← Chapters

အခန်း ၅

Vol. 1 Ch. 5

အခန်း ၅

Vol. 1 Ch. 5

အခန်း (၅)

အတန်းထဲပြန်ရောက်တော့ ရှလီက စာမေးပွဲစာရွက်တွေကို လူဦးရေအလိုက် လေးစုခွဲကာ အုပ်စုတစ်စုစီ၏ ပထမတန်းမှ ကျောင်းသားတွေကို ပေး၍ နောက်ကိုလက်ဆင့်ကမ်းခိုင်းလိုက်သည်။

သူမကိုယ်တိုင်က မြေဖြူအဖြူတစ်တောင့်ကို ကောက်ယူကာ ကျောက်သင်ပုန်း၏ ညာဘက်ခြမ်း အချိန်ဇယားအောက်ရှိ အိမ်စာပေးလေ့ရှိသောနေရာတွင် ပထဝီစာမေးပွဲစာရွက် သောကြာနေ့ည ရှင်းပြမည်။ ဟု သပ်ရပ်လှပသော လက်ရေးဖြင့် ရေးလိုက်၏။

သူမက လက်ပေါ်ရှိ မြေဖြူမှုန့်တွေကို ခါထုတ်လိုက်ပြီး မိမိနေရာတွင် ပြန်ထိုင်လိုက်သည်။ အနောက်တန်းမှ တစ်ယောက်ယောက်က လှမ်းခေါ်၏။

"ပထဝီ ကိုယ်စားလှယ်"

ရှလီ နောက်ကိုလှည့်ကြည့်လိုက်သည်။ ရှောက်ယွီလုံက ပြုံး၍ မေးလာ၏။

"စနေနေ့ ငါ့မွေးနေ့လေ KTV ဆိုဖို့ ဖိတ်မလို့ သွားကြမလား"

ထိုစဉ်က မြို့ငယ်လေးများတွင် ဖျော်ဖြေရေးအစီအစဉ်များ အကန့်အသတ်ရှိသဖြင့် KTV ဆိုဖို့သာ ‌ရွေးကြလေ့ရှိသည်။

ရှလီက နည်းနည်း အံ့အားသင့်သွားသည်။ သူမနှင့် ရှောက်ယွီလုံက တကယ်ကို ရင်းနှီးသည်ဟု မဆိုနိုင်ချေ။ ရှလီက မေးလိုက်သည်။

"ဘယ်သူတွေ သွားဦးမှာလဲ"

ရှောက်ယွီလုံက ဖြေသည်။

"အတန်းခေါင်းဆောင်ရယ် သန့်ရှင်းရေးခေါင်းဆောင်ရယ်..."

ရှလီက ဝင်မေးသည်။

"အတန်းခေါင်းဆောင်တွေ အဖွဲ့လိုက် ပွဲလုပ်တာလား"

ရှောက်ယွီလုံက ရယ်မောသွားပြီး ပြန်ဖြေ၏။

"ဘာပဲဖြစ်ဖြစ် လူတော်တော်များတွေကို ဖိတ်ထားတယ် အော် နင်နဲ့ ရွှီနင် လင်ချင်းရှောင်တို့က ရင်းနှီးတယ်မလား သူတို့လည်း သွားမှာ"

ထိုသို့ပြောလိုက်တော့ ရှလီလည်း မတုံ့ဆိုင်းတော့ဘဲ ပြောလိုက်သည်။

"အင်းလေ ဒါဆို ငါလည်း သွားမယ်"

အထက်တန်းဒုတိယနှစ်ကိုရောက်ပြီး အထူးအတန်းမှာ တစ်ပတ်လျှင် တစ်ရက်ခွဲသာ နားရပြီး တနင်္ဂနွေနေ့ မွန်းလွဲပိုင်းတွင် ကျောင်းပြန်တက်ရသဖြင့် စနေနေ့ကသာ စိတ်လွတ်ကိုယ်လွတ် ကစားနိုင်သော တစ်ခုတည်းသော အချိန်ဖြစ်သည်။

ရှလီ၏ အိမ်က ဖွံ့ဖြိုးမှုဇုန်တွင်ရှိပြီး ကျောင်းနှင့် ဝေး၏။ ညပိုင်းစာကြည့်ချိန်က ဆယ်နာရီခွဲမှ ဆင်းရပြီး သူမမိဘတွေကလည်း စက်ရုံတွင် မကြာခဏ နေထိုင်တတ်သဖြင့် ရှလီကို ကျောင်းအသွားအပြန်လုပ်ရန် စိတ်မချကြပေ။

အထက်တန်းပထမနှစ် နှစ်ဝက်တုန်းက ရှလီ ကျောင်းအဆောင်မှာ နေခဲ့သော်လည်း မင်ကျန်း၏ အဆောင်ပတ်ဝန်းကျင်မှာ စကားနှင့်ပြော၍မကုန်နိုင် ဟုသာ ဖော်ပြရမည်။ အခန်းက ရှစ်ယောက်တစ်ခန်းဖြစ်ပြီး ဘုံရေချိုးခန်းနှင့် အိမ်သာသုံးရပြီး လူတိုင်းလဲ အိမ်သာသုံးခန်းကို လုသုံးရပြီး မျက်နှာသစ်ရေချိုးချိန်များတွင်ဆိုလျှင် နေ့တိုင်းစစ်ပွဲဆင်နွှဲနေရသလိုပင်။ ဒီအရာများအားလုံးကိုလည်း ရှလီက သည်းခံနိုင်ခဲ့ပါသည်။ သို့သော် သူမက အအိပ်ဆတ်သူဖြစ်ပြီး နည်းနည်း အသံကြားသည်နှင့် နိုးလေ့ရှိသည်။ အဆောင်ထဲတွင် မိုးခြိမ်းသလို ဟောက်တတ်သည့် မိန်းကလေးတစ်ယောက်ရှိသဖြင့် ရှလီမှာ ညတိုင်း နားကြပ်ဆို့ကာ အိပ်ခဲ့ရသည်။ အချိန်ကြာလာတော့ နားနာလာပြီး နားအူလာကာ အပြင်နားရောင်ရမ်းသည့်ရောဂါပါ ရလာခဲ့သည်။ နောက်ဆုံးတွင် တကယ်မတတ်နိုင်တော့သဖြင့် သူမမိဘတွေကို ဒီကိစ္စအကြောင်း ပြောပြခဲ့ရတော့သည်။

ကျန်းဟုန်က သူမကို ဘာလို့စောစောမပြောရတာလဲဟု အပြစ်တင်ခဲ့သည်။ နေ့တိုင်း နားရသည့်အချိန်လေးမှ နည်းနည်းလေးကို ကောင်းကောင်းမအိပ်ရလျှင် ခန္ဓာကိုယ်က ဘယ်လိုလုပ် ခံနိုင်ရည်ရှိမည်နည်း။

သူတို့ စုံစမ်းကြည့်လိုက်တော့ ကျောင်းနားမှာ ကျောင်းသားများအတွက် သီးသန့်ငှားရမ်းသော တိုက်ခန်းရှိကြောင်း သိရသည်။ တိုက်ခန်းဟု ဆိုသော်လည်း တကယ်တမ်းတွင် အငြိမ်းစားဆရာတစ်ယောက်က အိမ်ဟောင်းကို အခန်းများဖွဲ့ကာ ငှားရမ်းထားခြင်းပင်။ အခန်းတိုင်း၏ အကျယ်အဝန်းမှာ အလွန်သေးငယ်ပြီး ၁.၂ မီတာ ကုတင်တစ်လုံးနှင့် စာရေးခုံတစ်ခုံသာ ဆံ့၏။ သို့သော် ဘုံဧည့်ခန်းရှိပြီး အဝတ်လျှော်စက်နှင့် ရေနွေးကိုလည်း ၂၄ နာရီ ရနိုင်သည်။ အသေးဆုံးအခန်းက တစ်လကို ၂၃၀ ယွမ် ဖြစ်သည်။

၂၀၀၈ ခုနှစ်တွင် တစ်နှစ်ကို ၂၇၆၀ ယွမ်ဆိုသည်မှာ ရှလီ၏ မိသားစုအတွက် သက်သာသည့်ပမာဏတော့မဟုတ်ပေ။ သို့သော် ကျန်းဟုန်က ရှကျန့်ယန်ကို အတင်းဖျောင်းဖျပြီး နောက်ဆုံးတွင်တော့ ရှလီအတွက် အခန်းတစ်ခန်း ငှားပေးခဲ့၏။

ရှလီက သူမ၏ သာမန်မိသားစုဘဝလေးကို ဘယ်တော့မှ မကျေမနပ် မဖြစ်ခဲ့ပေ။ သူမ၏ မိဘတွေက သူမအတွက် အကောင်းဆုံးအခြေအနေတွေကို အစွမ်းကုန် ကြိုးစားဖန်တီးပေးထားကြောင်း သူမ သိထား၏။

တိုက်ခန်းတွင် နေရခြင်းက ကျောင်းအဆောင်တွင် နေရခြင်းထက် အများကြီး ပိုလွတ်လပ်သည်။ ရှလီက သောကြာနေ့တိုင်း ကျန်းဟုန်ထံ ဖုန်းဆက်လေ့ရှိပြီး အကယ်၍ သူတို့ စနေတနင်္ဂနွေတွင် အိမ်မပြန်ဖြစ်လျှင် သူမလည်း အိမ်မပြန်တော့ချေ။

စနေနေ့ မွန်းလွဲပိုင်းတွင် ရှလီက KTV သို့မသွားခင် စာအုပ်ဆိုင်ကိုအရင်ဝင်ခဲ့သည်။ ရှောက်ယွီလုံ၏ မွေးနေ့ဖြစ်တော့ သူမအနေဖြင့် လက်ဗလာဖြင့် သွား၍မဖြစ်ပေ။

သို့သော် သူမနှင့် သိပ်မရင်းနှီး၍ ဘာလက်ဆောင်ပေးရမည်ကို မသိဘဲ စဉ်းစားကြည့်လိုက်ပြီးတော့ စာအုပ်ကသာ အသင့်တော်ဆုံးဟု ရှလီ ထင်လိုက်သည်။ ကျောင်းနှင့် လမ်းဆုံတစ်ခုစာလောက် ဝေးသည့် ယန်ဖုန်းလမ်းပေါ်တွင် ယန်ဖုန်းစာအုပ်ဆိုင် ရှိပြီး ထိုဆိုင်တွင် စာအုပ် အမျိုးအစားစုံလင်သဖြင့် ရှလီက မကြာခဏ သွားလည်လေ့ရှိ၏။

ရှလီသည် စာအုပ်ဆိုင်ထဲတွင် တစ်ပတ်ပတ်ပြီး နောက်ဆုံးတွင် တရုတ်စာပေ စာအုပ်စင်ရှေ့၌ ရပ်ကာ လျန်ရှစ်ချိုး၏ 《ယားရှဲ့ရှောင်ဖင်》ကို ရွေးလိုက်သည်။ ၎င်းက မှားစရာမရှိသည့် ရွေးချယ်မှုပင် ဖြစ်သည်။

သူမက ပြန်ခါနီး‌အချိန်‌လေးမှာ စာအုပ်စင်အမြင့်ပိုင်းတွင် ပိုင်ရှန်းယုံး၏ စာအုပ်တစ်အုပ်ကို တွေ့လိုက်ရသဖြင့် ခြေဖျားထောက်ကာ စာအုပ်ကျောရိုးကိုကိုင်၍ ဆွဲထုတ်လိုက်သည်။ စာအုပ်က ပလတ်စတစ်ဖြင့် ထုပ်ထားသဖြင့် အတွင်းမှ အကြောင်းအရာကို မသိနိုင်ချေ။ ရှလီမှာ ခေါင်းငုံ့ကာ စာအုပ်အဖုံးပေါ်မှ စာသားတွေကို ဖတ်နေစဉ် သူမ ဘေးနားမှ ခြေသံများ နီးကပ်လာသည်ကို ကြားလိုက်ရသဖြင့် အလိုအလျောက် ဘေးကိုနည်းနည်း ဖယ်ပေးလိုက်သည်။

ခဏအကြာတွင် အေးစက်စက် အသံတစ်သံ ရုတ်တရက် ထွက်လာ၏။

"ဟယ်လို"

ရှလီ၏ မျက်တောင်များ နည်းနည်း တုန်ခါသွားပြီး အမြန် လှည့်ကြည့်လိုက်သည်။

ကျောင်းအပြင်ဘက်ဖြစ်သောကြောင့် ကောင်လေးက ကျောင်းဝတ်စုံကို ဝတ်မထားဘဲ အပေါ်ပိုင်းတွင် ခပ်ပွပွ အင်္ကျီအဖြူကို ဝတ်ထားပြီး ကျောပိုးအိတ်အမည်း၏ ကြိုးတစ်ဖက်ကိုသာ လွယ်ထားကာ အဖြူရောင် နားကြပ်ကြိုးက ကျောပိုးအိတ်၏ ဘေးအိတ်ကပ်ထဲမှ ထွက်နေ၏။ သူက နားကြပ်တစ်ဖက်ကိုသာ တပ်ထားပြီး ကျန်တစ်ဖက်ကို လက်ထဲတွင် ကိုင်ထားကာ ယခုလေးတင် ဖြုတ်လိုက်သည့်ပုံပင်။

ရှလီမှာ အသက်ရှူပင် တစ်ဒင်္ဂ ရပ်တန့်သွားခဲ့ပြီး ပြန်နှုတ်ဆက်လိုက်သည်။

"ဟယ်လို"

ရှလီက ဆက်ပြောလိုက်သည်။

"စာအုပ်လာဝယ်တာလား"

ရှလီမှာ သူမ၏ စကားပြောစွမ်းရည်တွေ ပျက်သွားပြီဟုပင် ခံစားလိုက်ရသည်။ မဟုတ်ရင် ဘယ်လိုလုပ် ဒီလောက် ရူးကြောင်ကြောင်စကားကို ပြောထွက်မှာနည်း။ စာအုပ်ဆိုင်လာတာ စာအုပ်မဝယ်ဘဲ ဘာလုပ်မှာလဲ။

ယန့်စစ်ရှီက အင်း ဟုသာ တစ်ချက်ပြန်ပြော၏။

ရှလီက စကားစကို လုံးဝ မပြတ်သွားစေချင်သဖြင့် ဖြစ်ချင်ရာဖြစ်ဟုတွေးကာ သူနှင့် စကားနည်းနည်းလောက် ပိုပြောနိုင်ဖို့ ကြိုးစားလိုက်သည်။

"နင် ငါတို့ကျောင်းကို ပြောင်းလာတာလား... တစ်နေ့က အားလပ်ချိန် လေ့ကျင့်ခန်းလုပ်တုန်းက နင့်ကို မြင်လိုက်သလိုပဲ"

ယန့်စစ်ရှီက သူမကို တစ်ချက်ကြည့်ကာ မေးလာသည်။

"မင်းက မင်ကျန်းမှာလား"

ရှလီက ဖြေလိုက်သည်။

"အင်း ငါကအခန်း ၇ ကလေ"

ယန့်စစ်ရှီက ပြောသည်။

"အခန်း ၂၀"

ရှလီက ရင်ထဲတွင် တိတ်တဆိတ် တွေးလိုက်၏။

"ငါ သိပါတယ်"

ယန့်စစ်ရှီက ပြောလာသည်။

"ဟိုတစ်ခေါက်က ကျေးဇူးပဲနော်"

ရှလီက ခေါင်းခါပြလိုက်ပြီး ပြောသည်။

"ဘာမှမဖြစ်ပါဘူး"

ယန့်စစ်ရှီက မိတ်ဆက်သည်။

"ငါ့နာမည် ယန့်စစ်ရှီ... မင်းနာမည်ကို မသိရသေးဘူး"

ရှလီက ဖြေလိုက်သည်။

"ရှလီ... နွေရာသီရဲ့ ရှ လီကျန်းမြစ်ရဲ့ လီ လေ"

ယန့်စစ်ရှီက ခေါင်းတစ်ချက်ညိတ်ပြလိုက်ပြီး သူမလက်ထဲရှိ စာအုပ်ပေါ်ကို အကြည့်ရပ်တန့်သွားပြီး ထပ်မေးလာသည်။

"ဒီနားတစ်ဝိုက်မှာ တခြားစာအုပ်ဆိုင် ရှိသေးလား"

ရှလီက ပြန်ဖြေသည်။

"ထျန်းရှင်းလမ်းပေါ်မှာ ရှင်းဟွာစာအုပ်ဆိုင် ရှိသေးတယ်... နင် ဘယ်လိုစာအုပ်မျိုး ဝယ်ချင်လို့လဲ"

ယန့်စစ်ရှီက ပြောသည်။

"ကာတွန်းစာအုပ်လေ... ဒီဆိုင်မှာ မရှိဘူးထင်တယ်"

ရှလီမှာ ခြေထောက်မြေမထိတော့သလို မူးဝေသွားပြီး ယခုအချိန်တွင် သူမကို anime ဖန် တစ်ပိုင်းဖြစ်အောင် ဆွဲဆောင်ပေးခဲ့သည့် ရွှီနင်ကို အလွန်ပင်ကျေးဇူးတင်‌‌ေနမိ၏။ ရှလီက ဖြေလိုက်သည်။

"ရှိတယ် အရှေ့က လမ်းဆုံမှာ..."

ရှလီက ရုတ်တရက် စကားရပ်သွားပြီး ဆက်ပြော၏။

"အဲဒီဆိုင်က အရမ်းသေးတော့ ရှာရခက်တယ် ငါ လိုက်ပို့ပေးရမလား"

ယန့်စစ်ရှီက ပြန်ဖြေသည်။

"မင်းအတွက် အနှောင့်အယှက် မဖြစ်ဘူးဆိုရင်…"

ရှလီက ကမန်းကတန်း ပြောလိုက်သည်။

"မဖြစ်ပါဘူး... ဒါဆို ခဏလေးစောင့် ငါ ပိုက်ဆံရှင်းလိုက်ဦးမယ်"

ရှလီက စာအုပ်နှစ်အုပ်ကို ကောင်တာကိုယူသွားကာ ပိုက်ဆံရှင်းလိုက်ပြီး ယန့်စစ်ရှီကတော့ စာအုပ်ဆိုင်အပြင်ကို အရင်ထွက်သွား၏။

သူက တံခါးဝတွင် ရပ်နေပြီး နေဝင်ဆည်းဆာက သူ၏ ကိုယ်လုံးပေါ်တွင် ပိုးဟပ်တောင်ပံလို ပါးလွှာသော အလင်းရောင်တစ်လွှာကို ဖုံးအုပ်ပေးထားသလိုပင်။ ရှလီက စာအုပ်ကို ကျောပိုးအိတ်ထဲထည့်ကာ လှေကားထစ်တွေကို သုံးလှမ်းတည်းဖြင့် ဆင်းလာခဲ့ပြီး ပြောလိုက်သည်။

"သွားလို့ရပြီ"

All Chapters