အခန်း ၅၁
Vol. 6 Ch. 51
အခန်း (၅၁)
ထိုနောက်ပိုင်း ရှလီ ယန့်စစ်ရှီကို မတွေ့ရတာ တစ်ပတ်တိတိ ရှိသွားချေပြီ။
အစပိုင်းတွင် သူမက သိပ်ပြီး ဂရုမစိုက်မိခဲ့ပေ။ အဘယ်ကြောင့်ဆိုသော် အတန်းချိန်တွင် ခေါင်းငုံ့၍ စာပြန်နွှေးနေရပြီး အတန်းဆင်းချိန်တွင်လည်း အချိန်လုကာ အိပ်ရေးဝအောင် အိပ်နေရသဖြင့် ပြတင်းပေါက်အပြင်ဘက်ကိုယန့်စစ်ရှီ ဖြတ်သွားဖြတ်လာ လုပ်မလုပ်ကို အမြဲစောင့်ကြည့်နေရန် အားအင်မရှိသောကြောင့် ဖြစ်သည်။
စင်္ကြံလမ်းတွင် မတော်တဆ ဆုံတွေ့ခြင်းဆိုသည်မှာလည်း အမြဲတမ်း ဖြစ်ပျက်နေလေ့မရှိပေ။ သို့သော် တစ်ရက် နှစ်ရက် နှင့် တစ်ပတ်ကြာသွားချိန်တွင်တော့ ရှလီက တစ်ခုခု မှားယွင်းနေကြောင်း သတိထားမိလာချေသည်။
အချိန်တစ်ခု ရှာ၍ ရှလီက အခန်း ၂၀ ကိုသွားလိုက်၏။
အထဲကိုလှမ်းကြည့်လိုက်ရာ ယန့်စစ်ရှီ၏ နေရာက လွတ်နေပြီး စားပွဲခုံပေါ်တွင်လည်း ရှင်းလင်းသပ်ရပ်နေကာ ထိုနေရာတွင် ဘယ်သူမှ မထိုင်ခဲ့ဖူးသကဲ့သို့ပင် ဖြစ်နေသည်။ သူမ၏ ရင်ထဲတွင် ဒိတ်ကနဲ ဖြစ်သွား၏။
သူမက စားပွဲပေါ်တွင် မှောက်၍ စာဖတ်နေသော ဝမ်ချန်းကို အပြင်ကိုခေါ်ထုတ်လိုက်သည်။
ရှလီက ပွင့်ပွင့်လင်းလင်းပင် မေးလိုက်သည်။
"ယန့်စစ်ရှီကို မတွေ့ရတာ ရက်နည်းနည်း ရှိနေပြီနော် သူ ခွင့်ယူထားတာလား"
ဝမ်ချန်းက ပြန်ဖြေ၏။
"အတန်းပိုင်ဆရာကတော့ သူ ပေချန်ကို ပြန်သွားပြီလို့ ပြောတာပဲ"
ရှလီက အံ့အားသင့်စွာ မေးလိုက်သည်။
"အတန်းပိုင်ဆရာက ပြောတာလား"
ဝမ်ချန်းက ခေါင်းကုတ်ကာ ရှင်းပြသည်။
"သစ္စာဆိုပွဲနေ့တုန်းက သူ ဖုန်းပြောပြီးတာနဲ့ အခန်းထဲပြန်လာပြီး အိတ်ယူပြီး ထွက်သွားတာလေ အဲဒီနောက်ပိုင်း ကျောင်းကို လုံးဝမလာတော့တာပဲ တမန်နေ့မနက်က ငါ အခန်းထဲရောက်တော့ သူ့စားပွဲခုံ ရှင်းထားတာ တွေ့လိုက်တယ် အတန်းပိုင်ဆရာကို မေးကြည့်တော့ ဆရာက သူ့အိမ်ကလူတွေ လာပြီး ပစ္စည်းတွေ သိမ်းသွားတာတဲ့ ပေချန်ကို ပြန်ဖို့ ပြင်ဆင်နေကြတယ်လို့ ပြောတယ်"
ရှလီက တုန်လှုပ်စွာ မေးလိုက်သည်။
"နင် သူ့ကို ဆက်သွယ်ကြည့်သေးလား"
ဝမ်ချန်းက ဖြေ၏။
"ဆက်သွယ်လို့ မရဘူး ဖုန်းခေါ်ကြည့်တော့ အမြဲတမ်း စက်ပိတ်ထားတယ်"
ရှလီက မျှော်လင့်တကြီး မေးလိုက်ပြန်သည်။
"ဒါဆို သူ ကျောင်းကို ပြန်လာဦးမှာလား"
ဝမ်ချန်းက ပခုံးတွန့်ကာ ဖြေသည်။
"မသိဘူးလေ"
ရှလီက အတန်းထဲကိုမည်ကိုပြန်ရောက်လာမှန်းပင် မသိလိုက်ဘဲ လမ်းတစ်လျှောက်လုံး စိတ်တုန်လှုပ်နေခဲ့သည်။
လမ်းပေါ်တွင် ကောင်းမွန်စွာ လျှောက်လှမ်းနေရင်း လမ်းဆုံမှ လမ်းညွှန်ဆိုင်းဘုတ်ကို တစ်စုံတစ်ယောက်က ရုတ်တရက် ဖြုတ်ယူသွားသလိုဖြစ်သွားပြီး အနီးအဝေးတစ်ဝိုက်တွင်လည်း မြူနှင်းများ ဖုံးလွှမ်းသွားသလိုပင်။ မှင်တက်ခြင်းများသာ ကျန်ရစ်တော့သည်။
နောက်တစ်ချိန် အတန်းဆင်းချိန်တွင် သူမက ဖုန်းကို တိတ်တဆိတ် ယူကာ သန့်စင်ခန်းကိုသွားလိုက်ပြီး အိမ်သာခန်းလေးထဲတွင် ယန့်စစ်ရှီ၏ ဖုန်းနံပါတ်ကို ခေါ်ကြည့်လိုက်၏။
ဝမ်ချန်း ပြောသည့်အတိုင်းပင် ဖုန်းထဲမှ စက်ပိတ်ထားကြောင်း ဖြေကြားသံသာ ကြားရသည်။ သူမက စာတစ်စောင် ထပ်ပို့လိုက်သည်။
'ဟိုင်း ငါ ဝမ်ချန်းနဲ့ ဆုံလို့ သူက နင် ပေချန်ကို ပြန်တော့မယ်လို့ ပြောတယ် ဟုတ်လား'
ထိုစာလေးမှာ မမျှော်လင့်ထားဘဲ ရေစုန်မျောသွားသလိုအကြောင်းပြန်စာ မရရှိခဲ့ချေ။
တက္ကသိုလ်ဝင်ခွင့်စာမေးပွဲက နှာခေါင်းဝကိုရောက်နေပြီဖြစ်ရာ ရှလီမှာ စိတ်လေလွင့်ရန် အချိန်မရှိဘဲ ညစဉ် အိပ်ရာမဝင်မီ အကျင့်ပါနေသလို ထိုဖုန်းနံပါတ်ကို တစ်ကြိမ်ခေါ်ကြည့်လေ့ရှိသည်။ သူမကို တုံ့ပြန်လာသည်မှာ အမြဲတမ်း စက်ရုပ်အသံဖြင့် 'လူကြီးမင်း ခေါ်ဆိုသော ဖုန်းမှာ စက်ပိတ်ထားပါသည်' ဆိုသည့် စကားသာ ဖြစ်၏။
တစ်လအကြာတွင် ထိုအသိပေးသံက 'လူကြီးမင်း ခေါ်ဆိုသော နံပါတ်မှာ ရပ်ဆိုင်းထားပါသည်' ကိုပြောင်းလဲသွားချေပြီ။
ထိုအချိန်မှာ ဧပြီလ၏ နေ့တစ်နေ့ ဖြစ်သည်။ နားချိန်တွင် ရှလီက ဝိဇ္ဇာအတွဲ ရုံးခန်းကိုမေးခွန်းလွှာ သွားယူရာ အောက်ထပ်ကိုဆင်းလာချိန်တွင် ထောင်ရှီးယွဲ့နှင့် ဆုံ၏။ သူတို့နှစ်ယောက်က သာမန် အတန်းဖော်များကဲ့သို့သာ အချင်းချင်း နှုတ်ဆက်လိုက်ကြသည်။
ဖြတ်လျှောက်သွားချိန်တွင် ရှလီ၏ ရင်ထဲ၌ စိတ်ကူးတစ်ခု ရုတ်တရက် ပေါ်လာပြီး မေးလိုက်သည်။
"နင်နဲ့ စကားနည်းနည်းလောက် ပြောလို့ရမလား"
ထောင်ရှီးယွဲ့၏ ခြေလှမ်းများ ရပ်တန့်သွားကာ မေး၏။
"ယန့်စစ်ရှီ အကြောင်းလား"
ရှလီက ခေါင်းညိတ်ပြလိုက်သည်။ ထို့နောက် သူတို့နှစ်ယောက်က အခန်း ၂၀ တံခါးဝရှိ စင်္ကြံလမ်းကိုလျှောက်သွားကြ၏။
ထောင်ရှီးယွဲ့က လက်နှစ်ဖက်ဖြင့် လက်ရန်းကို ထောက်ကာ စာသင်ဆောင်ရှေ့ရှိ စကားဝါပင်များ စိုက်ပျိုးထားသော အလယ်ဝင်းကို မျက်နှာမူရင်း ပြောလာသည်။
"နင်က ငါ့ဆီမှာ သူ့သတင်းရှိမရှိ မေးချင်တာဆိုရင်တော့ မမေးပါနဲ့တော့ ငါလည်း သူ့ကို ဆက်သွယ်လို့ မရဘူး ငါ့အမေကတော့ သူ့အဘွားဆီ ဆက်သွယ်ကြည့်သေးတယ် သူ့အဘွားပြောတာကတော့ သူ ပေချန်ကို ပြန်သွားပြီတဲ့ နိုင်ငံခြားသွားဖို့ ပြင်ဆင်နေတယ်လို့ ပြောတယ်"
ရှလီက ခဏမျှ တိတ်ဆိတ်သွားပြီး မေးလိုက်သည်။
"ဒါဆို သူ ဘာလို့ ရုတ်တရက်ကြီး ပေချန်ကို ပြန်သွားတာလဲ နင် သိလား"
ထောင်ရှီးယွဲ့က လှည့်ကြည့်လာပြီး တုံ့ဆိုင်းနေဟန်ရှိသည်။ သို့သော် နောက်ဆုံးတွင် သူမက ပြောပြလာချေသည်။
"သူ့အမေ ဆုံးသွားလို့"
ရှလီမှာ မှင်တက်သွား၏။
ထောင်ရှီးယွဲ့က အသံတိုးတိုးဖြင့် ဆက်ပြောသည်။
"ငါတို့ သစ္စာဆိုပွဲ လုပ်ပြီးတဲ့ နောက်ပိုင်းလောက်မှာပဲ ဘယ်နေ့လဲဆိုတာတော့ တိတိကျကျ မသိဘူး ငါလည်း ငါ့အမေပြောလို့ သိရတာ သူတို့က အသုဘကို အများသိအောင် မလုပ်ဘူး ယန်မိသားစုနဲ့ ဟော့မိသားစု နှစ်စုလောက်ပဲ အသုဘကို တက်ကြတယ်ထင်တယ် ဒီကိစ္စကို တခြားသူတွေကို မပြောနဲ့နော်"
ရှလီက ကတိပေးလိုက်သည်။
"ငါ မပြောပါဘူး"
ရင်ထဲတွင် ရေလှိုင်းများ တက်လာပြီး ရှလီကို နည်းနည်း နစ်မြုပ်သွားစေ၏။ သူမက တုန်ရီစွာ မေးလိုက်သည်။
"သူ့အမေက နေမကောင်းလို့လား"
ထောင်ရှီးယွဲ့က ဖြေ၏။
"ဟုတ်လောက်တယ် ယန့်စစ်ရှီ ချူချန်ကို လာရတာကလည်း သူ့အမေကြောင့်ပဲလေ"
ရှလီက ထပ်မေးလိုက်သည်။
"သူ ဘယ်ကျောင်းကို သွားတာလဲ နင် သိလား"
ထောင်ရှီးယွဲ့က ခေါင်းခါပြသည်။
"သူ မသွားခင်ကတည်းက ကျောင်းတော်တော်များများဆီက ကမ်းလှမ်းစာတွေ ရထားပြီးသား ဘယ်ကျောင်းကို တိတိကျကျ သွားမလဲဆိုတာတော့ သူ မပြောဖူးဘူး"
ရှလီမှာ ထပ်မေးစရာ မရှိတော့ချေ။ ဒီရေလို တက်လာသော ခံစားချက်များက သူမ၏ မျက်လုံးများအထိပင် လွှမ်းမိုးလာတော့မည်ဖြစ်သည်။
"အခုလို ပြောပြပေးလို့ ကျေးဇူးပါဟာ"
ထောင်ရှီးယွဲ့၏ မျက်နှာပေါ်တွင်လည်း ဖျော့တော့သော ဝမ်းနည်းမှုအရိပ်အယောင်တစ်ခု ဖုံးလွှမ်းသွား၏။
"ရပါတယ် ငါလည်း သူ့အကြောင်း တစ်ယောက်ယောက်ကို ပြောပြချင်နေတာ"
ရှလီက ထိုခံစားချက်ကို နားလည်သည်။ လူတစ်ယောက်ကို ရှာပြီး သူ့နာမည်လေးကို ထုတ်ပြောရုံလေးဆိုလျှင်တောင် ကျေနပ်မိသည်။ အဲဒီလိုမှမဟုတ်လျှင် ထိုမျှ အသက်ဝင်လှုပ်ရှားနေသော လူတစ်ယောက်က ရုတ်တရက် အစအနပျောက်သွားသည့် ခံစားချက်မျိုးက သူမကိုယ်တိုင် အိပ်မက်တစ်ခု မက်ခဲ့ခြင်းသာ ဖြစ်မည်လားဟု သံသယဝင်လာစေရန် တွန်းအားပေးနေသလိုပင် ဖြစ်နေမည်။
သူမတို့နှစ်ယောက် ဘာမှ ဆက်မပြောကြတော့ချေ။ အချစ်ပြိုင်ဘက်များဖြစ်သည့်တိုင်အောင် ဤအခိုက်အတန့်၏ တိတ်ဆိတ်မှုထဲတွင် ဝမ်းနည်းမှုတစ်မျိုးကို အတူတကွ ခံစားလိုက်ရသည်။ ရင်ဘတ်ထဲကိုအဝေးမှ သမုဒ္ဒရာရေများ လောင်းချလိုက်သလိုဖြစ်သွားပြီး အငူဘက်ဆီမှ စင်ရော်ငှက်ကလေး၏ အဝေးက ဝမ်းနည်းဖွယ် အော်မြည်သံကို ကြားလိုက်ရသလိုပင်။
သူမ ထင်မထားခဲ့ပေ။ ထိုနေ့ မွန်းလွဲပိုင်းက မင်ကျန်းတွင် သူမနှင့် ယန့်စစ်ရှီတို့၏ နောက်ဆုံးအကြိမ် တွေ့ဆုံခြင်း ဖြစ်သွားလိမ့်မည်ဟု။
ရှလီက ဝမ်းနည်းစွာ တွေးလိုက်မိသည်။
"အားတင်းထားပါ ဆိုတာက သူ ငါ့ကို သီးသန့်ပြောခဲ့တဲ့ နောက်ဆုံးစကားပဲ"
/
တက္ကသိုလ်ဝင်ခွင့်စာမေးပွဲ မတိုင်မီ သုံးရက်အလို။
သူတို့ကို ကောင်းကောင်း အနားယူစေကာ စာမေးပွဲအချိန်ဇယားနှင့် ကြိုတင်အသားကျစေရန် မနက်ပိုင်းနှင့် ညပိုင်း စာကြည့်ချိန်တွေကို ဖျက်သိမ်းလိုက်ပြီး ဖြစ်သည်။
အတန်းချိန်အားလုံးကို ကိုယ်ပိုင်စာကြည့်ချိန်အဖြစ် ပြောင်းလဲလိုက်ပြီး ဆရာများက အခန်းထဲတွင်နေကာ ကျောင်းသားများ၏ မေးခွန်းတွေကို တစ်ဦးချင်း အချိန်မရွေး ဖြေကြားပေး၏။ တစ်ခါတစ်ရံ တန်ဖိုးရှိသော မေးခွန်းမျိုးနှင့် ကြုံရလျှင် အတန်းတစ်တန်းလုံးကို အတူတကွ ရှင်းပြပေးလေ့ရှိသည်။
ထိုနေ့ နားချိန်တွင် ဘယ်သူက MP3 ကို နားကြပ်သေချာမတပ်ထားမိမှန်းမသိဘဲ ရုတ်တရက် သီချင်းသံတစ်ခု ထွက်လာသည်။
"နောက်ဆုံးတော့လည်း ဒီနေ့ကို ရောက်လာခဲ့ပြီပဲ ကိုယ်စီကမ္ဘာလေးဆီ ပြေးသွားရတော့မယ် မှတ်ဉာဏ်ထဲက မင်းနဲ့ အဲဒီလူငယ်ဘဝအချိန်လေးတွေကို ဘယ်သူကမှ အစားမထိုးနိုင်ပါဘူး..."
မူလက နည်းနည်း ဆူညံနေသော စာသင်ခန်းလေးမှာ ချက်ချင်းပင် တိတ်ဆိတ်သွားတော့သည်။
ရှလီက အင်္ဂလိပ်စာ ဖတ်ရှုနားလည်မှု လေ့ကျင့်ခန်းကို လုပ်ရင်း အလေ့အကျင့်မပျက်အောင် ထိန်းသိမ်းနေသော်လည်း ယခုအချိန်တွင် ဘောပင်ကို ချထားလိုက်ပြီး မေးထောက်ကာ ငေးမော၍ နားထောင်နေမိချေသည်။
အားလုံးက ဘာစကားမှမဆိုကြဘဲ သီချင်းဆက်ဖွင့်နေသည်ကိုသာ နားထောင်နေကြ၏။
"စိတ်ချလက်ချ ပျံသန်းလိုက်ပါ ရဲရဲဝံ့ဝံ့ လိုက်ရှာပါ ငါတို့ မပြီးဆုံးသေးတဲ့ အိပ်မက်တွေအားလုံးကို လိုက်ရှာပါ စိတ်ချလက်ချ ပျံသန်းလိုက်ပါ ရဲရဲဝံ့ဝံ့ လက်ပြနှုတ်ဆက်လိုက်ပါ ဒီတစ်ကြိမ်မှာတော့ မျက်ရည်မကျဘူးလို့ ကတိပေးထားကြတယ်လေ..."
ကောင်မလေးအချို့က စားပွဲပေါ်တွင် မှောက်၍ ရှိုက်ငိုနေကြပြီး ဒီတိတ်ဆိတ်နေသော လေထုကို ပို၍ ဝမ်းနည်းဖွယ် ဖြစ်လာစေသည်။
ထိုအချိန်တွင် ရှောက်ယွီလုံက အသံထွက်လာသည်။
"ဟေ့ ချန်ထောင်း မင်း နားကြပ် သေချာမတပ်ထားဘူး မဖွင့်နဲ့တော့လေ ကျောင်းတောင် မပြီးသေးဘူး ငါတို့စိတ်ကို လာကစားနေတာလား"
ချန်ထောင်းဆိုသော ကောင်လေးက ထိုအခါမှ သတိဝင်လာပြီး နားကြပ်ကို ကမန်းကတန်း တပ်လိုက်၏။
ရှောက်ယွီလုံက ရယ်မောကာ ပြောလိုက်သည်။
"မင်း သီချင်းနားထောင်နေလို့ တော်သေးတာပေါ့ တခြား လူမမြင်ဝံ့တဲ့ဟာမျိုး ဖွင့်မိရင်တော့..."
ချန်ထောင်းက ပြန်အော်လိုက်သည်။
"သေလိုက်ေလ မင်းဟာကမှ လူမမြင်ဝံ့တာ"
အားလုံးက တဟားဟား ရယ်မောလိုက်ကြ၏။ ရှလီကလည်း လိုက်၍ ပြုံးလိုက်မိသည်။
_____