အခန်း ၄၀
Vol. 4 Ch. 40
အခန်း ၄၀
ရှလီက အဆောင်ကိုပြန်ရောက်တော့ ကျောပိုးအိတ်ကို ချွတ်၍ ကုလားထိုင်ပေါ် ပစ်တင်လိုက်ပြီး ကုတင်ပေါ်ကိုလှဲချလိုက်သည်။
သူမက ဖုန်းကိုယူကာ QQ ကိုဖွင့်ပြီး ထောင်ရှီးယွဲ့၏ အကောင့်ထဲကိုဝင်သွားလိုက်သည်။ ထောင်ရှီးယွဲ့က အခန်း ၇ တွင် ရှိစဉ်က သူမ၏ QQ အကောင့်ကို အက်ဒ်ထားဖူးသော်လည်း တစ်ခါမျှ စကားမပြောဖူးခဲ့ချေ။
ဝင်ဝင်ချင်းပင် ထိုဓာတ်ပုံကို တွေ့လိုက်ရ၏။
ရှလီက ၎င်းကို နှိပ်ဖွင့်လိုက်ပြီး ဓာတ်ပုံထဲတွင် တောက်ပစွာ ပြုံးနေသော ကောင်မလေးကို တိတ်တဆိတ် ကြည့်နေမိသည်။
အားကျမှုဒါမှမဟုတ်မနာလိုမှု တစ်ခုခုရှိနေသလားဆိုလျှင် ပြောရခက်သည်။ ကွာဟချက်က အလွန်သိသာထင်ရှားနေတော့ ဤသို့သောခံစားချက်မျိုး ဖြစ်ပေါ်လာရန် ခက်ခဲလှသည်။
ဓာတ်ပုံထဲတွင် အခြားသုံးယောက်က တောက်ပစွာ ပြုံးနေကြသော်လည်း ယန့်စစ်ရှီတစ်ယောက်တည်းသာ မျက်နှာထားက အေးစက်နေဆဲဖြစ်သည်။
သူနှင့် ဝမ်ချန်းက အတူတူရပ်နေပြီး အဖြူရောင်ဝတ်စုံကို ဝတ်ထားကာ အီကွေတာအနီးရှိ ထိုမျှပြင်းထန်သော နေရောင်အောက်တွင်ပင် နှင်းခဲကဲ့သို့အေးစက်သော အငွေ့အသက်မျိုး ရှိနေ၏။
ရှလီက ထိုဓာတ်ပုံကို သိမ်းဆည်းလိုက်ပြီး သူမ၏ ကိုယ်ပိုင် လျှို့ဝှက်ဓာတ်ပုံအယ်လ်ဘမ်ထဲကိုထည့်သွင်းလိုက်သည်။
ထိုအယ်လ်ဘမ်ထဲတွင် အားကစားပွဲတော်တွင် ခိုးရိုက်ထားသော ဓာတ်ပုံများနှင့် ရွှီနင်ထံမှ ကူးယူထားသော နှစ်သစ်ကူးပွဲတော် အမှတ်တရ အဖွဲ့လိုက်ဓာတ်ပုံများ ရှိနေ၏။
ထို့အပြင် ပျောက်သွားမည်ကို စိုးရိမ်သဖြင့် ဓာတ်ပုံရိုက်၍ သိမ်းဆည်းထားသော သူက တရုတ်လို အဓိပ္ပာယ်ရေးပေးထားသည့် ဝေါဟာရစာမျက်နှာနှင့် သူရေးပေးခဲ့သော ကွန်ပျူတာ အစိတ်အပိုင်းစာရင်းတို့လည်း ရှိနေသည်။
ရေတွက်ကြည့်လိုက်ရာ သနားစရာကောင်းလောက်အောင် နည်းပါးလှသည်။
ဒါတွေကပဲ သူမပိုင်ဆိုင်သမျှ ရတနာတွေ ဖြစ်နေပြီလေ။
…
ကျောင်းပိတ်ရက်အပြီး အတန်းပြန်စတော့ ရှလီက ကိုယ်လက်လှုပ်ရှား လေ့ကျင့်ခန်းလုပ်ချိန်တွင် ယန့်စစ်ရှီ၏ အရိပ်အယောင်ကို မြင်လိုက်ရသဖြင့် သူ ပြန်ရောက်နေပြီဖြစ်ကြောင်း သိလိုက်၏။
ကျောင်းနားချိန်တွင် တစ်ခါနှစ်ခါ ဆုံမိရာ နှုတ်ဆက်ရင်း စာမေးပွဲ ဖြေနိုင်ခဲ့လားဟု မေးကြည့်ရာ သူက အဆင်ပြေပါတယ်ဟု ဖြေသည်။
ထို့အပြင် နောက်ထပ် ဘာမှမရှိတော့ပေ။
လမ်းညွှန်ချက်မရှိဘဲ အောင်မြင်အောင် မကစားနိုင်သော ဂိမ်းတစ်ခုကို ဆော့ကစားနေရသလိုဖြစ်နေသော်လည်း သူမကမူ မငြီးမငွေ့ဘဲ ပျော်ရွှင်စွာ ဆက်ဆော့ကစားနေဆဲ ဖြစ်ချေသည်။
၂၀၀၉ ခုနှစ် ဇွန်လ ၂၁ ရက်နေ့သည် နွေယဉ်စွန်းချိန်ဖြစ်ပြီး အဖေများနေ့နှင့်လည်း တိုက်ဆိုင်နေ၏။
ရှလီ၏ ဆယ့်ခုနစ်နှစ်ပြည့် မွေးနေ့လည်း ဖြစ်သည်။
အထူးအတန်းများက တစ်ပတ်လျှင် တစ်ရက်ခွဲသာ ပိတ်သည်။
သူမ မိဘတွေက စနေနေ့တွင် ကျွီရှုမြို့နယ်သို့လာကာ မွေးနေ့ကျင်းပရန် ပြောသော်လည်း သူမက ဝေးသည်ဟုဆိုကာ မသွားခဲ့ပေ။ မိဘတွေက သူမဘာသာ အရသာရှိသည်များ ဝယ်စားရန်နှင့် နောက်တစ်ခေါက် ကျောင်းပိတ်ရက်ကျမှ လက်ဆောင်ကို ပြန်ပေးမည်ဟု ပြောလိုက်ကြသည်။
မွေးနေ့က တနင်္ဂနွေနေ့တွင်ဖြစ်ပြီး မွန်းလွဲပိုင်းတွင် ကျောင်းပြန်တက်ရမည်ဖြစ်သည်။
ကျောင်းရောက်တော့ ရင်းနှီးသော သူငယ်ချင်းများက မွေးနေ့လက်ဆောင်များ အသီးသီး လာပေးကြ၏။လင်ချင်းရှောင်က လက်ကောက်တစ်ကုံး ပေးပြီး ရွှီနင်ကတော့ သူမနှစ်သက်သော ကာတွန်းဆရာတစ်ဦး၏ ပန်းချီစာအုပ်ကို ပေးသည်။
အိုးယန်ကျင့်ကလည်း ချစ်စရာကောင်းပြီး သေသပ်လှပသော သော့ချိတ်တစ်ခုကို လက်ဆောင်ပေးခဲ့သည်။
ညစာကြည့်ချိန်တွင် ရှလီက မက်ဆေ့ချ်တစ်စောင် လက်ခံရရှိခဲ့၏။
ရှောက်ယွီလုံထံမှ ဖြစ်သည်။
"ကျောင်းသူရှ မွေးနေ့မှာ ပျော်ရွှင်ပါစေ... ငါ ဒီနေ့ ဆေးရုံမှာ ဆေးသွင်းနေရလို့ ခွင့်ယူထားတာမို့ ကျောင်းကို မလာနိုင်ဘူး နင့်ရဲ့ မွေးနေ့လက်ဆောင်ကို မနက်ဖြန်ကျမှ ပေးတော့မယ်"
ရှလီက ပြန်ပို့လိုက်သည်။
"ကျေးဇူးပဲ... ဆေးသွင်းရတယ်ဆိုတာ ဘာဖြစ်လို့လဲ နေမကောင်းဘူးလား"
ရှောက်ယွီလုံက ဖြေသည်။
"ရပါတယ် အအေးမိပြီး ဖျားသွားလို့ပါ"
ရှလီက ပြန်ပြောလိုက်သည်။
"ကောင်းကောင်း အနားယူနော်"
"ကျေးဇူးပဲ နင့်မွေးနေ့မှာ ပျော်ရွှင်ပါစေလို့ ထပ်ပြီး ဆုတောင်းပေးလိုက်ပါတယ် ကိတ်မုန့်စားဖို့ မမေ့နဲ့ဦးနော်" ရှောက်ယွီလုံက မက်ဆေ့ချ်ပို့၏။
နောက်နေ့မနက် ရှလီက စင်္ကြံလမ်းမှတစ်ဆင့် စာသင်ဆောင်ကိုသွားနေစဉ် အနောက်မှ အသံတစ်သံက သူမကို လှမ်းခေါ်လိုက်သည်ကို ကြားလိုက်ရ၏။
"ရှလီ"
ရှောက်ယွီလုံဖြစ်ပြီး လက်ထဲတွင် လက်ဆောင်အိတ်တစ်အိတ် ကိုင်ထားသည်။
ရှောက်ယွီလုံက ခပ်သုတ်သုတ် လျှောက်လာပြီး ထိုလက်ဆောင်အိတ်ကို ရှလီထံ ကမ်းပေးလိုက်သည်။
"မွေးနေ့မှာ ပျော်ရွှင်ပါစေ"
"ကျေးဇူးပဲ" ရှလီက ပြုံးကာ စမ်းသပ်မကြည့်လိုက်ပြီး မေးလိုက်သည်။ "စာအုပ်တော့ မဟုတ်ပါဘူးနော်"
"..."
သူတို့နှစ်ယောက် အတန်းထဲကိုအတူတူ လျှောက်လာရင်း ရှလီက မေးလိုက်သည်။
"နင် အအေးမိတာ သက်သာသွားပြီလား"
"သက်သာသွားပါပြီ" ရှောက်ယွီလုံ၏ မျက်နှာထားက နည်းနည်း နေရခက်နေပုံပေါ်ပြီး ဒီရာသီဥတုတွင် ဆေးသွင်းရလောက်အောင် အအေးမိသွားသည့်အတွက် အတော်လေး ရှက်ရွံ့နေပုံရ၏။
အတန်းထဲရောက်ပြီး မနက်ခင်းစာကြည့်ချိန် တက်ရသည်မှာ အရာအားလုံး ပုံမှန်အတိုင်းပင် ဖြစ်သည်။
ရှောက်ယွီလုံပေးသော လက်ဆောင်ကို ရှလီက ဖောက်ကြည့်ရာ ဗန်ဂိုး၏ နေကြာပန်း ပန်းချီကား ပုံဆက်ဓာတ်ပုံဘောင်တစ်ခု ဖြစ်နေ၏။
မနက်ခင်းစာကြည့်ချိန် အပြီးတွင် ရှလီက လင်ချင်းရှောင်တို့နှင့်အတူ ကန်တင်းတွင် မနက်စာ သွားစားခဲ့သည်။
မြေညီထပ်ကိုရောက်တော့ စင်္ကြံလမ်းတွင် တစ်စုံတစ်ယောက်က သူမကို လှမ်းခေါ်လိုက်၏။
"ရှလီ"
ဒီအသံကိုတော့ ရှလီ အကြားမှားစရာ အကြောင်းမရှိပေ။
သူမ ကြောင်အမ်းသွားပြီး လှည့်ကြည့်လိုက်ရာ ယန့်စစ်ရှီက အခန်း ၂၀ ဘက်မှ လျှောက်လာနေပြီး လက်ထဲတွင် အနက်ရောင် စာအိတ်တစ်အိတ် ကိုင်ထား၏။
ယန့်စစ်ရှီက သူမတို့အနားကိုရောက်လာပြီး ရှလီကို တစ်ချက်ကြည့်ကာ ပြောလိုက်သည်။
"နင့်အချိန်လေး နည်းနည်းလောက် ယူလို့ရမလား"
ရှလီက လင်ချင်းရှောင်နှင့် ရွှီနင်တို့ကို အမြန်ပြောလိုက်သည်။
"နင်တို့ ကန်တင်းကို အရင်သွားနှင့်ကြလေ"
မနက်ခင်း ကန်တင်းတွင် နှစ်မိနစ်လောက် နောက်ကျသွားလျှင်ပင် တန်းရှည်ကြီး စီနေရမည်ဖြစ်သည်။
"နင့်အတွက် မနက်စာ ဝယ်ခဲ့ပေးရမလား" လင်ချင်းရှောင်က မေးလိုက်သည်။
ရှလီက ဖြေသည်။
"အင်း..."
လင်ချင်းရှောင်က ထပ်မေး၏။
"ပန်းထုပ်မုန့်နဲ့ ပဲနို့ပဲလား"
"အိုကေ ဒုက္ခပေးပြီနော်"
သူတို့နှစ်ယောက် ထွက်သွားပြီး ယန့်စစ်ရှီက စင်္ကြံမှ ပြတင်းပေါက်ကို ကြည့်ကာ ဟိုဘက်ကိုသွားရန် အချက်ပြလိုက်၏။
ထိုပြတင်းပေါက်က အပြင်ဘက် အားကစားကွင်းဘက်ကိုမျက်နှာမူထားပြီး ပြေးလမ်းပေါ်တွင် ကျောင်းသားများ မနက်ခင်း လေ့ကျင့်ခန်း လုပ်နေကြပြီ ဖြစ်သည်။
လေထုထဲတွင် နွေရာသီမနက်ခင်း၏ သီးသန့်ဖြစ်သော ရေခိုးရေငွေ့များနှင့် မြက်ခင်းနံ့များ ရောနှောနေချေသည်။
ယန့်စစ်ရှီက သူမကို ကြည့်ကာ မေးလိုက်သည်။
"ဒီနေ့က နင့်မွေးနေ့လား"
ရှလီက ခဏတန့်သွားပြီး ပြန်ဖြေသည်။
"မနေ့ကပါ"
ယန့်စစ်ရှီက ပြောလာသည်။
"နင့်အတန်းက ယောကျ်ားလေးတစ်ယောက် နင့်ကို မွေးနေ့လက်ဆောင်ပေးတာကို တွေ့လိုက်လို့ ငါထင်တာက..."
ရှလီမှာ အံ့ဩသွားရ၏။
စင်္ကြံမှာတုန်းကလား ယန့်စစ်ရှီ မြင်လိုက်တာလား သူလည်း အဲဒီမှာ ရှိနေတာလား။
သူမက ဘာလို့ သတိမထားမိခဲ့တာလဲ။
ရှလီက ရှင်းပြလိုက်သည်။
"သူက မနေ့က ခွင့်ယူထားလို့ ကျောင်းမလာဘူး အဲဒါကြောင့်..."
ယန့်စစ်ရှီက ထိုအနက်ရောင် စာအိတ်ကို သူမထံ ကမ်းပေးလိုက်၏။
"ဒါဆိုလည်း နောက်ကျသွားတဲ့ မွေးနေ့လက်ဆောင်အဖြစ် သတ်မှတ်လိုက်ပါ"
ရှလီမှာ ယုံကြည်ရခက်လောက်အောင် ဖြစ်သွားရသည်။
"ငါ့ကို ပေးတာလား"
"ဒါမှမဟုတ်ရင်ရော" ယန့်စစ်ရှီက အပြုံးယဲ့ယဲ့လေးဖြင့် ပြောလိုက်သည်။
ရှလီက ထိုလက်ဆောင်ကြောင့်လားဒါမှမဟုတ်လေတိုက်သွားသော နှင်းပွင့်များထက်ပင် ဖမ်းဆုပ်ရခက်သော ယန့်စစ်ရှီ၏ အပြုံးကြောင့်လား မသိ သူမ၏ နှလုံးခုန်သံများ လုံးဝ ရပ်တန့်သွားသလိုခံစားလိုက်ရချေသည်။
သူမ၏အကြည့်က သူ၏မျက်ခုံးနှင့် မျက်လုံးများကြားတွင် တစ်ချက်မျှသာ ရပ်တန့်သွားပြီး လျှပ်စစ်ရှော့ခ်ဖြစ်သွားသလိုချက်ချင်း ပြန်ရုပ်သိမ်းလိုက်၏။
သူမ ငေးမောနေစဉ်မှာပင် စာအိတ်ကို လှမ်းယူလိုက်မိသည်။
"...ကျေးဇူးပဲ"
"ရတယ်" ယန့်စစ်ရှီက ပြောလိုက်သည်။ "ပဲအနှစ်ပေါက်စီအတွက် လက်ဆောင်ပြန်ပေးတယ်လို့ပဲ သဘောထားလိုက်ပါ"
ရှလီမှာ စကားပင် မပြောနိုင်လောက်အောင် ဖြစ်သွားရ၏။
"...အဲဒါ အဲဒါက တအား ဈေးပေါတာကို"
ယန့်စစ်ရှီက ဖြေသည်။
"ဒါကလည်း ဈေးမကြီးပါဘူး"
ယန့်စစ်ရှီက ဖုန်းကိုထုတ်ကာ အချိန်ကို တစ်ချက်ကြည့်လိုက်သည်။
"ငါ အတန်းထဲ အရင် ပြန်တော့မယ်"
ရှလီက ခေါင်းညိတ်လိုက်၏။
"အင်း... ကျေးဇူးပဲနော်"
ရှလီက ထိုစာအိတ်ကို ကိုင်ထားရင်း အထပ်ပေါ်ကိုအပြေးကလေးတက်သွားကာ နေရာကိုပြန်ရောက်တော့ စားပွဲပေါ်တွင် မှောက်လျက် အချိန်အတော်ကြာ အနားယူလိုက်ရသော်လည်း ပြင်းထန်နေသော နှလုံးခုန်နှုန်းကို မလျှော့ချနိုင်သေးပေ။
မနှစ်က မွေးနေ့တုန်းက ယန့်စစ်ရှီနှင့် ပထမဆုံးအကြိမ် ဆုံတွေ့ခဲ့ရသည်။
ဒီနှစ် မွေးနေ့မှာတော့ ယန့်စစ်ရှီဆီကနေ လက်ဆောင်စာအိတ်တစ်အိတ် ရခဲ့ပြန်သည်။
ထိုအချိန်မှစ၍ နွေယဉ်စွန်းချိန်သည် သူမအတွက် သာမန်ရာသီဥတုအကူးအပြောင်းကာလ မဟုတ်တော့ချေ။
ထိုအနက်ရောင် စာအိတ်ပေါ်တွင် မည်သည့်စာသားမျှ မပါဘဲ ဖွင့်ကြည့်လိုက်တော့ အထဲတွင် ပို့စကတ်တစ်ကတ် ရှိနေ၏။
အပြာရောင် ပင်လယ်ရေပြင်နှင့် ရောင်စုံ အပူပိုင်းဇုန် ငါးလေးများ၏ ပုံဖြစ်သည်။
လက်ချောင်းထိပ်များမှတစ်ဆင့် လတ်ဆတ်သော ပင်လယ်ရေလှိုင်းနံ့ကိုပင် ရရှိနေသလိုခံစားရသည်။
အနောက်ဘက်တွင် 'Singapore Underwater World', 'Dolphin Lagoon', 'Turtle Pool' စသည်ဖြင့် စာတိုက်တံဆိပ်တုံးများစွာ ရိုက်နှိပ်ထား၏။
သေချာပေါက် တမင်တကာ စုဆောင်းထားခြင်း ဖြစ်ပေမည်။
နေရာလွတ်တွင် စာကြောင်းနည်းနည်း ရေးသားထားသည်။
'Life is like a sea.'
'မွေးနေ့မှာ ပျော်ရွှင်ပါစေ။'
ယန့်
၂၀၀၉.၆.၂၂