← Chapters

အခန်း ၁၄

Vol. 2 Ch. 14

အခန်း ၁၄

Vol. 2 Ch. 14

အခန်း (၁၄)

ယန့်စစ်ရှီ၊ ထောင်ရှီးယွဲ့နှင့် အသက်လတ်ပိုင်း အမျိုးသမီးတစ်ဦးတို့ ဖြစ်ပြီး ထိုအမျိုးသမီးက နူးညံ့သိမ်မွေ့သော အသွင်အပြင်ရှိကာ အသက်မည်မျှရှိကြောင်း ခန့်မှန်းရခက်ပြီး ထောင်ရှီးယွဲ့၏ မျက်နှာပေါက်နှင့် နည်းနည်း တူသည်။

ထိုအမျိုးသမီးကို ရှလီက ပထမနှစ် ဒုတိယနှစ်ဝက်တွင် အတန်းခွဲပြီးခါစ မိဘဆရာအသင်း အစည်းအဝေးတွင် တွေ့ဖူးပြီး ထောင်ရှီးယွဲ့၏ အမေဖြစ်ကာ ချောမောလှပသောကြောင့် သူ့ကိုတော်တော်များများက မှတ်မိကြသည်။

သူတို့ စကားပြောနေကြသည်။

ထောင်ရှီးယွဲ့၏ အမေက ပြုံး၍ ပြောလိုက်သည်။

"အန်တီ ပြီးခဲ့တဲ့အပတ်ကမှ နိုင်ငံခြား သင်တန်းကနေ ပြန်ရောက်တာ... အလုပ်တွေ အများကြီးနဲ့ အလုပ်ရှုပ်နေတာကြောင့်သာ မဟုတ်ရင် မင်းရဲ့ အဘိုးနဲ့ အဘွားကို ညစာစားဖို့ ဖိတ်တာ ကြာလှပြီ... ရှောင်ယန့်... ဆရာမတိုက် ကျန်းမာရေး ကောင်းရဲ့လား"

"ကောင်းပါတယ်... အန်တီ စိတ်ပူပေးတဲ့အတွက် ကျေးဇူးပါ"

ယန့်စစ်ရှီ၏ စကားပြောပုံက ရှလီ သူ့ကို ပထမဆုံးအကြိမ် တွေ့ဖူးစဉ်က လိုဝေ့ကော်ကို တုံ့ပြန်ခဲ့သည့်ပုံစံနှင့် လုံးဝတူညီနေပြီး မည်သည့်အမှားအယွင်းမှ ရှာမတွေ့နိုင်သော ယဉ်ကျေးမှုမျိုး ဖြစ်သည်။

"ထောင်ရှီးယွဲ့ကတောင် ပြောသေးတယ်... ပြီးခဲ့တဲ့တစ်ခေါက်က သူနဲ့ သူ့အဖေ မင်းတို့နဲ့ အတူတူ ညစာစားတုန်းက ဆရာမတိုက်က အရမ်းကို တက်ကြွနေပြီး အသက်ငါးဆယ်လောက်ပဲ ထင်ရတယ်တဲ့... အဘွားအရွယ်လို့ ဘယ်လိုလုပ် ထင်ရမှာလဲ"

ဒီစကားကို ယန့်စစ်ရှီက ဘာမှပြန်မပြောပေ။

"အန်တီလည်း ဆရာမတိုက်နဲ့ မတွေ့ရတာ ခြောက်လလောက် ရှိပြီ... လာမယ့် စနေနေ့ ညစာစားဖို့ ရှောင်ယန့်လည်း လာမလား... ထောင်ရှီးယွဲ့ကိုလည်း ခေါ်ခဲ့မယ်... မင်းတို့က အတန်းဖော်တွေဆိုတော့ အတူတူ စကားပြောရင် ပျင်းမှာမဟုတ်ဘူး"

ယန့်စစ်ရှီ၏ လေသံက အလွန် တည်ငြိမ်နေသည်။

"ကျွန်တော် အဘိုးနဲ့ အဘွား စီစဉ်သလို လုပ်ပါမယ်"

ထောင်ရှီးယွဲ့၏ အမေ အမေက ပြုံးလိုက်သည်။

"ဒါဆိုရင် ဒီလိုပဲ သဘောတူလိုက်ကြတာပေါ့"

ရှလီက ထိုအချိန်က လူတွေပြောသည်ကို သတိရသွားပြီး ထောင်ရှီးယွဲ့၏ အမေက ခွဲစိတ်ဆရာဝန်ဖြစ်ကာ ယန့်စစ်ရှီ၏ အဘွားကလည်း အငြိမ်းစားမယူမီက ထိုဌာနတွင်ပင် လုပ်ကိုင်ခဲ့ခြင်းဖြစ်သည်။ ထောင်ရှီးယွဲ့ အမေခေါ်သည့် ဆရာမတိုက် ဆိုသည်မှာ ယန့်စစ်ရှီ၏ အဘွားကို ရည်ညွှန်းခြင်း ဖြစ်လောက်မည်။

ထိုအချိန်တွင် ထောင်ရှီးယွဲ့က ဝင်ပြောလိုက်သည်။

"မေမေ ညစာစားဖို့ ဘယ်မှာ ကြိုမှာထားတာလဲ"

"နိုင်ငံတကာဟိုတယ်မှာလေ"

"အဲ့ဒီက အစားအစာတွေက အရမ်းရိုးအီနေပြီ... ယန့်စစ်ရှီက သေချာပေါက် စားလို့မရလောက်ဘူး... မေမေ ကျင်းကန်ချန်မှာပဲ မှာလိုက်ပါ... အဲ့ဒါက ဒီခြောက်လအတွင်းမှ အသစ်ဖွင့်ထားတာ... သမီးနဲ့ ဖေဖေ သွားစားဖူးတယ်... အစားအစာတွေက အရမ်းဆန်းသစ်ပြီး ပင်လယ်စာတွေကလည်း လေယာဉ်နဲ့ တိုက်ရိုက် ပို့ပေးတာ"

ထောင်ရှီးယွဲ့၏ အမေ အမေက ထောင်ရှီးယွဲ့၏ ပခုံးကို ဖက်ကာ ပြုံး၍ ပြောလိုက်သည်

"ဒါဆိုလည်း ကောင်းပါပြီ... သမီးသဘောပဲလေ... မင်းတို့ လူငယ်တွေကပဲ ခေတ်နဲ့အညီ ဘယ်လိုပျော်ရမလဲဆိုတာ သိတာကိုး"

ယန့်စစ်ရှီက တစ်ချိန်လုံး စကားဝင်မပြောပေ။

ထောင်ရှီးယွဲ့၏ အမေက ယန့်စစ်ရှီကို ထပ်ကြည့်လိုက်သည်။

"ဒါနဲ့ ရှောင်ယန့်... အန်တီ ကြားတာတော့ မင်းအမေလည်း ချူချန်ကို ပြန်ရောက်နေတယ်ဆို"

ယန့်စစ်ရှီက နည်းနည်း တုံ့ဆိုင်းသွားပြီး ခေါင်းညိတ်ပြသည်ကို ရှလီ တွေ့လိုက်ရ၏။

"ပြီးခဲ့တဲ့တစ်ခေါက် ထောင်ရှီးယွဲ့ရဲ့ ဖေဖေ မင်းတို့နဲ့ ညစာစားတုန်းကတော့ သူ့ကို မတွေ့ခဲ့ဘူးမလား"

"အင်း"

"အန်တီ သူ့ကို နောက်ဆုံးတွေ့ခဲ့တာ မင်း အလယ်တန်းကျောင်း နွေရာသီကျောင်းပိတ်ရက်တုန်းက သူ မင်းကို ဆွေမျိုးတွေဆီ အလည်ခေါ်လာတုန်းကပဲ... ဒီတစ်ခေါက် ညစာစားပွဲကို သူပါ လာနိုင်ရင် ကောင်းမှာပဲ... အတိတ်က အကြောင်းတွေလည်း ပြောလို့ရတာပေါ့... မင်း မသိလောက်ဘူး... အန်တီနဲ့ မင်းအမေက မူလတန်းကျောင်းက အတန်းဖော်တွေလေ"

"စိတ်မကောင်းပါဘူးအန်တီ... သူ ကျန်းမာရေး သိပ်မကောင်းလို့ ဆရာဝန်က အနားယူဖို့ အကြံပေးထားတယ်"

ရှားရှားပါးပါး ယန့်စစ်ရှီ၏ လေသံထဲတွင် လျှို့ဝှက်ထားချင်သော အရိပ်အယောင်အချို့ကို ရှလီ ကြားလိုက်ရပြီး သူက ဒီအကြောင်းအရာကို သိပ်မဆွေးနွေးချင်ပုံရသည်။

ထောင်ရှီးယွဲ့၏ အမေက တစ်ခုခု ထပ်ပြောချင်နေသေးသော်လည်း ထိုအချိန်တွင် ဖုန်းမြည်လာ၏။

သူမက ဖုန်းကိုင်ကာ အခုလာပြီ ဟု ပြောလိုက်ပြီး ယန့်စစ်ရှီကို ပြောလိုက်သည်။

"ထောင်ရှီးယွဲ့ရဲ့ ဖေဖေ လာနေပြီ... အန်တီ သူ့ကို အရင်ခေါ်သွားလိုက်ဦးမယ်... နောက်တစ်ခါ ညစာစားပွဲကျမှ တွေ့ကြတာပေါ့"

ယန့်စစ်ရှီက ခေါင်းတစ်ချက် ညိတ်ပြလိုက်သည်။

ထောင်ရှီးယွဲ့နှင့် သူမ၏ အမေတို့ ထွက်သွားကြချေပြီ။

ယန့်စစ်ရှီက ထွက်ပေါက်တွင် ခဏရပ်နေပြီး စာသင်ခန်းကိုမပြန်ဘဲ ထွက်ပေါက်မှ ထွက်ကာ ညာဘက်ကိုကွေ့သွားသည်။

ထိုဘက်တွင် ကန်တင်း၊ စာသင်တိုက်ဟောင်းနှင့် တတိယနှစ် ကျောင်းသားများ ရှိသောနေရာဖြစ်သည်။

ရှလီက စက္ကန့်ဝက်ခန့် တုံ့ဆိုင်းနေပြီး သူ၏ နောက်ကိုလိုက်သွားခဲ့သည်။

သူမက ခိုးနားထောင်ပြီးပြီတောင်ဖြစ်ရာ ထို့ထက်ပိုမပိုကို လုံးဝ ဂရုမစိုက်တော့ပေ။

နောက်ဆုံးတွင် ထောင်ရှီးယွဲ့၏ အမေက ယန့်စစ်ရှီ၏ အမေအကြောင်း ပြောလိုက်သော စကားအချို့က ယန့်စစ်ရှီကို အလွန် မပျော်မရွှင် ဖြစ်စေခဲ့သည်ဟု သူမ ဝေဝါးစွာ ခံစားမိသည်။

ရှလီက မှောင်ရိပ်ထဲတွင် လမ်းလျှောက်နေပြီး ယန့်စစ်ရှီနှင့် အဝေးကြီးမဟုတ်သလို အနီးကြီးလည်း မဟုတ်သော အကွာအဝေးတစ်ခုတွင် ရှိနေခဲ့သည်။

သူ၏ ခြေလှမ်းများက အလွန်မြန်ဆန်ပြီး လေပြင်းတစ်ချက် တိုက်ခတ်သွားသလိုလမ်းတစ်လျှောက်ရှိ မှိန်ဖျော့ဖျော့ လမ်းမီးတိုင်အချို့က သူ၏ အရိပ်ကို ရှည်ထွက်သွားစေလိုက် တိုသွားစေလိုက် ဖြစ်နေသည်။

ထိုအရိပ်က ကန်တင်းကို ဖြတ်သွားပြီး တဖြည်းဖြည်း နှေးသွားကာ စာသင်တိုက်ဟောင်းကိုရောက်တော့ ရပ်တန့်သွားပြီး ညာဘက်ကိုကွေ့သွား၏။

ကျောက်ခဲလှေကားထစ်များက အပေါ်ကိုဆန့်တန်းနေပြီး အမြင့်တွင် မင်ကျန်း အလယ်တန်းကျောင်း၏ ပထမဆုံး ကျောင်းအုပ်ကြီး၏ ရုပ်တု ရှိနေသည်။

ယန့်စစ်ရှီက ကျောက်ခဲလှေကားထစ်တွေကို တစ်ထစ်ချင်း တက်သွားပြီး ထိုင်ချလိုက်သည်။

အမှောင်ထဲတွင် ထိုအရိပ်က ဘောင်းဘီရှည်၏ အိတ်ကပ်ကို စမ်းလိုက်သလို ဖြစ်ပြီး မလှုပ်ရှားတော့ပေ။

သူ သေချာပေါက် စိတ်အခြေအနေ မကောင်းဖြစ်နေမည်။

ရှလီက စာသင်တိုက် နံရံ၏ အရိပ်ထဲတွင် ပုန်းနေပြီး အဝေးမှ လှမ်းကြည့်နေခဲ့သည်။

သူမမှာ သူ့ အရိပ်ကို အလွန် အားကျမိသည်... အနည်းဆုံးတော့ အရိပ်က သူ့ဘေးမှာ ရှိနေပေးသည်မဟုတ်လား။

ယန့်စစ်ရှီက ထိုနေရာတွင် အချိန်အတော်ကြာ ထိုင်နေပြီး ထွက်သွားမည့် အရိပ်အယောင် မရှိပေ။

အဝေးမှ ကွင်းပြင်တွင် ရုပ်ရှင်ပြနေသည့် အသံများ ဝေဝါးဝါး ကြားနေရသော်လည်း ဒီနေရာကို ပို၍ တိတ်ဆိတ်သွားစေသလို ထင်ရသည်။

ရှလီ၏ အသားအရေများပင် လေတိုက်ခံရ၍ အေးစက်လာချေပြီ။

ထိုအချိန်တွင် သူမက ဘာမှမလုပ်ဘဲ နေမည်ဆိုလျှင်နောင်တစ်ချိန် ပြန်စဉ်းစားမိသည့်အခါ သေချာပေါက် နောင်တရနေမည်ဟု ဆုံးဖြတ်ချက်ချလိုက်သည်။

ခဏတာ စဉ်းစားပြီး ရှလီက အိတ်ကပ်ထဲမှ ဖုန်းကို ထုတ်ကာ ကျန်းဟုန်ကို ဖုန်းခေါ်လိုက်သည်။

"ဘာဖြစ်လို့လဲ ရှလီ... ညနေ စာကြည့်ချိန် မတက်ဘူးလား"

"ဒီနေ့ အားကစားပွဲတော်ဆိုတော့ ညဘက် ရုပ်ရှင်ကြည့်ရတယ်"

စကားပြောနေရင်း ရှလီက နံရံထောင့်မှ ထွက်လာပြီး ခေါင်းငုံ့ကာ ရှေ့ရှိ ကျောက်ခဲလှေကားထစ်များဆီကိုလျှောက်သွားလိုက်သည်။

"အို... ဘယ်လိုနေလဲ... သမီး ဘာပြိုင်ပွဲတွေ ဝင်ပြိုင်လဲ"

ဟု ကျန်းဟုန်က မေးလာ၏။

"သမီး မပြိုင်ပါဘူး... ကူညီပေးနေတာ"

"အို..."

ရှလီက ခေါင်းငုံ့ကာ ဖြည်းဖြည်းချင်း လျှောက်သွားပြီး ပုံမှန် ကျန်းဟုန်နှင့် ဖုန်းပြောနေကျအတိုင်း တစ်ချိန်လုံး ခေါင်းမမော့ခဲ့ပေ။

သူမက အဲ့ဒီလောက် အစစ်အမှန်ဖြစ်အောင် သရုပ်မဆောင်နိုင်ဘဲ ယခုအချိန်တွင် ကျောက်ခဲလှေကားထစ်ပေါ်တွင် လူတစ်ယောက် ရှိနေသည်ကို သတိမထားမိဟန်ဆောင်ရန် သူမ သရုပ်ဆောင်စွမ်းရည်အားလုံးကို အသုံးပြုလိုက်ရသည်။

သူတို့ သားအမိနှစ်ယောက် စကားပြောရာတွင် အမြဲတမ်း ဤကဲ့သို့ပင် ပြောစရာအကြောင်းသိပ်မရှိလှပေ။

ဘာဆက်ပြောရမှန်း မသိသည့်အလား ကျန်းဟုန်က ဟိုဘက်မှ မေးလိုက်သည်။

"ပိုက်ဆံ လိုသေးလား"

"မလိုတော့ဘူး... လောက်တယ်"

"ရာသီဥတု အေးလာပြီ... ကိုယ့်ကိုယ်ကိုယ် ဂရုစိုက်နော်... အနွေးထည် ပိုဝတ်"

"အင်း"

ထိုအချိန်တွင် ရှေ့၌ လူတစ်ယောက် ရှိနေသည်ကို သတိပြုမိသွားသလိုရှလီက ရုတ်တရက် ခေါင်းမော့လိုက်ပြီး နည်းနည်း ကြောင်အမ်းသွားကာ ဖုန်းထဲကိုပြောလိုက်သည်။

"မေမေနဲ့ ဖေဖေလည်း ကျန်းမာရေး ဂရုစိုက်ကြနော်... သမီး ဖုန်းချလိုက်တော့မယ်... ညဘက် အဆောင်ပြန်ရောက်မှ ထပ်ခေါ်လိုက်မယ်"

"သမီးလည်း အလုပ်နဲ့ အနားယူတာကို မျှတအောင် လုပ်နော်"

"အင်း"

ရှလီက ဖုန်းချလိုက်ပြီး ထိုအချိန်တွင် ခေါင်းမော့လာသော ယန့်စစ်ရှီကို ကြည့်ကာ ပြောလိုက်သည်။

"တောင်းပန်ပါတယ်... ဒီမှာ လူရှိနေတာ သတိမထားမိလိုက်ဘူး... နင့်ကို အနှောင့်အယှက် ပေးမိသွားလား"

ယန့်စစ်ရှီက သူမကို အလွန် အေးစက်စိမ်းကားစွာ ကြည့်လိုက်ပြီး

"မပေးပါဘူး"

ရှလီက သူမ၏ သရုပ်ဆောင်မှုက အလွန် ညံ့ဖျင်းလွန်းသဖြင့် သူမက ရူးသွပ်နေသော နောက်ယောင်ခံလိုက်သူ တစ်ယောက်ဖြစ်ကြောင်း သူ သိသွားပြီလားဟု ရုတ်တရက် ထိတ်လန့်သွားရသည်။

သူမက အများကြီး မစဉ်းစားနိုင်တော့ဘဲ အတင်း ပြောလိုက်သည်။

"အာ... ဟုတ်သားပဲ... နင့်ရဲ့ အင်္ကျီ"

သူမက ကျောပိုးအိတ်ကို ချွတ်ကာ လျှော်ဖွပ်လှန်းထားပြီး သပ်ရပ်စွာ ခေါက်ထားသော အားကစားအင်္ကျီကို ထုတ်ယူလိုက်သည်။

သူမက အနားသွားကာ လှမ်းပေးလိုက်ပြီးပြီးမှ နည်းနည်း တုံ့ဆိုင်းသွားသည်။

လူငယ်လေးက လက်နှစ်ဖက်ကို ဒူးပေါ် တင်ထားပြီး လက်ထဲတွင် ကိုင်ထားသည်မှာ အမှန်တကယ်ပင် စီးကရက်တစ်ဘူး ဖြစ်နေသည်။

"နင့်အင်္ကျီအတွက် ကျေးဇူးပဲ"

ယန့်စစ်ရှီက လှမ်းယူလိုက်ပြီး

"ရပါတယ်"

"ပြီးတော့ ဒါတွေ..." ရှလီက သူမ၏ ကျောပိုးအိတ် ဘေးအိတ်ကပ်ထဲမှ နားကြပ်နှင့် မီးခြစ်ကို ထုတ်ယူကာ ရှင်းပြလိုက်သည်။

"အင်္ကျီကို ငါလျှော်လိုက်တယ်... မလျှော်ခင် ထုတ်ထားတာ..."

ယန့်စစ်ရှီက လက်လှမ်းကာ သူမ၏ လက်ဖဝါးထဲမှ နားကြပ်နှင့် မီးခြစ်ကို ယူလိုက်၏။

သူ၏ လက်ချောင်းများက ထိုငွေရောင် မီးခြစ်ထက်ပင် ပို၍ အေးစက်နေပြီး သူမ၏ လက်ဖဝါးကို ထိမိသွားသော ထိုခဏတွင် သူမက ဖွဖွလေး အဆိတ်ခံလိုက်ရသလို ခံစားလိုက်ရသည်။

"ကျေးဇူးပဲ" ယန့်စစ်ရှီက ပြောလိုက်သည်။

ရှလီက ရုတ်တရက် အသံမထွက်နိုင်တော့ဘဲ လက်ကို အောက်ချလိုက်ကာ သူမက ထိုအထိအတွေ့လေးကို ဖျောက်ဖျက်ပစ်ချင်လို့လား ဒါမှမဟုတ် ထာဝရပင် သိမ်းဆည်းထားချင်လို့လား မသိဘဲ လက်ချောင်းတွေကို တိတ်တဆိတ် ဆုပ်ကိုင်လိုက်မိသည်။

ယန့်စစ်ရှီက နားကြပ်ကို ကျောင်းဝတ်စုံအင်္ကျီ အိတ်ကပ်ထဲကိုကျပန်း ထည့်လိုက်ပြီး မီးခြစ်ကို လက်ထဲတွင် ကိုင်ကာ စီးကရက်ဘူးထဲမှ တစ်လိပ် ထုတ်ယူပြီး ခေါင်းငုံ့ကာ ကိုက်ထားလိုက်သည်။

ချလပ် ဟူသော အသံနှင့်အတူ မီးခြစ်မှ မီးတောက်ငယ်လေး ပွင့်ထွက်လာသည်။

သူက လက်ဖဝါးဖြင့် မီးကို ကာလိုက်ပြီး ထိုခဏတွင် နွေးထွေးသော မီးရောင်က သူ၏ အေးစက်ဖြူဖျော့သော မျက်နှာပေါ်ကိုကျရောက်သွားကာ မျက်လွှာချလိုက်ချိန်တွင် ညအမှောင်ကို ဖြတ်တောက်လိုက်သကဲ့သို့ပါးလွှာရှည်လျားသော မျက်တောင်များက ထင်ရှားသော အရိပ်ကို ဖြစ်ပေါ်စေချေသည်။

ရှလီအဖေ၏ သူငယ်ချင်းများက ကြမ်းတမ်းသော လူများဖြစ်ကြပြီး ဆေးလိပ်အလွန်သောက်သော လူကြီးတွေကို သူမ အများကြီး တွေ့ဖူးသည်။

ထို့ကြောင့် ယန့်စစ်ရှီ၏ မီးညှိနေပုံနှင့် ဆေးလိပ်သောက်ပုံ များက အလွန် စိမ်းသက်နေသေးပြီး မကြာသေးမီကမှ သင်ယူထားကာ လူသစ်တစ်ယောက်ဖြစ်ကြောင်း သူမ ချက်ချင်း သိလိုက်သည်။

ထို့ကြောင့် သူက အမှန်တကယ်ကို ထူးချွန်ကျောင်းသားတစ်ယောက် ဖြစ်သည်။

မကောင်းမှု လုပ်‌ေနသည့်တိုင် အပိုစကားများဖြင့် ဖော်ပြရလျှင် ကျဆင်းပျက်စီးနေသော ကြေကွဲဖွယ် အလှတရားမျိုး ရှိနေသည်။

ယန့်စစ်ရှီက ရှည်လျားသော လက်ချောင်းများဖြင့် စီးကရက်ကို ညှပ်ထားကာ မျက်လုံးမော့ပြီး သူမကို အေးစက်စွာ တစ်ချက်ကြည့်လိုက်သည်။

"ဆရာမကို ပြန်ပြောမှာလား"

သူက ဒီတိုင်း သာမန်ကာလျှံကာ မေးလိုက်သလိုပင်။

သူမ ပြောပြသည်ဖြစ်စေ မပြောပြသည်ဖြစ်စေ သူ ဂရုမစိုက်ပေ... ဤကဲ့သို့သော ကျောင်းသားကောင်းတစ်ယောက်၊ ကျောင်း၏ ရွှေတွင်းကြီးကို ဆရာမများ သိသွားလျှင်လည်း သူ့ကို ဘာလုပ်နိုင်မည်နည်း။

တစ်ညလုံး လေအေးကို သောက်လိုက်ရသလိုသူမ၏ လည်ချောင်းက မသိမသာ ဆို့နင့်သွား၏။

မပြောပြပါဘူး... သူမပါ ကြံရာပါ ဖြစ်သွားလိမ့်မည်။

"ဒီနေရာမှာ ပုံမှန်ဆို ချစ်သူတွေ ခဏခဏ လာချိန်းတွေ့တတ်တယ်... ဆရာမတွေလည်း တစ်ခါတလေ လာစစ်တတ်တယ်... ငါ နေရာတစ်ခု သိတယ်..."

သူမက အသံထွက်ပြောလိုက်ပြီး သူမ၏ အသံကို သူမပင် မကြားရသလို ဖြစ်သွားသည်။

"နာရီစင်ရဲ့ စတုတ္ထထပ်မှာ စားပွဲနဲ့ ကုလားထိုင်တွေ ပုံထားတဲ့ စာသင်ခန်းအလွတ်တစ်ခု ရှိတယ်... အဲ့ဒီကို ဘယ်သူမှ သိပ်မသွားဘူး... တိတ်ဆိတ်ဖို့ လိုအပ်တဲ့အချိန်မှာ တစ်ယောက်တည်း နေဖို့ သင့်တော်တယ်"

သူမက အသံလွှင့်ရုံ၏ ခေါင်းဆောင်အဖြစ် နာရီစင်ကိုမကြာခဏ ဝင်ထွက်လေ့ရှိသည်။

အဲ့ဒါက သူမ မတော်တဆ ရှာတွေ့ခဲ့တဲ့ လျှို့ဝှက်စခန်းတစ်ခုဖြစ်သည်။

သူ လိုအပ်မည်ဆိုလျှင် သူမက ဝေမျှပေးရန် ဆန္ဒရှိသည်။

ယန့်စစ်ရှီက သူမကို ကြည့်လိုက်ရာ မျက်နှာပေါ်တွင် နည်းနည်း အံ့သြသွားသည့် အရိပ်အယောင် ပေါ်လာပြီး ခဏအကြာမှ ပြောလိုက်သည်။

"ကျေးဇူးပဲ"

ရှလီက ခဏတာ တိတ်ဆိတ်သွားပြီး ဘာဆက်ပြောရမှန်း မသိတော့ပေ။

"ကွင်းထဲမှာ ရုပ်ရှင်ပြနေတယ်... နင် သွားမကြည့်ဘူးလား"

"မသွားတော့ဘူး"

"ဒါဆို ငါ ကွင်းထ‌‌ဲကို အရင်ပြန်တော့မယ်"

ယန့်စစ်ရှီက ခေါင်းတစ်ချက် ညိတ်ပြလိုက်သည်။

ရှလီက ဆက်၍ အနှောင့်အယှက် မပေးတော့ဘဲ လှည့်ထွက်လာခဲ့ချေသည်။

ကွေ့တော့မည့်အချိန်တွင် သူမက နောက်ကိုတစ်ချက်လှည့်ကြည့်လိုက်ရာ အမှောင်ထဲတွင် လွင့်မျောနေသလိုဖြစ်နေသော အနီရောင် မီးပွင့်လေး တစ်ခုကိုသာ မြင်လိုက်ရတော့သည်။

အတန်းထဲကိုပြန်ရောက်တော့ လင်ချင်းရှောင်လည်း ပြန်ရောက်နေပြီဖြစ်သည်။

"နင် ဘယ်သွားတာလဲ... ခုနက လောင်ကျွမ်း လာစစ်သေးတယ်... ငါက နင် အိမ်သာသွားတယ်လို့ ပြောလိုက်တယ်" ဟု လင်ချင်းရှောင်က အနားကပ်ကာ တိုးတိုးလေး မေးလိုက်သည်။

"ဒီတိုင်း လျှောက်သွားနေတာပါ"

"ငါ ခုနက သေမလောက် လန့်သွားတာကို နင့်ကို ပြောပြရဦးမယ်" လင်ချင်းရှောင်က တိုးတိုးလေး ညည်းတွားလိုက်သည်။

"ကျောင်းအုပ်ကြီးက ခုနက စည်းကမ်းထိန်းသိမ်းရေးအဖွဲ့က လူနည်းနည်းကို ခေါ်ပြီး ကျောင်းတစ်ကျောင်းလုံး လှည့်စစ်နေတာ... ငါ အဖမ်းခံရမလို့ပဲ"

ရှလီက ရှေ့ရှိ ကျောင်းသား၏ ကုလားထိုင်နောက်မှီတွင် လက်မောင်းကို တင်ကာ နဖူးကို လက်မောင်းပေါ် အပ်ထားလိုက်၏။

လင်ချင်းရှောင်က အသံတိတ်သွားပြီး စိုးရိမ်တကြီးဖြင့် အနားကပ်လာသည်။

"ဘာဖြစ်လို့လဲ"

"ဘာမှမဖြစ်ပါဘူး... အစာအိမ် နည်းနည်းအောင့်လို့... ဆာလို့ဖြစ်မယ်" ဟု သူမက တိုးတိုးလေး ပြောလိုက်သည်။

ခုနက ကိစ္စက သူမ၏ သတ္တိနှင့် ခွန်အားအားလုံးကို ညှစ်ထုတ်ပစ်လိုက်သလို ဖြစ်သွားခဲ့ချေသည်။

________

All Chapters