← Chapters

အခန်း ၁၀

Vol. 1 Ch. 10

အခန်း ၁၀

Vol. 1 Ch. 10

အခန်း (၁၀)

ညစာစားပြီး နျဲ့ချူဟန်က ပိုက်ဆံအကုန်ရှင်းပေးလိုက်ပြီး အားလုံးက ကိုယ့်ဝေစုကို ကိုယ် ပြန်ပေးကြသည်။

စားသောက်ဆိုင်ရှေ့တွင် လင်ချင်းရှောင်က ဘေးရှိစူပါမားကတ်မှ ဒိန်ချဉ်သွားဝယ်မည်ဟု ပြောလိုက်သည်။

နျဲ့ချူဟန်က အမြန်ပြောလာသည်။

"ငါ နင်နဲ့ အတူတူ လိုက်ခဲ့မယ်"

ရှလီလည်း သုံးဘီး မဖြစ်ချင်သဖြင့် စာသင်ခန်းကိုအရင်ပြန်နှင့်မည်ဟု ပြောလိုက်သည်။

ဝမ်ချန်း ယန့်စစ်ရှီနှင့် ရှလီတို့ သုံးယောက် အတူတူ ပြန်လာခဲ့ကြသည်။ ရှလီက ပုံမှန်အားဖြင့် လူမှုဆက်ဆံရေးတွင် ကျွမ်းကျင်သူမဟုတ်ရာ ယခုလို လူနှစ်ယောက်နှင့် သီးသန့်ဆုံရချိန်တွင် ဘာပြောရမည်ကို လုံးဝ မသိတော့ပေ။

ကံကောင်းထောက်မစွာဖြင့် ဝမ်ချန်းက သူ၏စာအုပ်ကို ပြန်ကိုင်ကာ လမ်းလျှောက်ရင်း စာဖတ်နေ၏။

မသိမသာဖြင့် ရှလီနှင့် ယန့်စစ်ရှီတို့က ယှဉ်လျက် လျှောက်လာမိကြသည်။

ဤကဲ့သို့သော အခွင့်အရေးမျိုး သိပ်များများရမည် မဟုတ်ကြောင်း ရှလီ သိနေသည်။

မျက်လုံးထောင့်မှနေ၍ ကောင်လေး၏ အင်္ကျီစွန်းလေး လေထဲတွင် လွင့်နေသည်ကို မြင်လိုက်ရချိန်တွင် သူမ၏ နှလုံးသားကလည်း လေနှင့်အတူ လွင့်မျောနေသလိုပင်။

ရှလီက စကားစလိုက်သည်။

"ပိုးကောင်ဆရာ ကို ဖတ်ပြီးပြီလား"

ယန့်စစ်ရှီက သေချာ မကြားလိုက်ပုံရပေ။

သူမဘက်ကိုခေါင်းနည်းနည်း ငုံ့လာပြီး မေးလိုက်သည်။

"ဟင်"

ဒီခဏလေးအတွင်း ရှလီ၏ နှလုံးသားက လည်ချောင်းထဲမှ ခုန်ထွက်လာမတတ် ဖြစ်သွားရပြီး ပြန်ပြောလိုက်သည်။

"ငါ မေးတာက ပိုးကောင်ဆရာ ကို ဖတ်ပြီးပြီလားလို့"

ယန့်စစ်ရှီက ဖြေ၏။

"သုံးအုပ်တော့ ပြီးသွားပြီ လေးအုပ်‌ေမြာက်ကို စဖတ်နေတာ"

ရှလီက မေးလိုက်သည်။

"ဖတ်လို့ အဆင်ပြေရဲ့လား"

ယန့်စစ်ရှီက ပြန်ဖြေသည်။

"အင်း ဇာတ်လမ်းနောက်ခံက တော်တော်လေး ဆန်းသစ်တယ်"

ရှလီက နည်းနည်း ပြုံးလိုက်မိသည်။

သူ့ကို ထိုစာအုပ် ညွှန်းပေးခဲ့သူမှာ သူမ မဟုတ်သော်လည်း အကြောင်းပြချက်မရှိဘဲ စိတ်သက်သာရာရသွားသလိုခံစားလိုက်ရသည်။

သို့သော် နောက်ထပ် စကားစရာ အကြောင်းအရာ ရှာမရတော့ချေ။

တိတ်ဆိတ်စွာ ယှဉ်လျှောက်နေရုံဖြင့်ပင် သူမမှာ ခေါင်းမူးလောက်အောင် ပျော်ရွှင်‌ေနသည်။ မယုံနိုင်စရာကောင်းလွန်းပုံများ။

မဝေးလှသော စင်္ကြံလမ်းလေးက ယခုအချိန်မှာတော့ ပို၍တိုတောင်းနေသလိုခံစားရပြီး မသိလိုက်မသိဘာသာဖြင့်ပင် သူတို့အခန်း ၂၀ ရှေ့ကိုရောက်လာခဲ့သည်။

ဝမ်ချန်းက စာအုပ်ကို ပိုက်ကာ တိုက်ရိုက် ဝင်သွား၏။

ယန့်စစ်ရှီကတော့ နည်းနည်း တန့်သွားပြီး ပြောလိုက်သည်။

"ငါ အခန်းထဲ ဝင်တော့မယ်"

ရှလီက လေသံကို တတ်နိုင်သမျှ ပေါ့ပေါ့ပါးပါးဖြစ်အောင် ထိန်းကာ ခေါင်းညိတ်ပြပြီး နှုတ်ဆက်လိုက်သည်။

"ဘိုင့်ဘိုင်"

လစဉ်စာမေးပွဲအပြီး ညပိုင်းစာကြည့်ချိန်များတွင် အများအားဖြင့် ကိုယ်ပိုင်စာကြည့်ချိန်များသာ ဖြစ်လေ့ရှိသည်။

ထိုင်၍ မကြာမီပင် အတန်းခေါင်းဆောင်က ဘာသာရပ်ကိုယ်စားလှယ် အချို့ကို ရုံးခန်းသို့သွားကာ စာမေးပွဲစာရွက်များ စစ်ဆေးတာနှင့် အမှတ်သွင်းတာတွေကို ကူညီရန် ခေါ်သွား၏။

ညပိုင်းစာကြည့်ချိန် ပြီးခါနီးမှသာ ရှလီက အတန်းထဲကိုပြန်ရောက်လာသည်။

ကျောင်းဆင်းခေါင်းလောင်းမြည်သည်နှင့် ပစ္စည်းတွေ သိမ်းဆည်းပြီးသော လင်ချင်းရှောင်နှင့် ရွှီနင်တို့က ချက်ချင်း အနားကိုရောက်လာကြသည်။

ရွှီနင်က မေးလိုက်သည်။

"ငါ ချင်းရှောင်ဆီက ကြားတယ် နင်က..."

ရှလီက မလိုလားအပ်သော အာရုံစိုက်မှုတွေကို မရချင်သဖြင့် အမြန်တားလိုက်သည်။

"ရှူး... အပြင်ရောက်မှ လမ်းလျှောက်ရင်း ပြောကြတာပေါ့"

သုံးယောက်သား ကျောင်းဂိတ်ပေါက်ဆီကိုအတူတူ လျှောက်လာကြပြီး လင်ချင်းရှောင်က မစောင့်နိုင်တော့ဘဲ မေး၏။

"မြန်မြန် ဖြောင့်ချစမ်း"

ရှလီက စကားလမ်းကြောင်း လွှဲရန် ကြိုးစားလိုက်သည်။

"နင်တို့ လစဉ်စာမေးပွဲ အမှတ်တွေကို စိတ်မဝင်စားကြဘူးလား ငါ ခုနက ရုံးခန်းထဲမှာ..."

လင်ချင်းရှောင်က ဘယ်လိုလုပ်ပြီး အလွယ်တကူ အလျှော့ပေးမည်နည်း။ ချက်ချင်းပင် ပြောလာသည်။

"နင်နဲ့ ယန့်စစ်ရှီ အကြောင်းကို အရင်ပြော"

ရှလီက သူမ၏ မိဘများမှာ ကျောက်ပြားစက်ရုံတွင် အလုပ်လုပ်ကြောင်း၊ ထိုကျောက်ပြားစက်ရုံ ပါဝင်သော ကုမ္ပဏီအုပ်စု၏ ဥက္ကဋ္ဌမှာ ယန့်စစ်ရှီ၏ အဘိုးဖြစ်ကြောင်း၊ ထို့ကြောင့် ကျောင်းမဖွင့်မီကတည်းက သူနှင့် တစ်ကြိမ် ဆုံဖူးခဲ့ပြီး နောက်ပိုင်း စာအုပ်ဆိုင်တွင် ထပ်မံဆုံတွေ့ခဲ့ရကြောင်း အတိုချုံး၍ ရှင်းပြလိုက်သည်။

ရွှီနင်က ပြန်တွေးကြည့်ကာ ပြောလိုက်သည်။

"ရှောက်ယွီလုံ မွေးနေ့တုန်းကလေ"

ရှလီက ပြန်ဖြေသည်။

"အင်း"

ရွှီနင်က ထပ်ပြော၏။

"တိတ်တိတ်လေးနဲ့ တော်တော်ဟုတ်နေပါလား"

ရှလီက ငြင်းလိုက်သည်။

"တကယ် မဟုတ်ရပါဘူး သူနဲ့က ရင်းတောင် မရင်းနှီးဘူး"

ရွှီနင်က ဆိုသည်။

"ငါတို့ထက်တော့ အများကြီး ပိုရင်းနှီးနေပါပြီ"

လင်ချင်းရှောင်ကလည်း ထောက်ခံလိုက်သည်။

"တကယ်ပြောတာ ယန့်စစ်ရှီက တကယ်ကို ချဉ်းကပ်ရခက်တာ အိုးယန်ကျင့်က သူ့ကို သဘောကျလို့ ရည်းစားစာတွေ အကြိမ်ကြိမ် ပေးဖူးပေမဲ့ တစ်ခါမှ အကြောင်းမပြန်ဘူး KTV သွားဖို့ ကိုယ်တိုင် သွားဖိတ်တာတောင်မှ သူက 'ကျေးဇူးပါ အားနာပေမဲ့ အချိန်မရှိလို့ပါ' လို့ပဲ ပြောလွှတ်လိုက်တာတဲ့"

ရှလီက မေးလိုက်သည်။

"အိုးယန်ကျင့်က သူ့ကို သဘောကျတာလား"

အိုးယန်ကျင့်ဆိုသည်မှာ အနုပညာအတန်းမှ လင်ချင်းရှောင်၏ သူငယ်ချင်းဖြစ်ပြီး ရိုးရာအကကို သင်ယူနေသူဖြစ်ကာ အလွန်လှပသော မိန်းကလေးတစ်ယောက် ဖြစ်သည်။

လင်ချင်းရှောင်က ပြန်ပြောသည်။

"ဘာဆန်းလို့လဲ သူ့ကို သဘောကျတဲ့ မိန်းကလေးတွေ အများကြီးပဲလေ ထောင်ရှီးယွဲ့လည်း ကြိုက်နေတာပဲ မဟုတ်ဘူးလား"

ရှလီမှာ ခဏမျှ အသံတိတ်သွား၏။

လင်ချင်းရှောင်က သူမကို တစ်ချက်ခိုးကြည့်ကာ ပြုံး၍ မေးလာသည်။

"နင်လည်း သူ့ကို တိတ်တိတ်လေး သဘောကျနေတာတော့ မဟုတ်ပါဘူးနော်"

ရှလီက အလွန်တည်ငြိမ်စွာဖြင့် ငြင်းဆိုလိုက်သည်။

"မကျပါဘူး"

အချစ်ရေး ပြဿနာများနှင့် ကြုံတွေ့ရလျှင်သူငယ်ချင်းများကြားတွင် အချင်းချင်း အကြံဉာဏ်ပေးလေ့ရှိကြောင်း သူမ သိသည်။

သို့သော် သူမအနေဖြင့် ထိုသို့မလုပ်နိုင်ဟု ထင်မိ၏။

အထူးသဖြင့် မိန်းကလေး အမြောက်အမြားက သူ့ကို သဘောကျနေပြီး အားလုံးက ကြိုးစားနေကြကြောင်း သိရပြီးချိန်တွင် ပို၍ပင် ဖြစ်သည်။

သူမက အခြားမည်သူ့ကိုမျှ မသိစေချင်တော့ပေ။

ယန့်စစ်ရှီ ဆိုသည်မှာ သူမ တစ်ယောက်တည်း၏ စစ်ပွဲကြီးပင် ဖြစ်တော့သည်။

ထိုအချိန်က အတန်းထဲတွင် ချန်ယီရွှင် ၏ သီချင်းတွေကို နားထောင်ရန် ခေတ်စားနေခဲ့သည်။

ရှလီကလည်း နွေရာသီကမှ အသစ်ထွက်ထားသော 《ဖူဂျီတောင်အောက်တွင်》 ဟူသော သီချင်းလေးကို သဘောကျနေမိသည်။

သူမတွင် သီချင်းစာသားမှတ်စုစာအုပ်တစ်အုပ် ရှိပြီး သဘောကျသော သီချင်းစာသားတွေကို ကိုယ်တိုင်ကိုယ်ကျ တစ်လုံးချင်းစီ ကူးရေးလေ့ရှိ၏။

နောက်ပိုင်းတွင် ဒီသီချင်းက နှစ်ပေါင်းများစွာ နာမည်ကြီးသွားခဲ့ပြီး အထူးသဖြင့် ဒီစာကြောင်းလေးပင် ဖြစ်သည်။

'ဖူဂျီတောင်ကြီးကို ကိုယ်ပိုင်အဖြစ် သိမ်းပိုက်ထားဖို့ဆိုတာ အချစ်နဲ့တင် ဘယ်လိုလုပ် ရနိုင်မှာလဲ'

ထို့နောက်တွင်တော့ ရှလီက အကြိမ်ကြိမ် ပြန်တွေးမိတတ်ချေသည်။

ယန့်စစ်ရှီ... နင့်ကို သဘောကျတဲ့သူတွေ အများကြီးထဲမှာ ဘယ်သူကများ ဖူဂျီတောင်ကြီးကို အချစ်နဲ့တင် ကိုယ်ပိုင်အဖြစ် သိမ်းပိုက်နိုင်မှာလဲ။

All Chapters