အခန်း ၄၉
Vol. 5 Ch. 49
အခန်း (၄၉)
ခရစ္စမတ်နေ့မှာ သောကြာနေ့ဖြစ်သော်လည်း ဆက်တိုက်လာမည့် စနေ၊ တနင်္ဂနွေနေ့များတွင် ကျောင်းမပိတ်ဘဲ လစဉ်စာမေးပွဲကို နောက်တစ်ပတ် တနင်္လာနေ့တွင် အစီအစဉ်ဆွဲထားကာ စာမေးပွဲပြီး လစဉ်ကျောင်းပိတ်ရက်ကို နှစ်သစ်ကူး အားလပ်ရက်နှင့်အတူ ပေါင်း၍ ပိတ်ပေးမည် ဖြစ်သည်။
မွန်းလွဲပိုင်း အင်္ဂလိပ်စာသင်ချိန်တွင် အားလုံးက အင်္ဂလိပ်စာ အကြားစွမ်းရည် လေ့ကျင့်ခန်း လုပ်နေကြစဉ် အားကစားကွင်းဘက်ကိုလှည့်နေသော ပြတင်းပေါက်အပြင်ဘက်မှ လူတစ်ယောက်က အော်ပြောလိုက်သည်ကို ကြားလိုက်ရသည်။
"နှင်းတွေ ကျနေပြီ"
အားလုံးက ပြတင်းပေါက်အပြင်ဘက်ကိုပြိုင်တူ ကြည့်လိုက်ကြသော်လည်း ယခုအချိန်တွင် အာရုံလွှဲ၍မရကြောင်း သတိထားမိသွားကာ အမြန်ပင် စိတ်ပြန်စုလိုက်ကြ၏။
အင်္ဂလိပ်စာဆရာမက ရေဒီယိုကို ရပ်တန့်လိုက်ပြီး ပြုံးရွှင်စွာ ပြောလာသည်။
"နှင်းသွားကြည့်ကြမလား"
အားလုံးက ဝမ်းသာအားရ အော်ဟစ်တော့မည့်ဆဲဆဲ သူမက "ရှူး" ဟု တားလိုက်ပြီး ပြောလာသည်။
"မဆူကြနဲ့ အတန်းမှူးနဲ့ လောင်ကျွမ်းကို ဆွဲခေါ်လာသလို ဖြစ်သွားရင် ပြဿနာတက်လိမ့်မယ် ဆယ်မိနစ် နားမယ် အတန်းပြင်ထွက်လို့ရတယ် စင်္ကြံမှာပဲ ကြည့်ကြ အဝေးကြီး မသွားကြနဲ့ အချင်းချင်းလည်း စကားမပြောကြနဲ့"
ရှလီ၏ ခုံနေရာက စာသင်ခန်းတံခါးနှင့် နီးသဖြင့် အရင်ဆုံး ထွက်သွား၏။
လင်ချင်းရှောင်နှင့် ရွှီနင်တို့ ထွက်လာပြီး သူမ၏ဘေးကိုတိုးဝှေ့လာကြသည်။
နှင်းက သိပ်မသည်းဘဲ တိတ်ဆိတ်စွာ ကျဆင်းနေပြီး အဆောက်အအုံရှေ့ရှိ ကွန်ကရစ်လမ်းပေါ်ကိုကျရောက်သည်နှင့် ချက်ချင်း ရေအဖြစ် အရည်ပျော်သွား၏။ ယခုအခြေအနေအရဆိုလျှင် နှင်းမတိတ်လျှင်ညပိုင်းစာကြည့်ချိန်ရောက်မှသာ နှင်းများ ပုံလာနိုင်မည် ထင်ရသည်။
ရှလီက လက်ခုံကိုဆန့်တန်း၍ ခံလိုက်ရာ သိပ်မပီပြင်သော နှင်းပွင့်လေးတစ်ပွင့်က သူမ၏အသားအရည်ပေါ်ကိုကျရောက်လာပြီး ခဏကြာမှသာ အရည်ပျော်သွားချေသည်။
အားလုံးက အင်္ဂလိပ်စာဆရာမ ချမှတ်ထားသော စည်းကမ်းကို လိုက်နာကာ တတ်နိုင်သမျှ တိတ်တဆိတ် နေကြပြီး စကားပြောမည်ဆိုလျှင်ပင် အသံကို အလွန်တိုးတိုးသာ ပြောကြသည်။
သို့သော် စာသင်ခန်းထဲရှိ လူတစ်ဝက်ကျော်ခန့်က စင်္ကြံထဲတွင် ပြည့်ကျပ်နေသဖြင့် အပေါ်ထပ် ရုံးခန်းထဲရှိ အတန်းမှူး၏ အာရုံစိုက်မှုကို ရရှိသွားကာ သူက ဟိုဘက်လှေကားမှ ဆင်းလာပြီး အော်ပြောလိုက်သည်။
"အခန်း ၇ က ကျောင်းသားတွေ ဘာလုပ်နေကြတာလဲ"
ယခုအချိန်တွင် အားလုံးနှင့်အတူ စင်္ကြံတွင်ရှိနေသော အင်္ဂလိပ်စာဆရာမက ပြုံး၍ ပြောလိုက်သည်။
"သူတို့ကို အချက်အလက်ရှာခိုင်းနေတာ ခဏနေရင် စာစီစာကုံး ရေးရမှာလေ"
အတန်းမှူးက ပြောသည်။ "အခုက အတန်းချိန် ရှိသေးတယ်လေ"
"ဆယ်မိနစ်လောက် အချိန်ယူလိုက်တာပါ" အင်္ဂလိပ်စာဆရာမက ပြုံး၍ ဆက်ပြောသည်။ "ဒီဆယ်မိနစ်လေးတောင် ဘယ်နားကများ အချိန်မပေးနိုင်စရာ ရှိလို့လဲ ဆရာကြီးရယ်"
အတန်းမှူးမှာ ဘာမျှ ဆက်မပြောသာတော့ဘဲ ပြောလိုက်၏။
"တိတ်တိတ်နေကြ တခြားအတန်းတွေကို မနှောင့်ယှက်နဲ့"
အခန်း ၇ က အခြားအတန်းတွေကို မနှောင့်ယှက်ခဲ့သော်လည်း အတန်းမှူး၏ ဒီအော်သံကြောင့် စင်္ကြံအဆုံးရှိ ဝိဇ္ဇာရိုးရိုးအတန်းတွေကိုပင် ဆွဲထုတ်လိုက်သလိုဖြစ်သွားချေသည်။
သူတို့ကလည်း အခန်း ၇ နှင့် ထပ်တူပင် နားလည်မှုရှိစွာဖြင့် စကားမပြောဘဲ နေကြ၏။
ထို့နောက် အပြည်ပြည်ဆိုင်ရာအတန်းမှ လူများလည်း ထွက်လာကြသည်။
ယန့်စစ်ရှီက အနက်ရောင် အမွေးပွအင်္ကျီအရှည်ကို ဝတ်ထားပြီး အေးစက်တည်ငြိမ်စွာ ရပ်နေကာ လက်မောင်းကို လက်ရန်းပေါ်တွင် ပေါ့ပေါ့ပါးပါး တင်ထားလျက် တိတ်ဆိတ်ကာ သီးသန့်ဆန်နေသည်။
ရှလီက လက်နှစ်ဖက်ကို အေးစက်နေသော လက်ရန်းပေါ်တွင် တင်ထားကာ မေးစေ့ကို လက်မောင်းပေါ်၌ မှီထားပြီး ခေါင်းကို နည်းနည်းစောင်းကာ စင်္ကြံ၏တစ်ဖက်စွန်းကိုအတားအဆီးမရှိ ငေးကြည့်နေမိ၏။
သူမက အတန်ကြာ ငေးမောကြည့်နေမိရာ မထင်မှတ်ထားဘဲ ယန့်စစ်ရှီက ရုတ်တရက် ခေါင်းလှည့်လာချေသည်။
မရည်ရွယ်ဘဲ သူမနှင့် အကြည့်ချင်း ဆုံသွားသကဲ့သို့ပင်။
အကွာအဝေးတစ်ခု ခြားနေသော်လည်း မှုိုင်းညို့နေသော ကောင်းကင်အလင်းရောင်အောက်တွင် သူ၏ မျက်ဝန်းများက ကြည်လင်နက်ရှိုင်းနေပြီး မှိန်ဖျော့ဖျော့ အလင်းရောင်များ ရှိနေသည်ကို တွေ့နိုင်သည်။
ရှလီမှာ လန့်သွားသဖြင့် နှလုံးခုန်ရပ်သွားမတတ်ဖြစ်ကာ အလောတကြီး အကြည့်လွှဲလိုက်ပြီး ခေါင်းကိုပြန်လှည့်ကာ လက်ရန်းအပြင်ဘက်ကိုပြန်ကြည့်နေလိုက်သည်။
နှင်းကျနေသော အေးမြသည့် ရာသီဥတုတွင် သူမတစ်ယောက်တည်းသာ လည်ပင်းမှ နားရွက်နောက်အထိ ပူထူနေတော့သည်။
အနားယူချိန် ပြီးဆုံးသွားသည့်တိုင် သူမက ခေါင်းလှည့်၍ ပြန်ကြည့်ရန် သတ္တိမရှိတော့ချေ။
အားလုံးက စာသင်ခန်းထဲ ပြန်ဝင်ကာ ထိုင်လိုက်ကြသည်။
အင်္ဂလိပ်စာဆရာမက ပြုံး၍ ပြောလာသည်။
"ရိုမန်းတစ်ဆန်တယ်မလား"
ခရစ္စမတ်နေ့တွင် နှင်းကျသည်ကို ကြည့်ရခြင်း၊ ထို့အပြင် အတန်းချိန်ကိုပါ ယူသုံးထားခြင်းဖြစ်၍ သေချာပေါက် ရိုမန်းတစ်ဆန်လှသည်။ အင်္ဂလိပ်စာဆရာမက ထပ်ပြောသည်။
"ရိုမန်းတစ်ဆန်ပြီးပြီဆိုရင်တော့ အင်္ဂလိပ်စာစီစာကုံး တစ်ပုဒ်ရေးကြ တက္ကသိုလ်ဝင်ခွင့်စာမေးပွဲ စည်းမျဉ်းတွေအတိုင်းပဲနော်"
ဒီရိုမန်းတစ်ဆန်မှုအတွက် ပေးဆပ်ရသော တန်ဖိုးနည်းနည်းကို အားလုံးက ဝမ်းသာအားရ လက်ခံလိုက်ကြ၏။
အထက်တန်းနောက်ဆုံးနှစ်တွင် သဘာဝကျစွာပင် ခရစ္စမတ်ပွဲတော် ဒါမှမဟုတ် နှစ်သစ်ကူးပွဲတော်ဟူ၍ မရှိတော့ချေ။
အားကစားကွင်းတစ်ခု ခြားထားသော မျက်နှာချင်းဆိုင်ရှိ အထက်တန်းပထမနှစ်နှင့် ဒုတိယနှစ် စာသင်ဆောင် ပြတင်းပေါက်များတွင် ရောင်စုံမီးသီးများ ချိတ်ဆွဲထားပြီး နှင်းတုဖျန်းဆေးများဖြင့် ဧရာမ 'HAPPY NEW YEAR' စာလုံးကြီးကို ရေးဆွဲထားကြ၏။
ဒီဘက်ရှိ အထက်တန်းနောက်ဆုံးနှစ်ကတော့ ပုံမှန်အတိုင်း ညပိုင်းစာကြည့်ချိန်ကို တက်ရောက်နေရပြီး တစ်ခဏမျှပင် အနားမရကြချေ။
လစဉ်စာမေးပွဲ ပြီးဆုံးပြီး နှစ်သစ်ကူးပွဲတော် ကျောင်းပိတ်ရက် နီးကပ်လာမှသာ အားလုံးက နည်းနည်း သက်ပြင်းချနိုင်ကြတော့သည်။
ရှလီက အိမ်မပြန်တော့ဘဲ နှစ်သစ်ကူးရက်များတွင် ကျောင်းသားအဆောင်၌သာနေ၍ ကာတွန်းဖတ်ရန်ဒါမှမဟုတ်လင်ချင်းရှောင်တို့နှင့်အတူ လမ်းလျှောက်ထွက်ရန် စီစဉ်ထားလိုက်သည်။
ပစ္စည်းများသိမ်းဆည်းကာ ကျောင်းမှထွက်ခွာရန် ပြင်ဆင်နေစဉ် ကျောပိုးအိတ်လွယ်ထားပြီးသော လင်ချင်းရှောင်က လျှောက်လာပြီး ပြောလိုက်သည်။
"တစ်ရက်နေ့ကျရင် ငါတို့ ဖူအန်းရှေးဟောင်းဘုရားကျောင်း သွားပြီး အမွှေးတိုင်ထွန်း ဆုတောင်းကြရအောင် သွားမလား"
ဖူအန်းရှေးဟောင်းဘုရားကျောင်းက ကျောင်းအနီးရှိ တောင်ခါးပန်းတွင် တည်ရှိပြီး အလွန်သေးငယ်သော ဘုရားကျောင်းလေးဖြစ်သော်လည်း ထန်မင်းဆက်ခေတ်ကတည်းက တည်ဆောက်ခဲ့သော နှစ်တစ်ထောင် သက်တမ်းရှိ ရှေးဟောင်းဘုရားကျောင်းဟု ဆိုကြ၏။
ရှလီက မရောက်ဖူးသလို ဆုတောင်းပြည့်မပြည့်ကိုလည်း မသိချေ။
"ဘယ်သူတွေ သွားကြမှာလဲ"
လင်ချင်းရှောင်က ဖြေသည်။ "လူတော်တော်များပါတယ် နင် ငါ အိုးယန်ကျင့်... ရှောက်ယွီလုံနဲ့ သူ့သူငယ်ချင်းတွေလည်း သွားမယ်လို့ ပြောတယ်"
"ကောင်းပြီလေ"
"ဒါဆို တစ်ရက်နေ့ကျမှ တွေ့မယ်"
"တစ်ရက်နေ့ကျမှ တွေ့မယ်"
ပစ္စည်းများ သိမ်းဆည်းပြီး ရှလီက အိတ်ထဲမဆံ့တော့သော လေ့ကျင့်ခန်းစာအုပ်အချို့ကို ပိုက်ကာ စာသင်ခန်းထဲမှ ထွက်လာခဲ့သည်။
လှေကားနားကိုရောက်တော့ ယန့်စစ်ရှီနှင့် ဝမ်ချန်းတို့က အခန်း ၂၀ ၏ အရှေ့တံခါးမှ ထွက်လာကြသည်ကို တွေ့လိုက်ရ၏။
သူမက ခြေလှမ်းကို နှေးလိုက်ပြီး နှုတ်ဆက်လိုက်သည်။
"ဟိုင်း"
ဝမ်ချန်းကလည်း ပြန်နှုတ်ဆက်၏။
"ဟိုင်း"
သူတို့သုံးယောက် သဘာဝကျကျပင် အတူတူ အောက်ထပ်ကိုဆင်းလာခဲ့ကြသည်။
ရှလီက စကားစလိုက်သည်။
"နင်တို့ နှစ်သစ်ကူးကျရင် ဖူအန်းရှေးဟောင်းဘုရားကျောင်းကို အမွှေးတိုင် သွားထွန်းကြမလား"
အရှေ့မှလျှောက်နေသော ဝမ်ချန်းက ပြောလာသည်။
"ရုပ်ဝါဒီသမားက ဒီလိုမျိုးတွေကို ယုံသေးတာလား"
"ရိုးရိုးရှင်းရှင်း ဆုတောင်းရုံလေးပါ စိတ်သက်သာရာရဖို့အတွက်လေ" လေ့ကျင့်ခန်းစာအုပ်တွေကို ပိုက်ထားသော သူမ၏လက်ချောင်းများက အလိုအလျောက် နည်းနည်း တင်းကျပ်သွားပြီး ခေါင်းလှည့်ကာ သူမထက် လှေကားတစ်ထစ်ခန့် နောက်ကျနေသော ယန့်စစ်ရှီကို တစ်ချက် ကြည့်လိုက်သည်။
"အဲဒါက မင်ကျန်းအထက်တန်းနောက်ဆုံးနှစ်ရဲ့ ရိုးရာအစဉ်အလာလို့ ကြားတယ်" သူမက ရမ်းသမ်းပြောလိုက်၏။
ယန့်စစ်ရှီက မျက်လုံးပင့်ကြည့်ကာ ပြောလိုက်သည်။
"ကောင်းပြီလေ သွားကြည့်ကြတာပေါ့"
ဝမ်ချန်းက ပြောလာသည်။
"ရတယ်လေ ဒါဆို ငါလည်း သွားမယ်"
ရှလီက ဝမ်းသာနေမှုကို အလွန်အမင်း သိသာအောင် မပြရဲဘဲ ပြောလိုက်သည်။
"တစ်ရက်နေ့ မနက်ပိုင်း ကိုးနာရီလောက်ပေါ့ နောက်ကျရင် လူများလိမ့်မယ်"
ယန့်စစ်ရှီက ဖြေသည်။ "ကောင်းပြီ"
တစ်ရက်နေ့ မနက်ပိုင်းတွင် ဖူအန်းရှေးဟောင်းဘုရားကျောင်းကိုသွားသူများက ရှလီထင်ထားသည်ထက် ပိုများနေသည်။
လင်ချင်းရှောင် ပြောထားသူများအပြင် အားလုံးက ကိုယ်စီခေါ်လာသော သူငယ်ချင်းများလည်း ပါလာကြသည်။
နျဲ့ချူဟန်လည်း ရောက်လာပြီး လင်ချင်းရှောင်ကို နှုတ်ဆက်လိုက်ရာ လင်ချင်းရှောင်က သူ့ကို ကြည့်လိုက်သော်လည်း ဂရုမစိုက်သဖြင့် သူက သူမ၏မနီးမဝေးမှ လိုက်ပါနေခဲ့၏။
ဘုရားကျောင်းမကြီး၏ ရင်ပြင်ရှေ့ရှိ အမွှေးတိုင်ခွက်ကြီးတွင် အမွှေးတိုင်ထွန်းပြီး လင်ချင်းရှောင်က ဘုရားကျောင်းထဲသို့ဝင်၍ ရှိခိုးရန် ပြင်လိုက်သည်။
ရှလီက မသွားတော့ကြောင်းနှင့် အပြင်တွင်သာ စောင့်နေမည်ဖြစ်ကြောင်း ပြောလိုက်သည်။
လင်ချင်းရှောင်နှင့် ရွှီနင်တို့ အတူတူ ဝင်သွားကြ၏။
ယခင်အပတ်က နှင်းကျထားပြီး ထိုအချိန်မှစ၍ ကောင်းကင်က ဆက်တိုက် မှိုင်းညို့နေကာ တောင်ခါးပန်းတွင် လေတိုက်နှုန်းပြင်းထန်ပြီး လေထုက အေးစက်နေသည်။
ရှလီက ဘုရားကျောင်းရှေ့ရှိ မီးခိုးပြာရောင် ကျောက်ပြားခင်းထားသော မြေပြင်ပေါ်တွင် ဟိုဒီလျှောက်နေပြီး အမွှေးတိုင်ခွက်ကြီးမှ လွင့်ပျံလာသော သင်းပျံ့သည့် အမွှေးတိုင်အနံ့ကို ရှူရှိုက်ရင်း ဘုရားကျောင်းတံခါးဝဆီကိုမကြာခဏ လှမ်းကြည့်နေမိသည်။
ဘယ်နှကြိမ်မြောက်မှန်းမသိ သူမ၏ မျက်လုံးများက အရောင်လက်သွားချေသည်။
သူမက လက်မြှောက်ကာ ဝှေ့ယမ်းပြလိုက်သည်။
ယန့်စစ်ရှီနှင့် ဝမ်ချန်းတို့က သူမကိုမြင်သွားပြီး လျှောက်လာကြသည်။
သူတို့နှစ်ယောက်စလုံး၏ လက်ထဲတွင် တံခါးဝမှ ဝေပေးလိုက်သော အမွှေးတိုင်တွေကို ကိုင်ထားကြပြီး အမွှေးတိုင်ခွက်ဆီကိုလျှောက်သွားကာ ဖယောင်းတိုင်မှတစ်ဆင့် မီးညှိလိုက်ကြပြီး နေရာလွတ်တစ်ခုကို ရှာ၍ အမွှေးတိုင် သုံးတိုင်ကို စိုက်လိုက်ကြ၏။
ရှလီက ဘုရားကျောင်းအတွင်းဘက်ကိုလက်ညှိုးထိုးပြကာ မေးလိုက်သည်။
"နင်တို့ သွားပြီး ရှိခိုးဦးမလား"
ဝမ်ချန်းက ပြောလာသည်။
"ရောက်မှတော့ ဝင်ရမှာပေါ့"
ရှလီက နောက်မှမလိုက်သွားဘဲ သူတို့၏ ကျောပြင်များ ဘုရားကျောင်းမကြီးထဲကိုဝင်သွားသည်ကိုသာ ကြည့်နေလိုက်သည်။
အလင်းရောင်နှင့် ဆန့်ကျင်ဘက်ကိုကြည့်လိုက်ရာ ယန့်စစ်ရှီက မှောင်နေသော နေရာတွင် ရပ်နေပြီး ဘုရားကျောင်းအတွင်းရှိ ရုပ်ပွားတော်ရှေ့တွင် ခေါင်းငုံ့ကာ တိတ်ဆိတ်စွာ ရပ်နေ၏။
ထိုကျောပြင်က တိတ်ဆိတ်တည်ငြိမ်နေပြီး အထူးသဖြင့် ကြည်ညိုရိုသေနေဟန် ရှိသည်။
ရှလီက ထိုညက ယန့်စစ်ရှီပြောခဲ့သော 'ငါ့ရဲ့ဆန္ဒက ငါ့ရဲ့ဆန္ဒအတိုင်း ပြောင်းလဲလို့မရဘူး' ဆိုသည့် စကားကို ရုတ်တရက် သတိရသွားမိသည်။
သူမက သူ့ကို စိတ်ပိုင်းဆိုင်ရာကိုသာ ယုံကြည်သူတစ်ယောက်ဟု မထင်မိသော်လည်း ဖြစ်နိုင်သည်မှာ သူ မည်မျှပင် ကြိုးစားစေကာမူ မလုပ်နိုင်သောအရာတစ်ခုခု သေချာပေါက် ရှိနေမည်ဖြစ်ပြီး ထို့ကြောင့်သာ သူက ဆုတောင်းရုံသာ ဆုတောင်းနိုင်ခြင်း ဖြစ်ပေမည်။
ဒီအရာက သူမအား အကြောင်းပြချက်မရှိဘဲ ဝမ်းနည်းလာစေချေသည်။
မလှမ်းမကမ်းရှိ နှစ်တစ်ထောင် သက်တမ်းရှိ ထင်းရှူးပင်အိုကြီးအောက်တွင် လူတစ်ယောက်က သစ်ကိုင်းပေါ်ကိုအနီရောင်အဝတ်စလေးကို ချည်နှောင်နေသည်ကို တွေ့လိုက်ရသည်။
ရှလီက ပတ်ပတ်လည်ကို ကြည့်ကြည့်လိုက်တော့ ထိုအဝတ်စများ တောင်းယူရသော စားပွဲရှေ့တွင် လူတန်းတိုလေးတစ်ခု စီတန်းနေသည်ကို မြင်လိုက်ရ၏။
သူမက ရုတ်တရက် စိတ်ဝင်စားသွားကာ တန်းစီနေသည့်အဆုံးတွင် သွားရပ်လိုက်သည်။
အတန်ကြာ တန်းစီပြီး နောက်ဆုံးတွင် သူမအလှည့်ကိုရောက်လာချေသည်။
တစ်စလျှင် ယွမ်ဆယ်ယွမ် ဖြစ်သည်။
ငွေစက္ကူကို အလှူခံပုံးထဲကိုထည့်လိုက်ပြီး ရှလီက ဘောပင်ကိုယူကာ အဝတ်စကို စားပွဲပေါ်တွင် ဖြန့်တင်လိုက်သည်။
'ဆန္ဒ' ဆိုသည့် စာလုံးကို ရေးပြီးသွား၍ ဒုတိယစာလုံး၏ အစ 'ယန့်' ဆိုသည့် အက္ခရာကို ရေးအပြီးတွင် အနောက်ဘက်မှ အေးစက်ပြီး နည်းနည်း ဩရှရှအသံတစ်သံက ရုတ်တရက် ထွက်လာ၏။
"နင့်သူငယ်ချင်း နင့်ကို ရှာနေတယ်"
ရှလီမှာ လန့်သွားပြီး ထိုအသက်ရှူသံက သူမ၏ခေါင်းပေါ်တွင်ပင် ရှိနေသလိုနီးကပ်လွန်းသည်ဟု ခံစားလိုက်ရသည်။
ဆံပင်ထဲတွင် ပုန်းကွယ်နေသော နားရွက်များမှာ ထူပူလာချေသည်။
သူမက အလိုအလျောက် လက်ဝါးဖြင့် မိမိရေးထားသော စာလုံးကို ဖုံးအုပ်လိုက်ပြီး အနက်ရောင် မှင်ဖျက်တံဖြင့် ထို 'ယန့်' အက္ခရာကို နှစ်ချက်ခန့် ခြစ်ဖျက်ပစ်လိုက်၏။
"ငါ အခုချက်ချင်း လာခဲ့မယ်" ရှလီက ပြောလိုက်သည်။
နှလုံးမှာ ပြင်းထန်စွာ ခုန်လှုပ်နေသဖြင့် သူမ၏ လက်ချောင်းများပင် လိုက်၍ နည်းနည်း တုန်ရီနေသည်။
ရေးပြီးသွားတော့ သူမက တစ်ချက် ကြည့်လိုက်သည်။
ဆန္ဒများ အားလုံး ပြည့်ဝပါစေ။
ဖတ်ကြည့်လိုက်လျှင် နည်းနည်း မှားယွင်းနေသော ဝါကျတစ်ကြောင်းနှင့် တူနေ၏။
ဘောပင်အဖုံးကို ပြန်ပိတ်လိုက်ပြီး ရှလီက အနီရောင်အဝတ်စလေးကို ကိုင်ကာ သစ်ပင်အောက်ကိုလျှောက်သွားပြီး လူမယူရသေးသော သစ်ကိုင်းတစ်ကိုင်းကို ရှာဖွေလိုက်သည်။
ခြေဖျားထောက်၍ ချည်နှောင်ရန် ပြင်လိုက်ချိန်တွင် ယန့်စစ်ရှီက လျှောက်လာပြီး မေးလိုက်သည်။
"ငါ ကူပေးရမလား"
ရှလီက သူ့ထံ ကမ်းပေးလိုက်ပြီး ပြောလိုက်၏။
"ဒါဆို နင် နည်းနည်း မြင့်မြင့်လေး ချည်ပေး"
မြင့်မြင့်လေး ချည်ထားလျှင်ပို၍ မြင်သာနိုင်ပေလိမ့်မည်။
ယန့်စစ်ရှီက ခေါင်းညိတ်ပြလိုက်သည်။
ရှလီက ဘေးကိုတစ်လှမ်းဖယ်ပေးလိုက်ပြီး ယန့်စစ်ရှီက အမြင့်ရှိ အစိမ်းရင့်ရောင် သစ်ကိုင်းတစ်ကိုင်းကို ဆွဲကိုင်ကာ အနီရောင်အဝတ်စလေးကို တစ်ပတ်ရစ်၍ အထုံးချည်လိုက်သည်ကို ကြည့်နေလိုက်သည်။
သူက နောက်သို့ဆုတ်လိုက်ပြီး သူမဘက်ကိုလှည့်ကာ မေးလာချေသည်။
"ရပြီလား"
လေတိုက်လာတော့ ထိုထင်ရှားသော အနီရောင်အဝတ်စလေးက အမြင့်တွင် တလွင့်လွင့် ဖြစ်နေပြီး လူတိုင်းထက် ပိုမြင့်နေကာ သူမ ခုန်၍လှမ်းလျှင်ပင် မမီနိုင်လောက်အောင် မြင့်မားနေ၏။
ဘုရားရှင် တွေ့နိုင်လောက်သည်အထိ အသေအချာကို မြင့်မားနေသည်။
ရှလီက ခေါင်းညိတ်ကာ ဖြေလိုက်သည်။
"ရပြီ"
ယန့်စစ်ရှီ၏ ဆန္ဒများ အားလုံး ပြည့်ဝပါစေ။
သူမက စိတ်ထဲတွင် ဒီဆုတောင်းစကားလေးကို ဖြည့်စွက်ပေးလိုက်လေတော့သည်။