အခန်း ၂၁
Vol. 3 Ch. 21
အခန်း (၂၁)
"ပြန်တွေးကြည့်ရင် ကျွန်မရဲ့ အထက်တန်းကျောင်းသားဘဝက သိပ်ကို ပျင်းစရာကောင်းလွန်းလှတယ်... Y ကောင်လေးကတော့ အဲဒီလို မှုန်မှိုင်းနေတဲ့ နှစ်ကာလတွေထဲမှာ ကျွန်မရဲ့ ရင်ခုန်သံ၊ မျှော်လင့်ချက်၊ ညဘက်တွေအိပ်မပျော်နိုင်တဲ့ ခံစားချက်တွေပါပဲ... သူက ကျွန်မရဲ့ အလင်းရောင်တွေ အကုန်လုံးပဲ"
—— ရှယ်ရီဝိုင် စမ်းသပ်ခန်း 《အိပ်မက်တွေကို ဖြတ်သန်းခဲ့တဲ့ ကိုးနှစ်တာ》
နောက်တစ်နေ့မနက်တွင် အခြောက်လှန်းထားသော ထီးကိုသိမ်းကာ တစ်ရွက်ချင်းစီ သေချာစွာ ဖြန့်ခင်းပြီး သပ်ရပ်အောင် ခေါက်သိမ်းလိုက်၏။
ရှလီက ဒီမနက် ကျောင်းပြင်ပတွင် မနက်စာကို တမင်တကာ သွားဝယ်စားခဲ့ပြီး မနက်ပိုင်းစာဖတ်ချိန်အပြီးတွင် လင်ချင်းရှောင်တို့နှင့်အတူ သွားမစားဖြစ်ခဲ့ချေ။ ကန်တင်းသို့သွားမည့် ပထမဆုံး ကျောင်းသားအုပ်စု အတန်းထဲမှ ထွက်သွားချိန်ကိုစောင့်ကာ သူမက ထီးကိုယူ၍ အောက်သို့ဆင်းလာခဲ့သည်။
အခန်း ၂၀ မှ ကျောင်းသားများပြောစကားအရ သူက နိုင်ငံခြားသားဆရာ၏ ရုံးခန်းကိုဇာတ်ညွှန်းသွားပို့သည်ဟု ဆိုသည်။
တစ်မနက်ခင်းလုံး သူ့ကိုတွေ့ရမည်ဟု မျှော်လင့်ထားသော စိတ်ကလေးမှာ လေပြည့်နေသော ပူဖောင်းတစ်လုံး ဖောင်း ကနဲ အပ်ပေါက်ခံလိုက်ရသလိုဖြစ်သွားရ၏။
ရှလီမှာ နည်းနည်း မကျေမချမ်းဖြစ်သွားပြီး ထီးကို အခြားသူများထံမှတစ်ဆင့် မပေးချင်သဖြင့် နောက်ထပ် အချိန်တစ်ခုရှာကာ ကိုယ်တိုင် သွားပေးရန် ဆုံးဖြတ်လိုက်သည်။
ခဏအကြာတွင် လင်ချင်းရှောင်က ကန်တင်းမှ ပြန်ရောက်လာပြီး လက်ထဲတွင် ပေါက်စီနှင့် ပဲနို့ကို ကိုင်ထားကာ သူမဘေးရှိ ခုံလွတ်တွင် ဝင်ထိုင်လိုက်ချေသည်။
လင်ချင်းရှောင်က ပဲနို့ခွက်ထဲကိုပိုက်ထည့်လိုက်ပြီး ပြောလာသည်။
"နောက်နှစ်ပတ်နေရင် နျဲ့ချူဟန် မွေးနေ့ရောက်တော့မယ် ငါ သူ့ကို ဘာလက်ဆောင်ပေးရမလဲဆိုတာ မြန်မြန် စဉ်းစားပေးပါဦး"
"သူက ရှောက်ယွီလုံမှ မဟုတ်တာ စာအုပ်လက်ဆောင်ပေးတာက အရမ်း အရေးမထားရာကျလွန်းတယ်"
လင်ချင်းရှောင်မှာ လန့်သွားပြီး နောက်ကိုကမန်းကတန်း လှည့်ကြည့်လိုက်ရာ ခုံလွတ်နေသည်ကို မြင်မှသာ ရှလီအား လက်လှမ်း၍ တစ်ချက် ရိုက်လိုက်၏။
ရှလီက ခဏမျှ စဉ်းစားပြီး သေချာ ပြန်ဖြေလိုက်သည်။
"ပိုက်ဆံအိတ် ဘောကန်ဖိနပ် ကျောပိုးအိတ် လက်ပတ် စာရေးကိရိယာထည့်တဲ့အိတ်..."
လင်ချင်းရှောင်က ပြောလာသည်။
"ကျောပိုးအိတ်ဆို အဆင်ပြေလောက်တယ်… စနေနေ့ကျရင် ငါနဲ့ ထျန်းရှင်းလမ်းကို လိုက်သွားပေးမလား"
"ရတယ်လေ"
"သူ့မွေးနေ့ကျရင် KTV သွားဆိုကြမလို့ နင်သွားမလား… ငါ ရွှီနင်ကို မေးကြည့်တော့ သူက အဲဒီနေ့ အလုပ်ရှိတယ်တဲ့"
"KTV သွားဆိုပြန်ပြီလား"
"ဆော့စရာမှ ဘာမှမရှိတာ…စိုစိနေတာကို ပန်းခြံထဲ သွားလျှောက်လည်လို့မှ မရတာ"
အုပ်စုလိုက်ကစားရသော ဂိမ်းများ မပေါ်ပေါက်သေးသည့် ထိုခေတ်အခါက အထက်တန်းကျောင်းသားများ၏ ပါတီပွဲများတွင် KTV သွားခြင်းမှလွဲ၍ တကယ်ကို ဆော့စရာ မရှိလှပေ။
ရှလီက မေးလိုက်သည်။
"ငါ လိုက်သွားပေးဖို့ လိုလို့လား လိုတယ်ဆိုရင်တော့ လိုက်ခဲ့မယ်လေ"
"လိုတာပေါ့ လိုတာပေါ့"
ထိုအချိန်တွင် တံခါးဝမှနေ၍ လင်ချင်းရှောင်ကို တစ်ယောက်ယောက်က လာရှာ၏။
လင်ချင်းရှောင်၏ အနုပညာအတန်းမှ သူငယ်ချင်းဖြစ်သူ အိုးယန်ကျင့် ဖြစ်သည်။
အိုးယန်ကျင့်က အထဲကိုခေါင်းပြူကြည့်ကာ လင်ချင်းရှောင်အား လက်ပြလိုက်ပြီး ပြောလာသည်။
"ရှောင်ရှောင် ခဏလောက်ထွက်ခဲ့ပါဦး နင့်ကို ပြောစရာလေးရှိလို့"
"နင်ပဲ ဝင်လာခဲ့လိုက်လေ"
"ရလို့လား"
"ရတယ် ရတယ် ဆရာမှ မရှိတာ"
အိုးယန်ကျင့်က အထဲကိုဝင်လာပြီး လင်ချင်းရှောင်၏ အရှေ့ရှိ ခုံလွတ်တွင် ဝင်ထိုင်ကာ ရှလီကိုလည်း နှုတ်ဆက်လိုက်ချေသည်။
သူငယ်ချင်း၏ သူငယ်ချင်းများ ဖြစ်ကြသဖြင့် ရှလီနှင့် အိုးယန်ကျင့်တို့က သိတော့သိကြသော်လည်း ရင်းရင်းနှီးနှီးတော့ မရှိချေ။
ရှလီက မုန့်စားရင်း အိုးယန်ကျင့်ကို မနေနိုင်ဘဲ အကဲခတ်ကြည့်နေမိသည်။
သူမက တကယ်ကို လှပပြီး ကြည့်လေလှလေဖြစ်ကာ စကားပြောရာတွင်လည်း ဖြည်းဖြည်းနှင့် မှန်မှန်ပြောတတ်သဖြင့် ရုပ်သံသတင်းကြေညာသူများကဲ့သို့ယဉ်ကျေးသိမ်မွေ့သော အငွေ့အသက်မျိုး ရှိလေရာ ကျောင်း၏ အလှဆုံးမိန်းကလေး စာရင်းတွင် နှစ်စဉ် ပါဝင်နေခြင်းတာ အံ့သြစရာ မဟုတ်ပေ။
လင်ချင်းရှောင်က မေးလိုက်သည်။
"ဘာကိစ္စရှိလို့လဲ"
"နျဲ့ချူဟန်ရဲ့ မွေးနေ့လေ..."
"ဘာလဲ နင် မသွားနိုင်တော့လို့လား"
"မဟုတ်ပါဘူး ငါမေးချင်တာက... နျဲ့ချူဟန်နဲ့ ယန့်စစ်ရှီက နည်းနည်း ရင်းနှီးတယ်မလား"
အိုးယန်ကျင့်က ရှလီကို တစ်ချက်ကြည့်လိုက်ပြီး တတိယလူ ရှိနေသဖြင့် စကားစရန် နည်းနည်း ခက်ခဲနေပုံရ၏။
လင်ချင်းရှောင်က ဖြေလိုက်သည်။
"သူတို့ အတူတူ ရူပဗေဒပြိုင်ပွဲ လေ့ကျင့်ရေးစခန်းကို တက်ခဲ့ကြတာဆိုတော့ ရင်းနှီးတယ်လို့ပဲ ပြောရမှာပေါ့"
"ဟိုတစ်ခေါက်က နျဲ့ချူဟန်က ယန့်စစ်ရှီကို အပြင်မှာ ထမင်းအတူစားဖို့ ခေါ်တော့ သူ သဘောတူလိုက်တယ်လို့ ကြားတယ်"
"နင့်သတင်းတွေက တကယ် မြန်တာပဲ"
အိုးယန်ကျင့်က အားနာဟန်ဖြင့် ပြုံးလိုက်ပြီး ပြောလာသည်။
"ရှောင်ရှောင် နင် နျဲ့ချူဟန်ကို အကူအညီတောင်းပြီးတော့ သူ့မွေးနေ့ကို ယန့်စစ်ရှီကိုပါ ဖိတ်ပေးလို့ရမလားလို့ မေးပေးပါလား"
ရှလီက မနေနိုင်ဘဲ အိုးယန်ကျင့်ကို တစ်ချက် ကြည့်လိုက်မိချေသည်။
အိုးယန်ကျင့်ကလည်း ယန့်စစ်ရှီကို သဘောကျနေမှန်း သူမ သိထားသော်လည်း ယခုလို မျက်မြင်ကိုယ်တွေ့ ကြုံရချိန်တွင်တော့ အခြားတစ်မျိုး ခံစားရ၏။
လင်ချင်းရှောင်က ပြန်ပြောသည်။
"ရတော့ ရပါတယ် ဒါပေမဲ့ ယန့်စစ်ရှီက သဘောတူမလားဆိုတာတော့ ပြောရခက်တယ်"
"ကိစ္စမရှိပါဘူး ငါ စိတ်ကိုပြင်ဆင်ထားပြီးသားပါ နင့်ကိုတကယ် အားကျတယ် အခန်း ၂၀ နဲ့ အတူတူ ပြဇာတ်ကရမှာကိုး"
"ဘာကို အားကျစရာရှိလို့လဲ ငါ ထောင်ရှီးယွဲ့နဲ့ ခဏခဏ စကားပြောရမှာကို အားကျတာလား"
အိုးယန်ကျင့်က ပြုံးလိုက်ပြီး မေး၏။
"ဒါနဲ့ ယန့်စစ်ရှီက ဘယ်ဇာတ်ကောင်နေရာက ကမှာလဲ ဇာတ်လိုက်နေရာကလား"
"သူက စိတ်လည်းမဝင်စားဘူး အချိန်လည်းမရှိဘူးလို့ ပြောတယ် ငါတော့ ကဖြစ်မယ်မထင်ဘူး"
"နင်တို့ ကမှာက ရှီးအန်း အရေးအခင်း မလား နှမြောစရာပဲ သူ စစ်ဝတ်စုံဝတ်ရင် သေချာပေါက် အရမ်းချောမှာ"
"နင်တော့ ကယ်လို့မရတော့ဘူး"
"ရှောင်ရှောင် နင်ကရော ဘာနေရာ သရုပ်ဆောင်မှာလဲ"
"ငါက သရုပ်ဆောင်ရမှာ ပျင်းလို့ အနုပညာခေါင်းဆောင်ကို မိတ်ကပ်နဲ့ ဆံပင်အပိုင်းလေး ကူလုပ်ပေးဖြစ်မယ်ထင်တယ်"
"ငါ့အကူအညီ လိုသေးလား ငါ နင်တို့ကို မိတ်ကပ် လာပြင်ပေးလို့ရတယ်နော်"
"နင့်ဘာသာ ဖျော်ဖြေရေးအစီအစဉ် မရှိဘူးလား"
"ငါက တစ်ကိုယ်တော်လေ အချိန်သိပ်မရှိဘူး"
"ဒါဆိုလည်း အဲဒီအချိန်ရောက်မှ အခြေအနေကြည့်ကြတာပေါ့"
အိုးယန်ကျင့်က စိတ်ကျေနပ်သွားပြီး မတ်တပ်ရပ်ကာ ပြောလိုက်သည်။
"ဒါဆို ငါ သွားတော့မယ် နျဲ့ချူဟန်နဲ့ ကိစ္စကို နင့်ကိုပဲ အကူအညီတောင်းတော့မယ်နော်"
လင်ချင်းရှောင်က ခေါင်းညိတ်ပြလိုက်ချေသည်။
ရှလီက တစ်ခါသုံးတူဖြင့် ခေါက်ဆွဲကို ကော်ယူနေပြီး အပူအငွေ့များက သူမ၏ ပါးပြင်ပေါ်ကိုရိုက်ခတ်နေ၏။
သို့သော် ရင်ထဲတွင်တော့ ရေခဲစိမ်ထားသော သံပရာရည်ကို မျိုချလိုက်ရသလိုနည်းနည်း ချဉ်သက်ပြီး အေးစက်သော ခံစားချက်မျိုး ဖြစ်ပေါ်နေခဲ့သည်။
ပထမအချိန် စာသင်ချိန်တွင် အပြင်ဘက်၌ မိုးပြန်ရွာလာပြီး တစ်မနက်လုံး မတိတ်ခဲ့ချေ။
ဒီနေ့အတွက် ကိုယ်လက်လှုပ်ရှားလေ့ကျင့်ခန်း အစီအစဉ်ကို ဖျက်သိမ်းလိုက်သဖြင့် ရှလီက ထီးကိုယူကာ အောက်ကိုနောက်တစ်ခေါက် ထပ်ဆင်းသွားခဲ့သည်။
အခန်း ၂၀ ၏ စာသင်ခန်းတံခါးဝတွင် ရပ်ကာ မှန်ပြတင်းပေါက်မှတစ်ဆင့် အထဲကိုကြည့်လိုက်ရာ အတွင်းကျဆုံး တန်း၏ အနောက်မှရေတွက်လျှင် တတိယမြောက်ခုံတွင် ယန့်စစ်ရှီက မှောက်အိပ်နေ၏။
ရှလီ နည်းနည်း တုံ့ဆိုင်းသွားသော်လည်း အနှောင့်အယှက်ဖြစ်မည်စိုးသဖြင့် သူ့ကို မနှိုးခိုင်းတော့ပေ။
မွန်းလွဲပိုင်း နောက်ဆုံးအချိန် ဆင်းသည့်တိုင်အောင် ရှလီက ရေဒီယိုစခန်းကိုအပြေးသွားရင်း ထီးကိုပါ တစ်ပါတည်း ယူသွားခဲ့ချေသည်။
လှေကားအကွေ့တွင် မျက်နှာချင်းဆိုင်မှ လာနေသော ကျောင်းသားအချို့ကို ရှောင်ဖယ်ရင်း အခန်း ၂၀ ၏ တံခါးဝကိုရောက်ချိန်၌ အထဲမှ ထွက်လာသူနှင့် ဝင်တိုက်မိမလို ဖြစ်သွားခဲ့သည်။
ရှလီက ခြေလှမ်းကို အမြန်ရပ်တန့်လိုက်ပြီး မျက်လုံးပင့်ကြည့်လိုက်တော့ ဝမ်ချန်းနှင့် ယန့်စစ်ရှီတို့ ဖြစ်နေ၏။
သူမမှာ အလွန်လန့်သွားသဖြင့် စကားပင် ကောင်းကောင်းမပြောနိုင်တော့ဘဲ ထီးကို တန်း၍ ကမ်းပေးလိုက်ကာ ပြောလိုက်သည်။
"ကျေး ကျေးဇူးပဲ"
ယန့်စစ်ရှီက တိုးညင်းစွာ မေးလာ၏။
"ထပ်သုံးဦးမလား"
မျက်နှာချင်းဆိုင် ရပ်နေချိန်တွင် သူက သူမထင်ထားသည်ထက် ပို၍ အရပ်ရှည်ကြောင်း သတိထားမိလိုက်ပြီး သူမမှာ ခေါင်းမော့၍ပင် သူ့ကို မကြည့်ရဲချေ။
"မသုံးတော့ဘူး ငါ ဒီနေ့ ထီးပါလာတယ်"
ထိုအခါမှ ယန့်စစ်ရှီက ထီးကို လှမ်းယူလိုက်သည်။
ဝမ်ချန်းက သူမကို စိုက်ကြည့်ကာ မေးလာ၏။
"ဩ ငါတို့ အရင်က ဆုံဖူးတယ်မလား"
ရှလီက ရယ်ရခက် ငိုရခက်ဖြင့် ထပ်မံ သတိပေးလိုက်သည်။
"ဟိုတစ်ခေါက်က ကျွီဖူစားသောက်ဆိုင်မှာ အတူတူ ထမင်းစားခဲ့ဖူးတယ်လေ"
ဝမ်ချန်းက အခုမှ မှတ်မိသွားသလိုပြန်ပြောသည်။
"အော် အော် အော် ငါ အရင်တစ်ခေါက်ကလည်း နင့်ကို ဒီလိုမေးခွန်းမျိုး မေးဖူးသလိုပဲနော်"
ရှလီမှာ ဘာပြောရမည်မသိ ဖြစ်သွားရသည်။
ကျေးဇူးတင်စရာကောင်းသည်မှာ ဝမ်ချန်းကြောင့် စိတ်လှုပ်ရှားလွန်း၍ ပြင်းထန်စွာ ခုန်နေသော သူမ၏ နှလုံးသားလေးမှာ နည်းနည်း သက်သာရာရသွားခဲ့ပြီး သူမက မေးလိုက်သည်။
"နင်တို့ ထမင်းသွားစားမလို့လား"
ယန့်စစ်ရှီက အင်း ဟု တစ်ချက် ညည်းလိုက်၏။
ရှလီက နောက်ကိုခြေနှစ်လှမ်းဆုတ်လိုက်ပြီး ဆက်၍ အနှောင့်အယှက်မပေးတော့ဘဲ နှုတ်ဆက်ကာ သူမဘာသာ ရေဒီယိုစခန်းဆီကိုထွက်လာခဲ့တော့သည်။
ဒီနေ့ တစ်ညနေလုံး သူမ၏ စိတ်အခြေအနေက အလွန်ကောင်းမွန်နေခဲ့ချေသည်။
အိပ်ငိုက်စရာအကောင်းဆုံးဖြစ်သော နိုင်ငံရေးညပိုင်းစာကြည့်ချိန်လေးပင်လျှင် ချစ်စရာကောင်းလာသလိုခံစားရ၏။
/
ပြဇာတ် သရုပ်ဆောင်တွေကို သတ်မှတ်ပြီး ဇာတ်ဝင်ခန်းများသော ဇာတ်ဆောင်အချို့က နေ့ရောညပါ ဇာတ်ညွှန်းတွေကို စတင်ကျက်မှတ်နေကြပြီ ဖြစ်သည်။
အတန်းချိန်များက ကျပ်တည်းသဖြင့် အတူတကွ လေ့ကျင့်ရန် အချိန်များများစားစား မရှိလှပေ။ ကျူးရွှမ်က ပထမဆုံးအကြိမ် အတူတကွ လေ့ကျင့်ချိန်တွင် အားလုံးကို ဇာတ်ညွှန်းမကြည့်ဘဲ သရုပ်ဆောင်နိုင်ရန် တောင်းဆိုထားပြီး အချိန်မဆွဲရန်လည်း မှာထား၏။ ထို့ကြောင့် ပထမဆုံးအကြိမ် အားလုံးစုံညီ လေ့ကျင့်မည့်အချိန်ကို နောက်နှစ်ပတ်အကြာတွင် သတ်မှတ်လိုက်ကြသည်။
ထိုအချိန်မတိုင်မီတွင် နျဲ့ချူဟန်၏ မွေးနေ့ရောက်လာခဲ့ချေသည်။
ပါတီလုပ်မည့် KTV မှာ ထျန်းရှင်းလမ်းပေါ်တွင် မဟုတ်ဘဲ ချူချန်ဝိဇ္ဇာနှင့်သိပ္ပံတက္ကသိုလ် ဘက်တွင် အသစ်ဖွင့်ထားသော ဆိုင်တစ်ဆိုင်ဖြစ်သည်။ ဆိုင်သစ်ဖွင့်ပွဲ အထူးအစီအစဉ်အဖြစ် မည်သည့်အချိန်တွင်မဆို အခြားဆိုင်များ၏ ထက်ဝက်ဈေးသာရှိသဖြင့် အလွန်တန်၏။
ရှလီနှင့် လင်ချင်းရှောင်တို့ တွေ့ပြီး အတူတူ ထွက်လာခဲ့ကြသည်။
_______