အခန်း ၃၁
Vol. 4 Ch. 31
အခန်း ၃၁
ရှလီက လှည့်ကြည့်လိုက်ရာ ရှောက်ယွီလုံက တတိယထပ် စင်္ကြံလမ်း လက်ရန်းပေါ်တွင် လက်နှစ်ဖက်ထောက်ကာ ဒီနေရာကို လှမ်းကြည့်နေ၏။
ရှောက်ယွီလုံက ပြုံး၍ ပြောလာသည်။
"ပစ္စည်းတွေ မြန်မြန်ယူခဲ့ တံခါးပိတ်တော့မယ်"
ရှလီက အော်ပြောလိုက်သည်။
"အခု လာပြီ"
ဝမ်ချန်းက ဘောလုံးကောက်ပြီး ပြန်လျှောက်လာကာ နာရီစင်ပေါ်ရှိ နာရီကြီး၏ အချိန်ကို ကြည့်ပြီး ရှလီကို မေးလိုက်၏။
"နင် ညစာစားပြီးပြီလား"
ရှလီက ပြန်ဖြေသည်။
"မစားရသေးဘူး"
ဝမ်ချန်းက ဖိတ်လိုက်သည်။
"ဒါဆို ငါ နင့်ကို ထမင်းဝယ်ကျွေးမယ်"
ရှလီက ငြင်းလိုက်၏။
"မလိုပါဘူး ငါ့ကိုမှ မမှန်တာ"
ဝမ်ချန်းက အတင်းပြောသည်။
"ဒါပေမဲ့ နင် လန့်သွားတယ်လေ"
ရှလီက ပြုံးကာ ပြောလိုက်သည်။
"တကယ် မလိုပါဘူး ငါ အတန်းထဲပြန်ပြီး ပစ္စည်းတွေ သွားသိမ်းရဦးမယ် နင်တို့ ဆက်ကစားကြလေ"
သို့သော် ဝမ်ချန်းက အခွင့်အရေးမပေးဘဲ ပြောလာချေသည်။
"ဒါဆို ရေဝယ်တိုက်မယ် ငါတို့လည်း မကစားတော့ဘူး နင် အရင်သွားလိုက် ခဏနေရင် မြေညီထပ် အပေါက်ဝမှာ တွေ့ကြမယ်"
ရှလီက ထပ်မငြင်းတော့ပေ။ သဘာဝကျစွာပင် ယန့်စစ်ရှီနှင့် ခဏတာ ထပ်မံ အတူရှိနေခွင့် ရမည်ဖြစ်သောကြောင့်ပင်။
တံမြက်စည်းနှင့် တံမြက်စည်းဂေါ်ပြားတို့ကို ထားပြီး ရှလီက သန့်စင်ခန်းကိုသွားကာ လက်နှင့် မျက်နှာကို ဆေးကြောလိုက်သည်။
အတန်းထဲကိုပြန်ရောက်တော့ ပစ္စည်းတွေကို စတင်သိမ်းဆည်း၏။
ညဘက် အိမ်ပြန်ရမည်ဖြစ်သဖြင့် ပစ္စည်းတွေကို ပြည့်စုံအောင် ယူသွားရမည်ဖြစ်သည်။ အောက်ထပ်မှ လူတွေကိုလည်း စိတ်ပူနေပြီး အကြာကြီးစောင့်ရသဖြင့် စိတ်မရှည်ဖြစ်မည်ကို စိုးရိမ်နေသောကြောင့် ရှားရှားပါးပါးပင် အလောတကြီး လှုပ်ရှားနေမိတော့သည်။
အတန်းထဲတွင် သူမနှင့် ရှောက်ယွီလုံ နှစ်ယောက်တည်းသာ ရှိပြီး ရှောက်ယွီလုံကလည်း ပစ္စည်းများ သိမ်းဆည်းနေ၏။
သူမ သိမ်းပြီးချိန်တွင် ရှောက်ယွီလုံလည်း သိမ်းပြီးသွားသည်။
သူက အတန်းတံခါးဝတွင် ရပ်ကာ သူမ လျှောက်လာသည်ကို စောင့်ပြီးမှ မီးပိတ်လိုက်၏။
တံခါးသော့ခတ်ပြီး နှစ်ယောက်သား အတူတူ အောက်ကိုဆင်းလာခဲ့ကြသည်။
ရှောက်ယွီလုံက ပြုံး၍ မေးလာသည်။
"ထျန်းရှင်းလမ်းမှာ ညစာ အတူတူ သွားစားကြမလား"
ရှလီက ဖြေလိုက်၏။
"ငါ နေတဲ့နေရာကို အရင်ပြန်ပြီး ပစ္စည်းလေး နည်းနည်းသွားယူရဦးမယ် ပြီးရင် အိမ်ပြန်မယ့် ဘတ်စ်ကား မှီအောင် သွားရမှာမို့ နောက်တစ်ခေါက်မှပဲ စားကြတာပေါ့"
ရှောက်ယွီလုံက မေးလိုက်သည်။
"နင်က ဖွံ့ဖြိုးမှုဇုန်မှာ နေတာမလား"
ရှလီက ခေါင်းညိတ်လိုက်သည်။
"အင်း"
ရှောက်ယွီလုံက မှတ်ချက်ချ၏။
"အဲဒါ တော်တော်ဝေးတာပဲ"
ရှလီက ပြန်ဖြေသည်။
"အင်း"
စကားပြောရင်းဖြင့် မြေညီထပ်ကိုရောက်လာခဲ့သည်။
ထွက်ပေါက်တွင် ဝမ်ချန်းနှင့် ယန့်စစ်ရှီတို့က စောင့်နေကြ၏။
ရှောက်ယွီလုံက နှုတ်ဆက်လိုက်သည်။
ဝမ်ချန်းမှာ နည်းနည်း ကြောင်အမ်းသွားချေသည်။
ရှလီက သတိပေးလိုက်၏။
"သူက ယန်ဟူချန် နေရာကနေ သရုပ်ဆောင်တာလေ"
ဝမ်ချန်းက သဘောပေါက်သွားသည်။
"အော် အော် အော်"
စကားပြောနေချိန်တွင် ရှလီက ယန့်စစ်ရှီကို မသိမသာ ခိုးကြည့်လိုက်မိသည်။
သူ၏ နဖူးပေါ်ရှိ မင်ရောင်ဆံပင်များက ပိုမိုစိုစွတ်နေသည်ကို သတိထားမိလိုက်ပြီး ခုနက မျက်နှာသစ်ထားပုံရကာ မျက်နှာထားကလည်း ဆေးကြောထားသလိုအေးစက်ကြည်လင်နေ၏။
လူလေးယောက် အတူတကွ အပြင်ကိုထွက်လာကြပြီး ဝမ်ချန်းနှင့် ယန့်စစ်ရှီက ရှေ့မှဖြစ်ကာ ရှလီနှင့် ရှောက်ယွီလုံက နောက်မှ လိုက်ပါလာကြသည်။
ရှလီက လမ်းတစ်လျှောက် ရှောက်ယွီလုံနှင့် ဘာတွေပြောခဲ့မှန်း မမှတ်မိတော့ဘဲ တစ်လမ်းလုံး စိတ်လွင့်နေကာ အရှေ့မှ ယန့်စစ်ရှီကိုသာ အာရုံစိုက်နေမိချေသည်။
သူတို့က SAT စာမေးပွဲအကြောင်း ပြောနေကြပုံရသည်။
ယန့်စစ်ရှီက ကျောပိုးအိတ်၏ ကြိုးတစ်ဖက်ကိုသာ လွယ်ထားပြီး အပေါ်ထပ်အင်္ကျီကို မဝတ်ဘဲ လက်ထဲတွင်သာ ကိုင်ထား၏။ သူဝတ်ထားသော အဖြူရောင် တီရှပ်အပွက နေဝင်ဆည်းဆာလေပြေကြောင့် နည်းနည်း ဖောင်းကြွနေပြီး လေငြိမ်သွားချိန်တွင်တော့ သူ၏ ဖြောင့်စင်းသော ကျောပြင်ပေါ်ရှိ ထင်ရှားသော လက်ပြင်ရိုးပုံစံကို ပေါ်လွင်စေသည်။
မကြာမီမှာပင် ကျောင်းပေါက်ဝကိုရောက်လာပြီး ဝမ်ချန်းက ဦးဆောင်ကာ စာရေးကိရိယာဆိုင်ရှေ့ရှိ ရေခဲသေတ္တာနားတွင် ရပ်လိုက်၏။
ဝမ်ချန်းက ရှလီကို မေးလိုက်သည်။
"ဘာသောက်မလဲ"
ရှလီက ဖြေ၏။
"လက်ဖက်ရည်ပဲ သောက်မယ်"
ဝမ်ချန်းက မေးပြန်သည်။
"ခမ်းရှစ်ဖူလား ထုံရီလား"
ရှလီက ရွေးလိုက်သည်။
"ထုံရီ"
ဝမ်ချန်းက ရေခဲသေတ္တာတံခါးကိုဖွင့်ကာ အထဲတွင် မွှေနှောက်ရှာဖွေနေ၏။
ယန့်စစ်ရှီက တစ်ချက်ကြည့်လိုက်ပြီး လက်လှမ်းကာ ထုံရီ လက်ဖက်ရည် တစ်ပုလင်းကို သေချာစွာ ယူထုတ်ပေးလိုက်သည်။
သူက ဘေးသို့လှည့်ကာ ဘေးတွင်ရပ်နေသော ရှလီထံကိုကမ်းပေးလိုက်၏။
ကောင်လေး၏ လက်ဖျံမှ လက်ကောက်ဝတ်အထိ အကွေးအကောက်များက တင်းရင်းသွယ်လျနေပြီး ပလတ်စတစ်ပုလင်းကို ကိုင်ထားသော သွယ်လျသည့် လက်ချောင်းလေးများပေါ်တွင် ခပ်ရေးရေး ရေခဲငွေ့များ ကပ်တွယ်နေချေသည်။
ရှလီက လှမ်းယူရင်း ပြောလိုက်သည်။
"ကျေးဇူးပဲ"
သူမ၏ လက်ချောင်းများက ယန့်စစ်ရှီ ကိုင်ထားခဲ့သော နေရာကို ကိုင်မိသွားပြီး နည်းနည်း တင်းတင်းဆုပ်ကိုင်လိုက်မိ၏။
ပုလင်းလေးက အေးစက်နေသော်လည်း သူမ၏ လက်ချောင်းထိပ်လေးများက ပူနွေးနေသည်ဟု ခံစားရသည်။ ထိုသို့ပြာယာခတ်သွားမှုက သူမရင်ထဲတွင် နွေဦးရောက်လာသလိုမျိုးပင်။
ရှောက်ယွီလုံနှင့် ယန့်စစ်ရှီတို့ကလည်း ကိုယ့်ရေပုလင်းကိုယ် ယူလိုက်ကြပြီး ဝမ်ချန်းက ရှလီ၏ ပုလင်းအတွက်ပါ ပိုက်ဆံရှင်းပေးလိုက်၏။
ရှောက်ယွီလုံက ပြုံး၍ မေးလာသည်။
"နင်တို့ ဘယ်သွားကြဦးမလဲ အိမ်ပြန်ကြတော့မလို့လား"
ရှလီက ဖြေလိုက်သည်။
"ငါ နေတဲ့နေရာကို ပြန်မှာ"
ဝမ်ချန်းက ဝင်ပြော၏။
"ငါနဲ့ ယန့်စစ်ရှီက ရှန်ကျိစာအုပ်ဆိုင်ကို သွားပြီး သိပ္ပံစိတ်ကူးယဉ် ဝတ္ထုနှစ်အုပ် သွားဝယ်မလို့"
ရှောက်ယွီလုံက မေးလိုက်သည်။
"ရှန်ကျိစာအုပ်ဆိုင် ဘယ်တုန်းကမှ မကြားဖူးပါဘူး"
ဝမ်ချန်းက ရှင်းပြ၏။
"နေရာသေးသေးလေးပါ ရှာရခက်တယ် မင်း အတူတူ လိုက်ဦးမလား"
ရှောက်ယွီလုံက ပြုံးကာ နှာခေါင်းထိပ်ကို ပွတ်ရင်း ရှလီကို တစ်ချက်ကြည့်ကာ ငြင်းလိုက်သည်။
"မသွားတော့ဘူး မနှစ်က မွေးနေ့တုန်းက လက်ဆောင်ရထားတဲ့ စာအုပ်တွေတောင် ဖတ်လို့ မပြီးသေးဘူး"
ရှလီမှာတော့ ဝမ်ချန်းက ရှန်ကျိစာအုပ်ဆိုင် ဟု ပြောလိုက်သည်ကို ကြားလိုက်ရချိန်တွင် အလိုအလျောက်ပင် ယန့်စစ်ရှီကို ကြည့်လိုက်မိတော့သည်။
ယန့်စစ်ရှီကလည်း သူမကို ပြန်ကြည့်လာပြီး သူမကြည့်လိုက်သော အဓိပ္ပာယ်ကို လုံးဝနားလည်သွားပုံရကာ ခေါင်းကို နည်းနည်း ငုံ့၍ အသံကို တိုးချကာ မေးလာ၏။
"တခြားလူကို ပြောပြလိုက်တာ ရတယ်မို့လား"
ရှလီက ခေါင်းခါလိုက်သည်။
"ဝမ်ချန်းဆိုရင်တော့ ပြဿနာမရှိပါဘူး တခြားသူတွေဆိုရင်တော့"
တခြားသူတွေသာဆိုရင်တော့...
သူမ စဉ်းစားကြည့်မိသည်။ အကယ်၍ တခြားသူ ကသာ ထောင်ရှီးယွဲ့ဖြစ်ခဲ့မည်ဆိုလျှင်...
ထိုသူမှာ ထောင်ရှီးယွဲ့ဖြစ်စေဒါမှမဟုတ်သူမ လုံးဝမရင်းနှီးသော အခြားသူများဖြစ်နေမည်ကို သူမ စိတ်ကူးမယဉ်ရဲပေ။ တွေးကြည့်ရုံဖြင့်ပင် ရင်ကြပ်လာသလိုခံစားရ၏။
မှောင်ရီပျိုးစ အပြာရင့်ရောင် ကောင်းကင်အောက်တွင် သူမက ခေါင်းမော့၍ သူ့ကို တစ်ချက်ကြည့်လိုက်ပြီး အမြန် ပြန်လွှဲဖယ်လိုက်သည်။
သူမတွင် ယုံကြည်မှုမရှိလှပေ။
ထိုဆိုင်မှာ ရှာတွေ့နိုင်သရွေ့ မည်သူမဆို သွားနိုင်သော စာအုပ်ဆိုင်တစ်ခုသာဖြစ်ပြီး သူမ ပိုင်ဆိုင်သောအရာမှ မဟုတ်ပဲ။
သို့သော် ယန့်စစ်ရှီက ခေါင်းညိတ်ပြလိုက်ပြီး သူ၏အသံလေးမှာ ပိုတိုးသွားကာ ဆည်းဆာမြူခိုးများ၏ အေးမြမှု နည်းနည်း ကပ်ပါနေသလိုသူမကို ကတိပေးလာ၏။
"ဒါဆို ငါ တခြားသူတွေကို ထပ်မပြောပြတော့ဘူး"
__________