← Chapters

အခန်း ၂၆

Vol. 3 Ch. 26

အခန်း ၂၆

Vol. 3 Ch. 26

အခန်း (၂၆)

နောက်ပိုင်း လေ့ကျင့်မှုအကြိမ်အချို့တွင် ယန့်စစ်ရှီက ဝမ်ချန်းနှင့် တစ်ခါတစ်ရံ အတူတူလာတတ်သော်လည်း တစ်ခါတစ်ရံတော့ လာလေ့မရှိပေ။

သို့သော် သူလာသည့်အခါတိုင်း လူတိုင်းက အချိန်လုကာ ဒိုင်ယာလော့ခ်အသံထွက်တွေကို သူ့ကို ပြင်ဆင်ခိုင်းလေ့ရှိကြသည်။

အချိန်တိုအတွင်း စကားပြောစွမ်းရည် တိုးတက်လာရန် ခက်ခဲသော်လည်း မည်မျှပင် ညံ့ဖျင်းသူဖြစ်စေ ကြက်တူရွေးနှုတ်တိုက်ရွတ်သလိုလိုက်ပြောရင်း ဒိုင်ယာလော့ခ်အချို့ကို မတိမ်းမယိမ်း လေ့ကျင့်နိုင်သွားကြ၏။

လေ့ကျင့်မှုများ သေချာလေ့ကျင့်ဖြစ်နေကြချိန် အခြားတစ်ဖက်တွင် လင်ချင်းရှောင်နှင့် ဖျော်ဖြေရေးကော်မတီဝင်တို့ကလည်း မိတ်ကပ်နှင့် ဆံပင်အပြင်အဆင်အတွက် ပြင်ဆင်နေကြချေသည်။

ရှလီကတော့ သူမကိုယ်သူမ အုတ်ခဲတစ်လုံးအဖြစ် သတ်မှတ်ထားပြီး ရွှီနင်နှင့် လင်ချင်းရှောင်တို့ထဲမှ မည်သူက အကူအညီလိုလို သူမက အပြေးအလွှား သွားရောက်ကူညီပေးသည်။

မျက်စိတစ်မှိတ်အတွင်းမှာပင် ဒီဇင်ဘာလ ၂၉ ရက် သောကြာနေ့ နှစ်သစ်ကူးပွဲတော် ကျင်းပမည့်နေ့ကိုရောက်လာခဲ့သည်။ ဆရာများကလည်း ရှားရှားပါးပါး သဘောထားကြီးစွာဖြင့် မွန်းလွဲပိုင်း နောက်ဆုံးအချိန်ကို ပေးလိုက်ပြီး အားလုံးကို ပွဲတော်အတွက် ပြင်ဆင်ခွင့် ပေးလိုက်ကြသည်။

ယခင်က လေ့ကျင့်ခဲ့သော စာသင်ခန်းအလွတ်မှာ မိတ်ကပ်ပြင်ခန်းနှင့် ဇာတ်ခုံနောက်ခန်း နေရာဖြစ်လာခဲ့သည်။

လင်ချင်းရှောင်နှင့် ဖျော်ဖြေရေးကော်မတီဝင်တို့က စားပွဲသုံးလုံးကို ဆက်လိုက်ပြီး မိတ်ကပ်မှန်ကို တပ်ဆင်ကာ အားလုံးကို တစ်ယောက်ပြီးတစ်ယောက် မိတ်ကပ်စတင် လိမ်းပေးကြ၏။

လင်ချင်းရှောင်က အားလပ်ချိန်လေးတွင် ရှလီကို လှမ်းခေါ်ကာ အလုပ်သမားရေးရာကော်မတီဝင်တို့ ဇာတ်ဝတ်စုံ သွားယူရာမှ ပြန်ရောက်ပြီလားဟု ကူညီမေးမြန်းပေးရန် တောင်းဆိုလိုက်သည်။

ထိုဇာတ်ဝတ်စုံတွေကို အငှားဆိုင်တွင် ကြိုတင်၍ မှာယူထားခြင်း ဖြစ်သည်။

ချူချန်မှာ မြို့ငယ်လေးဖြစ်ရာ ထိုသို့သော ဇာတ်ဝတ်စုံများ ငှားရမ်းသည့်ဆိုင်များမှာ သနားစရာကောင်းလောက်အောင် နည်းပါးပြီး လင်ချင်းရှောင်နှင့် ဖျော်ဖြေရေးကော်မတီဝင်တို့က ရှိသမျှဆိုင်နည်းနည်းကို အနှံ့သွားရှာပြီးမှသာ အနိုင်နိုင် စုဆောင်းနိုင်ခဲ့ခြင်း ဖြစ်သည်။

သမ္မတနိုင်ငံခေတ်ပုံစံ စစ်ဝတ်စုံတွေကိုမူ ငှားရမ်းရန် နေရာမရှိသဖြင့် အတန်းရန်ပုံငွေထဲမှ ထုတ်ယူကာ အွန်လိုင်းမှ အစုံအချို့ ဝယ်ယူခဲ့ရ၏။

ရှလီက အလုပ်သမားရေးရာကော်မတီဝင်ထံကိုဖုန်းဆက်လိုက်ရာ သူတို့ ကျောင်းပေါက်ဝကိုရောက်နေပြီဖြစ်ကြောင်း သိလိုက်ရသည်။

လင်ချင်းရှောင်က ပြောလာသည်။

"ဒါဆို ရှရှ... ခဏနေကျရင် အဝတ်အစားတွေ အစုံပါမပါ ကူပြီးရေပေးပါဦး ပြီးရင် စာရင်းလေးပါ ကူပြီးလုပ်ပေးလိုက်နော် တခြားသူဆိုရင် ငါ စိတ်မချလို့"

ရှလီက OK ဟု လက်ဟန်ပြလိုက်ပြီး ပြော၏။

"နင် မိတ်ကပ်သာ ဆက်လိမ်းပါ... ငါ့ကိုသာ လွှဲထားလိုက်"

ခဏအကြာတွင် အလုပ်သမားရေးရာကော်မတီဝင်တို့က အဝတ်အစားများ ယူပြီး ပြန်ရောက်လာကြသည်။

ရှလီက သွားပြီး ကူရေပေးလိုက်‌ေတာ့ သမ္မတနိုင်ငံခေတ် ကျောင်းသူဝတ်စုံ ၆ စုံ လိုနေကြောင်း တွေ့လိုက်ရသည်။

ဘာဖြစ်တာလဲဟု မေးလိုက်တော့ အလုပ်သမားရေးရာကော်မတီဝင်က ရှင်းပြ၏။

"ဆိုင်ရှင်ကပြောတယ်... မနေ့က သက်မွေးဝမ်းကျောင်းကျောင်းက ကောင်မလေး ခြောက်ယောက်က ဓာတ်ပုံရိုက်ဖို့ဆိုပြီး ငှားသွားကြတယ်တဲ့ ဒီနေ့ နေ့လယ်မတိုင်ခင် ပြန်ပေးမယ်ဆိုပြီး အခုထိ ပြန်မပေးကြသေးဘူးတဲ့"

ဘေးရှိ ယောကျ်ားလေးတစ်ယောက်ကလည်း ဝင်၍ ထောက်ခံလိုက်သည်။

"ငါတို့တောင် ဆိုင်ရှင်နဲ့ ရန်ဖြစ်ခဲ့သေးတယ်... ဘယ်လိုလုပ် ဒီလိုလုပ်လို့ရမှာလဲ ငါတို့ကို ကြိုမှာထားပြီးသားဟာကို တခြားလူတွေကို ထပ်ငှားလိုက်သေးတယ် တကယ့်ကို ကတိမတည်တာပဲ"

ရှလီက ထိုကောင်လေး အဓိပ္ပာယ်မရှိ ပေါက်ကွဲနေတာကို ဖြတ်ပြောလိုက်ပြီး တိုက်ရိုက်ပင် မေးလိုက်၏။

"ဆိုင်ရှင်ရဲ့ ဖုန်းနံပါတ် ရှိလား"

အလုပ်သမားရေးရာကော်မတီဝင်က ခေါင်းကို ကုတ်လိုက်သည်။

ရှလီမှာ ဆွံ့အသွားကာ မေးလိုက်၏။

"အဲဒါဆို လိုနေတာက ဘယ်ဆိုင်ကဟာတွေလဲ"

အလုပ်သမားရေးရာကော်မတီဝင်က ပြန်ဖြေသည်။

"ယွီကာကဲ ဆိုင်ကဟာတွေ"

ရှလီက ဇာတ်ဝတ်စုံ စာရင်းမှတ်သည့်ကိစ္စကို အတန်းထဲတွင် အသေချာဆုံးဟု နာမည်ကြီးသော မိန်းကလေးတစ်ယောက်ထံ အထူးတလည် လွှဲခဲ့ပြီး လင်ချင်းရှောင်ထံကိုပြေးသွားကာ ယွီကာကဲ ဆိုင်ရှင်၏ ဖုန်းနံပါတ်ကို တောင်းယူလိုက်ချေသည်။

ထို့နောက် ဆိုင်ရှင်ထံ ဖုန်းဆက်ကာ သက်မွေးဝမ်းကျောင်းကျောင်းမှ ထိုမိန်းကလေး ခြောက်ယောက် ပေးခဲ့သော ဖုန်းနံပါတ်ကို တောင်းယူပြီး သူတို့ထံ ဆက်သွယ်လိုက်၏။

သက်မွေးကျောင်းမှ ထိုမိန်းကလေးများက လာမပို့ချင်ကြဘဲ သူတို့အားလုံး ရုပ်ရှင်သွားကြည့်ရန် ထွက်တော့မည်ဟုသာ ပြောလာကြသည်။

အတော်ကြာအောင် စကားပြောပြီး ထိုအဝတ်အစား ခြောက်စုံကို အဆောင်မှူးထံတွင် ထားခဲ့မည်ဖြစ်ပြီး ရှလီကို ကိုယ်တိုင်လာယူရန်သာ သူတို့က သဘောတူကြ၏။

ရှလီက လင်ချင်းရှောင်ကို အာရုံနောက်မည်စိုးသဖြင့် အတန်းခေါင်းဆောင် ကျူးရွှမ်ထံသို့သာ သွား၍ အခြေအနေကို ရှင်းပြလိုက်သည်။

ကျူးရွှမ်က အချိန်ကိုကြည့်ကာ မေးလိုက်၏။

"နင် အငှားကားစီးပြီး သွားမလို့လား... အခုအချိန်ဆို ကားတွေ တအားပိတ်နေမှာ သေချာတယ် အချိန်မီပါ့မလား"

ရှလီကလည်း အချိန်ကိုကြည့်ကာ ပြောလိုက်သည်။

"ငါ အရင်သွားကြည့်လိုက်ပါဦးမယ်... တကယ်လို့ အချိန်မမီတော့ဘူးဆိုရင် လူခြောက်ယောက် မပါဘဲ နေရုံပဲရှိတော့တာပေါ့"

သို့သော် သူမက ထိုကိစ္စမျိုး ဖြစ်လာမည်ကို မလိုလားချေ။

အတန်းထဲရှိ ကျောင်းသားအားလုံး ပါဝင်ကြပြီး အထက်တန်းနောက်ဆုံးနှစ် မရောက်မီ နောက်ဆုံးအကြိမ် အတူတကွ အမှတ်တရလေးတစ်ခု ဖြစ်လာနိုင်ရာ ပါဝင်ခွင့်မရမည့် မိန်းကလေး ခြောက်ယောက်အတွက် မည်မျှပင် ဝမ်းနည်းစရာကောင်းလိုက်မည်နည်း။

ကျူးရွှမ်က ပြောလိုက်သည်။

"အဲဒါဆိုလည်း ပြီးရောလေ... နင် အချိန်မရွေး ဖုန်းဆက်လိုက်နော် အချိန်မီ ပြန်မရောက်နိုင်ဘူးဆိုရင် ငါ ထပ်ပြီး ညှိပေးမယ်"

ရှလီက ဖြေ၏။

"အိုကေ"

ရှလီက ဟိုပြေးဒီပြေးလုပ်နေရသဖြင့် ချွေးများရွှဲနေကာ ယခုအချိန်တွင် ပစ္စည်းများပုံထားသော ထောင့်ဘက်ကိုပြန်လှည့်သွားပြီး သူမ၏ အနွေးထည်အပွကို ယူ၍ ခြုံလိုက်ပြီး အပြင်ကိုအမြန်ပြေးထွက်သွားလေတော့သည်။

လှေကားမှ အဆင်းတွင် လူတစ်ယောက်နှင့် မျက်နှာချင်းဆိုင် ဝင်တိုက်မိသွားချေသည်။

သူမက အလျင်စလိုဖြင့် တောင်းပန်လိုက်ပြီး ထိတ်လန့်စွာ ရပ်လိုက်မှသာ ဝမ်ချန်းနှင့်အတူ အပေါ်သို့တက်လာသော ယန့်စစ်ရှီ ဖြစ်နေကြောင်း သတိထားမိလိုက်သည်။

"ဆောရီးပါ"

သူမ ပို၍ပင် ထိတ်လန့်သွားကာ တောင်းပန်စကား နှစ်ခွန်းဆက်တိုက် ထပ်ပြောလိုက်မိ၏။

"ဆောရီး ဆောရီးပါ"

ယန့်စစ်ရှီက လက်တစ်ဖက်ဖြင့် လှေကားလက်ရန်းကို ကိုင်ထားကာ သူမကိုကြည့်၍ မေးလိုက်သည်။

"ဘာဖြစ်လို့လဲ"

သူမ စိုးရိမ်တကြီးဖြင့် ချွေးများထွက်နေသည်ကို သူ သတိထားမိသွားပုံရသည်။

ရှလီက အတိုချုပ် ရှင်းပြလိုက်၏။

"အဝတ်အစား ခြောက်စုံ လိုနေလို့ အခု ငါ သွားယူမလို့..."

ယန့်စစ်ရှီက မေးလာသည်။

"အချိန်မီပါ့မလား"

ရှလီက ပြန်ဖြေလိုက်ပြီး သူမရှေ့တွင် ရပ်နေသူမှာ ယန့်စစ်ရှီဖြစ်နေလျှင်ပင် ရှလီမှာ စကားစမြည်ပြောရန် အချိန်မရှိတော့သဖြင့် အောက်ကိုဆင်းသွားရင်း ပြောလိုက်ချေသည်။

"မသိဘူး... ငါ အရင်သွားနှင့်ပြီနော်... ဝမ်ချန်း နင်လည်း အပေါ်မြန်မြန်တက်ပြီး မိတ်ကပ်ပြင် အဝတ်အစား သွားလဲတော့လေ..."

ယန့်စစ်ရှီက အသံထွက်လာသည်။

"ခဏလေး"

ရှလီ၏ ခြေလှမ်းများ ရပ်တန့်သွား၏။

ယန့်စစ်ရှီက အောက်ကိုခြေနှစ်လှမ်းဆင်းလာပြီး သူမနှင့် တစ်ထစ်တည်းဖြစ်သော လှေကားထစ်တွင် ရပ်လိုက်သည်။

ယန့်စစ်ရှီက မေးလိုက်၏။

"မင်းတို့အတန်းထဲမှာ မင်းကို ကူညီမယ့်သူ မရှိဘူးလား"

ရှလီက ပြန်ဖြေသည်။

"သူတို့အားလုံး မိတ်ကပ်ပြင်ပြီး စောင့်နေရမှာမို့လို့... ငါတစ်ယောက်တည်း သွားလိုက်လာလိုက်လုပ်ရင် ဘာမှကြာမှာ မဟုတ်ဘူး"

ယန့်စစ်ရှီက စက္ကန့်နည်းနည်းမျှ ငြိမ်သက်သွားပြီး ပြောလာသည်။

"အိမ်ကလူတွေ ပစ္စည်းလာပို့တာ ကားပြန်ထွက်သွားတာ သိပ်မကြာသေးဘူး မင်းလိုတယ်ဆိုရင် ငါ ဖုန်းဆက်ပြီး ကားပြန်လှည့်လာခိုင်းလိုက်မယ် ပြီးရင် မင်းကို လိုက်ပို့ပေးခိုင်းလိုက်မယ်"

ကျောင်းဆောင်ဟောင်းတွင် ခေါင်းထက်ရှိ မှိန်ပျပျ အဖြူရောင်မီးရောင်က ရုပ်ရှင်ဟောင်းတစ်ကား၏ အငွေ့အသက်မျိုးကို ပေးစွမ်းနေ၏။

အရပ်ကွာဟမှုကြောင့် ယန့်စစ်ရှီ စကားပြောသည့်အခါတွင် ခေါင်းကို နည်းနည်းငုံ့၍ သူမကို ကြည့်နေပြီး သူ၏မျက်ခုံးနှင့် မျက်လုံးများမှာ မီးခိုးနုရောင် အရိပ်ထဲတွင် ဖုံးလွှမ်းနေသည်။

ဒီမြင်ကွင်းမှာ ဇာတ်လမ်းများထဲတွင်သာ ရှိနိုင်သော မြင်ကွင်းမျိုးဖြစ်ပြီး လူတစ်ယောက်၏ နှလုံးသားထဲကိုနက်ရှိုင်းစွာ ထွင်းထုထားသကဲ့သို့ပင်။

ဒီအခိုက်အတန့်ရှိ စိတ်ခံစားချက်ကို ဖော်ပြရန် ရှလီအတွက် အလွန်ခက်ခဲလှပြီး ချင်းရှောင်ကို စိတ်မပူစေရန်အတွက် တည်ငြိမ်အောင် ကြိုးစားထားသော်လည်း တကယ်တမ်းတွင်မူ ရင်ထဲ၌ အလွန်အမင်း စိုးရိမ်ထိတ်လန့်နေခဲ့ချေသည်။

ယန့်စစ်ရှီ၏ စကားများက နှင်းတောထဲတွင် မီးသွေးပို့ပေးလာသလိုအလွန်တရာ အထောက်အကူဖြစ်စေ၏။

လည်ချောင်းထဲတွင် နည်းနည်း ဆို့နင့်နေသလိုခံစားလိုက်ရပြီး သူမက ပြောလိုက်သည်။

"အဲဒါဆိုလည်း ဒုက္ခပေးရတော့မှာပဲ"

ယန့်စစ်ရှီက ဖုန်းကိုထုတ်ကာ နည်းနည်း ကျောခိုင်း၍ ဖုန်းခေါ်လိုက်၏။

ဖုန်းပြောပြီး ဝမ်ချန်းကို ပြောလိုက်သည်။

"မင်း အရင်တက်သွားနှင့်တော့လေ"

ဝမ်ချန်းက မျက်မှန်ကို တွန်းတင်လိုက်ပြီး ခေါင်းညိတ်ကာ အပေါ်ထပ်ကိုတက်သွားလေတော့သည်။

ယန့်စစ်ရှီက ရှလီဘက်ကိုလှည့်လာပြီး ပြောလာချေသည်။

"သွားရအောင်... ငါ မင်းနဲ့အတူ လိုက်သွားပေးမယ်"

ထုံးစံအတိုင်း အေးစက်စက် လေသံဖြစ်နေသော်လည်း ယခုအခိုက်အတန့်တွင်မူ ရှလီက ထိုစကားမှာ အလွန်တရာ နူးညံ့သိမ်မွေ့နေသည်ဟု ခံစားလိုက်ရသည်။

တကယ့်ကို ရက်စက်လွန်းလှချေသည်။

All Chapters