အခန်း ၄၃
Vol. 5 Ch. 43
အခန်း ၄၃
"လူငယ်တွေဟာ မီးခိုးမှုန်လေးတစ်မှုန်လို သေးငယ်လွန်းပြီး ဘယ်လောက်ပဲ သေးငယ်တဲ့ကိစ္စနဲ့ကြုံကြုံ ကောင်းကင်ကြီး ပြိုကျတော့မလို ထိတ်လန့်တုန်လှုပ်သွားတတ်ကြတယ်။ ကောင်းကင်ကြီး ပြိုကျတော့မလို ခံစားရတဲ့ အခိုက်အတန့်တွေ အားလုံးကို သိမ်းဆည်းထားတဲ့ လျှို့ဝှက်စခန်းလေးတစ်ခု ကျွန်မဆီမှာ ရှိတယ်။ အဲဒီအပြင် Y ကောင်လေးလည်း ရှိသေးတယ်"
—— ရှယ်ရီဝိုင် စမ်းသပ်ခန်း 《အိပ်မက်တွေကို ဖြတ်သန်းခဲ့တဲ့ ကိုးနှစ်တာ》
ကိတ်မုန့်စားပြီး နောက်ဆုံးကျန်ခဲ့သော သုံးယောက်က အမှိုက်များ ရှင်းလင်းကာ စာသင်ခန်းမီးကို ပိတ်ပြီး အတူတူ ဆင်းလာခဲ့ကြသည်။
လင်ချင်းရှောင်က ရွှီနင်နှင့် အတူတူ တက္ကစီငှားပြန်ရန် တိုင်ပင်နေ၏။
ရှလီက တစ်ခုခုကို သတိထားမိသွားပြီး လင်ချင်းရှောင်ကို မေးလိုက်သည်။
"နင် အခုတလော နျဲ့ချူဟန်နဲ့ အတူတူ အိမ်မပြန်တော့ဘူးထင်တယ်"
လင်ချင်းရှောင်က ပခုံးတွန့်ကာ ပြော၏။
"မပြောပါနဲ့တော့ သူက အခု အိမ်မှာ ရှားပါးတိရစ္ဆာန်လေးတစ်ကောင်လို အကာအကွယ်ပေးခံထားရတယ် သူ့အမေက ညတိုင်း ညလယ်စာယူပြီး ကားနဲ့လာကြိုတာ သူ့ကို လမ်းမှာတင် ညလယ်စာစားခိုင်းပြီး အိမ်ပြန်ရောက်ရင် နာရီဝက်လောက် စာလုံးတွေ အလွတ်ကျက်ဖို့ အချိန်လုနေရတာ"
လင်ချင်းရှောင်က ဆက်ပြောသည်။
"သူ့မိဘတွေက သူ့အင်္ဂလိပ်စာသာ ထပ်ပြီးတိုးတက်လာရင် ချင်းဟွာနဲ့ ပေကျင်းတက္ကသိုလ်ကို ဝင်ဖို့ မျှော်လင့်ချက်ရှိတယ်လို့ ထင်နေကြတာ"
ရွှီနင်က ပြောလာသည်။
"ရူးနေကြပြီလား အိမ်ပြန်ရောက်ရင် ဘယ်နှနာရီတောင် ရှိနေပြီလဲ အဲဒါကို စာကျက်ခိုင်းသေးတယ်ဆိုတော့ အိပ်ရေးမပျက်ဘူးလား"
ရှလီက မေးလိုက်သည်။
"ဒါဆို ဒီနေ့ နင့်မွေးနေ့ကို သူ ဘာလက်ဆောင်ပေးလဲ"
လင်ချင်းရှောင်က ဖြေ၏။
"ဒီမှာလေ"
လင်ချင်းရှောင်က လည်ပင်းနားမှ ရွှေရောင်လည်ဆွဲကြိုးအသေးလေး တစ်ကုံးကို ဆွဲထုတ်ပြလိုက်သည်။
လင်ချင်းရှောင်က သဘောမကျသော်လည်း လက်ခံလိုက်ရသလိုမျိုး ပြောလာချေသည်။
"သူ့အလှအပခံစားမှုကလည်း ဒီလောက်ပါပဲလေ"
အောက်ထပ်သို့ရောက်တော့ ရှလီက သူတို့နှစ်ယောက်ကို နှုတ်ဆက်ပြီး ကျောင်းဝင်းကို ဖြတ်ကာ မြောက်ဘက် ပင်မတံခါးမှ ထွက်၍ နေထိုင်ရာနေရာကိုပြန်လာခဲ့သည်။
ရေချိုးပြီး အခန်းထဲကိုပြန်ဝင်ကာ ကုတင်ပေါ်တွင် ပစ်ထားသော ဖုန်းကို ယူကြည့်လိုက်ရာ ကျန်းဟုန်ထံမှ အိပ်ပြီလားဟု မေးထားသော စာတစ်စောင်ကို တွေ့လိုက်ရ၏။
ရှလီက မနက်ဖြန် ဝတ်ရမည့် အဝတ်အစားများနှင့် အတန်းထဲယူသွားမည့် စာအုပ်တွေကို ကြိုတင်စီစဉ်ထားပြီး ဖုန်းအားသွင်းကာ မီးပိတ်ပြီး ကုတင်ပေါ်တွင် လှဲလျောင်းရင်း ကျန်းဟုန်ထံ ဖုန်းပြန်ခေါ်လိုက်သည်။
ကျန်းဟုန်က ပြောလာသည်။
"သမီးအဖေက ဒီည ညဆိုင်းကျလို့ အမေလည်း အိပ်တော့မလို့ တစ်ပတ်လောက်ရှိပြီ သမီးဆီ ဖုန်းမဆက်ဖြစ်တာ အဆင်ပြေရဲ့လားလို့ မေးချင်လို့ပါ"
ရှလီက ဖြေလိုက်၏။
"နှစ်ရက်ပဲ နားရတယ် အချိန်ပို ဆက်တက်ရမယ်"
ကျန်းဟုန်က တုံ့ပြန်သည်။
"အော်..."
ရှလီက ကျန်းဟုန်၏ လေသံမှာ ပြောရနိုး မပြောရနိုးနှင့် တုံ့ဆိုင်းနေသည်ဟု ထင်သဖြင့် မေးလိုက်သည်။
"ဘာဖြစ်လို့လဲ"
ကျန်းဟုန်က ဖုန်းထဲတွင် ပြုံးရင်း ပြော၏။
"ဘာမှတော့ မဟုတ်ပါဘူး... ဒီတိုင်း မေးကြည့်ချင်လို့ပါ တခြားလူတွေက Q.Q အကောင့် စကားဝှက်ကို မသိဘဲနဲ့ ဝင်လို့ရလား"
ရှလီက မေးလိုက်သည်။
"အမေ့အကောင့် အဟက်ခံရလို့လား"
ကျန်းဟုန်က ငြင်း၏။
"မဟုတ်ပါဘူး... ဥပမာ သမီးအဖေက အမေ့စကားဝှက်ကို မသိဘူးဆိုရင် အမေ့အကောင့်ကို ဝင်လို့ရလား"
ရှလီက ပြန်ဖြေလိုက်သည်။
"အဲဒါဆိုရင်တော့ သေချာပေါက် ဝင်လို့မရဘူးပေါ့ ကွန်ပျူတာမှာ အလိုအလျောက် ဝင်ရောက်ဖို့ ရွေးမထားဘူးဆိုရင်လေ"
ကျန်းဟုန်က သိပြီဟု ပြောကာ ထပ်မေးလာချေသည်။
"သမီးအဖေက ကွန်ပျူတာဖွင့်ရတာ တဖြည်းဖြည်း နှေးလာသလိုပဲတဲ့ သမီး ဘယ်တော့ ကျောင်းပိတ်ပြီး အားမလဲ၊ လာပြီး ကြည့်ပေးလို့ရမလားလို့ မေးနေတယ်"
ရှလီက ဖြေလိုက်၏။
"အမျိုးသားနေ့ ပိတ်ရက်မှပဲ လာခဲ့မယ်"
နောက်ထပ် စကားနည်းနည်းပြောပြီး ရှလီက ဖုန်းချလိုက်သည်။
အမျိုးသားနေ့မတိုင်မီ တစ်ကျောင်းလုံး လစဉ်စာမေးပွဲကြီး ရှိပြီး တက္ကသိုလ်ဝင်ခွင့်စာမေးပွဲနှင့် အတိအကျတူညီသော အချိန်ဇယားဖြင့် ပြုလုပ်၏။
မေးခွန်းလွှာများက သိသိသာသာ ခက်ခဲလာပြီး စာမေးပွဲပြီး၍ အမှတ်များထွက်လာတော့ ညည်းတွားသံများ နေရာအနှံ့ ထွက်လာတော့သည်။
ဒီတစ်ကြိမ်တွင် ရှလီမှာ သူမအတွက် အခက်ဆုံးဖြစ်သော ပထဝီတွင် ထပ်ရှန်းသွားခဲ့ပြီး နေထွက်ချိန်ကို အခြေခံ၍ ဒေသနေရာကို ခန့်မှန်းရသော ပုစ္ဆာတွင် အတွက်မှားသွားသဖြင့် နောက်ဆုံး မေးခွန်းကြီးတစ်ခုလုံး အမှတ်လျော့သွားကာ အဆင့်ဆယ်အထိ ကျဆင်းသွားခဲ့ချေသည်။
ထိုနေ့ ညနေစာစားချိန်တွင် ပထဝီဆရာဝူက ရှလီကို ရုံးခန်းသို့ခေါ်ကာ ထိုပုစ္ဆာ၏ တွက်နည်းကို အသေးစိတ် ရှင်းပြ၏။
ရှလီမှာ မျက်နှာပူလွန်း၍ ခေါင်းပင်မဖော်ရဲအောင် ဖြစ်နေမိသည်။
ဆရာဝူက ရှင်းပြပြီး ပြုံး၍ ပြောလာသည်။
"နေထွက်ချိန် တွက်ရတာက တကယ်ပဲ အခက်အခဲတစ်ခုမို့ မှားတာက ပုံမှန်ပါပဲ အခုမှားတာ ကိစ္စမရှိပါဘူး တက္ကသိုလ်ဝင်ခွင့်စာမေးပွဲကျရင် အဖြေမှန်ဖို့ပဲ အရေးကြီးတယ် အခု လစဉ်စာမေးပွဲကနေ ပြဿနာကို သိလိုက်ရတာ အတော်ပဲ နောက်ကျရင် အဲဒီအပိုင်းကို သီးသန့် အာရုံစိုက်ပြီး စာပြန်နွှေးတာပေါ့"
ရှလီက တိတ်တဆိတ် ခေါင်းညိတ်လိုက်သည်။
သူမက ဤသို့သောနူးညံ့သိမ်မွေ့သည့် အားပေးစကားများအတွက် မည်သို့တုံ့ပြန်ရမည်ကို မသိအောင် ဖြစ်နေမိ၏။
ဆရာဝူက သူမ၏ ပခုံးကို ပုတ်ကာ ပြောလိုက်သည်။
"စာပြန်နွှေးဖို့ အချိန်တွေ အများကြီးကျန်ပါသေးတယ် မလောပါနဲ့... အတန်းထဲ ပြန်တော့လေ"
ရှလီက မေးခွန်းလွှာကို ကိုင်၍ အောက်ထပ်သို့ဆင်းကာ စင်္ကြံကို ဖြတ်ပြီး အခန်း ၇ ကိုပြန်လာခဲ့သည်။
တံခါးဝတွင် ကျောင်းသားမိခင်တစ်ဦးက သူမကို တားလိုက်၏။ အမေဖြစ်သူက ပြုံး၍ မေးလာသည်။
"သမီးလေး လင်ချင်းရှောင်ဆိုတာ ဒီအတန်းထဲမှာပဲလား အန်တီ့ကို ကူညီပြီး ပြောပြပေးပါလား"
ရှလီက ပြန်ဖြေလိုက်၏။
"ဟုတ်ပါတယ် အန်တီ သူ့ကို ရှာနေတာလား သမီး သူ့ကို ခေါ်ပေးရမလား"
ရှလီက စာသင်ခန်းထဲ ဝင်သွားပြီး လင်ချင်းရှောင်၏ နာမည်ကို ခေါ်လိုက်သည်။
"အပြင်မှာ နင့်ကို လာရှာနေတယ်"
လင်ချင်းရှောင်က စာအုပ်ပုံများနောက်မှနေ၍ သံသယနည်းနည်းဖြင့် ခေါင်းမော့လာပြီး အပြင်ဘက်ကို တစ်ချက်ကြည့်ကာ လက်ထဲရှိ ပစ္စည်းတွေကို ချထားခဲ့ပြီး ထွက်သွား၏။
လင်ချင်းရှောင် ထွက်သွားသည်မှာ မိနစ်နှစ်ဆယ်ကျော် ကြာမှသာ ပြန်ရောက်လာသည်။
ထိုအချိန်တွင် ကျောင်းသားများက ကန်တင်းမှ အသီးသီး ပြန်ရောက်နေကြပြီဖြစ်ပြီး လူတိုင်းက ကိုယ့်အလုပ်ကိုသာ အသိစိတ်ဖြင့် လုပ်နေကြကာ စာသင်ခန်းထဲတွင် အလွန်တိုးညင်းသော စကားပြောသံများသာ ရှိနေချေ၏။
ရှလီက လင်ချင်းရှောင် ဝင်လာချိန်တွင် တစ်ချက် ကြည့်လိုက်ရာ သူမက ခေါင်းငိုက်စိုက်ကျနေပြီး ငိုတော့မည့်ပုံ ပေါက်နေသည်ကို တွေ့လိုက်ရသည်။
သူမက မိမိနေရာကိုပြန်သွားပြီး စားပွဲပေါ်တွင် မှောက်ချလိုက်ရာ ပခုံးများက တသိမ့်သိမ့် တုန်ရီနေတော့သည်။
ရှလီက လက်ထဲရှိ ဘောပင်ကို ကမန်းကတန်းချကာ လမ်းကြားလေးကို ဖြတ်၍ လင်ချင်းရှောင်၏ နေရာဘေးကိုသွားကာ ဆောင့်ကြောင့်ထိုင်လိုက်ပြီး သူမ၏ ပခုံးကို ဖက်ထားလိုက်၏။
"ရှောင်ရှောင် ဘာဖြစ်လို့လဲ"
လင်ချင်းရှောင်က ခေါင်းခါပြပြီး ခေါင်းမော့မလာဘဲ တိတ်တဆိတ် ငိုနေသည်။
ရှလီက ကျောင်းဝတ်စုံ ဘောင်းဘီအိတ်ကပ်ထဲမှ တစ်ရှူးထုတ်ကို ယူကာ တစ်ရွက်ဆွဲထုတ်ပြီး လင်ချင်းရှောင်၏ လက်ထဲကိုထည့်ပေးလိုက်ပြီး ဘာမှဆက်မမေးတော့ဘဲ သူမဘေးတွင် တိတ်တဆိတ်သာ အဖော်ပြုနေပေးလိုက်၏။
လင်ချင်းရှောင်က အတော်ကြာအောင် ငိုပြီးမှသာ ခေါင်းမော့လာပြီး ထိုတစ်ရှူးကို ဖြန့်ကာ နှပ်ညှစ်လိုက်သည်။
ရှလီက တစ်ရှူးတစ်ထုပ်လုံးကို သူမထံ တိုက်ရိုက်ပေးလိုက်၏။
လင်ချင်းရှောင်က တစ်ရှူးဖြင့် မျက်လုံးတွေကို ကွယ်ထားကာ ရှိုက်ငင်ရင်း ပြောလာသည်။
"ငါ့ကို လာရှာတာ နျဲ့ချူဟန်ရဲ့ အမေလေ"
ရှလီက နည်းနည်း အံ့ဩသွားသည်။
"သူက နင့်ကို ဘာလာလုပ်တာလဲ"
လင်ချင်းရှောင်က ပြောပြ၏။
"နျဲ့ချူဟန်လည်း ဒီတစ်ခေါက် စာမေးပွဲ အမှတ်မကောင်းဘူးလေ သူက အမြဲတမ်း အတန်းထဲမှာ အဆင့်သုံးအတွင်း ဝင်နေကျမဟုတ်လား ဒီတစ်ခေါက်တော့ အဆင့်ခုနစ်ပဲ ရတယ် သူ့အမေပြောတဲ့ စကားတွေရဲ့ သဘောတရားက ငါက နျဲ့ချူဟန်ရဲ့ ပညာရေးကို နှောင့်နှေးစေတယ်ဆိုတဲ့ သဘောမျိုးပဲ..."
လင်ချင်းရှောင်မှာ အလွန်တရာ ဝမ်းနည်းနေ၏။
ရှလီက ပြောလိုက်သည်။
"ဒါဆိုလည်း သူက နျဲ့ချူဟန်ကို သွားရှာရမှာပေါ့ ဒီကိစ္စက နင်နဲ့ ဘာဆိုင်လို့လဲ... ရှောင်ရှောင် နင် ဘယ်လိုပြန်ပြောလိုက်လဲ"
လင်ချင်းရှောင်က ဖြေ၏။
"ငါက အခုဆို နျဲ့ချူဟန်နဲ့ တစ်နေ့လုံးနေလို့ တစ်ခါတောင် ဆုံချင်မှ ဆုံရတာ နှောင့်နှေးစေတယ်ဆိုတာ ဘာအဓိပ္ပာယ်လဲ နားမလည်ဘူးလို့ ပြောလိုက်တယ် သူက ဒါဆို ငါ့လည်ပင်းက ဆွဲကြိုးကို ဘယ်တုန်းက ရတာလဲတဲ့..."
ရှလီက ညည်းတွားလိုက်သည်။
"လွန်လွန်းတယ်"
ဒီနေရာကိုရောက်တော့ လင်ချင်းရှောင်မှာ ဒေါသကို မထိန်းနိုင်တော့သည့်အလား လက်လှမ်းကာ ထိုလည်ဆွဲကို တင်းတင်းဆုပ်ကိုင်၍ အားကုန်ဆွဲဖြတ်လိုက်၏။
ရှလီက အချိန်မီ မတားဆီးနိုင်ခဲ့ချေ။
လည်ဆွဲကြိုးလေးက သေးသွယ်သဖြင့် တစ်ချက်တည်းနှင့် ပြတ်ကျလာသည်။
လင်ချင်းရှောင်က ရှလီထံ ကမ်းပေးလိုက်သည်။
"ရှရှ နင် ငါ့ကို ကူပြီး လွှင့်ပစ်ပေးပါ"
ရှလီက လှမ်းမယူပေ။
"သေချာပြီလား"
လင်ချင်းရှောင်က ဖြေလိုက်၏။
"အင်း"
ရှလီက သူမ၏ မျက်နှာထားကို ကြည့်လိုက်သည်နှင့် သူမ သေချာမဆုံးဖြတ်ရသေးကြောင်း သိလိုက်၏။
"နင် မလိုချင်တော့ဘူးဆိုရင်လည်း နျဲ့ချူဟန်ဆီ တိုက်ရိုက် ပြန်ပေးလိုက်ပါ သူ့အမေက သူ့သဘောနဲ့သူ နင့်ဆီ လာရှာတာ ဖြစ်ရမယ်ဆိုတာ ငါယုံတယ် သူကိုယ်တိုင် သေချာပေါက် သိမှာမဟုတ်ဘူး"
လင်ချင်းရှောင်က ပြောလာသည်။
"သူ သိသိ မသိသိ ငါ သူ့ကို ထပ်မတွေ့တော့ဘူး ဒီလောက် ကိစ္စလေးနဲ့တင် သူ ချင်းဟွာနဲ့ ပေကျင်းတက္ကသိုလ် ဝင်ဖို့ကို အဟန့်အတားဖြစ်စေတယ်ဆိုရင် အဲဒါက သူ့ကိုယ်တိုင်ကကို အဲဒီတက္ကသိုလ်တွေကို ဝင်ခွင့်မရနိုင်ဘူးဆိုတာ ပြနေတာပဲ"
လင်ချင်းရှောင်က အချစ်အမုန်း ကွဲပြားပြီး ပွင့်လင်းမြင်သာသော စရိုက်မျိုး အမြဲရှိသူဖြစ်ရာ လည်ဆွဲကို ရှလီ၏ လက်ထဲကိုအတင်းထည့်ပေးလိုက်ချေသည်။
"ငါ့အတွက် လွှင့်ပစ်ပေးပါ နောက်ဆို ငါနဲ့ သူနဲ့ ဘာမှမပတ်သက်တော့ဘူး"
ရှလီက တွန့်ဆုတ်နေဆဲပင်။
လင်ချင်းရှောင်က ပြောလိုက်သည်။
"ဒါဆိုလည်း ငါ့ဘာသာ လွှင့်ပစ်လိုက်မယ်..."
ရှလီက အမြန်လုယူလိုက်၏။
"အေးပါ အေးပါ ငါ ကူပြီး လွှင့်ပစ်ပေးမယ် ဒါပေမဲ့ နင် ထပ်ပြီး မငိုရတော့ဘူးနော်"
လင်ချင်းရှောင်က စားပွဲအံဝှက်ထဲမှ မေးခွန်းလွှာတစ်စုံကို ထုတ်ယူလိုက်သည်။
"ငါ ဝမ်းမနည်းပါဘူး စော်ကားခံရတယ်လို့ ခံစားရရုံလေးပဲ"
လင်ချင်းရှောင်က ထပ်ပြော၏။
"ချင်းဟွာနဲ့ ပေကျင်းတက္ကသိုလ်များ ဘယ်သူမှ ဝင်ခွင့်မရနိုင်တော့တဲ့အတိုင်းပဲ ပြောနေတယ်"
လင်ချင်းရှောင်က ဝမ်းနည်းဒေါသထွက်မှုတွေကို ခွန်အားအဖြစ် ပြောင်းလဲရန် အမှန်တကယ် ရည်ရွယ်ထားကြောင်း တွေ့ရသဖြင့် ရှလီက မတ်တပ်ရပ်ကာ သူမ၏ ပခုံးကို ပုတ်ပေးပြီး သူမနေရာကိုပြန်လာခဲ့၏။
သူမက စားပွဲအံဝှက်ထဲမှ ယခင်က နှုတ်ခွန်းဆက်ကတ်ပေးစဉ်က အသုံးမပြုရသေးသော စာအိတ်တစ်အိတ်ကို ရှာယူပြီး ဆွဲဖြတ်ခံထားရသော လည်ဆွဲကြိုးကို အထဲကိုထည့်လိုက်သည်။
_______