အခန်း ၆၀
Vol. 6 Ch. 60
အခန်း (၆၀)
ယန့်စစ်ရှီမှာ နည်းနည်း အံ့ဩသွားပြီး လက်ဆောင်ကို လှမ်းယူလိုက်ကာ သူ၏အကြည့်တို့က လက်ဆောင်အိတ်လေးပေါ်မှတစ်ဆင့် ရှလီ၏ မျက်နှာပေါ်ကိုရောက်သွား၏။
"နင် မှတ်မိနေတာလား"
ယန့်စစ်ရှီက ရှလီ့ကို သူ၏မွေးနေ့အကြောင်း တစ်ခါမှ မပြောပြခဲ့ဖူးသလို ဝမ်ရှူပိုင်ကိုလည်း မွေးနေ့ကိတ်ပြင်ဆင်စရာမလိုဘဲ အခမ်းအနားတွေ လုပ်မနေရန် အသေအချာ မှာထားခဲ့သည်။
ယန့်စစ်ရှီက ရှလီ့ကို သူ၏မွေးနေ့မှာ ဖေဖော်ဝါရီလ ဆယ့်ကိုးရက်နေ့ဖြစ်ကြောင်း ပြောဖူးခဲ့သော်လည်း ထိုအချိန်က လွန်ခဲ့သော ရှစ်နှစ်ခန့်က ဖြစ်မည်ဟု ထင်ရချေသည်။
ရှလီက မျက်တောင်တစ်ချက်ခတ်လိုက်ပြီး ပြုံးကာ ပြောလာသည်။
"နင့်ရဲ့ WeChat အကောင့်ပေါ်မှာ ရေးထားတာပဲလေ"
ယန့်စစ်ရှီက ရှလီ့ကို ခဏမျှ စိုက်ကြည့်နေပြီး ဘာမှဆက်မပြောတော့ချေ။
ရှလီသည် အမြဲတမ်း သေချာဂရုစိုက်တတ်ပြီး အခြားသူတွေကို ဖိအားပေးလေ့မရှိသော မိန်းကလေးတစ်ယောက် ဖြစ်၏။
တနင်္လာနေ့ ညနက်ပိုင်းတွင် ရှလီနှင့် အဆင်ပြေစတိုးဆိုင်၌ ပြန်လည်ဆုံတွေ့ပြီး ဒုတိယနေ့ မနက်ပိုင်းတွင် ယန့်စစ်ရှီက ခွင့်ယူကာ သူ၏ စိတ်ရောဂါကုဆရာဝန်ထံကိုသွားရောက်တွေ့ဆုံခဲ့သည်။
ဒေါက်တာ၏ မျိုးရိုးအမည်မှာ မုန့်ဖြစ်ပြီး သူမသည် ယန့်စစ်ရှီ ဘော့စတွန်၌ရှိစဉ်က ပြသခဲ့သော စိတ်ရောဂါကုဆရာဝန် မိုင်ယာရာက မိတ်ဆက်ပေးလိုက်ခြင်း ဖြစ်သည်။
ဘော့စတွန်မှ မထွက်ခွာမီ ယန့်စစ်ရှီက မိုင်ယာရာထံကိုနောက်ဆုံးအကြိမ်အဖြစ် သွားရောက်နှုတ်ဆက်ခဲ့၏။
မိုင်ယာရာက ဒေါက်တာမုန့်မှာ သူမ၏ ပါရဂူဘွဲ့သင်တန်းမှ ကျောင်းနေဖက်သူငယ်ချင်းဖြစ်ပြီး တရုတ်ပြည်တွင်းရှိ အကောင်းဆုံး စိတ်ကျန်းမာရေးကုထုံးပညာရှင်များထဲမှ တစ်ဦးဖြစ်ကြောင်း ပြောပြခဲ့ပြီး ယန့်စစ်ရှီသာ သဘောတူလျှင်သူ၏ရောဂါမှတ်တမ်းတွေကို ဒေါက်တာမုန့်ထံကိုလွှဲပြောင်းပေးမည်ဖြစ်ကြောင်း ဆိုခဲ့သည်။
လိုအပ်သည်ဟုခံစားရလျှင်သူမထံသွားရောက်ဆွေးနွေးနိုင်ကြောင်းနှင့် ဒီသည်မှာ အတင်းအကျပ်စေခိုင်းခြင်းမဟုတ်ဘဲ ယန့်စစ်ရှီ၏ ကိုယ်ပိုင်ခံစားချက်အပေါ်တွင်သာ မူတည်ကြောင်း မိုင်ယာရာက အလေးအနက် ပြောကြားခဲ့သည်။
ယန့်စစ်ရှီက မိုင်ယာရာနှင့် ရေရှည်ဆွေးနွေးတိုင်ပင်မှုများ ပြုလုပ်နိုင်ခဲ့ခြင်းမှာ သူမက အခြားသူတွေကို မည်သည့်အရာကိုမျှ အတင်းအကျပ် မလုပ်ခိုင်းသောကြောင့် ဖြစ်ချေသည်။
ဆရာဝန်မုန့်တွင်လည်း မိုင်ယာရာနှင့် တစ်ထပ်တည်းတူညီသော ပရော်ဖက်ရှင်နယ် ကျင့်ဝတ်များ ရှိနေ၏။
ယန့်စစ်ရှီက ဒေါက်တာမုန့်ထံကိုပထမဆုံးအကြိမ် သွားရောက်တွေ့ဆုံခဲ့သည်မှာ တရုတ်ပြည်ကိုအပြီးတိုင်ပြန်လာရန် မဆုံးဖြတ်ရသေးမီ အချိန်ကပင် ဖြစ်သည်။
ကျွမ်းကျင်သော စိတ်ကျန်းမာရေးကုထုံးပညာရှင်များသည် အခြေအနေကိုသာ ခွဲခြမ်းစိတ်ဖြာပေးပြီး ဆုံးဖြတ်ချက်ချပေးလေ့မရှိသော်လည်း ဆွေးနွေးပြီး အကြောင်းအမျိုးမျိုးကြောင့် ယန့်စစ်ရှီက တရုတ်ပြည်တွင်းမှ အလုပ်ကမ်းလှမ်းမှုကို လက်ခံရန် ဆုံးဖြတ်ချက်ချနိုင်ခဲ့သည်။
အင်္ဂါနေ့ မနက်ပိုင်းတွင် ယန့်စစ်ရှီ အခန်းထဲကိုဝင်သွားချိန်၌ ဒေါက်တာမုန့်က အခန်းအတွင်းပိုင်းကို သူအပန်းပြေဆုံးဖြစ်စေမည့် အနေအထားမျိုးဖြစ်သော နေကာလိုက်ကာတွေကို တစ်ဝက်ခန့်ချထားပေးပြီး မီးသီးအသေးလေးတစ်လုံးကို ဖွင့်ထားပေးကာ အခန်းတွင်း၌ နည်းနည်း မှိုင်းဝေနေသော်လည်း လုံးဝမှောင်မိုက်မနေသော အခြေအနေမျိုး ဖန်တီးထားပေး၏။
ဒေါက်တာမုန့်က ယန့်စစ်ရှီရှေ့ရှိ လက်ဖက်ရည်ပွဲစားပွဲပေါ်ကိုရေခဲရေတစ်ခွက် ချပေးလိုက်ပြီး သူ၏ မျက်နှာချင်းဆိုင် ဆိုဖာပေါ်တွင် ထိုင်ကာ ပြုံး၍ မေးလာသည်။
"ဒီတလော အခြေအနေ ဘယ်လိုရှိလဲ"
ယန့်စစ်ရှီက ရေတစ်ငုံသောက်လိုက်ပြီး တည်ငြိမ်စွာ ဖြေလိုက်၏။
"မနေ့က အထက်တန်းကျောင်းတုန်းက အတန်းဖော်တစ်ယောက်နဲ့ ဆုံခဲ့တယ်"
ဒေါက်တာမုန့်က ယန့်စစ်ရှီကို ကြည့်နေပြီး စကားမဖြတ်ဘဲ သူဆက်ပြောလာမည့်အချိန်ကို စိတ်ရှည်စွာ စောင့်ဆိုင်းနေသည်။
ခဏအကြာတွင် ဒေါက်တာမုန့်က လမ်းကြောင်းပေးလိုက်သည်။
"သူက ဘယ်လိုလူမျိုးလဲ နင်တို့ အရင်တုန်းက ဆက်ဆံရေး အဆင်ပြေခဲ့လား"
ထိုအခါ ယန့်စစ်ရှီ၏ခေါင်းထဲတွင် မနေ့ညက အဆင်ပြေစတိုးဆိုင်အတွင်းမှ မြူခိုးများပမာ အေးမြနူးညံ့သော ရှလီ၏ အသံလေးကို ချက်ချင်း သတိရသွား၏။
ထို့နောက်တွင်တော့ ခမ်းခြောက်နေသည်မှာ ကြာပြီဖြစ်သော ရေတွင်းဟောင်းထဲမှ ပထမဆုံး ရေကြည်တစ်ပေါက်ကို တူးဖော်တွေ့ရှိလိုက်သလိုခံစားလိုက်ရချေသည်။
ပိုးဟပ်တောင်ပံလို ပါးလွှာလှသော ထိုဆည်းဆာချိန်လေးတွင် မြို့ငယ်လေး၏ လမ်းသွယ်ထဲ၌ ဖုန်မှုန့်များနှင့် စာအုပ်မှင်နံ့များ သင်းပျံ့နေသော စာအုပ်ဆိုင်လေးကို မြင်ယောင်လာသည်။
ရုပ်ရှင်ပြသည့်နေရာနှင့် အလှမ်းဝေးသည့် လှေကားထစ်လေးပေါ်တွင် ရှလီက သူ့အား မျှဝေပေးခဲ့သော လျှို့ဝှက်စခန်းလေးကိုလည်း မှတ်မိနေ၏။
အမှောင်ထုထဲရှိ နာရီစင်စာသင်ခန်းထဲတွင် ဝမ်းနည်းနေကြသော လူနှစ်ယောက် ရှိခဲ့ဖူးသည်။
ယန့်စစ်ရှီက ထိုရေတွင်းဟောင်းကြီး လုံးဝခမ်းခြောက်သွားပြီဟု ထင်မှတ်ထားခဲ့မိသည်။
ဒေါက်တာမုန့်က ယန့်စစ်ရှီ ငြိမ်သက်နေဆဲဖြစ်သည်ကို မြင်တော့ ဆက်မမေးတော့ဘဲ ပြုံး၍ ပြောလာ၏။
"ငါ့ရဲ့ အကြံဉာဏ်ကို နားထောင်ကြည့်ချင်လား"
ဒေါက်တာမုန့်က ဆက်ပြောသည်။
"နင် တရုတ်ပြည်ကို ပြန်လာချင်ရတဲ့ အကြောင်းရင်းက နင့်ရဲ့ စိတ်နှလုံးအနက်ရှိုင်းဆုံးနေရာမှာ အခြားသူတွေနဲ့ communication skill တွေတဖြည်းဖြည်း ပြန်လည်ကောင်းမွန်လာပြီလို့ ဆုံးဖြတ်လိုက်လို့ပဲ ထင်တယ် တစ်ခါတလေ တာဝန်ယူမှုဆိုတာက ဖိအားကို ဆိုလိုပေမဲ့ ဒီတစ်ကြိမ်မှာတော့ နင့်အဘွားအတွက် နင်ကိုယ်တိုင်က ဖိအားပေးဖို့ ရွေးချယ်ခဲ့တယ် ဒါက အပြုသဘောဆောင်တဲ့ လက္ခဏာတစ်ခုပဲ တရုတ်ပြည်မှာ နင့်ရဲ့ အတိတ်က သူငယ်ချင်းဟောင်းတွေ အများကြီးရှိမှာပဲလေ သူတို့နဲ့ သင့်တော်သလို ဆက်သွယ်ကြည့်သင့်တယ် အရမ်းကြီး ရင်းနှီးသွားဖို့မလိုဘဲ နင့်အတွက် ဝန်ထုပ်ဝန်ပိုးမဖြစ်စေမယ့် အခြေအနေမျိုးမှာပေါ့ တကယ်လို့ နင့်ဘက်က စွမ်းဆောင်နိုင်သေးတယ်လို့ ထင်ရင်တော့ နောက်တစ်ဆင့်ကို တက်လှမ်းဖို့ ငါ အကြံပြုချင်တယ်"
နောက်ဆုံးတွင် ဒေါက်တာမုန့်က ပြောလိုက်သည်။
"ငါတို့ စိတ်ကျန်းမာရေးကုထုံးပညာရှင်တွေအနေနဲ့ ပေးစွမ်းနိုင်တာက အနည်းဆုံး အထောက်အပံ့လေးပဲ… လူမှုဆက်ဆံရေးကလည်း အဲဒီအထဲက တစ်ခုအပါအဝင်ပဲ ဒါပေမဲ့ အရာအားလုံးက နင့်ရဲ့ ကိုယ်ပိုင်ဆန္ဒအပေါ်မှာပဲ မူတည်တယ် တကယ်လို့ နင် ဖိအားတွေ ခံစားလာရရင် ချက်ချင်း ရပ်လိုက်… ဒါမှမဟုတ် ငါ့ဆီလာပြီး စကားလာပြောလို့ရတယ်"
ဒေါက်တာမုန့်၏ ရုံးခန်းမှ ထွက်ခွာလာပြီး ကုမ္ပဏီကိုကားမောင်းပြန်လာသော လမ်းတစ်လျှောက်တွင် ယန့်စစ်ရှီက ရှလီနှင့်ပတ်သက်သော အသေးစိတ်အချက်အလက်တွေကို ပို၍ သတိရလာခဲ့ချေသည်။
မိုးရွာတဲ့နေ့က စာကြည့်တိုက်၊ ညယပိုင်း နှင်းကျတဲ့နေ့၊ စုဆောင်းထားတဲ့ ဆိုင်းဘုတ်စာတန်းတွေ၊ ပဲနီလေးပေါင်မုန့်၊ အအေးခံထားသော သံပုရာသီးဆဲဗင်းအပ်၊ ကမ္ဘာပျက်မည့်နေ့နှင့် မသေခင် ဆန္ဒစာရင်း၊ သစ်ပင်အမြင့်တွင် ချိတ်ဆွဲထားသော အနီရောင်ဖဲကြိုးလေးများ။
ထိုအတိတ်က ဇာတ်လမ်းဟောင်းများမှာ မျိုးစေ့တစ်စေ့နှင့် တူသည်။
သို့သော် ထိုအချိန်က သူကိုယ်တိုင်ပင် လုံးဝ ခမ်းခြောက်နေခဲ့ပြီး ထိုမျိုးစေ့လေးကို အညှောက်ပေါက်လာစေရန် စွမ်းအားမရှိခဲ့ချေ။
အမှတ်ရစရာများ၏ နောက်ဆုံးအခန်းကဏ္ဍမှာ အတူတူ ကျောင်းလစ်ခဲ့ကြသော ထိုညက ဖြစ်၏။
ရှလီက လမ်းမီးတိုင်အောက်တွင် ရပ်နေခဲ့ပြီး သူမ၏ မျက်လုံးလေးများက ကြည်လင်သော ရေခဲပွင့်လေးများကဲ့သို့လှပနေခဲ့သည်။
သူမ၏ အကြည့်များက နည်းနည်း ရှောင်လွှဲနေပြီး ထိုမျက်နှာအမူအရာက သူ့အား တစ်စုံတစ်ခုကို မျှော်လင့်တောင့်တနေကြောင်း အနည်းနှင့်အများ သိသာစေခဲ့ချေသည်။
ထိုစဉ်က ရှလီက မေးခဲ့ဖူးသည်။
"နင့်ရဲ့ စိတ်အခြေအနေ နည်းနည်း ပိုကောင်းလာပြီလား"
ကားစက်နှိုးလိုက်ပြီး ယန့်စစ်ရှီက ယခု ယာဉ်မောင်းဘေးခုံတွင် ထိုင်နေသော ကောင်မလေးကို တစ်ချက် ကြည့်လိုက်၏။
ယန့်စစ်ရှီ၏ ရင်ထဲတွင် အဖြေတစ်ခုက ပဲ့တင်ထပ်နေသည်။
"ကောင်းလာပြီ…"
/
ရှလီက ယန့်စစ်ရှီ၏ မွေးနေ့ပွဲသည် အလွန်ဆူညံသော နေရာမျိုးဖြစ်မည်ဟု ထင်မှတ်ထားခဲ့သော်လည်း အထဲကိုဝင်ဝင်ချင်း ကြည့်လိုက်ရာ မီးရောင်ခပ်မှိန်မှိန်ရှိသော သီးသန့်အခန်းထဲတွင် လူဆယ်ယောက်ပင် မပြည့်နိုင်ကြောင်း တွေ့လိုက်ရသည်။
အခန်းတွင်းရှိ လှုပ်ရှားမှုများက တစ်ခဏမျှ ရပ်တန့်သွားပြီး လူတိုင်းက တပြိုင်နက်တည်း လှည့်ကြည့်လာကြကာ ယန့်စစ်ရှီအား အံ့ဩဝမ်းသာသော လေသံများဖြင့် နှုတ်ဆက်ကြ၏။
တံခါးဝကိုယောကျ်ားလေးတစ်ယောက်နှင့် မိန်းကလေးတစ်ယောက် ထွက်လာကာ ဆီးကြိုကြသဖြင့် ရှလီက ထိုသူများမှာ ယန့်စစ်ရှီနှင့် ဆက်ဆံရေး အကောင်းဆုံး သူငယ်ချင်းများဖြစ်မည်ဟု ခန့်မှန်းလိုက်သည်။
ယောကျ်ားလေးက အရင်ဆုံး လက်ကမ်းပေးလာပြီး ပြုံး၍ နှုတ်ဆက်၏။
"မင်္ဂလာပါ ငါက ဝမ်ရှူပိုင်… ယန့်စစ်ရှီရဲ့ ငယ်သူငယ်ချင်းပါ"
ရှလီက ဝမ်ရှူပိုင်နှင့် လက်ဆွဲနှုတ်ဆက်လိုက်သည်။
"မင်္ဂလာပါ ငါ့နာမည်က ရှလီပါ… ယန့်စစ်ရှီရဲ့ အထက်တန်းကျောင်းတုန်းက အတန်းဖော်ပါ"
ထိုအချိန်တွင် အခြား လူငယ်အမျိုးသမီးက ဝင်ပြောလာ၏။
"ချူချန်ဘက်က အထက်တန်းကျောင်းလား"
ရှလီက ပြုံး၍ ဖြေလိုက်သည်။
"ဟုတ်ပါတယ်"
လူငယ်အမျိုးသမီးက ရှလီ့ကို တစ်ချက် အကဲခတ်ကြည့်လိုက်သော်လည်း သူမကိုယ်သူမ မမိတ်ဆက်ဘဲ ယန့်စစ်ရှီကိုသာ ကြည့်ကာ နှုတ်ဆက်လိုက်ချေသည်။
"မတွေ့ရတာ ကြာပြီနော်"
ယန့်စစ်ရှီက ခပ်ပေါ့ပေါ့သာ ပြန်ထူးလိုက်သည်။
"အင်း"
ဝမ်ရှူပိုင်က လူတိုင်းကို အထဲဝင်၍ နေရာထိုင်ခင်းရှာကာ စကားပြောရန်နှင့် တံခါးဝတွင် ပိတ်မနေကြရန် အမြန် ခေါ်ယူလိုက်၏။
သီးသန့်အခန်းက အလွန်ကျယ်ဝန်းပြီး အလျားရှည်သော ဆိုဖာပေါ်တွင် နေရာလွတ်များစွာ ရှိနေသော်လည်း ထိုအပေါ်တွင် ထိုင်နေသူများက ယန့်စစ်ရှီကို နေရာဖယ်ပေးရန် အသီးသီး ထရပ်လိုက်ကြသည်။
ယန့်စစ်ရှီက အလယ်တွင် သွားမထိုင်ပေ။ သူသည် လူအများ၏ ဝိုင်းဝန်းဂရုစိုက်ခံရခြင်းကို သဘောကျသူ မဟုတ်သဖြင့် အပြင်ဘက်ကိုနည်းနည်းရောက်ကာ အဝင်အထွက် အလွယ်ကူဆုံးနေရာတွင်သာ ပေါ့ပေါ့ပါးပါး ဝင်ထိုင်လိုက်သည်။ ထို့နောက် ဘေးတွင် ရပ်နေသော ရှလီ့ကို ကြည့်ကာ သူ့ဘေးတွင် ဝင်ထိုင်ရန် မျက်ရိပ်ပြလိုက်၏။
ရှလီက ချက်ချင်းပင် လျှောက်သွားကာ ယန့်စစ်ရှီ၏ ဘေးတွင် ဝင်ထိုင်လိုက်သည်။
အမှန်တိုင်းပြောရလျှင် သူမ ခုနက နည်းနည်း နေရခက်သွားမိသည်။ ဒီနေရာရှိ လူတစ်ယောက်ကိုမျှ သူမ မသိပေ။ လာမည်ဟု ကတိပေးခဲ့ခြင်းမှာလည်း ယနေ့က ယန့်စစ်ရှီ၏ မွေးနေ့ဖြစ်သောကြောင့်သာ ဖြစ်ချေသည်။
ယန့်စစ်ရှီက ထိုင်ပြီး သူ၏ ကုတ်အင်္ကျီကို ချွတ်လိုက်ပြီး ရှလီ့ကို တစ်ချက်ကြည့်ကာ ချွတ်ရန် လိုမလို မေးလိုက်သည်။
"ခဏနေကျရင် ညစ်ပတ်သွားလိမ့်မယ်"
ရှလီက သံကြိုးကြိုးသိုင်းအိတ်ကို ဖြုတ်၍ ဘေးတွင် ချထားလိုက်ပြီး ကုတ်အင်္ကျီကို ချွတ်ကာ လက်ထဲတွင် ပိုက်ထားရင်း ပတ်ဝန်းကျင်ကို ဝေ့ဝဲကြည့်လိုက်၏။
ထိုအချိန်တွင် ယန့်စစ်ရှီက လက်လှမ်းလာပြီး ရှလီ၏ ကုတ်အင်္ကျီကော်လာကို ကိုင်ကာ ယူသွားလိုက်သည်။
ယန့်စစ်ရှီက အင်္ကျီနှစ်ထည်ကို ပိုက်ထားရင်း ထရပ်လိုက်၏။
ဝမ်ရှူပိုင်က သူ့ကိုယ်သူ Host အဖြစ် သတ်မှတ်ထားပုံရပြီး အရာရာကို အသေးစိတ် ဂရုစိုက်ပေးသည်။ ထိုအချိန်တွင် သူက ရှေ့သို့ထွက်လာကာ အင်္ကျီတွေကို လှမ်းယူလိုက်ပြီး ပြုံး၍ ပြောလာချေသည်။
"ငါ မင်းတို့အတွက် ချိတ်ပေးထားလိုက်မယ် မင်းတို့ ထိုင်နေကြလေ ဘာသောက်မလဲဆိုတာ ကြည့်လိုက်ဦး"
ရှည်လျားသော ဖန်လက်ဖက်ရည်ပွဲစားပွဲပေါ်တွင် သောက်စရာမီနူးစာရွက် ရှိနေပြီး ယန့်စစ်ရှီက ယူကာ ရှလီထံကိုကမ်းပေးလိုက်သည်။
ရှလီက ခေါင်းငုံ့ကာ မီနူးစာရွက်ကို ကြည့်နေစဉ် ခုနက ဝမ်ရှူပိုင်နှင့်အတူ တံခါးဝကိုလာကြိုသော လူငယ်အမျိုးသမီးက လျှောက်လာပြီး သူတို့၏ မျက်စောင်းထိုးရှိ လက်ဖက်ရည်ပွဲစားပွဲစွန်းတွင် ဝင်ထိုင်လိုက်၏။ ထိုအမျိုးသမီးက အရပ်ရှည်ရှည် မျက်နှာကျလှလှနှင့်ဖြစ်သော်လည်း သူမ၏ အငွေ့အသက်က အလွန်အေးစက်နေသည်။ အနက်ရောင် လည်ပင်းရှည် ဆွယ်တာအင်္ကျီ သားရေဘောင်းဘီရှည်နှင့် မာတင်ဘွတ်ဖိနပ်ကို ဝတ်ထားပြီး လည်ပင်းတွင် ငွေရောင်ဆွဲကြိုးတစ်ကုံးကို ဆွဲထားကာ ဆွဲသီးမှာ ဦးခေါင်းခွံပုံစံ ဖြစ်သည်။
လှပသည့်အပြင် ဘေးပတ်ဝန်းကျင်ကို ဂရုမစိုက်တတ်သော မိုက်ခဲစတိုင်မျိုးလည်း ရှိနေချေသည်။
သူမက လက်ထဲတွင် ကိုလာဗူးတစ်ဗူးကို ကိုင်ထားပြီး ယန့်စစ်ရှီဘက်ကိုနည်းနည်း စောင်းလှည့်ကာ ပြောလာသည်။
"အရင်ရက်တွေတုန်းက ငါ ဦးလေးနဲ့ ဆုံခဲ့တယ် သူက နင် မက်စ်အက်စ် မှာ အလုပ်လုပ်နေတယ်လို့ ပြောတယ် ဟုတ်လား ငါ့စတူဒီယိုက အဲဒီနားနဲ့ တော်တော်နီးတယ် နောက်ဆိုရင် နေ့လယ်စာ အတူတူ သွားစားလို့ရတာပေါ့"
ရှလီက မီနူးစာရွက်ပေါ်မှနေ၍ မျက်လွှာကို နည်းနည်း ပင့်တင်ကာ ယန့်စစ်ရှီကို ကြည့်လိုက်၏။
ယန့်စစ်ရှီက မူလကတည်းက ဘာမျက်နှာအမူအရာမှ မရှိသော်လည်း ယခုအခါတွင် ပို၍ အေးစက်ကာ ငြီးငွေ့နေသည့်ဟန်ဖြင့် ပြန်ဖြေလိုက်သည်။
"နောက်မှပဲ ပြောကြတာပေါ့"
နောက်တစ်ခဏတွင် ရှလီက အေးမြသော ရနံ့တစ်ခု နီးကပ်လာသည်ကို ခံစားလိုက်ရပြီး လက်တစ်ဖက်က လှမ်းလာကာ သွယ်လျသော လက်ချောင်းများဖြင့် သူမလက်ထဲရှိ မီနူးစာရွက်၏ ထောင့်စွန်းလေးကို ဖွဖွလေး ကိုင်လိုက်သည်။
ယန့်စစ်ရှီက မှီချလာခြင်း ဖြစ်၏။
ယန့်စစ်ရှီက တိုးညင်းစွာ မေးလာသည်။
"ကြည့်လို့ ပြီးပြီလား ဘာသောက်ချင်လဲ"
ရှလီက အသက်ရှူသံကို နည်းနည်း အောင့်ထားလိုက်မိပြီး ယန့်စစ်ရှီ၏ ကိုယ်သင်းနံ့များ ဝန်းရံခံထားရသလိုထင်ယောင်ထင်မှား ဖြစ်သွားကာ ဖြေလိုက်ချေသည်။
"ဘီယာဆို ရပြီ"
မျက်နှာချင်းဆိုင်ရှိ လူငယ်အမျိုးသမီး၏ မျက်နှာအမူအရာမှာ ဘာမှပြောင်းလဲမသွားဘဲ ရှလီဘက်ကိုလှည့်ကာ စိတ်ဝင်တစားဖြင့် အကဲခတ်ကြည့်လိုက်ပြီး မေးလာသည်။
"ယန့်စစ်ရှီ သူက နင့်အဘွားဆီက ခွဲစိတ်ဌာနမှူး တပည့်ရဲ့ သမီးမလား"
ထိုအချိန်တွင် ရှလီက မျက်လွှာပင့်၍ ထိုအမျိုးသမီးကို ပြုံးကြည့်ကာ ပြောလိုက်၏။
"နင် ထောင်ရှီးယွဲ့ကို သိတာလား ငါ့ကို တိုက်ရိုက် လာမေးလို့ရပါတယ် ငါက သူမဟုတ်ဘူး"
ထိုအမျိုးသမီးထံမှ သဲ့သဲ့လေး ထွက်နေသော ရန်လိုမှုကို ရှလီက မည်သို့မျှ မရိပ်မိဘဲ နေမည်နည်း။
သို့သော် အရေးတယူလုပ်နေရန် မလိုအပ်ဟုသာ သူမက ခံစားမိ၏။
လူငယ်အမျိုးသမီးက ပြုံးလိုက်သည်။
ထိုအပြုံးထဲတွင် အဓိပ္ပာယ်များစွာ ပါဝင်နေသည်ကို ရှလီက သတိမထားမိခဲ့ချေ။
ထို့နောက် လူငယ်အမျိုးသမီးက ဘာမှဆက်မပြောတော့ဘဲ ထရပ်ကာ ထွက်သွား၏။
ရှလီက ဘီယာမှာလိုက်ပြီး ယန့်စစ်ရှီကတော့ ရေခဲရေသာ သောက်သည်။
ယနေ့ လာရောက်ကြသူများအားလုံးမှာ ယန့်စစ်ရှီနှင့် မတွေ့ရသည်မှာ နှစ်ပေါင်းများစွာ ကြာမြင့်နေပြီဖြစ်ရာ တစ်ယောက်ပြီးတစ်ယောက် အနားကိုဝိုင်းရံလာကြပြီး နှုတ်ဆက်ကာ လက်ရှိအခြေအနေတွေကို အပြန်အလှန် မေးမြန်းပြောကြ၏။
ယန့်စစ်ရှီ၏ အပြုအမူက ထိုညက ရှလီ့ကို အိမ်ပြန်ပို့စဉ် ကားပေါ်တွင် စကားစမြည်ပြောခဲ့စဉ်ကအတိုင်းပင် ပူနွေးလွန်းခြင်းမရှိသလို အေးစက်လွန်းခြင်းလည်းမရှိဘဲ မေးလျှင် ဖြေပေးသည်။
သို့သော် ထိုမျှသာ ဖြစ်ချေသည်။
ရှလီက သူတို့၏ စကားဝိုင်းထဲမှနေ၍ အချက်အလက်များစွာကို ပိုမိုသိရှိခဲ့ရပြီး ဒီနေရာရှိ လူအများစုမှာ ယန့်စစ်ရှီ၏ အလယ်တန်းနှင့် အထက်တန်းကျောင်း အတန်းဖော်များဖြစ်ကာ အားလုံးက အသိုင်းအဝိုင်းတစ်ခုတည်းမှ ဖြစ်ကြသည်။
အသိုင်းအဝိုင်း ဆိုသော သဘောတရားကို ရှလီက ကျောင်းတော်မှ ထွက်ခွာပြီးပိုင်းမှသာ တဖြည်းဖြည်း ရှင်းလင်းစွာ နားလည်လာခဲ့ခြင်း ဖြစ်၏။
အထက်တန်းကျောင်းသားဘဝက အားလုံး၏ ဝါသနာနှင့် စရိုက်လက္ခဏာများအရ သူ့အလိုလို ဖြစ်လာသည့် အဖွဲ့လေးများနှင့် လုံးဝကွာခြားလှသည်။ ထိုအချိန်က မိသားစုနောက်ခံများ ကွာခြားကြသော်လည်း တူညီသော ကျောင်းဝတ်စုံကို ဝတ်ထားကြသဖြင့် မည်သူ၏ မိဘတွေက မည်သည့်အလုပ် လုပ်ကိုင်ကြသည်ကို မည်သူမျှ မသိကြပေ။
တက္ကသိုလ်ရောက်ပြီးပိုင်းတွင်တော့ အတန်းဖော်များကြား၌ အသိုင်းအဝိုင်းခွဲခြားမှုများက သိသာထင်ရှားစွာ ပေါ်ပေါက်လာခဲ့ပြီဖြစ်သည်။ သူတို့အတန်းထဲမှ ဟောင်ကောင်၊ မကာအိုနှင့် ထိုင်ဝမ် ကျောင်းသားများက ထိုကျောင်းသားအချင်းချင်းသာ ပေါင်းသင်းကြပြီး ဒေသခံများကလည်း ဒေသခံအချင်းချင်းသာ ပိုမိုလွယ်ကူစွာ မဟာမိတ်ဖွဲ့လေ့ရှိကြသကဲ့သို့ပင် ဖြစ်ချေသည်။
လူမှုအသိုင်းအဝိုင်းထဲကိုဝင်ရောက်ပြီးပိုင်းတွင်တော့ ဤကဲ့သို့သော အလွှာခွဲခြားမှုများက ပို၍ပင် သိသာလာခဲ့၏။
မိသားစုနောက်ခံ၊ မွေးရပ်မြေ၊ ကြီးပြင်းလာမှုအတွေ့အကြုံ၊ ပညာရေးနောက်ခံ စသည်ဖြင့် လူတို့ကို အမျိုးမျိုးသော ခေါင်းစဉ်များ တပ်လာကြပြီး ထိုခေါင်းစဉ်များအလိုက် မိမိနှင့် အဆင့်အတန်းတူသူတွေကို သတ်မှတ်လေ့ရှိကြသည်။
အရင်က ရှလီက ယန့်စစ်ရှီ၏ မိသားစုအခြေအနေမှာ အလွန်ကောင်းမွန်ကြောင်းကိုသာ သိခဲ့သော်လည်း သူ၏ မှတ်ပုံတင်နံပါတ် ရှေ့ဂဏန်းခြောက်လုံးက မည်သည့်အချက်အလက်တွေကို ဖော်ပြနေသည်ကို တစ်ခါမျှ မတွေးကြည့်ခဲ့ဖူးချေ။
ယခုအချိန်တွင် သူတို့၏ စကားစမြည်ပြောမှုတွေကို နားထောင်ရင်းမှသာ သူမက ယန့်မိသားစု၏ နောက်ခံကို အများကြီး လျှော့တွက်ထားခဲ့မိမှန်း သိလိုက်ရ၏။
ယခု ဒီနေရာတွင် ရှိနေသော လူများသည် ပုံမှန်အခြေအနေမျိုးတွင်ဆိုလျှင် ရှလီနှင့် မည်သို့မျှ ပတ်သက်နိုင်မည် မဟုတ်ပေ။
ရှလီမှာ ရုတ်တရက် စိတ်မဝင်စားတော့သလို ခံစားလိုက်ရသည်။
သူမကိုယ်သူမ အပြင်လူတစ်ယောက်ဟု ခံစားရ၍တော့ မဟုတ်ပေ။ ရှလီတွင် သူမ၏ ကိုယ်ပိုင် သူငယ်ချင်းအသိုင်းအဝိုင်းရှိပြီး သူမ ရေရှည်ထိန်းသိမ်းလာခဲ့သော သူငယ်ချင်းဆက်ဆံရေးကိုလည်း အလွန်ကျေနပ်မိ၏။ ရွှီနင်နှင့် လင်ချင်းရှောင်ပဲဖြစ်ဖြစ် ပေချန်ကိုရောက်ပြီး မမျှော်လင့်ဘဲ တိုင်ပင်ဖော်ဖြစ်လာသော သူငယ်ချင်းကောင်း အိုးယန်ကျင့်ပဲဖြစ်ဖြစ်။
သူမက မသိမသာဖြင့် ဒီအရာတွေကို ခွဲခြမ်းစိတ်ဖြာနေမိကြောင်းကို သတိပြုမိသွားခြင်းသာ ဖြစ်သည်။
ထိုအချက်က သူမ၏ စိတ်ထဲတွင် ကိုယ့်ကိုယ်ကိုယ် သာမန်လူတစ်ယောက်လို တွေးတောနေမိသဖြင့် နည်းနည်း ရှုံ့ချချင်စိတ် ဖြစ်ပေါ်စေခဲ့သည်။
အားလုံးနှင့် တစ်ပတ်လှည့်ကာ စကားပြောပြီး ယန့်စစ်ရှီက နည်းနည်း ငြိမ်သွား၏။
ဖန်ခွက်ထဲရှိ ရေခဲတုံးများမှာ အရည်ပျော်သွားပြီဖြစ်ပြီး ယန့်စစ်ရှီက ထိုသို့သော မအေးတအေး အရသာမျိုးကို မနှစ်သက်သဖြင့် တစ်ငုံသာသောက်ပြီး ဖန်ခွက်ကို ပြန်ချထားလိုက်သည်။
ခေါင်းလှည့်ကြည့်လိုက်ရာ ရှလီက အပြာရင့်ရောင် ဘီယာပုလင်းကို ကိုင်ထားပြီး လက်ချောင်းလေးများဖြင့် ပုလင်းကိုယ်ထည်ကို တစ်ချက်ချင်း ခေါက်နေကာ နည်းနည်း ပျင်းရိနေပုံရချေသည်။
ယန့်စစ်ရှီက မေးလိုက်သည်။
"အပြင်ထွက်ပြီး တစ်ခုခု သွားစားမလား"
ရှလီက သတိပြန်ဝင်လာပြီး ဖြေလိုက်၏။
"ဒီမှာလည်း စားစရာ မှာလို့ရတယ် ထင်တယ်"
သို့သော် ယန့်စစ်ရှီက ထရပ်လိုက်ပြီး လက်လှမ်းကာ ရှလီ၏ လက်ထဲမှ ဘီယာပုလင်းကို ယူ၍ လက်ဖက်ရည်ပွဲစားပွဲပေါ်ကိုချလိုက်ပြီး ပြောလာသည်။
"သွားရအောင်"
ဝမ်ရှူပိုင်က သတိထားမိသွားပြီး လှမ်းမေး၏။
"အခုပဲ ပြန်တော့မလို့လား"
ယန့်စစ်ရှီက ပြန်ဖြေလိုက်သည်။
"အပြင် ခဏသွားလည်မလို့ ခဏနေရင် ပြန်လာခဲ့မယ်"
ဘေးရှိ ဗီရိုနားကိုလျှောက်သွားကာ ယန့်စစ်ရှီက ဗီရိုတံခါးကိုဖွင့်ပြီး သူတို့နှစ်ယောက်၏ ကုတ်အင်္ကျီတွေကို ယူလိုက်ကာ ရှလီ၏အင်္ကျီကို သူမထံ ကမ်းပေးလိုက်သည်။
သူတို့နှစ်ယောက်က သီးသန့်အခန်းထဲမှ ထွက်လာကာ စင်္ကြံကို ဖြတ်၍ အောက်ထပ်ကိုဆင်းလာခဲ့ကြ၏။
ရှလီက ကုတ်အင်္ကျီကို ဝတ်လိုက်ပြီး သူမ၏ သံကြိုးကြိုးသိုင်းအိတ်ကို ကန့်လန့်ဖြတ် လွယ်လိုက်သည်။
ရှလီထံမှ အသံထွက်လာ၏။
"အာ့…"
ယန့်စစ်ရှီက လှည့်ကြည့်လာသည်။
ရှလီ၏ ဆံပင်တစ်စုက သံကြိုးကြားထဲကိုညပ်သွားပြီး သူမက သတိမထားမိဘဲ ဆွဲလိုက်မိသဖြင့် ခေါင်းနာသွားတာဖြစ်ချေသည်။
ယန့်စစ်ရှီက ခြေတစ်ဝက်ခန့် တိုးလာပြီး ရှလီ့ကို မလှုပ်ရန်ပြောကာ လက်လှမ်း၍ သူမ၏ ဆံပင်တွေကို ဖြည်ပေး၏။
ရှလီမှာ အိတ်ကိုကိုင်ကာ လေထဲတွင် တွဲလောင်းထားရင်း တကယ်ပင် နည်းနည်းမျှ မလှုပ်ရဲတော့ချေ။
လူတွေက တကယ်တော့ သူတို့၏ နှလုံးသား လုံးဝ ပွင့်လင်းရိုးသားစွာ ရင်ဆိုင်ရန် အလွန်ခက်ခဲလှသည်။ မည်သို့ပင်ဖြစ်စေ သူမက ယန့်စစ်ရှီအပေါ် ရင်ခုန်ခဲ့ရသော အခိုက်အတန့်များစွာ ရှိခဲ့ဖူးသည် မဟုတ်လား။
ယခုအခိုက်အတန့်ကဲ့သို့ပင် ဖြစ်၏။
ဤမျှနီးကပ်နေသဖြင့် သူမ၏ မျက်လွှာကို နည်းနည်း ပင့်လိုက်သည်နှင့် ယန့်စစ်ရှီ၏ လည်ပင်းမှ မေးရိုးအထိ ကောက်ကြောင်းများ အေးစက်သော ကျောက်စိမ်းကဲ့သို့အသားအရည်နှင့် ထင်ရှားသော လည်စိတို့ကို တွေ့နိုင်သည်။
အသက်တစ်ချက် ရှူလိုက်သည်နှင့် သူ၏ ကိုယ်ပေါ်မှ အေးမြကြည်လင်သော ရနံ့တို့ကို ရရှိနေချေသည်။
ကောင်းကင်နှင့် မြေကြီးတစ်ခုလုံး ဖြူဖွေးနေသော မနက်ခင်းတွင် ရောက်နေသလိုအရပ်လေးမျက်နှာ ဘယ်ဆီကိုမှ ပြေးမလွတ်နိုင်တော့သလို ခံစားရ၏။