← Chapters

အခန်း ၅၈

Vol. 6 Ch. 58

အခန်း ၅၈

Vol. 6 Ch. 58

အခန်း (၅၈)

တံခါးကို တွန်းဖွင့်လိုက်သည်နှင့် အိမ်ထဲမှ နွေးထွေးသောလေများက မျက်နှာပေါ်ကိုလာရိုက်ခတ်ပြီး မီးမလိုသော အမွှေးဆီမှ ထွက်လာသည့် လိမ္မော်သီးရနံ့ချိုချိုလေးနှင့် ရောနှောနေ၏။

ရှလီက ဘွတ်ဖိနပ်တိုလေးကို ချွတ်ကာ အိမ်စီးဖိနပ် လဲစီးလိုက်သည်။ ကုတ်အင်္ကျီကို ချွတ်ပြီး တံခါးဝရှိ အင်္ကျီချိတ်စင်တွင် ချိတ်ထားလိုက်ပြီး တစ်ဝက်တစ်ပျက် ဖွင့်ထားသော ရွှီနင်၏ အခန်းတံခါးဘက်ကိုလှမ်းခေါ်လိုက်ချေသည်။

အထဲမှ သီချင်းသံ ရပ်တန့်သွားပြီး ရွှီနင်က ဖိနပ်ကို ဆွဲတိုက်ကာ ထွက်လာပြီး ထမင်းဘူးကို လှမ်းယူလိုက်သည်။

ရှလီက သူမ၏အခန်းထဲ ပြန်ဝင်သွားပြီး အိမ်နေရင်းအင်္ကျီ လဲဝတ်ကာ ထွက်လာ၏။ မီးဖိုချောင်လေးထဲရှိ ရေခဲသေတ္တာထဲမှ ပန်းသီးတစ်လုံးကို ယူကာ ရေဆေးပြီး အစိတ်လေးများ လှီးဖြတ်ကာ ပန်းကန်ထဲထည့်၍ ယူလာခဲ့သည်။

ရှလီက ရွှီနင်၏ မျက်နှာချင်းဆိုင်တွင် ဝင်ထိုင်လိုက်ပြီး ကိုယ်တိုင်လည်း ပန်းသီးတစ်စိတ် ယူလိုက်ကာ ပန်းကန်ကို ထမင်းစားပွဲ အလယ်ကိုတွန်းပို့ပေးလိုက်သည်။

"ငါတို့ နည်းပညာပန်းခြံရှေ့က ကုန်စုံဆိုင်ထဲမှာတွေ့တာ သူ့ကားနဲ့ပဲ ပြန်လာခဲ့တာ"

"နင်က ဒီလောက်လေးပဲ တုံ့ပြန်လိုက်တာလား"

"အို..." ရှလီက ရယ်မောလိုက်၏။ "ငါက ပိုပြီး စိတ်လှုပ်ရှားပြသင့်တာပေါ့နော်"

သူမက အမြဲတမ်း ပြင်ပအမူအရာထက် စိတ်ထဲတွင် ခံစားချက်ပိုများလေ့ရှိသူ ဖြစ်ပုံရသည်။

ယန့်စစ်ရှီနှင့် ပြန်လည်မဆုံတွေ့မီကတည်းက တက်လိုက်ကျလိုက်ဖြစ်နေသော စိတ်ခံစားမှုခရီးစဉ်ကို သူမက တစ်ခေါက် ဖြတ်သန်းခဲ့ပြီးပြီ ဖြစ်သည်။

တကယ်တမ်း ထိုအချိန်သို့ရောက်လာတော့ လက်တွေ့မဆန်ဘူးဟုသာ ခပ်ရေးရေး ခံစားရပြီး အော်ဟစ်ဆူညံရလောက်အောင် စိတ်လှုပ်ရှားမနေခဲ့ချေ။

ရွှီနင်က မေးသည်။

"သူ နိုင်ငံကို ပြန်လာပြီပေါ့"

"အင်း ငါနဲ့ ပန်းခြံတစ်ခုတည်းမှာ အလုပ်လုပ်တာ ဉာဏ်ရည်တု algorithm အပိုင်းကို လုပ်တာထင်တယ်"

"သူ အခု ဘယ်လိုနေလဲ"

"အရင်တိုင်းပဲ နေမှာပေါ့ အရင်ကထက်တောင် ပေါင်းသင်းဆက်ဆံရ ပိုခက်လာသလိုပဲ"

"ဒါနဲ့ သူ့မှာ ရည်းစားရှိနေပြီလား"

"ဒါတော့ မမေးခဲ့မိဘူးလေ ဘယ်သူက တွေ့တွေ့ချင်း အဲဒါကြီး သွားမေးမှာလဲ"

"သိပ်မသိချင်ဘူးလား" ရွှီနင်က ပြုံးစိစိဖြင့် သူမကို ကြည့်လာ၏။

"ဆရာမရွှီ အရင်တုန်းက ဒီလောက် အတင်းအဖျင်း မပြောတတ်ပါဘူး"

"ငါက နင့်ရဲ့ ကောင်မလေးတစ်ယောက်ရဲ့ ရင်တွင်းဖြစ်တွေကို ဖတ်ထားရတော့ အခု မသိမသာကို ပါဝင်ပတ်သက်ချင်စိတ်တွေ ဖြစ်နေတာလေ"

"မပြောပါနဲ့တော့ ငါ နောင်တရနေပြီ" ရှလီမှာ နောက်ကျမှ ရှက်ရွံ့မှုကို ခံစားလိုက်ရချေသည်။

"ဝီချက် အပ်လိုက်ပြီလား"

"အပ်ပြီးပြီ"

ရွှီနင်က တိုက်တွန်းလာသည်။

"သူ့မိုးမန့်ကို ဝင်ကြည့်လေ"

သိချင်စိတ်မရှိဘူးဟု ပြောလျှင် အလိမ်အညာသာ ဖြစ်ပေလိမ့်မည်။

ရှလီက ဖုန်းကိုထုတ်ယူလိုက်သည်။ ပင်ထိုးထားသော ဖိုင်လွှဲပြောင်းရေးအကူအောက်ရှိ ပထမဆုံး စကားပြောခန်းမှာ ယန့်စစ်ရှီနှင့် ဖြစ်၏။

[ မိတ်ဆွေဖွဲ့ရန် တောင်းဆိုချက်ကို လက်ခံလိုက်ပါပြီ။ ယခု စကားပြောနိုင်ပါပြီ။]

ရှလီက သူ၏ပရိုဖိုင်ပုံကို နှိပ်ကာ မိုးမန့်ထဲကိုဝင်ကြည့်လိုက်ရာ ရွှီနင်လည်း အနားကိုတိုးလာပြီး အတူတူ ကြည့်သည်။

မျက်နှာဖုံးပုံကလည်း ပင်လယ်ပြင်တစ်ခုသာ ဖြစ်သည်။ ညအချိန်ရှိ ရေနက်ပိုင်းဖြစ်ပြီး အနက်ရောင်နီးပါး အပြာရင့်ရောင် ဖြစ်နေ၏။

ပရိုဖိုင်ပုံအောက်တွင် မီးခိုးရောင် မျဉ်းတိုနှစ်ကြောင်းနှင့် အလယ်တွင် အစက်တစ်စက်သာ ရှိချေသည်။

ရှလီက ပြောလိုက်သည်။

"ပိတ်ထားတာပဲ"

"သူ့စရိုက်နဲ့တော့ တော်တော်လေး ကိုက်ညီပါတယ်" ရွှီနင်ကတော့ အကောင်းမြင်နေဆဲပင်။ "ဒါပေမဲ့ ဘယ်လိုပဲဖြစ်ဖြစ် ဝီချက်လည်း အပ်ပြီးသွားပြီ အလုပ်လုပ်တာကလည်း တစ်နေရာတည်းမှာဆိုတော့ နောက်ပိုင်း အခွင့်အရေးတွေ အများကြီး ရှိပါသေးတယ်"

"ဘာအခွင့်အရေးလဲ" ရှလီက ပြုံးလိုက်သည်။ "ငါက သူ့ကို ပြန်လိုက်ဖို့ ရည်ရွယ်မထားပါဘူး"

"သဘောမကျတော့ဘူးလား"

"လွှတ်ချလိုက်ပါပြီ အဲဒီလောက် ရှက်စရာကောင်းတဲ့ အကြောင်းအရာတွေကို မလွှတ်ချနိုင်ဘဲနဲ့ ဘယ်လိုလုပ် နင့်ကို ပြရဲမှာလဲ"

ရှလီက ထိုမီးခိုးရောင် မျဉ်းတိုအောက်ရှိ လွတ်ဟာနေသော နေရာကို တစ်ချက်ဝေ့ကြည့်လိုက်၏။

ဒါက ယခုလက်ရှိ ယန့်စစ်ရှီနှင့်ပတ်သက်၍ သူမ သိနားလည်ထားသော အရာအားလုံးပင် ဖြစ်သည်။

ဘာမှမရှိသည်နှင့် အတူတူပင်။

ဖြစ်နိုင်သည်မှာ နှစ်ပေါင်းများစွာ တစ်ဖက်သတ် ချဉ်းကပ်ခဲ့ရသော ဒီခရီးစဉ်က သူမ၏ စိတ်ခွန်အားအားလုံးကို ကုန်ခမ်းသွားစေခဲ့ပြီ။

အစကနေ ပြန်စရမည်ကို တွေးလိုက်တိုင်း အင်အားမဲ့သလိုသာ ခံစားရချေသည်။

သူမကိုယ်တိုင်က ငယ်ရွယ်စဉ်ကလို တစ်ကိုယ်တော် သတ္တိမျိုး မရှိတော့ဘူးဟု ထင်မိသည်။

အဲဒီတုန်းက ဘယ်လောက်တောင် ဖြူစင်ခဲ့လိုက်လဲ။

သေးငယ်တဲ့ မီးပွင့်လေးတစ်ပွင့်ကတောင် လေမုန်တိုင်းကို ချစ်မြတ်နိုးရဲခဲ့သေးတယ်။

လောင်ကျွမ်းပြီးသွားရင် ဘာမှကျန်မှာမဟုတ်ဘူးဆိုတာကိုတောင် မကြောက်ခဲ့ဘူး။

/

နောက်နေ့က ချစ်သူများနေ့ ဖြစ်သည်။

ရှလီအတွက်တော့ သာမန် အလုပ်လုပ်ရသော နေ့တစ်နေ့သာဖြစ်ပြီး အစည်းအဝေးလုပ်ချိန်တွင် သူမတင်ပြသော ကြော်ငြာအရင်းအမြစ်ဖလှယ်ရေး အစီအစဉ်ကို တိုက်ရိုက်အထက်လူကြီးက ပယ်ချလိုက်သဖြင့် နည်းနည်း စိတ်အနှောင့်အယှက် ဖြစ်နေရ၏။

အစည်းအဝေးခန်းမှ ထွက်လာပြီး ရှလီက အလုပ်ကတ်ကို ယူကာ အောက်ထပ်သို့ဆင်း၍ လန်းဆန်းသွားစေရန် ကော်ဖီတစ်ခွက် သွားဝယ်ရန် ပြင်လိုက်သည်။

တံခါးကို ပိတ်လိုက်ချိန်တွင် အနောက်မှ လူတစ်ယောက်က ပြောလာသည်။

"ခဏနေဦး"

သူမ၏ တိုက်ရိုက်အထက်လူကြီးနှင့် ဒီစီမံကိန်းကို တာဝန်ယူထားသော အဖွဲ့ခေါင်းဆောင် စုန့်ချောင်အန်းက နှစ်လှမ်းခန့် လျှောက်လာပြီး မှန်တံခါးကို လက်တစ်ဖက်ဖြင့် ကာထားကာ နောက်မှ လိုက်ထွက်လာပြီး ပြုံး၍ မေးလိုက်၏။

"ကော်ဖီသွားဝယ်မလို့လား"

"အင်း"

"ငါ တိုက်မယ်လေ"

"မလိုပါဘူး"

"ဒီလိုလေးနဲ့ပဲ ဒေါသထွက်သွားပြီလား" စုန့်ချောင်အန်းက ပြုံး၍ သူမကို ကြည့်လာသည်။

"မထွက်ပါဘူး အလုပ်က အလုပ်ပဲလေ"

သူတို့နှစ်ယောက် အတူတကွ အောက်သို့ဆင်းလာကြပြီး လမ်းလျှောက်ရင်း စုန့်ချောင်အန်းက သူပယ်ချရသည့် အကြောင်းရင်းကို အသေးစိတ် ရှင်းပြရန် ပြင်လိုက်၏။

ရှလီက ပြောလိုက်သည်။

"အခု အတည်ပြုပြီးသွားပြီဆိုမှတော့ ထပ်ပြီး မပြောကြရအောင် ဆရာစုန့်... ငါ အခန်းပြန်ရောက်ရင် နင်ပြောတဲ့အတိုင်း ပြင်လိုက်မယ် အစီအစဉ်အသစ် ထွက်လာမှပဲ ငါတို့ ဆက်ဆွေးနွေးကြတာပေါ့ ပြီးတော့ အခုက ငါ့ရဲ့ အနားယူချိန်လေ ငါ အေးအေးဆေးဆေး ကော်ဖီလေးတစ်ခွက်ပဲ သောက်ချင်တာ"

စုန့်ချောင်အန်းက ပြုံး၍ ပြောလာသည်။

"ဒါတောင် ဒေါသမထွက်ဘူးလို့ ပြောနေသေးတာလား"

ရှလီက တည်ငြိမ်သော အသံဖြင့် ပြန်ပြောလိုက်ချေသည်။

"တကယ် မထွက်ပါဘူး နင် ငါနဲ့ အတူတူ အလုပ်လုပ်လာတာလည်း အတော်ကြာနေပြီပဲ ငါက ဒီလိုစရိုက်မျိုးဆိုတာ နင် သိသားပဲဟာ"

သူတို့နှစ်ယောက် ပန်းခြံအပြင်ဘက်ရှိ စတားဘတ်စ်ကိုဝင်သွားကြပြီး ရှလီက ရေခဲစိမ် အမေရိကာနိုတစ်ခွက် မှာလိုက်သည်။

စုန့်ချောင်အန်းက သူမထက် လက်ဦးကာ ငွေပေးချေရန် QR ကုဒ်ကို ကမ်းပေးလိုက်ပြီး သူမကိုယ်စား ရှင်းပေးလိုက်၏။

ရှလီကလည်း သူနှင့် အပြိုင်မလုတော့ဘဲ ခေါင်းငုံ့ကာ ဖုန်းမှတစ်ဆင့် သူ့ထံကိုထိုငွေပမာဏအတိုင်း လွှဲပေးလိုက်တော့သည်။

"..." စုန့်ချောင်အန်းမှာ နည်းနည်း ပြောစရာမဲ့သွားပြီး မေးလိုက်သည်။ "ငါ ယူမယ်လို့ နင် ထင်နေလား"

"ဘယ်လိုပဲဖြစ်ဖြစ် ငါတော့ လွှဲပေးလိုက်ပြီပဲ"

စုန့်ချောင်အန်းက မတတ်နိုင်စွာဖြင့် ပြောလာသည်။

"နင့်ရဲ့ အထက်လူကြီးတစ်ယောက်အနေနဲ့ ကော်ဖီတစ်ခွက် တိုက်တာလေးကိုတောင် ငါနဲ့ ဒီလောက် ရှင်းရှင်းလင်းလင်း တွက်ချက်နေရလား"

သူတို့နှစ်ယောက် ကော်ဖီရမည့်နေရာကိုသွားစောင့်နေကြ၏။

ရှလီက လက်နှစ်ဖက်ကို ကုတ်အင်္ကျီအိတ်ကပ်ထဲ ထည့်ထားကာ ပျင်းရိစွာဖြင့် ဘေးဘက်စားပွဲပေါ်ရှိ စတားဘတ်စ်၏ ရာသီအလိုက် အထူးထုတ် မတ်ခွက်ကို ကြည့်နေလိုက်သည်။

စုန့်ချောင်အန်းကတော့ သူမကို ကြည့်နေပြီး လက်ချောင်းများဖြင့် စားပွဲခုံကို ခပ်ဖွဖွခေါက်ကာ ပေါ့ပေါ့ပါးပါး လေသံဖြင့် မေးလာချေသည်။

"ဒီည အချိန်ပိုမရှိရင် အပြင်ထွက်ပြီး ထမင်းစားကြမလား ငါ့သူငယ်ချင်းက ဂျပန်စားသောက်ဆိုင် တစ်ဆိုင်ကို ညွှန်းထားလို့"

"ငါ အခန်းဖော်နဲ့ အကင်သွားစားဖို့ ချိန်းထားတယ်"

"သူ့ကိုပါ ခေါ်လိုက်လေ"

"သိပ်မကောင်းပါဘူး သူက မသိတော့ အဲဒီအချိန်ကျရင် တော်တော်လေး နေရခက်သွားလိမ့်မယ် နောက်မှပဲ သွားကြတာပေါ့" ရှလီက ယဉ်ကျေးစွာ ငြင်းပယ်လိုက်၏။

စုန့်ချောင်အန်းကလည်း အတင်းအကျပ် မလုပ်တော့ချေ။

ခဏအကြာတွင် ကော်ဖီနှစ်ခွက် ရလာခဲ့သည်။

သူတို့နှစ်ယောက် တံခါးဝကိုရောက်တော့ စုန့်ချောင်အန်းက သူ၏ကော်ဖီခွက်ကို သူမထံ ကမ်းပေးလိုက်ပြီး ခဏကိုင်ထားပေးရန် ပြောလာသည်။

"ငါ့ကို ခဏလောက် စောင့်ပေးဦး ပစ္စည်းတစ်ခု ကျန်ခဲ့လို့"

ရှလီက ကော်ဖီနှစ်ခွက်ကို ကိုင်ထားရင်း အဆောက်အအုံ၏ လေကွယ်ရာနေရာကိုဝင်ပုန်းနေလိုက်၏။

သူမ ထွက်လာချိန်တွင် မာဖလာ ပတ်မလာခဲ့သလို ကုတ်အင်္ကျီကလည်း ပွင့်နေသဖြင့် လေတိုက်ခံရသောကြောင့် နည်းနည်း ချမ်းစိမ့်နေသည်။ လက်ကလည်း မအားသဖြင့် ကြယ်သီးတပ်၍မရရာ ခေါင်းငုံ့ကာ ပခုံးကို နည်းနည်း ကျုံ့ထားလိုက်ရချေသည်။

ထိုအချိန်မှာပင် အရှေ့မှ လူတစ်ယောက် လျှောက်လာသည်ကို သူမ တွေ့လိုက်ရ၏။

____

All Chapters