Chapters

အခန်း ၃၆

Vol. 4 Ch. 36

အခန်း ၃၆

Vol. 4 Ch. 36

အခန်း ၃၆

မေလပထမပတ် ပိတ်ရက်ရောက်တော့ ရှလီက အစောကြီး နိုးလာခဲ့သည်။

ညကလည်း နောက်ကျမှ အိပ်ရာဝင်ခဲ့ပြီး ညအိပ်နောက်ကျလျှင်မျက်ကွင်းညိုမည်ကို စိုးရိမ်နေသော်လည်း ကုတင်ပေါ်တွင် လှဲနေရင်း မည်သို့မျှ အိပ်မပျော်နိုင်ခဲ့ချေ။

မနည်းအိပ်ပျော်သွားသော်လည်း မနက်လေးနာရီတွင် တစ်ကြိမ် နိုးလာပြန်သည်။

ဖုန်းနှိုးစက်ကို အကြိမ်ရေမရေတွက်နိုင်အောင် စစ်ဆေးပြီးသော်လည်း မြည်ရမည့်အချိန်တွင် မမြည်ဘဲနေမည်ကို သူမ စိုးရိမ်နေမိသည်။

ထိုညက မျှော်လင့်ချက်များနှင့် စိုးရိမ်ပူပန်မှုများကြားတွင် အလွန်ရှည်လျားစွာ ကုန်ဆုံးသွားခဲ့၏။

ခုနစ်နာရီတွင် ထကာ မျက်နှာသစ် အဝတ်အစားလဲပြီး ခုနစ်နာရီခွဲတွင် အချိန်ကိုက် အိမ်မှထွက်ကာ မနက်စာစားပြီး ဘတ်စ်ကားစီးခဲ့သည်။

ကွန်ပျူတာအရောင်းဆိုင်ရှေ့ကိုရောက်တော့ ရှစ်နာရီခွဲပင် မရှိသေးပေ။

ထိုစောင့်ဆိုင်းနေရသော နာရီဝက်မှာလည်း လျင်မြန်စွာ ကုန်ဆုံးသွားသလို ခံစားရ၏။

မကြာမီ ရှစ်နာရီ ငါးဆယ်ဝန်းကျင်ခန့်တွင် အနက်ရောင် မာစီဒီးကားတစ်စီး လမ်းဘေးတွင် လာရပ်သည်ကို မြင်လိုက်ရသည်။

ရှလီက လှေကားထစ်နှစ်ဆင့်လောက် ဆင်းသွားပြီး ယန့်စစ်ရှီ ကားပေါ်မှ ဆင်းလာသည်ကို တွေ့လိုက်ရ၏။

"မောနင်း"

ယန့်စစ်ရှီက မော့ကြည့်ကာ ပြန်နှုတ်ဆက်သည်။

"မောနင်း"

သူက လျှောက်လာရင်း ဖုန်းဖြင့် အချိန်ကိုကြည့်ကာ သူ နောက်ကျနေသလားဟု အတည်ပြုနေပုံရသည်။

သူအနားရောက်လာတော့ ရှလီက ခုနကဝယ်ထားသော ရေကို ကမ်းပေးလိုက်သည်။

"နင် မနက်စာစားပြီးပြီလား"

ယန့်စစ်ရှီက ရေဘူးကိုလှမ်းယူရင်း အခြားလက်တစ်ဖက်ဖြင့် ဘောင်းဘီရှည်အိတ်ကပ်ထဲမှ စာရွက်တစ်ရွက်ကို ထုတ်ကာ ရှလီထံ ကမ်းပေးလိုက်၏။

"အင်း"

ရှလီက လှမ်းယူလိုက်ချိန်တွင် သူ့ကို အမြန်ခိုးကြည့်လိုက်၏။

ကြည်လင်နေသော လိမ္မော်ရောင်နေရောင်အောက်တွင် သူ၏မျက်နှာထားက နှင်းများကျပြီးစအချိန်လို လန်းဆန်းနေသည်ဟု ခံစားလိုက်ရသည်။

လက်ထဲတွင်ရှိနေသည်မှာ A4 စာရွက်တစ်ရွက်ဖြစ်ပြီး လေးခေါက် သေသပ်စွာ ခေါက်ထား၏။

ဖြန့်ကြည့်လိုက်တော့ ယန့်စစ်ရှီ ရေးထားသော ကွန်ပျူတာ set စာရင်းဖြစ်ပြီး အစီအစဉ်နှစ်ခု ပါဝင်ကာ တစ်ခုက သုံးထောင်ကျော်ကျော်နှင့် နောက်တစ်ခုက သုံးထောင့်ငါးရာနီးပါးဖြစ်ပြီး အစီအစဉ်တိုင်းတွင် မောက်စ်၏ ဈေးနှုန်းအထိ အသေးစိတ် တွက်ချက်ထားသည်။

ယန့်စစ်ရှီက ရေဘူးကိုဖွင့်ကာ တစ်ငုံသောက်လိုက်သည်။

"တချို့ပစ္စည်းတွေက ပစ္စည်းပြတ်ရင်ပြတ်နိုင်တယ်… တကယ့်ဈေးနှုန်းကလည်း အတက်အကျ ရှိနိုင်တယ် ရည်ညွှန်းအနေနဲ့ပဲ ကြည့်လိုက်ပါ"

ရှလီက ပြောလိုက်သည်။

"...ကျေးဇူးပဲ နင် အချိန်တော်တော်ပေးလိုက်ရမှာပဲ"

"ရတယ်…ဘာမှမဖြစ်ဘူး"

ရှလီက သူ့ကို နောက်တစ်ကြိမ် ခိုးကြည့်လိုက်ပြန်သည်။

ရင်ထဲတွင် သူမ ဘာကုသိုလ်တွေများ လုပ်ခဲ့လို့ပါလိမ့် ဟု ခံစားလိုက်ရ၏။

ရှလီက ပြောလိုက်သည်။ သူမက ထို A4 စာရွက်ကို ကိုင်ထားရင်း စိတ်လှုပ်ရှားလွန်း၍ လက်ဖဝါးတွင် ချွေးစေးများ နည်းနည်း ထွက်နေ၏။

"နေ့လယ်ကျရင် နင်နဲ့ ဝမ်ချန်းကို ငါ ထမင်းဝယ်ကျွေးမယ်"

ယန့်စစ်ရှီ စကားပြောမည်ပြုစဉ် ရှလီက ထပ်ပြောလိုက်သည်။

"အချိန်မရှိတာမဟုတ်ရင် မငြင်းပါနဲ့ဟာ… မဟုတ်ရင် ငါ အရမ်းအားနာနေရလိမ့်မယ်"

ယန့်စစ်ရှီက ခဏတန့်သွားပြီး ပြန်ဖြေလိုက်ချေသည်။

"အိုကေ"