အခန်း ၂
Vol. 1 Ch. 2
အခန်း (၂)
"ကျွန်မ Y ကောင်လေးကို သဘောမကျခင် သူ့နာမည်လေးကို အရင်သဘောကျသွားခဲ့တာ ထင်ပါရဲ့"
—— ရှယ်ရီဝိုင် စမ်းသပ်ခန်း 《အိပ်မက်တွေကို ဖြတ်သန်းခဲ့တဲ့ ကိုးနှစ်တာ》
ရှလီ၏ သူငယ်ချင်းနှစ်ယောက်က တစ်ယောက်က အေးတိအေးစက်နိုင်ပြီး အခြားတစ်ယောက်က တက်ကြွသည်။
ရွှီနင်က ဝါရင့် anime ဖန်တစ်ယောက်ဖြစ်ပြီး အိမ်တွင်းအောင်းကာ ပျင်းလည်းပျင်းသလို ရှုပ်ရှုပ်ရှက်ရှက်တွေကိုလည်း ကြောက်လေ့ရှိသည်။ သူမက လူမှုဆက်ဆံရေးထက် 2D ဇာတ်ကောင်များနှင့် ပေါင်းသင်းရသည်ကို ပိုသဘောကျ၏။
လင်ချင်းရှောင်ကတော့ လူချစ်လူခင်ပေါများစေသော ဆွဲဆောင်မှုမျိုး သူမတွင်ရှိပြီး မည်သူနှင့်မဆို လွယ်ကူစွာ ရင်းနှီးသွားတတ်သည်။
ရှလီက သူတို့နှစ်ယောက်၏ အကျင့်စရိုက် ရောင်စဉ်တန်း၏ အလယ်ဗဟိုတွင် ရှိနေပုံရသည်။ သူမက သိမ်မွေ့ပြီး ခင်မင်ရန် အချိန်ယူရကာ နည်းနည်း အနေအေးသော်လည်း မည်သူနှင့်မဆို အသိအကျွမ်း ဖြစ်နိုင်၏။ သို့သော်လည်း အမှန်တကယ် ရင်းနှီးသော သူငယ်ချင်းကောင်းဟူ၍ သူတို့နှစ်ယောက်သာ ရှိသည်။
ရှလီ အခန်းထဲဝင်သွားချိန်တွင် လင်ချင်းရှောင်က ကော်ကျင့်၏ 《နောက်ထပ် အရုဏ်ဦး》 သီချင်းကို ဆိုနေပြီး ရွှီနင်ကမူ ဆိုဖာပေါ်တွင် မှီကာ MP4 ကိုင်ရင်း anime ကြည့်နေသည်။
ရှလီက ပြောလိုက်သည်။
"နင်တို့ အရင်ဆိုထားကြ ငါ တစ်ခုခုစားပြီးမှ ဆိုမယ်"
ရှလီက နေ့လယ်စာ မစားရသေးသဖြင့် KTV ထဲမဝင်မီ ဘေးရှိ KFC မှ set menu တစ်ခု ဝယ်လာခဲ့သည်။
သူမ မိဘများပေးသော မုန့်ဖိုးက ပိုလျှံနေသော်လည်း သူမက အမြဲချွေတာလေ့ရှိပြီး အထူးကိစ္စမရှိလျှင် ထမင်းသုံးနပ်လုံးကို ကန်တင်းတွင်သာ ဖြေရှင်းလေ့ရှိသည်။ သူမကိုယ်သူမ အထူးနေ့များတွင်သာ နည်းနည်း ဇိမ်ကျကျ စားသုံးရန် ခွင့်ပြုထား၏။ ထိုစဉ်က KFC set menu တစ်ခု၏ ဈေးနှုန်းမှာ သူမအတွက် သိပ်မသက်သာလှပေ။
ရှလီက အစားအသောက်ဘူးကို လက်ဖက်ရည်ပွဲစားပွဲပေါ်တွင် ဖြန့်တင်လိုက်ပြီး အားလုံးကို လာစားဖို့ ခေါ်လိုက်သည်။
လင်ချင်းရှောင်က သီချင်းကို ဆိုပြီးသွားလျှင် မူရင်းအဆိုတော်အသံပြောင်းလိုက်ပြီး မိုက်ခရိုဖုန်းကို ချလိုက်ကာ လာထိုင်ပြီး မွေးနေ့လက်ဆောင်ကို ရှလီထံ ကမ်းပေးလိုက်သည်။
လင်ချင်းရှောင်က အာလူးကြော်ကို ခရမ်းချဉ်သီးဆော့စ်နှင့် တို့စားရင်း ပြောလာသည်။
"နောက်စာသင်နှစ်ကျရင် ကျောင်းမှာ အင်တာနေရှင်နယ်အတန်း ဖွင့်မယ်ဆိုတာ နင်တို့ ကြားပြီးကြပြီလား"
လင်ချင်းရှောင်က ထပ်ပြော၏။
"ထူးချွန်တဲ့ ကျောင်းသားဟောင်းတစ်ယောက်က မင်ကျန်းကျောင်းမှာ အင်တာနေရှင်နယ်အတန်း ဖွင့်ဖို့အတွက် ငွေအများကြီး လှူသွားတယ်လို့ ကြားတယ်"
လင်ချင်းရှောင်က ပခုံးတွန့်ကာ ဆက်ပြောသည်။
"အင်တာနေရှင်နယ်အတန်းက ကျောင်းသားနည်းနည်းနဲ့ပဲ သင်မှာတဲ့… အဲဒီအတန်းမှာ နိုင်ငံခြားက အကောင်းဆုံးဆရာတွေကို အထူးခေါ်ယူထားတာ ကျောင်းလခအပြင် ကျောင်းဖွံ့ဖြိုးရေးကြေးလည်း သွင်းရဦးမယ် ငါတို့မိသားစုကတော့ အဲဒီလောက် မတတ်နိုင်ဘူး"
ရွှီနင်ကလည်း ထောက်ခံလိုက်သည်။
"ပြီးတော့ နိုင်ငံခြားမှာ ဘွဲ့ကြိုသွားတက်ရင် တစ်နှစ်စာ ကျောင်းလခနဲ့ နေထိုင်စရိတ်က တကယ်အကုန်အကျများတာ"
လင်ချင်းရှောင်က သူမမိဘနှစ်ယောက်လုံး အလုပ်လုပ်သည့် မိသားစုမှဖြစ်ပြီး ရွှီနင်၏အမေက အစိုးရဝန်ထမ်းဖြစ်ကာ အဖေက ကိုယ်ပိုင်စီးပွားရေးလုပ်ငန်း လုပ်ကိုင်၏။
သူတို့၏ မိသားစုအခြေအနေများက အင်တာနေရှင်နယ်အတန်းအတွက် မတတ်နိုင်ကြပေ။ သာမန်သာဖြစ်သည့် ရှလီအတွက်ဆိုလျှင် ပို၍ပင် မတတ်နိုင်ချေ။
နိုင်ငံခြားတွင် ကျောင်းသွားတက်ရန်ဆိုသည်မှာ သူမအတွက် စဉ်းစား၍ပင် မရဲသော ကိစ္စဖြစ်သည်။
လင်ချင်းရှောင်က ပြောလိုက်သည်။
"ထောင်ရှီးယွဲ့တော့ သေချာပေါက် သွားမယ်ထင်တယ်"
ရှလီက မေးလိုက်သည်။
"သူ့အဖေက မြို့နယ်ကော်မတီမှာ အလုပ်လုပ်တာဆို"
လင်ချင်းရှောင်က ခေါင်းညိတ်ပြသည်။
"ရာထူးလည်း မသေးဘူးလေ သူ့အမေက မြို့နယ်ပထမဆေးရုံက ခွဲစိတ်ဌာနမှူးလေ အဲဒီတုန်းက လောင်ကျွမ်းအဖေ ခွဲစိတ်တုန်းကတောင် သူ့အမေ စီစဉ်ပေးခဲ့တာ"
လောင်ကျွမ်းမှာ သူတို့၏ အတန်းပိုင်ဆရာဖြစ်သည်။
လင်ချင်းရှောင်က သူမတို့နှစ်ယောက်က အလယ်တန်းကျောင်းတုန်းက တစ်တန်းတည်းဖြစ်ခဲ့ပြီး ထိုစဉ်က ဆက်ဆံရေး တော်တော်လေး ကောင်းမွန်ခဲ့၍ တော်တော်များတွေကိုသိထားသည်။
နောက်ပိုင်းတွင် သူမတို့ကြား အသေးအမွှားကိစ္စလေးများကြောင့် အဆင်မပြေဖြစ်သွားခဲ့ပြီး ထိုအဖြစ်အပျက် အတော်အဆင်မပြေခဲ့၍ လင်ချင်းရှောင်က သူမကို ဘယ်တုန်းကမှ သဘောမကျခဲ့ချေ။
အတန်းထဲရှိ အချို့ကျောင်းသားများကလည်း ထောင်ရှီးယွဲ့ကို သိပ်သဘောမကျကြပေ။ သူမက လူများနှင့် ဆက်ဆံရာတွင် သိသာထင်ရှားသော အထက်စီးဆန်တတ်၍ပင်။
လင်ချင်းရှောင်က ထပ်ပြောပြန်သည်။
"ဒါနဲ့ ကျောင်းရဲ့ King က ထောင်ရှီးယွဲ့ကို လိုက်ဖူးတယ်မလား... ဒါပေမဲ့ သူက အခုတလော ကျုံးချန်းချန်းနဲ့ တွဲနေတယ်လို့ ကြားတယ်"
သူတို့က ဝိဇ္ဇာအထူးအတန်းမှာ တက်နေတာဖြစ်သည်။
မင်ကျန်းအလယ်တန်းကျောင်းတွင် ဝိဇ္ဇာအထူးအတန်း တစ်တန်းတည်းသာရှိပြီး အထက်တန်းပထမနှစ် ဒုတိယနှစ်ဝက်တွင် အတန်းခွဲချိန်၌ အမှတ်ကောင်းသူတွေကိုသာ ရွေးချယ်လက်ခံခြင်းဖြစ်ရာ ဝိဇ္ဇာအတွဲတွင် အဆင့် ၅၀ အတွင်းဝင်မှသာ ဝင်ခွင့်ရှိ၏။
အတန်းပိုင်ဆရာ လောင်ကျွမ်းက တည်တည်တံ့တံ့နှင့် စည်းကမ်းကြပ်သည့်အတွက် အတန်းထဲတွင် ရည်းစားထားသည့်ကိစ္စများ အလွန်နည်းပါးပြီး မျက်ရိပ်မျက်ကဲပြရုံသာ ရဲကြသည်။
အခြားအတန်းများကတော့ ထိုသို့မဟုတ်ပေ။ အထူးသဖြင့် အနုပညာအတန်းများ ဖြစ်သည်။
လင်ချင်းရှောင်က အနုပညာအတန်းမှ ကောင်မလေးတစ်ယောက်နှင့် အလွန်ရင်းနှီးပြီး အဆောက်အအုံတစ်ခုတည်းတွင် ကြီးပြင်းလာသူများဖြစ်ရာ သူမထံမှ သတင်းဦးသတင်းဖျားတွေကို အမြဲကြားရလေ့ရှိသည်။ ဘယ်သူနဲ့ဘယ်သူ တွဲနေတယ်၊ ဘယ်သူနဲ့ဘယ်သူ ဖောက်ပြန်တယ်၊ ဘယ်သူနဲ့ဘယ်သူကတော့ ဘယ်လိုတောင် ဖြစ်နေပြီဆိုသည့် သတင်းများပင်။
ရွှီနင်က မေးလာသည်။
"နှစ်သစ်ကူးပွဲမှာ ဂျက်ဇ်အကကတဲ့ ကျုံးချန်းချန်းလား"
လင်ချင်းရှောင်က ခေါင်းညိတ်ပြ၏။
ရှလီကတော့ မေးလိုက်သည်။
"ငါတို့ကျောင်းမှာ အများသဘောတူထားတဲ့ ကျောင်းရဲ့ King ရှိလို့လား"
လင်ချင်းရှောင်က ဖြေသည်။
"ချန်ယွီလေ"
ရွှီနင်က ပြောလာသည်။
"ငါက နင် ရှန်ယန်ကို ပြောနေတာထင်လို့ ရှန်ယန်က ဘယ်တုန်းက ထောင်ရှီးယွဲ့ကို လိုက်ဖူးလို့လဲ စဉ်းစားနေတာ ကျောင်းရဲ့ King က ဘယ်လိုလုပ် ချန်ယွီ ဖြစ်ရမှာလဲ ရှန်ယန်က ပိုချောတာ သိသာနေတာပဲကို"
လင်ချင်းရှောင်က ငြင်းသည်။
"ရှန်ယန်က ဘယ်နားက ချောလို့လဲ ဇိုးရုပ်နဲ့"
ရွှီနင်က ပြန်မေးသည်။
"နင် ချန်ယွီကို ချောတယ်လို့ ချီးကျူးတာ နျဲ့ချူဟန် သိလား"
နျဲ့ချူဟန်က လင်ချင်းရှောင် သဘောကျနေသော ကောင်လေးဖြစ်သည်။
လင်ချင်းရှောင်က ပြောလိုက်သည်။
"နျဲ့ချူဟန်လို ထိပ်တန်းကျောင်းသားကို ချောတယ် မချောဘူးဆိုတဲ့ သာမန်အကဲဖြတ်မှုမျိုးနဲ့ ဘယ်လိုလုပ် သုံးသပ်လို့ရမှာလဲ"
သူတို့နှစ်ယောက် ငြင်းခုံ၍ မပြီးနိုင်ဘဲ ရှလီကို ပြိုင်တူကြည့်ကာ အဆုံးအဖြတ်ပေးရန် တောင်းဆိုလာကြသည်။
ရှလီက ပိုက်ကိုကိုက်ရင်း တုံ့ဆိုင်းနေ၏။
သူမမှာ ထိုအခါမှ သူ့ကိုမြင်ပြီး နောက်တစ်ယောက်ကို မျက်စိထဲ မဝင်တော့ဘူး ဆိုသည့် စကား၏ အဓိပ္ပာယ်ကို ရုတ်တရက် ရှင်းလင်းစွာ နားလည်သွားမိသည်။
သူမ ပြောပြသင့် မပြောပြသင့် မသိသော်လည်း ဒီနေ့ ကာတွန်းစာအုပ်ထဲက ထွက်လာသလိုမျိုး ကောင်လေးတစ်ယောက်နဲ့ ဆုံခဲ့ရသည်။
သူ့ကို မြင်ပြီးကတည်းက အခြားယောကျ်ားလေးများအားလုံး သူမမျက်လုံးထဲတွင် သာမန်လူတွေလို ဖြစ်သွားတော့သည်။
ဒါက တကယ်ကို ရွေးရခက်တာပဲ။ နောက်ဆုံးတွင် ရှလီက ပြောလိုက်သည်။
"ချန်ယွီပဲ ထားပါတော့"
ချန်ယွီက သိပ္ပံအထူးအတန်းမှ ဖြစ်သည်။ ရှန်ယန်ကတော့ ရိုးရိုးအတန်းမှဖြစ်ပြီး အမှတ်မကောင်းသလို နာမည်လည်းမကောင်းချေ။ သူရည်းစားရတာက ရာသီဥတုပြောင်းတာထက်တောင် မြန်သေးသည်။ လူတိုင်းက သူ့ကို လူဆိုးရုပ်လေးနဲ့မို့ ဆွဲဆောင်မှုရှိတယ်လို့ ပြောကြပေမဲ့ ရှလီကတော့ ဘာမှမခံစားရ။
သူမ သဘောကျသည့် ပုံစံက အမှတ်ကောင်းပြီး လှမ်းမမီနိုင်သော တောင်ထိပ်က ပန်းပွင့်လေးမျိုး ဖြစ်သည်။
ရွှီနင်က မကျေမနပ်ဖြင့် သူမကို တစ်ချက်ရိုက်ကာ ပြုံး၍ ပြောလိုက်သည်။
"ဘယ်လို taste ကြီးလဲ"
______
ထိုနှစ် နွေရာသီကျောင်းပိတ်ရက်၏ အဓိကအကြောင်းအရာမှာ ပေကျင်းအိုလံပစ်ပွဲတော် ဖြစ်သည်။
အိုလံပစ်ပွဲတော် ပြီးဆုံးချိန်တွင် ကျောင်းဖွင့်ချိန်လည်း နီးကပ်လာပြီဖြစ်သည်။
အထက်တန်းဒုတိယနှစ်ကိုတက်ရောက်လာသော်လည်း ဝိဇ္ဇာအထူးအတန်းက အတန်းမပြောင်းဘဲ တတိယထပ် လှေကားဘယ်ဘက်ရှိ ပထမဆုံးအခန်းတွင်သာ ဆက်ရှိနေခဲ့သည်။
သို့သော် အတန်းထဲရှိ ကျောင်းသားများမှာတော့ အပြောင်းအလဲရှိသွား၏။ လင်ချင်းရှောင် ခန့်မှန်းထားသည့်အတိုင်း ထောင်ရှီးယွဲ့နှင့် အတန်းထဲမှ အခြားကျောင်းသား သုံးယောက်တို့မှာ အင်တာနေရှင်နယ်အတန်းကိုပြောင်းသွားကြသည်။
ထောင်ရှီးယွဲ့က မနက်စောစောအခန်း၇ သို့လာ၍ ပစ္စည်းများသိမ်းဆည်းပြီး အတန်းထဲရှိ သူငယ်ချင်းနှစ်ယောက်ကို စာအုပ်များကူသယ်ပေးရန် ခေါ်လိုက်သည်။
တစ်ယောက်က သူမအနားသွားကာ အင်တာနေရှင်နယ်အတန်းနှင့်ပတ်သက်၍ မေးတော့ သူမက ပြုံး၍ ပြောလာသည်။
"အဖေနဲ့ အမေ စီစဉ်ပေးတာပါ တကယ်တော့ ငါလည်း သွားချင်တာမဟုတ်ပါဘူး"
ကျောင်းသားတစ်ယောက်က ပြောလိုက်သည်။
"အားကျလိုက်တာဟာ တက္ကသိုလ်ဝင်ခွင့်စာမေးပွဲ ဖြေစရာမလိုတော့ဘူးဆိုတော့ ဘယ်လောက်တောင် ကောင်းလိုက်လဲ"
သူမက ပြောသည်။
"ငါက နင်တို့ကိုတောင် အားကျသေးတယ် တကယ့်ကို ပြည့်စုံတဲ့ လူငယ်ဘဝကို ဖြတ်သန်းခွင့်ရကြလို့လေ"
ထိုစကားကြောင့် ပတ်ဝန်းကျင်ရှိ လူအားလုံး တပြိုင်နက် ငြိမ်ကျသွားကြ၏။
ထောင်ရှီးယွဲ့ကတော့ သူမ၏စကားက မည်မျှ သက်ရောက်မှုရှိသွားသည်ကို နည်းနည်းမျှ ရိပ်မိပုံမရဘဲ စာအုပ်ပုံကြီးကို ပိုက်ထားရင်း တံခါးဝမှနေ၍ လက်ပြကာ ပြုံး၍ ပြောလိုက်သည်။
"ငါ သွားပြီနော် အင်တာနေရှင်နယ်အတန်းက မြေညီထပ်မှာ အားရင် လာလည်ကြဦးနော်"
အခန်း ၇ သည် ဝိဇ္ဇာအထူးအတန်းဖြစ်ရာ စာတော်သူများ ဖြစ်ကြသဖြင့် ထောင်ရှီးယွဲ့ အတန်းသစ်တွင် အဆင်ပြေစေရန် ဝိုင်းဝန်းဆုတောင်းပေးလိုက်ကြသည်။
ထောင်ရှီးယွဲ့က ပြောလာသည်။
"အားလုံးလည်း အောင်မြင်ကြပါစေ"
ကျောင်းဖွင့်သည့် ပထမဆုံးနေ့တွင် ဆရာများ မရှိသဖြင့် အချိန်တိုင်းက ကိုယ်ပိုင်စာကြည့်ချိန်များသာ ဖြစ်နေ၏။
လင်ချင်းရှောင်က ရှလီ၏ ဘေးခုံကလူနှင့် နေရာချင်းလဲကာ သူမဘေးတွင် လာထိုင်သည်။
လင်ချင်းရှောင်က နှာခေါင်းတစ်ချက်ရှုံ့လိုက်ပြီး ပြောလိုက်သည်။
"သွားတာတောင် ကြွားသွားသေးတယ်"
ရှလီက ပြုံး၍ ပြောသည်။
"ငါသာဆိုရင်လည်း ကြွားချင်မိမှာပဲ"
လင်ချင်းရှောင်က မေးသည်။
"ငါတို့ စပျစ်သီးမစားရလို့ ချဉ်တယ်ပြောနေသလိုများ ဖြစ်နေလား"
ရှလီက ဖြေသည်။
"နည်းနည်းတော့ ဟုတ်သလိုပဲ"
သူတို့နှစ်ယောက် ရယ်မောလိုက်ကြ၏။
တကယ်ဆိုရလျှင် အင်တာနေရှင်နယ်အတန်း ဖွင့်ခြင်းမှာ သတင်းကြီးတစ်ခု ဖြစ်သော်လည်း အတန်းထဲရှိ အခြေအနေမှာ ထူးဆန်းနေပြီး လူတိုင်းက ဒီအကြောင်းအရာနှင့်ပတ်သက်၍ နှုတ်ဆိတ်နေရန် တိတ်တဆိတ် သဘောတူထားကြပုံရသည်။
ချူချန်လို မြို့ငယ်လေးတွင် မင်ကျန်းအလယ်တန်းကျောင်းသည် ကျောင်းသားများအတွက် မီးပြတိုက်တစ်ခုလိုပင် ဖြစ်သည်။
ကျောင်းတည်ဆောက်ထားသည့် သက်တမ်းကလည်း မနည်းတော့ပြီဖြစ်ကာ ချူချန်မြို့နယ်တွင် အဆင့် ၁ နေရာ၌ရှိကာ ယခင်က မင်ကျန်းကျောင်းတော်ဖြစ်ပြီး ချန်လုံမင်းဆက်ခေတ်ကတည်းက တည်ထောင်ခဲ့ခြင်းဖြစ်သည်။ မင်ကျန်းမှ နှစ်စဉ် ချင်းဟွာနှင့် ပေကျင်းတက္ကသိုလ်ကိုဝင်ခွင့်ရသူ အရေအတွက် ပုံမှန်ရှိပြီး အထူးအတန်းမှ ပထမအဆင့်တက္ကသိုလ် ဝင်ခွင့်ရနှုန်းမှာလည်း အလွန်မြင့်မား၏။
မင်ကျန်းက ရမှတ်ဖြင့်သာ အကဲဖြတ်လေ့ရှိသော်လည်း ကျောင်းဖွံ့ဖြိုးရေးကြေးပိုမိုရရှိရန် ငွေကြေးတတ်နိုင်သော ကျောင်းသားများအတွက် နေရာအချို့ ချန်ထားပေးလေ့ရှိသည်။ သို့သော် ကျောင်းက ဒီကိစ္စကို ပေါ်ပေါ်ထင်ထင် ဘယ်တုန်းကမှ မကြေညာခဲ့ပေ။
သို့သော် ယခုအကြိမ် အင်တာနေရှင်နယ်အတန်းကတော့ မတူပေ။
ထိုအတန်း ဖွင့်လှစ်လိုက်ခြင်းက လူတန်းစားကွာဟမှုရှိနေကြောင်းကို ပထမဆုံးအကြိမ် ရှင်းလင်းစွာ ခံစားသိရှိသွားစေသလိုပင်။
အချို့က ချင်းဟွာ၊ ပေကျင်း၊ ဖူတန်၊ ကျောင်းထုံ စသည့် တက္ကသိုလ်များမှ လက်ချိုးရေတွက်၍ရသော နေရာနည်းနည်းအတွက် အသေအလဲ ကြိုးစားနေရချိန်တွင် အချို့ကတော့ အမေရိကန်နှင့် ဗြိတိန်ရှိ တက္ကသိုလ်များကိုလွယ်ကူချောမွေ့စွာ တိုက်ရိုက်သွားနိုင်ကြ၏။
သာမန်ကျောင်းသားအများစုအတွက် ထိုအခိုက်အတန့်တွင် နာကျင်မှုတစ်ခုခုကို အနည်းနှင့်အများ ခံစားလိုက်ရသည်။
_______