← Chapters

အခန်း ၂၂

Vol. 3 Ch. 22

အခန်း ၂၂

Vol. 3 Ch. 22

အခန်း (၂၂)

ရောက်ချိန်တွင် လူအတော်များများ ရောက်နေကြပြီ ဖြစ်သည်။

ရှလီက မှုန်ဝါးဝါးမီးရောင်အောက်တွင် ယန့်စစ်ရှီကို အရင်ဆုံး လိုက်ရှာမိသည်။ သူ ပါတီကို လာမည်ဟု သဘောတူထားကြောင်း လင်ချင်းရှောင်ထံမှ သူမ ကြားထားခဲ့၏။

သို့သော် သူ၏ အရိပ်အယောင်ကိုမျှ မတွေ့ရဘဲ အိုးယန်ကျင့်ကိုသာ ချက်ချင်း မြင်လိုက်ရသည်။

ထိုစဉ်က မင်ကျန်းရှိ မိန်းကလေးအများစုမှာ မိတ်ကပ်မလိမ်းတတ်ကြသေးဘဲ အနုပညာအတန်းမှ ကောင်မလေးများသာ မိတ်ကပ်လိမ်းရန် အခြေအနေပေးသလို လိုအပ်ချက်လည်း ရှိကြသည်။ ကခုန်ခြင်း၊ သရုပ်ဆောင်ခြင်း၊ ရေဒီယိုနှင့် ရုပ်မြင်သံကြား အစီအစဉ်တင်ဆက်သူများဖြစ်ရန် သင်ယူနေကြသူများဖြစ်ရာ စာမေးပွဲများ၊ ဖျော်ဖြေပွဲများဒါမှမဟုတ်ပြိုင်ပွဲတွေကို မကြာခဏ ဝင်ရောက်ယှဉ်ပြိုင်ရလေ့ရှိသည်။ အခြားသူများ ဖုန်ပေပြီး မျက်နှာပြောင်နှင့် သွားလာနေကြချိန်တွင် သူတို့ကတော့ 《Rayli》၊ 《Yizhou》 ကဲ့သို့သော မဂ္ဂဇင်းတွေကိုဖတ်ကာ မိမိကိုယ်ကိုယ် အလှဆင်ရန် စောစီးစွာ သင်ယူနေကြပြီ ဖြစ်၏။

အိုးယန်ကျင့်က သီချင်းရွေးသည့်စက်နားတွင် ထိုင်နေပြီး အဖြူရောင် လည်ပင်းရှည်အင်္ကျီနှင့် အပြင်မှ ဝိုင်နီရောင် သိုးမွေးကြိုးသိုင်းစကတ်ကို တွဲဝတ်ထားကာ ဆံပင်တွေကိုလည်း နည်းနည်း ကောက်ထား၏။

မီးရောင် ရုတ်တရက် လင်းလာသည့်အခိုက်အတန့်တွင် သူမ၏ မျက်နှာပေါ်ရှိ မိတ်ကပ်အပြင်အဆင်က အလွန် သဘာဝကျပြီး ပါးနီပါးပါးလေးသာ ခြယ်သထားပုံပေါ်ကာ အခန်းတွင်းရှိ အပူချိန်ကြောင့် နီမြန်းနေသကဲ့သို့ပင် ဖြစ်သည်။

တကယ်ကို လှပလွန်းလှချေသည်။

ရှလီကဲ့သို့မိန်းကလေးတစ်ယောက်ပင် ငေးမောသွားရသည်အထိပင်။

လင်ချင်းရှောင်က ရှလီကို ချိတ်ကာ အနားကိုလျှောက်သွားပြီး မေးလိုက်သည်။

"ယန့်စစ်ရှီ မရောက်သေးဘူးလား"

"မရောက်သေးဘူး"

"နင် ဒီနေ့ အရမ်းလှနေတယ်"

အိုးယန်ကျင့်က ရှက်ဝဲဝဲဖြင့် ပြုံးလိုက်ပြီး လင်ချင်းရှောင်ကို မေးလာ၏။

"သီချင်း ရွေးမလို့လား"

"ငါ ဘာတွေရွေးထားလဲ ကြည့်လိုက်ဦးမယ်"

ရှလီက လက်ထဲတွင် ကိုကာကိုလာဘူးကို ကိုင်ထားပြီး ရှည်လျားသော ဆိုဖာပေါ်တွင်ထိုင်ကာ လင်ချင်းရှောင်နှင့် အိုးယန်ကျင့်တို့ သီချင်းဆိုနေသည်ကို နားထောင်နေရင်း နည်းနည်း ဂနာမငြိမ်ဖြစ်ကာ စိတ်လွင့်နေပြီး တံခါးဝဆီကိုမကြာခဏ လှမ်းကြည့်နေမိသည်။

သူမ ဘာကိုမျှော်လင့်နေမှန်း သူမကိုယ်တိုင်လည်း မသိပေ။ ယန့်စစ်ရှီ ရောက်လာလျှင်တောင် သူမက အလွန်ဆုံး နှုတ်ဆက်ရုံလောက်သာ လုပ်နိုင်မည် မဟုတ်လား။

ညရှစ်နာရီကျော်သွားသည့်တိုင်အောင် ယန့်စစ်ရှီ ပေါ်မလာသေးချေ။

အိုးယန်ကျင့်က ငြိမ်မနေနိုင်တော့ဘဲ နျဲ့ချူဟန်ကို လှမ်းခေါ်ကာ သူ့ကို ဖုန်းဆက်ပြီး လာဦးမှာလားဟု မေးပေးနိုင်မလား တောင်းဆိုလိုက်၏။

နျဲ့ချူဟန်က မေးလိုက်သည်။

"ငါ့ဆီမှာ သူ့ဖုန်းနံပါတ် မရှိဘူး နင်တို့ဆီမှာရော ရှိလား"

အားလုံးကို လိုက်မေးကြည့်သော်လည်း အားလုံးက ခေါင်းခါကြသည်။

နျဲ့ချူဟန်၏ နည်းနည်းသော သိမ်မွေ့သည့်စိတ်လေးမှာ လင်ချင်းရှောင်အပေါ်တွင်သာ အကုန်အကျခံထားပုံရပြီး အခြားသူများ၏ စိုးရိမ်ပူပန်နေသော စိတ်ကို နည်းနည်းမျှပင် နားမလည်နိုင်ဘဲ မီးလောင်ရာ လေပင့်သလို ပြောလိုက်၏။

"သူက ပုံမှန်လည်း တစ်ယောက်တည်း သွားလာနေကျဆိုတော့ မလာတော့တာကလည်း ပုံမှန်ပါပဲ သူက သူတို့အတန်းက ဝမ်ချန်းလောက်နဲ့ပဲ ရင်းနှီးတာလေ"

လင်ချင်းရှောင်က အိုးယန်ကျင့်ကို တစ်ချက်ကြည့်လိုက်ပြီး သူ့ကို ဟန့်တားလိုက်သည်။

"နင် ဆက်မပြောနဲ့တော့"

နျဲ့ချူဟန်မှာ နည်းနည်း နားမလည်နိုင်ဖြစ်သွားရ၏။

အိုးယန်ကျင့်က မှိုင်တွေသော မျက်နှာထားဖြင့် ပြုံးလိုက်သည်။

ဒီအခိုက်အတန့်တွင် စိတ်ပျက်အားငယ်နေသူမှာ သူမ တစ်ယောက်တည်းသာ မဟုတ်ချေ။

KTV ခန်းထဲတွင် လေထုက အလွန်အိုက်စပ်နေသဖြင့် ရှလီ နည်းနည်း နေရခက်လာသည်။

သေချာသည်ကတော့ လေထုအိုက်စပ်နေ၍ မဟုတ်ကြောင်း သူမ သိနေသည်။

လင်ချင်းရှောင်နှင့် အိုးယန်ကျင့်တို့ 《တကယ်လို့သာ》 သီချင်းကို အတူတွဲဆိုနေချိန်တွင် ရှလီက အင်္ကျီနှင့် ဖုန်းကိုယူကာ အခန်းထဲမှ တိတ်တဆိတ် ထွက်လာခဲ့၏။ KTV ၏ အောက်ထပ်တံခါးကို တွန်းဖွင့်လိုက်သည်နှင့် အလွန်အေးစိမ့်သော လေပြင်းက မျက်နှာပေါ်ကိုရိုက်ခတ်လာသည်။ ချူချန်က ရာသီဥတု လေးမျိုးလုံး သိသာထင်ရှားပြီး ဆောင်းရာသီတွင် အလွန်အေးချမ်းလှသည်။

သူမက ပြင်းထန်စွာ တုန်ယင်သွားပြီး အနွေးထည်ကို ကမန်းကတန်း ဝတ်ကာ လက်နှစ်ဖက်စလုံးကို အိတ်ကပ်ထဲကိုထည့်လိုက်သည်။

အေးစိမ့်သော လေပြင်းကို တွန်းဆန်ကာ အရှေ့ကိုဆက်လျှောက်ရန် အလုပ် မျက်လုံးပင့်ကြည့်လိုက်ရာ လမ်းဘေးရှိ အရိပ်တစ်ခုက မျက်လုံးထဲကိုဝင်ရောက်လာ၏။

ရင်ထဲမှ ကြိုးပြတ်သွားသော မိုးပျံပူဖောင်းတစ်လုံး လွတ်ထွက်သွားသကဲ့သို့ပင်။

ရှလီမှာ အသံထွက်၍ အော်လိုက်မိမတတ်ပင် ဖြစ်သွားရချေသည်။

သေချာစွာ စိုက်ကြည့်ပြီး ထိုသူမှာ ယန့်စစ်ရှီ ဖြစ်ကြောင်း အတည်ပြုနိုင်မှသာ ကောင်းကင်ယံကိုပျံတက်သွားမတတ် စိတ်လှုပ်ရှားမှုကို ထိန်းချုပ်ကာ အနားကိုလျှောက်သွားပြီး ခေါ်လိုက်သည်။

"ယန့်စစ်ရှီ"

ကောင်လေးက လမ်းဘေးစင်္ကြံပေါ်တွင် ရပ်နေပြီး သူ၏အရှေ့တွင် တက္ကစီတစ်စီး ရပ်ထား၏။ အသံကြားတော့ သူက လှည့်ကြည့်ပြီး သူမဘက်ကိုလှည့်လာသည်။

သူက အနက်ရောင် အနွေးထည်အရှည်နှင့် အနက်ရောင် ဘောင်းဘီရှည်ကို ဝတ်ထားပြီး အတွင်းဘက်တွင် မီးခိုးရောင် လက်ရှည်အင်္ကျီကို ဝတ်ထားသည်။ အ‌ေရာင်‌ေမှာင်‌ေမှာင်များက သူ၏ ဖြူစင်သော အသားအရေကို ပို၍ ပေါ်လွင်စေပြီး ညဉ့်ယံတွင် သူ၏ မျက်ဝန်းများကလည်း ပို၍ နက်ရှိုင်းနေကာ သူတစ်ကိုယ်လုံးက ပို၍ ချဉ်းကပ်ရခက်နေပုံပေါ်သည်။

ရှလီက မေးလိုက်သည်။

"အခုမှ ရောက်တာလား"

"အင်း..."

ထိုအချိန်တွင် တက္ကစီယာဉ်မောင်းက လှမ်းမေး၏။

"သွားမှာလား မသွားဘူးလား"

ယန့်စစ်ရှီက ပြန်ဖြေလိုက်သည်။

"မသွားတော့ဘူး အားနာပါတယ် ကားဆရာ"

ယာဉ်မောင်းက တစ်ခုခု ညည်းတွားလိုက်ပြီး ကားကို မောင်းထွက်သွားသည်။

ရှလီက နားမလည်နိုင်စွာဖြင့် မေးလိုက်သည်။

"နင်က ပြန်တော့မလို့လား အပေါ်တက်ပြီး နှုတ်မဆက်တော့ဘူးလား"

ယန့်စစ်ရှီက ရှင်းပြ၏။

"ဘယ်အခန်းဆိုတာ အတိအကျ မသိလို့ နျဲ့ချူဟန်ရဲ့ ဖုန်းနံပါတ်ကို တောင်းဖို့ မေ့သွားတယ်"

ဒါဆို သူက လာတော့လာတယ် ဒါပေမဲ့ နေရာကို ရှာမတွေ့လို့ ပြန်လှည့်ဖို့ လုပ်နေတာပေါ့။

ရှလီက မထိန်းနိုင်တော့ဘဲ နှုတ်ခမ်းကိုစေ့ကာ တစ်ချက် ပြုံးလိုက်မိ၏။

ထိုအချိန်တွင် ယန့်စစ်ရှီက သူမကို တစ်ချက် ကြည့်လာသည်။

ထိုမျှ ဖျော့တော့သော အကြည့်တစ်ချက်ထဲတွင် မည်သို့သော အဓိပ္ပာယ်မျိုး ပါဝင်နေမည်ကို ပြောရန် ခက်ခဲလှသည်။

ရှလီမှာမူ ချက်ချင်းပင် နားရွက်ဖျားများ ပူထူသွားပြီး ကမန်းကတန်း ပြောလိုက်သည်။

"ငါ နင့်ကို အပေါ် ခေါ်သွားပေးရမလား"

ယန့်စစ်ရှီက ခေါင်းညိတ်ပြလိုက်သည်။

"ကျေးဇူးပဲ"

သူတို့နှစ်ယောက် နောက်ကိုလှည့်ကာ ပြန်လျှောက်လာခဲ့ကြသည်။

ရှလီက ယုံကြည်နေမိသည်။ ကံကြမ္မာက သူမကို အနည်းနှင့်အများ မျက်နှာသာပေးနေသည်ဟု။ အကယ်၍သာ သူမက လေညင်းခံရန် အောက်သို့ဆင်းလာမည့် စိတ်ကူး ရုတ်တရက် မပေါ်လာခဲ့လျှင် ယနေ့ညတွင် မျှော်လင့်ချက်မဲ့စွာဖြင့်သာ ပြန်သွားရမည် မဟုတ်လား။

သူမက မိတ်ကပ်မလိမ်းတတ်သော်လည်း အပြင်မထွက်မီတွင် ဆံပင်ကို သေချာစွာ ခေါင်းလျှော်ခဲ့ပြီး သူမ အကြိုက်ဆုံးဖြစ်သော အဖြူရောင် သိုးမွေးအင်္ကျီနှင့် အဖြူရောင် အနွေးထည်ကို ဝတ်ထားခဲ့သည်။ သူမ၏ အသားအရေက ဖြူစင်သန့်ရှင်းသဖြင့် အဖြူရောင်က သူမနှင့် အလိုက်ဖက်ဆုံး အရောင်ပင် ဖြစ်သည်။

မည်သူမျှ မသိသော ရင်ခုန်သံလေး ဖြစ်နေပါစေ အလဟဿ မဖြစ်သွားစေချင်ပေ။

ညဉ့်ယံတွင် အလွန်တိတ်ဆိတ်နေပြီး သစ်ရွက်ခြောက်များ မြေပေါ်ကိုကျဆင်းလာသည့် အသံကိုပင် ရှင်းလင်းစွာ ကြားနေရ၏။

စကားစပြောလာသူမှာ ယန့်စစ်ရှီဖြစ်ပြီး သူ၏အသံက ထွက်လာပြီး ပျောက်ကွယ်သွားတတ်သော အဖြူရောင် မြူခိုးများကဲ့သို့ပင် အေးစက်သော လေပြင်းထဲတွင် နားထောင်ရသည်မှာ နည်းနည်း လွင့်မျောနေသလိုခံစားရချေသည်။

"အားလုံး ရောက်နေကြပြီလား"

ထိုသို့လွင့်မျောနေသလိုခံစားရခြင်း၏ အကြောင်းရင်းကို ရှလီ ကောင်းကောင်း သိနေပါသည်။ သူမ၏ နှလုံးခုန်သံက အခြားအသံများအားလုံးကို ဖုံးလွှမ်းသွားတော့မတတ် မြန်ဆန်နေသောကြောင့်ပင်။

သူမက အင်း ဟုသာ တစ်ချက် ညည်းလိုက်၏။

တံခါးဝကိုရောက်တော့ ရှလီက တံခါးကို ဆွဲဖွင့်ရန် လက်လှမ်းလိုက်သော်လည်း ယန့်စစ်ရှီက သူမထက် အရင် လက်ဦးသွားခဲ့သည်။

သူက တံခါးကို ကိုင်ထားပေးပြီး သူမကို အရင်ဝင်ရန် အချက်ပြ၏။

သူမ ခြေလှမ်းများက လွင့်မျောနေပြီး ပျံတက်သွားသလိုခံစားရသည်။

တံခါးပေါက်မှ ဝင်လိုက်သည့် အခိုက်အတန့်တွင် သူမက သူ၏ကိုယ်ပေါ်မှ ဆီးနှင်းများကဲ့သို့အေးမြသော အငွေ့အသက်ကို ထပ်မံရရှိလိုက်ပြီး သူ၏ နွေးထွေးသော အသက်ရှူငွေ့များက သူမ၏ ခေါင်းထက်တွင် ရှိနေသလိုနီးကပ်လွန်းနေ၏။

သူမမှာ တစ်ဒင်္ဂမျှ အသက်ရှူရပ်သွားမတတ်ပင် ဖြစ်သွားရချေသည်။

နောက်ဆုံး မြင်လိုက်ရသော မြင်ကွင်းတွင်တော့ တံခါးလက်ကိုင်ကို တည်ငြိမ်စွာ ကိုင်ထားသော ကောင်လေး၏ အရိုးအဆစ်များ ထင်းနေသည့် လက်တစ်ဖက်သာ ဖြစ်သည်။

KTV ၏ အပြင်အဆင်က အလွန် ခမ်းနားကြွားဝါလွန်းလှပြီး ဧည့်ခန်းမမှ ဝင်သွားသည်နှင့် လမ်းတစ်လျှောက်လုံးတွင် နီပြာရောင် LED မီးများက တောက်ပနေကာ ဓာတ်လှေကားထဲတွင်လည်း ထိုနည်းတူပင် ဖြစ်၏။

အထဲတွင် ယန့်စစ်ရှီနှင့် ယှဉ်လျက် ရပ်နေရချိန်တွင် အိပ်မက်မက်နေသလိုခံစားရပြီး အပေါ်ကိုတက်သွားသည့် အခိုက်အတန့်တွင် ဆွဲငင်အားကြောင့် သူမမှာ မူးဝေသွားကာ လေထုကလည်း ဖိသိပ်ခံရသလိုဖြစ်သွားသဖြင့် အဆုတ်ထဲကိုလေကို ကောင်းစွာ ရှူသွင်း၍မရနိုင်တော့ချေ။

သူမက သူ့ဘက်ကိုတစ်ချက်လေးမျှပင် လှည့်မကြည့်ရဲဘဲ အနွေးထည်အိတ်ကပ်ထဲ ထည့်ထားသော လက်ဖဝါးများမှာ ချွေးများပျံနေကာ ခေါင်းငုံ့ထားရင်း သူမ၏ အကြည့်များက သူစီးထားသော အနက်ရောင် မာတင်ဖိနပ်ပေါ်သို့သာ အကြိမ်ကြိမ် ကျရောက်နေ၏။

လေထုက ဘယ်လိုလုပ်ပြီး ဒီလောက်တောင် ပူလောင်နေရတာလဲ။

နောက်ဆုံးတွင်တော့ ဓာတ်လှေကားတံခါး ပွင့်သွားခဲ့သည်။

ယန့်စစ်ရှီက အရင်ထွက်သွားပြီး ဓာတ်လှေကားတံခါးကို အသာလေး ကိုင်ထားပေးကာ သူမ ထွက်လာမည့်အချိန်ကို စောင့်နေ၏။

သူက သူမ ယခုအချိန်အထိ တွေ့ဖူးသမျှထဲတွင် ယဉ်ကျေးမှု အရှိဆုံး ယောကျ်ားလေး ဖြစ်နိုင်သည်။

ဤကဲ့သို့သော အသေးစိတ်အချက်လေးတွေကို သူမကိုယ်တိုင်ပင် မစဉ်းစားမိခဲ့သော်လည်း သူကတော့ သဘာဝကျကျနှင့် ဒါက ဖြစ်သင့်သည့်အရာတစ်ခုလိုပင် လုပ်နေ၏။

သို့သော် ဒီအခိုက်အတန့်တွင် သူမ နည်းနည်း ဝမ်းနည်းသွားမိသည်။

အဘယ်ကြောင့်ဆိုသော် သူ၏ ယဉ်ကျေးမှုက လူတိုင်းအပေါ်တွင် တန်းတူညီမျှ ရှိနေမည်မှာ သေချာသလောက်ရှိ၍ပင်။

All Chapters