ခြည်က သူ၏ အရိပ်ကို ကွန်ကရစ်လမ်းပေါ်တွင် ရှည်လျားစွာ ထင်ဟပ်စေ၏။ ထိုကျောပြင်လေးက လူကို အထီးကျန်ဆန်သော ခံစားချက်မျိုး ပေးစွမ်းနေချေသည်။

သူ ဘယ်သူနဲ့ ဖုန်းပြောနေတာလဲဆိုသည်ကိုတော့ သူမ မကြားနိုင်ခဲ့ချေ။ ဆူညံနေသော လူသံများက သူတို့နှစ်ယောက်ကို ပိုင်းခြားထားသည်။

All Chapters