အခန်း ၃၉
Vol. 4 Ch. 39
အခန်း ၃၉
"အဲဒီနှစ်က ကျွန်မ 《ကျွန်းလေးတစ်ကျွန်းဖြစ်သွားတဲ့ ဝေလငါး》 ဆိုတဲ့ သီချင်းကိုပဲ ထပ်ခါတလဲလဲ နားထောင်နေခဲ့တယ်... 'တိမ်တိုက်တွေက အရမ်းဝေးပြီး အရမ်းပေါ့ပါးလွန်းတယ် လူးလှိမ့်ပြီးတဲ့နောက်မှာတော့ ကိုယ့်ကံကြမ္မာကိုယ် လက်ခံလိုက်ကြတယ်'…ပြန်စဉ်းစားကြည့်တော့ သမုဒ္ဒရာအပေါ်ထားတဲ့ ကျွန်မရဲ့ စိတ္တဇဆန်တဲ့ စွဲလမ်းမှုကလည်း Y ကောင်လေးဆီကနေ မြစ်ဖျားခံလာတာပဲ"
—— ရှယ်ရီဝိုင် စမ်းသပ်ခန်း 《အိပ်မက်တွေကို ဖြတ်သန်းခဲ့တဲ့ ကိုးနှစ်တာ》
မေလ လစဉ်စာမေးပွဲတွင် ရှလီ၏ အဆင့်က ရှေ့ကိုနည်းနည်း တက်လာပြီး အတန်းထဲတွင် အဆင့်ခြောက် ဖြစ်လာ၏။
ဒီတစ်ကြိမ် အင်္ဂလိပ်စာမေးပွဲတွင် ကွက်လပ်ဖြည့်မေးခွန်းများက အလွန်ခက်ခဲပြီး သိပ်သုံးလေ့မရှိသော ဝိဘတ်တွဲလုံးအချို့ ပါဝင်လာသဖြင့် ပုံမှန်အမှတ်ကောင်းသော ကျောင်းသားအချို့ပင် ထိုနေရာတွင် အမှတ်လျော့သွားကြသည်။
အင်္ဂလိပ်စာသင်ချိန်တွင် ဆရာမက စာမေးပွဲမေးခွန်းတွေကို ရှင်းပြရာ ထိုပုစ္ဆာများကိုရောက်တော့ မှန်သောသူတွေကို လက်ညှိုးထောင်ခိုင်းပြီး အမှန်ရာခိုင်နှုန်းကို စာရင်းကောက်၏။
ရှလီ၏ အင်္ဂလိပ်စာအမှတ်မှာ အများအားဖြင့် ၁၂၀ နှင့် ၁၂၅ ကြားတွင်သာ ရှိတတ်ပြီး တစ်ခါတစ်ရံ ၁၃၀ ထိ ရတတ်သည်။
ထိုအမှတ်မှာ သာမန်မျှသာဖြစ်သဖြင့် ပုံမှန်အားဖြင့် သူမက အင်္ဂလိပ်စာဆရာမကို ထူးခြားသော အထင်အမြင်မျိုး မပေးနိုင်ခဲ့ပေ။
သို့သော် ဒီတစ်ကြိမ်တွင်မူ ရှလီက မကြာခဏ လက်ညှိုးထောင်နေသဖြင့် အင်္ဂလိပ်စာဆရာမ၏ အာရုံစိုက်မှုကို ရရှိသွား၏။
ထိုအထဲမှ မေးခွန်းတစ်ခုကို အတန်းတစ်တန်းလုံးတွင် နှစ်ယောက်တည်းသာ မှန်ခဲ့ပြီး တစ်ယောက်မှာ အမြဲတမ်း အင်္ဂလိပ်စာတွင် အဆင့်တစ်ရလေ့ရှိသူဖြစ်ကာ အခြားတစ်ယောက်မှာ ရှလီပင် ဖြစ်ချေသည်။
အင်္ဂလိပ်စာဆရာမက စိတ်ဝင်တစားဖြင့် ရှလီကို ထခိုင်းကာ မေးလိုက်သည်။
"ဒီမေးခွန်းကို ဘယ်လိုရွေးလိုက်တာလဲ ငါတို့ကို ဝေမျှပေးပါဦး"
ရှလီက ဖြေလိုက်သည်။
"လေ့ကျင့်ခန်းတွေ လုပ်တုန်းက အလားတူ အသုံးအနှုန်းမျိုး တွေ့ဖူးလို့ အဲဒီတုန်းက မှတ်စုထုတ်ထားလိုက်တာပါ"
အင်္ဂလိပ်စာဆရာမက ပြုံး၍ ပြော၏။
"ကြည့်ရတာ ပုံမှန် လေ့ကျင့်ခန်းများများ လုပ်တာက အသုံးဝင်သားပဲ"
ရှလီ ထိုင်ပြီး မကြာမီတွင် နောက်တန်းမှ ကျောင်းသားက သူမ၏ ကျောကို ခပ်ဖွဖွလေး ပုတ်ကာ စာရွက်ပိုင်းလေးတစ်ခု ကမ်းပေးလာသည်။
သူမက လက်ကို နောက်သို့လှမ်းကာ ယူလိုက်ပြီး အရှေ့သို့ယူ၍ ဖြန့်ကြည့်လိုက်ရာ ရှောက်ယွီလုံထံမှ ဖြစ်၏။
"ဒီတစ်ခါ နင် အင်္ဂလိပ်စာ အမှတ်ကောင်းတာ ပုံမှန်ဖတ်နေကျ အဲဒီ အင်္ဂလိပ်စာအုပ်ကြောင့်များလား ညွှန်းပေးဦး"
ရှောက်ယွီလုံ ပြောသော ထိုစာအုပ်မှာ အရင်နှစ်က ရှလီ မြို့နယ်စာကြည့်တိုက်မှ ငှားလာသော 《Guns Germs and Steel》 ပင် ဖြစ်သည်။
သုံးလကြာသည်အထိ မဖတ်ရသေးသဖြင့် နောက်တစ်ကြိမ် ထပ်၍ သက်တမ်းတိုးခဲ့ရပြီး နေ့စဉ် ကျောင်းနားချိန်များတွင် တစ်စွန်းတစ်စစီ ဖတ်လာခဲ့ရာ ယခုစာသင်နှစ်တွင်မှ အကုန်ဖတ်ပြီးသွားခဲ့ခြင်းဖြစ်သည်။
အစပိုင်းတွင် အလွန်နှေးကွေးသော်လည်း နောက်ပိုင်းတွင် ဝေါဟာရများ တဖြည်းဖြည်း တိုးပွားလာကာ ပို၍ လွယ်ကူချောမွေ့လာပြီး တစ်ခါတစ်ရံ စကားလုံးအသစ်များနှင့် ကြုံတွေ့ရလျှင်အဘိဓာန်ကို ချက်ချင်းမရှာတော့ဘဲ ခန့်မှန်း၍ အဓိပ္ပာယ်ကို နားလည်လာနိုင်၏။
ထိုစာအုပ်ကြီးတစ်အုပ်လုံးကို ဖတ်ပြီးသွားတော့ အခြားအရာတွေကို မဆိုထားနှင့် စာပိုဒ်ဖတ်ပြီး နားလည်နိုင်စွမ်းမှာ အလွန်တိုးတက်လာခဲ့သည်။
ရှလီက ရှောက်ယွီလုံအား စာအုပ်နာမည်ကို ပြောပြရမလားဆိုသည်ကို နည်းနည်း တွေဝေသွားမိချေသည်။
ခဏစဉ်းစားပြီး အတန်းဖော်များအချင်းချင်း ကူညီသင့်သည်ဖြစ်ရာ ဒီကိစ္စမျိုးကို ဖုံးကွယ်ထားစရာမလိုဟု ထင်သဖြင့် စာရွက်ပိုင်းလေး ပြန်ရေးပေးလိုက်၏။
"《Guns Germs and Steel》 မြို့နယ်စာကြည့်တိုက်က ငှားတာ"
နှစ်ရက်အကြာတွင် ရှောက်ယွီလုံက ကျောင်းနားချိန်၌ သူမ၏ထိုင်ခုံအနားမှ ဖြတ်သွားရင်း ပြုံးကာ မေးလာသည်။
"အဲဒီစာအုပ် နင် ဖတ်ပြီးသွားပြီလား... လေးစားတယ်ဟေ့ မသိတဲ့ စကားလုံးတွေချည်းပဲကို ဘယ်လိုလုပ် ဖတ်နိုင်ရတာလဲ"
ရှောက်ယွီလုံက လက်မထောင်ပြကာ ဆက်ပြောသည်။
"နင် အမှတ်ကောင်းတာ တန်ပါတယ်"
နောက်ပိုင်းတွင် ရှလီက ရှောက်ယွီလုံအား ဖတ်ပြီးပြီလားဟု တစ်ကြိမ်မေးကြည့်ရာ ရှောက်ယွီလုံက ရယ်ကျဲကျဲဖြင့် သုံးရက်သာ တောင့်ခံနိုင်ခဲ့ကြောင်းနှင့် ဖတ်နေရင်း အိပ်ငိုက်လာသဖြင့် တစ်နေ့တွင် စာကြည့်တိုက်ရှေ့မှ ဖြတ်သွားစဉ် သွားပြန်အပ်လိုက်ကြောင်း ပြောပြ၏။
မင်ကျန်းကျောင်းတော်ကို တက္ကသိုလ်ဝင်ခွင့်စာမေးပွဲ စာစစ်ဌာနအဖြစ် အသုံးပြုမည်ဖြစ်ရာ အထက်တန်းပထမနှစ်နှင့် ဒုတိယနှစ် စာသင်ခန်းတွေကို ရှင်းလင်းပေးရမည်ဖြစ်သဖြင့် အလွန်ဒုက္ခများလှသည်။
သူတို့တွင် စာအုပ်များများပြားလှသဖြင့် စားပွဲပေါ်တွင် မဆံ့သောကြောင့် စာအုပ်တွေကို ပလတ်စတစ်ပုံးများထဲထည့်ကာ စားပွဲဘေး လူသွားလမ်းတွင် စီရီထားရသည်။ ထိုပလတ်စတစ်ပုံးတွေကိုလည်း သိမ်းဆည်းရမည်ဖြစ်သည်။
ရှလီက ကျောင်းမပိတ်မီကတည်းက စာအုပ်တွေကို တစ်သုတ်ပြီးတစ်သုတ် အဆောင်ကိုနေ့စဉ် ပြန်သယ်သွားရန် ရည်ရွယ်ထားပြီး သူမ၏ဝန်ထုတ်ဝန်ပိုးကို လျှော့ချထားခဲ့ရာ ၅ ရက်နေ့ ကျောင်းပိတ်ချိန်တွင် ပုံးထဲ၌ စာအုပ်နည်းနည်းသာ ကျန်တော့သဖြင့် အလွယ်တကူ သယ်ယူသွားနိုင်၏။
သုံးရက်တာ ကျောင်းပိတ်ရက်အတွင်း မိဘတွေက အိမ်မပြန်သဖြင့် ရှလီလည်း အိမ်မပြန်တော့ပေ။
၇ ရက်နေ့တွင် သူငယ်ချင်းအချို့က ညဘက် ရုပ်ရှင်ရုံသို့သွားကာ 《Star Trek》 ကြည့်ရန် ချိန်းဆိုထားကြသည်။
မွန်းလွဲပိုင်း အပြင်ထွက်ချိန်တွင် ရှလီက အဆောင်မှ ထျန်းရှင်းလမ်းကိုသွားရာ မင်ကျန်းအလယ်တန်းကျောင်းကို ဖြတ်သွားခဲ့ပြီး ကျောင်းပေါက်ဝတွင် စိုးရိမ်တကြီးဖြင့် စောင့်ဆိုင်းနေကြသော စာမေးပွဲလာပို့သည့် မိဘများဖြင့် ပြည့်နှက်နေ၏။
ရှလီက လင်ချင်းရှောင် ရွှီနင်တို့နှင့် အရင်ဆုံးတွေ့ဆုံကာ အတူတူ ထမင်းစားပြီး ရုပ်ရှင်ရုံရှေ့တွင် အခြားသူငယ်ချင်းများနှင့် သွားရောက် ပူးပေါင်းခဲ့ကြသည်။
ရောက်သွားတော့မှ အိုးယန်ကျင့် နျဲ့ချူဟန်နှင့် ရှောက်ယွီလုံတို့ ရှိနေသည့်အပြင် အနုပညာအတန်းနှင့် သိပ္ပံအထူးအတန်းမှ လူအချို့လည်း ပါဝင်နေသည်ကို တွေ့လိုက်ရ၏။
ရှောက်ယွီလုံက ထိုအချိန်တွင် အနားသို့ရောက်လာပြီး ရှလီတို့ကို မေးလိုက်သည်။
"ပေါက်ပေါက်ဆုပ် စားမလား"
ရှလီက ဖြေလိုက်သည်။
"ရပါတယ်လေ"
ရှောက်ယွီလုံက ရှလီကိုကြည့်ကာ ပြုံး၍ မေးလာသည်။
"ပုံးအကြီး ဝယ်ပေးရမလား"
"ခုနကမှ ထမင်းစားထားတာဆိုတော့ သိပ်မဆာသေးဘူး ပုံးအကြီးဝယ်ရင် နှမြောစရာကြီး ချင်းရှောင်ကိုပဲ ဝယ်ကျွေးလိုက်ပါ" ရှလီက ဖြေလိုက်သည်။
ရှောက်ယွီလုံက ခေါင်းကုတ်လိုက်ပြီး ဘာမှထပ်မပြောတော့ဘဲ သူ၏သူငယ်ချင်းတစ်ယောက်နှင့်အတူ ကောင်တာဘက်ကိုထွက်သွား၏။
မကြာမီတွင် ပေါက်ပေါက်ဆုပ်ပုံးကြီးတစ်ပုံးနှင့် ကိုကာကိုလာသုံးခွက်ကို ယူလာပြီး သူတို့သုံးယောက်ကို ကမ်းပေးလိုက်သည်။
ရှလီက လှမ်းယူလိုက်ပြီး ကျေးဇူးတင်စကား အမြန်ပြောလိုက်သည်။
"ဘယ်လောက်ကျလဲ နင့်ကို ပိုက်ဆံပေးမယ်လေ..."
"မလိုပါဘူး မလိုပါဘူး" ရှောက်ယွီလုံက သူမကို တားလိုက်၏။ "ငါ ဒကာခံမယ်လို့ ပြောထားတာပဲကို"
ရှလီက ပြန်ပြောသည်။
"ဒါဆို နောက်တစ်ခါကျရင် ငါ အအေးပြန်ဝယ်တိုက်မယ်လေ"
"အိုကေလေ" ရှောက်ယွီလုံက ပြုံး၍ ပြောလိုက်သည်။
ထိုအချိန်တွင် နျဲ့ချူဟန်က လက်တစ်ဖက်တွင် ပေါက်ပေါက်ဆုပ်ပုံးသေးတစ်ပုံးနှင့် အခြားလက်တစ်ဖက်တွင် ကိုကာကိုလာတစ်ခွက် ကိုင်လျက် လျှောက်လာ၏။
သူက လင်ချင်းရှောင်၏ လက်ထဲကို ကြည့်လိုက်ပြီး မေးလိုက်သည်။
"...နင့်ဘာသာ ဝယ်လိုက်တာလား"
လင်ချင်းရှောင်က ပြန်ဖြေ၏။
"မဟုတ်ဘူး ဒါက ရှောက်ယွီလုံဟာ ငါက သူ့ကို ကူကိုင်ပေးထားတာ"
လင်ချင်းရှောင်က ပေါက်ပေါက်ဆုပ်ပုံးနှင့် ကိုကာကိုလာကို ရှောက်ယွီလုံထံ အမြန်ပြန်ပေးလိုက်ပြီး နျဲ့ချူဟန်လက်ထဲမှ အရာတွေကို ဝမ်းသာအားရ ယူလိုက်ချေသည်။
ရှောက်ယွီလုံက ပြောလာသည်။
"...ဘယ်လို ခေတ်ကြီးလဲကွာ သူတွေကို ဒကာခံတာတောင် အငြင်းခံရသေးတယ်"
ရုပ်ရှင်ပြီးဆုံး၍ လူစုခွဲပြီး လူတိုင်းက ဇာတ်လမ်းအကြောင်း ဆွေးနွေးရင်း ညစာသွားစားကြမလားဟု တိုင်ပင်နေကြ၏။
အထက်တန်းနောက်ဆုံးနှစ် ကျောင်းသားများ ပင်ပန်းဆင်းရဲစွာ တက္ကသိုလ်ဝင်ခွင့်စာမေးပွဲ ဖြေနေရသည့် ဒီနေ့မျိုးတွင် အပြင်ထွက်လည်ရခြင်းက မကြာမီ အထက်တန်းနောက်ဆုံးနှစ်ကိုတက်ရောက်ရတော့မည့် သူတို့အဖို့ သေရွာမသွားမီ နောက်ဆုံးအကြိမ် အဝစားလိုက်ရသည့် ပျော်ပွဲရွှင်ပွဲတစ်ခုကဲ့သို့ခံစားရစေသည်။
အားလုံး တစ်စုတစ်ဝေးတည်း အသားကင်ဆိုင် တစ်ဆိုင်ကို သွားရှာလိုက်ကြသည်။
ဤမျှလူများပြားလှသော နေရာမျိုးတွင် ရှလီမှာ အငြိမ်ဆုံးလူတစ်ယောက် ဖြစ်လာခဲ့ချေသည်။
ပြောစရာအကြောင်းအရာများလွန်းသဖြင့် မည်သည့်အကြောင်းတွင် ပါဝင်ရမည်ကို မသိတော့ပေ။
ထို့ပြင် သူမက ယန့်စစ်ရှီဘက်ကိုလည်း စိတ်ရောက်နေမိသည်။
မနေ့က သူ SAT စာမေးပွဲ ဖြေတာ ဘယ်လိုနေလဲ မသိဘူး။
လူတိုင်းက ပျော်ရွှင်စွာ အစားအစာများ စားနေကြချိန်တွင် ရှလီက ဖုန်းကို ထုတ်လိုက်၏။
သို့သော် မက်ဆေ့ချ်ပို့မည့် မျက်နှာပြင်တွင် အချိန်ကြာမြင့်စွာ ရပ်တန့်နေသော်လည်း စာတစ်လုံးမျှ မရိုက်နိုင်ခဲ့ချေ။
သူမက သက်ပြင်းချလိုက်ပြီး ဖုန်းကို ပြန်သိမ်းကာ အစားအစာတွေကိုသာ တိတ်တဆိတ် စားနေလိုက်တော့သည်။
ထိုအချိန်တွင် ဘေးရှိ အိုးယန်ကျင့်က သူမ၏ဖုန်းကို လင်ချင်းရှောင်ထံ ရုတ်တရက် လှမ်းပေးလိုက်၏။
"ကြည့်လိုက်ဦး..."
လင်ချင်းရှောင်က အံ့ဩသွားသည်။
"ဒီနေရာက ဘယ်မှာလဲ စင်ကာပူလား"
ထိုစကားလုံးသုံးလုံးကြောင့် ရှလီ၏ နားရွက်များ ထောင်သွားပြီး အနားကိုတိုးသွားကာ မေးလိုက်သည်။
"ဘာဖြစ်လို့လဲ"
လင်ချင်းရှောင်က ဖုန်းကို သူမအား ပြလိုက်သည်။
၎င်းမှာ ထောင်ရှီးယွဲ့၏ QQ အကောင့်မှ ဖြစ်သည်။
နေ့လယ်က တင်ထားသော ပို့စ်ဖြစ်ပြီး နောက်ခံမှာ စင်ကာပူ၏ အထင်ကရနေရာတစ်ခုဖြစ်သော မာလီယွန်ပန်းခြံ ဖြစ်သည်။
လူလေးယောက်တွဲရိုက်ထားသော ဓာတ်ပုံဖြစ်ပြီး ယန့်စစ်ရှီ ဝမ်ချန်း ထောင်ရှီးယွဲ့နှင့် အခန်း ၂၀ မှ အခြားကျောင်းသားတစ်ယောက်တို့ ဖြစ်ချေသည်။
"သူတို့တွေ အတူတူ ခရီးသွားကြတာလား" လင်ချင်းရှောင်က မေးလိုက်သည်။
"SAT သွားဖြေတာ နေမှာပါ" အိုးယန်ကျင့်က ဖြေလိုက်သည်။
ရှလီက စကားမပြောပေ။ သူမ၏အကြည့်က ထိုဓာတ်ပုံအတွက် ထောင်ရှီးယွဲ့ ရေးထားသော စာသားပေါ်ကိုရောက်သွား၏။
'စင်ကာပူက အရမ်းပူတယ် SAT အမှတ်တွေ တစ်ခါတည်းနဲ့ ပြည့်မီဖို့ ဆုတောင်းပါတယ် နောက်တစ်ခေါက် ထပ်လာရင် Universal Studios ဖွင့်တဲ့အချိန် ဖြစ်ပါစေလို့ မျှော်လင့်ပါတယ် P'
"မှတ်ချက်လေး ပေးပါဦး" အိုးယန်ကျင့်က ပြောလိုက်သည်။
"ပြောစရာ စကားတောင် မရှိတော့ဘူး" လင်ချင်းရှောင်က စိတ်ပျက်လက်ပျက် မျက်နှာထားဖြင့် ပြန်ဖြေ၏။
ရှလီမှာ ထိုညစာကို မျိုမကျတကျဖြင့် စားသောက်ပြီးစီးခဲ့ချေသည်။
______