အခန်း ၆
Vol. 1 Ch. 6
အခန်း (၆)
သူမ ဘာမှမဖြစ်သလို ဟန်ဆောင်နိုင်ရန် မည်မျှ ကြိုးစားခဲ့ရသည်ကို ကောင်းကင်ဘုံကသာ သိနိုင်ပေမည်။ သူမနှလုံးခုန်သံမှာ မီတာ ၈၀၀ လောက်ပြေးပြီးခါစထက်ပင် ပိုမိုပြင်းထန်နေပြီး အောက်ဆီဂျင်ပြတ်သလို ခံစားချက်မျိုးကလည်း ပြေးနေရသည့်အတိုင်း တစ်ထပ်တည်းပင်။
ယန့်စစ်ရှီက ခေါင်းညိတ်ပြလိုက်ပြီး နည်းနည်း တုံ့ဆိုင်းသွားကာ ထို့နောက် ကျန်နားကြပ်တစ်ဖက်ကိုပါ ဖြုတ်လိုက်ပြီး ကျောပိုးအိတ် ဘေးအိတ်ကပ်ထဲမှ ငွေရောင် iPod ကို ထုတ်လိုက်ပြီး နားကြပ်ကြိုးကို သပ်ရပ်စွာ ရစ်ပတ်ပြီး အနက်ရောင် ဘောင်းဘီရှည်၏ အိတ်ကပ်ထဲကိုထည့်လိုက်သည်။
ရှလီမှာ လက်နှစ်ဖက်ဖြင့် ကျောပိုးအိတ်ကြိုးကို ဖွဖွလေး ကိုင်ထားပြီး မျက်လုံးထောင့်မှသာ ယန့်စစ်ရှီကို ခိုးကြည့်ရဲနေသည်။ သူမမှာ ဘာပြောရမလဲ မသိဖြစ်နေကာ သူ ဘာလို့ ပေချန်က ပြောင်းလာတာလဲ ဟု မေးရန်မှာလည်း နည်းနည်း ရိုင်းလွန်းရာကျမည်ဟု ထင်မိသည်။ ယန့်စစ်ရှီက တကယ်တော့ ချဉ်းကပ်ဖို့ အလွန်ခက်ခဲသည့် သူတစ်ယောက်ဖြစ်ကြောင်း သူမ ခံစားမိ၏။
သို့သော် သူက လူတွေကို ခပ်ချေချေ ဆက်ဆံတတ်သူမျိုးတော့ မဟုတ်ပေ။ လော့ဝေ့ကော်အပေါ် ဆက်ဆံသလိုပင် နေရခက်စရာ အခြေအနေမျိုးတွင်ပင် ယဉ်ကျေးစွာ တုံ့ပြန်တတ်သည်။ သူ၏ ယဉ်ကျေးမှုက တကယ်တော့ သူ၏သဘောထားကို ထင်ဟပ်နေခြင်းပင်။ လူတိုင်းနှင့် အဆင်ပြေပြေနေတတ်ပုံအထဲတွင် လူတိုင်းအပေါ် အေးစက်နေမှုက ပုန်းကွယ်နေ၏။
သူတို့သည် တိတ်တဆိတ် လမ်းလျှောက်လာရင်း အရှေ့ဘက် လမ်းဆုံကိုရောက်လာခဲ့သည်။ လမ်းချိုးကို ဖြတ်သွားချိန်တွင် မွှေးကြိုင်သော အနံ့တစ်သင်း လွင့်ပျံ့လာသဖြင့် ရှလီ၏ ခြေလှမ်းများ ရပ်တန့်သွား၏။ စည်ပိုင်းပုံစံ မီးဖိုရှေ့တွင် အနီရောင် မျက်နှာသုတ်ပုဝါကို ပေါင်းထားသော အမျိုးသမီးတစ်ဦးက လက်ထဲတွင် မီးညှပ်ကို ကိုင်ကာ မီးဖိုထဲမှ ဖက်ရွက်များပါသော ပြောင်းဖူးတွေကို တစ်ဖူးချင်းစီ သွက်လက်စွာ ညှပ်ထုတ်နေသည်။ သူမဘေးမှလူက သူမ၏ ခင်ပွန်းဖြစ်ဟန်တူပြီး လက်အိတ်စွပ်ကာ ပြောင်းဖူးဖက်တွေကို အမြန်ခွာပြီး ကျက်နေသော ပြောင်းဖူးတွေကို အိတ်ထဲထည့်ကာ ဝယ်သူတွေကို ကမ်းပေးနေ၏။ ဆိုင်လေးက သေးသော်လည်း လူတန်းရှည်ကြီး စီနေပြီး သံဖြူဘီစကွတ်ဘူးတစ်ဘူးထဲတွင် အကြွေစေ့များ ပြည့်နှက်နေကာ အားလုံးက ကိုယ့်ဘာသာ ပိုက်ဆံထည့်ပြီး အမ်းငွေကို ကိုယ့်ဘာသာ ယူနေကြသည်။
ရှလီက ထိုပြောင်းဖူးဆိုင်လေးကို လက်ညှိုးထိုးပြကာ ပြောလိုက်သည်။
"သူတို့ဆိုင်က ပြောင်းဖူးက အရမ်းအရသာရှိတယ်... ဝယ်စားကြည့်ပါလား"
သူမမှာ ပြောလေလေ သူမကိုယ်သူမ ယုံကြည်မှု နည်းလာလေလေပင်။ သူမရှေ့မှ ဒီလိုယောက်ျားလေးတစ်ယောက် ပြောင်းဖူးစားနေမည့်ပုံကို သူမ အတွေးထဲတွင်ပင် မြင်ယောင်ကြည့်၍ မရဖြစ်နေ၏။
ယန့်စစ်ရှီကမူ ပြန်ပြောလာသည်။
"အခွင့်အရေးရရင်ပေါ့"
သူ၏ လေသံက အမြဲတမ်းလိုလို အေးစက်စက် နိုင်နေဆဲပင်။
လမ်းချိုးထဲကိုဝင်လိုက်လျှင် လမ်းသွယ်လေးတစ်ခုဖြစ်ပြီး လမ်းတစ်ဖက်တစ်ချက်စီတွင် ဝူထုံပင်ကြီးများက အရိပ်အာဝါသ ပေးနေ၏။ လမ်းဘေးတစ်လျှောက်တွင် ဆိုင်ခန်းများက တန်းစီနေပြီး အစုံရောင်းချကြသည်။ ထိုစာအုပ်ဆိုင်လေးက ထိုဆိုင်ခန်းများကြားတွင် ညပ်နေပြီး ဟောင်းနွမ်းနေသော ဆိုင်းဘုတ်ပေါ်တွင် 'ရှန်ကျိစာအုပ်ဆိုင်' ဟု စာလုံးလေးလုံး ရေးထားကာ လုံးဝ မျက်စိကျစရာ မရှိချေ။
ဆိုင်လေးမှာ စတုရန်းမီတာ ဆယ်ဂဏန်းခန့်သာ ကျယ်ဝန်းနိုင်ပြီး ကျဉ်းမြောင်းလွန်းသဖြင့် လူတစ်ကိုယ်စာ လှည့်ရန်ပင် ခက်ခဲ၏။ စာအုပ်စင် နေရာမလောက်သဖြင့် အချို့စာအုပ်တွေကို မြေကြီးပေါ်တွင် အပုံလိုက် ပုံထားကာ ကီလိုနှင့်ရောင်းသည့် အမှိုက်များလို ဖြစ်နေသော်လည်း မွှေနှောက်ကြည့်လျှင် အားလုံးက ရတနာများချည်းသာ ဖြစ်သည်။ ရှင်းဟွာစာအုပ်ဆိုင်၊ ယန်ဖုန်းစာအုပ်ဆိုင်နှင့် ကျောင်းအနီးရှိ စာအုပ်ဆိုင်များတွင် မရှိသော လူကြိုက်နည်းသည့် သိပ္ပံဇာတ်လမ်းများ ကာတွန်းများ စုံထောက်ဇာတ်လမ်းများ စသည်တို့အားလုံးကို ဒီနေရာတွင် ရနိုင်သည်။ ဆိုင်ကိုလာသူ နည်းပြီး ဒီနေရာက အချို့ဝါသနာရှင်များ တိတ်ဆိတ်စွာ သဘောတူထားကြသော လျှို့ဝှက်စခန်းတစ်ခုနှင့် ပိုတူ၏။
ဆိုင်ပိုင်ရှင်မှာ မျက်နှာထားတင်းတင်းဖြင့် အဒေါ်ကြီးတစ်ဦးဖြစ်ပြီး ဝယ်သူများနှင့် ဘယ်တော့မှ စကားမပြောဘဲ တစ်ယောက်ထိုင် ကောင်တာအနောက်တွင် ထိုင်ကာ သူမဘာသာ စာအုပ်ဖတ်နေတတ်သည်။
ရှလီက ဧည့်ခံရမည့်တာဝန်ကို အလိုအလျောက် ယူလိုက်ပြီး ယန့်စစ်ရှီအား အသံနှိမ့်ကာ ပြောလိုက်သည်။
"ဒီမှာ နာမည်ကြီး ကာတွန်းတွေ အကုန်ရှိတယ်... လူကြိုက်နည်းတာတွေလည်း ရှိတယ် အထဲက စာအုပ်စင်တွေမှာ ကိုယ့်ဘာသာ ရှာရမယ်"
ယန့်စစ်ရှီက ခေါင်းညိတ်ပြလိုက်သည်။
"ကျေးဇူးပဲ ငါ ရှာကြည့်လိုက်ဦးမယ်"
စာအုပ်ဆိုင်ထဲတွင် ဖုန်နံ့တစ်မျိုးရှိပြီး မိုးရွာသောနေ့တွင် ပြတင်းပေါက်ဘေး၌ ထိုင်ကာ ဒိုင်ယာရီရေးရင်း ကာဗွန်မှင်ဘူးတစ်ဘူး မှောက်ကျသွားသကဲ့သို့ပုံနှိပ်မှင်နံ့များလည်း ရောနှောနေသည်။
ရှလီက ယန့်စစ်ရှီ၏ နောက်မှ လိုက်မသွားပေ။ မဟုတ်ရင် သူမက အရောင်းမြှင့်တင်ရေးသမားတစ်ယောက်လို ဖြစ်နေပြီး အလွန်ရိုင်းရာကျသွားလိမ့်မည်။ သူမလည်း စာအုပ်စင်ရှေ့တွင် ရပ်ကာ သူမ စိတ်ဝင်စားသော စာအုပ်တွေကို ရွေးနေလိုက်သည်။
ယန့်စစ်ရှီ၏ စာအုပ်စင်ကို ပတ်သွားပြီး အခြားတစ်ဖက်ကိုရောက်သွားသည့် ခြေသံကို ကြားလိုက်ရသည်။ စာအုပ်ဆွဲထုတ်လိုက်သံ၊ စာမျက်နှာလှန်လိုက်သော တိုးညင်းသောအသံလေးများက ပုစဉ်းလေးများ အတောင်ပံခတ်နေသလိုပင်။ ဒီတိုးဖျော့လှသော လှုပ်ရှားမှုလေးများက ရှလီအား အသက်ကိုပင် ပြင်းပြင်းမရှူရဲအောင် ဖြစ်စေချေသည်။
အပြင်ဘက်ရှိ နေဝင်ဆည်းဆာက ပို၍ တိုးဝင်သွားပြီး တစ်ဖက်လမ်းရှိ အဆောက်အအုံများ၏ အနောက်ကိုကျဆင်းသွားကာ ကောင်းကင်ယံက တစ်ဒင်္ဂအတွင်း မှောင်မိုက်သွားပြီး ဆိုင်ထဲတွင် မှိုင်းဝေလာ၏။ ဒီစက္ကန့်လေးတွင် ကမ္ဘာကြီးတစ်ခုလုံး တိတ်ဆိတ်သွားသလိုရှလီ ခံစားလိုက်ရသည်။
ခြေသံများက နီးလာလိုက် ဝေးသွားလိုက်ဖြစ်နေပြီး ဆယ်မိနစ်ခန့်အကြာတွင် ယန့်စစ်ရှီက စာအုပ်ရွေးပြီးသွားကာ စာအုပ်စင်အနောက်မှ ထွက်လာ၏။ ရှလီက သူပိုက်ထားသော စာအုပ်အပုံကို ကြည့်လိုက်သည်။ 《ပိုးကောင်ဆရာ》 ကာတွန်းစာအုပ် အစုံအလင်ပင် ဖြစ်သည်။
ရှလီက မေးလိုက်သည်။
"နင်လည်း ကာတွန်းတွေ ဖတ်တာပဲလား"
ယန့်စစ်ရှီက ဖြေသည်။
"တစ်ခါတလေတော့ ဖတ်တယ်... သူငယ်ချင်းက ညွှန်းလို့ အချိန်ဖြုန်းဖို့သက်သက်ပါပဲ"
ရှလီက ထောက်ခံလိုက်သည်။
"ပိုးကောင်ဆရာ က တကယ် ကောင်းတာ"
ယန့်စစ်ရှီက ပြန်ပြော၏။
"ဒါဆို ငါ သေချာပေါက် ပြီးအောင်ဖတ်လိုက်မယ်"
ယန့်စစ်ရှီက ကာတွန်းစာအုပ် အစုံအလင်ကို ကောင်တာပေါ်ကိုတင်လိုက်ပြီး တံခါးဝရှိ မဂ္ဂဇင်းစင်ကို တစ်ချက်ကြည့်ကာ အသစ်ထွက်သော 《ရုပ်ရှင်ကြည့်ခြင်းအနုပညာ》 နှင့် 《အများပြည်သူဆော့ဖ်ဝဲလ်》 ကို ယူလိုက်သည်။ ရှလီမှာ ထီပေါက်သွားသလိုဝမ်းသာသွားပြန်သည်။ 《ရုပ်ရှင်ကြည့်ခြင်းအနုပညာ》 ကလည်း သူမ တစ်အုပ်မှ မလွတ်တမ်းဖတ်သော အကြိုက်ဆုံး မဂ္ဂဇင်းလေ။
ယန့်စစ်ရှီက မဂ္ဂဇင်းနှစ်အုပ်ကို ကောင်တာပေါ်တင်လိုက်ပြီး သူမလက်ထဲကိုတစ်ချက်ကြည့်ကာ ပြောလိုက်သည်။
"အတူတူ ရှင်းလိုက်မယ်လေ"
ရှလီက ဒီစကားကို ဒီတိုင်းလေး နားလည်လိုက်သဖြင့် လက်ထဲရှိ 《ဝိညာဉ်စားသူ》 ကာတွန်းစာအုပ်အသစ်ကို တန်းပြီး ကမ်းပေးလိုက်သည်။ ဆိုင်ရှင်အဒေါ်ကြီးက ဂဏန်းပေါင်းစက်ဖြင့် အားလုံးပေါင်းတွက်လိုက်ပြီး အကြွေစွန်းတွေကို ဖြတ်ချလိုက်၏။ ယန့်စစ်ရှီက ပိုက်ဆံရှင်းပြီး အမ်းငွေကို ယူကာ ရှလီ၏ စာအုပ်ကို သူမထံ ကမ်းပေးလိုက်သည်။ သူတို့နှစ်ယောက် အတူတူ အပြင်သို့ထွက်လာပြီး ရှလီက ကျောပိုးအိတ်ကိုချကာ ရင်ဘတ်အရှေ့ကိုလွယ်လိုက်ပြီး ကာတွန်းစာအုပ်ကို အထဲသို့ထည့်ကာ ပိုက်ဆံအိတ်ကိုထုတ်၍ အတွင်းမှ ဆယ်ယွမ်တန်တစ်ရွက်ကို ထုတ်ပြီး ယန့်စစ်ရှီထံ ကမ်းပေးလိုက်သည်။
ယန့်စစ်ရှီက နည်းနည်း ကြောင်သွားပြီး ပြောလာသည်။
"ငါ မင်းကို လက်ဆောင်ပေးတာလေ… ဒီစာအုပ်ဆိုင်ကို လိုက်ပို့ပေးလို့ ကျေးဇူး…"
ရှလီက စကားထစ်သွားပြီး ပြန်ပြောလိုက်သည်။
"ငါက... ကူညီရုံလေးတင်ပါ"
ယန့်စစ်ရှီက အတင်းပေး၏။
"ယူထားလိုက်ပါ"
ရှလီက တိုးတိုးလေး ပြောလိုက်သည်။
"ကျေးဇူးပဲ"
သူမလည်း ထပ်ပြီး မငြင်းတော့ပေ။
ဒါက သူမ၏ လောဘကြောင့်ဆိုတာ သူမ ဝန်ခံပါသည်။ အနည်းဆုံးတော့ သူမမှာ ယန့်စစ်ရှီထံမှ လက်ဆောင် တစ်ခု ပိုင်ဆိုင်သွားပြီ မဟုတ်လား။
ရုတ်တရက် နိုကီယာ၏ နာမည်ကြီး ဖုန်းမြည်သံ ထွက်လာ၏။ ယန့်စစ်ရှီက ကာတွန်းစာအုပ်တွေကို ကျောပိုးအိတ်ထဲထည့်ကာ အိတ်ကပ်ထဲမှ ဖုန်းကို ထုတ်ယူလိုက်သည်။ သူက နည်းနည်း ကျောခိုင်းလိုက်ပြီး ဖုန်းကိုင်ပြီး အရှေ့ရှိ လမ်းညွှန်ဆိုင်းဘုတ်ကို ကြည့်ကာ တစ်ဖက်ကလူကို ဒီနေရာလိပ်စာကို ပြောပြလိုက်သည်။ ယန့်စစ်ရှီက ဖုန်းချပြီး ရှလီကို ကြည့်ကာ မေးလာသည်။
"ငါ ဒီမှာ ကားစောင့်လိုက်မယ်... လိုက်ပို့ပေးရမလား"
ရှလီအခန်း ၂၀ မှ ဘယ်ကျောင်းသားကိုမဆို ယန့်စစ်ရှီက ဒီလို ယဉ်ယဉ်ကျေးကျေး မေးလိမ့်မည်ဟု ယုံသည်။ သို့သော် သူမအနေဖြင့် အခြေခံယဉ်ကျေးမှုအရ တစ်ဖက်လူ၏ စေတနာကို အလွဲသုံးစားလုပ်ကာ သူ့ကို ဒုက္ခမပေးချင်ပေ။ ရှလီက ငြင်းလိုက်သည်။
"မလိုပါဘူး ငါ သူငယ်ချင်းတွေနဲ့ ချိန်းထားတယ် ထျန်းရှင်းလမ်းမှာပဲလေ အရမ်းနီးပါတယ်"
ယန့်စစ်ရှီက ဘာမှဆက်မပြောတော့ချေ။ ရှလီက နှုတ်ဆက်လိုက်သည်။
"ဒါဆို ငါ အရင်သွားနှင့်မယ်နော် ဘိုင့်ဘိုင်"
ယန့်စစ်ရှီက ပြန်နှုတ်ဆက်သည်။
"ဘိုင့်ဘိုင်"
ရှလီက လှည့်ထွက်လာပြီး လမ်းထိပ်ရောက်မှသာ နောက်ကိုတစ်ချက်ပြန်လှည့်ကြည့်လိုက်သည်။ ကောင်လေးက နားကြပ်ကိုတပ်ကာ ခေါင်းငုံ့ပြီး သစ်ပင်အောက်တွင် ကားစောင့်နေ၏။ လေတစ်ချက်တိုက်ခတ်သွားပြီး ကောင်းကင်ကြီးက လုံးဝ မှောင်မိုက်သွားကာ သူ၏အနောက်တွင် လမ်းမီးတိုင်များ လင်းထိန်လာခဲ့ချေသည်။