အခန်း ၃၀
Vol. 3 Ch. 30
အခန်း (၃၀)
"မင်းက ငါ့ကို ကြည့်လာတဲ့အခါ လမင်းကြီးက တိမ်တွေကို မျိုချသွားပြီး တောင်တန်းတွေက မြူခိုးတွေဖုံးလွှမ်းသွားသလို အထီးကျန်လှေငယ်လေးကလည်း ပင်လယ်ထဲမှာ နစ်မြုပ်သွားခဲ့တယ်... ကမ္ဘာကြီးတစ်ခုလုံး ဖရိုဖရဲ ဖြစ်သွားခဲ့တာပဲ"
—— ရှယ်ရီဝိုင် စမ်းသပ်ခန်း 《အိပ်မက်တွေကို ဖြတ်သန်းခဲ့တဲ့ ကိုးနှစ်တာ》
ဧပြီလတွင် မင်ကျန်းအလယ်တန်းကျောင်း၌ အရေးကြီးသော ကိစ္စတစ်ခုရှိလေရာ ၎င်းမှာ နှစ်တစ်ရာပြည့် ကျောင်းအထိမ်းအမှတ်ပွဲပင် ဖြစ်သည်။
ကျောင်းက ဒီပွဲကို အလွန်အလေးထားပြီး ထူးချွန်သော ကျောင်းသားဟောင်းများစွာကို ဖိတ်ကြားရန် စီစဉ်ထားရာ ၎င်းတို့ထဲတွင် ယခင်နှစ်များက အနုပညာအတန်းမှ ထွက်လာသော လူငယ်သရုပ်ဆောင်တစ်ဦးလည်း ပါဝင်သည်ဟု ကြားရ၏။
အမှန်တကယ်တော့ ဒီကိစ္စများက သူတို့လို သာမန်ကျောင်းသားများနှင့် သိပ်မသက်ဆိုင်လှပေ။
ယခင်အတွေ့အကြုံများအရ ဤကဲ့သို့သော ကျောင်းအဆင့် လှုပ်ရှားမှုများတွင် သူတို့က အလုပ်ကြမ်းလုပ်ရသူများသာ ဖြစ်ကြသည်။ ကျောင်းတစ်ကျောင်းလုံး သန့်ရှင်းရေးလုပ်ရခြင်း ထိုင်ခုံများရွှေ့ကာ နေရာပြင်ဆင်ရခြင်းနှင့် လေအေးအေးနေပူပူအောက်တွင် လူကြီးများ စကားပြောချိန်၌ နောက်ခံလူများအဖြစ် ရပ်နေပေးရခြင်းတို့ပင် ဖြစ်ချေသည်။
အနုပညာအတန်းကတော့ အလုပ်များကြပြီး ညပိုင်းဖျော်ဖြေပွဲအတွက် အစီအစဉ်များ တင်ဆက်ပေးရမည်ဖြစ်သည်။
မနက်စာစားချိန်တွင် သူမက အခန်း ၇ ကိုလာလည်ကာ လင်ချင်းရှောင်နှင့် ရှလီတို့ကို ညည်းတွားပြောလိုက်၏။ ပုံမှန်ဆိုလျှင် ကျောင်းက သူတို့အနုပညာအတန်းကို အကျင့်စာရိတ္တပျက်ပြားစေတဲ့ သားရဲတိစ္ဆာန်တွေလိုသဘောထားသော်လည်ူ ပွဲရှိလာတော့တွင်မူ အားမနာတမ်း ခိုင်းတတ်သည်ဟု ဆိုသည်။
အမြဲတမ်း နူးညံ့သိမ်မွေ့သော အိုးယန်ကျင့်ပင် မျက်စောင်းထိုးမိမတတ် ဖြစ်သွားကာ ပြောလိုက်သည်။
"ငါတို့ အကကျောင်းသူတွေက အကတစ်ခုကို အတူတူ လေ့ကျင့်ရမယ်တဲ့ ကျက်သရေရှိပြီး ခမ်းနားရမယ့်အပြင် မင်ကျန်းကျောင်းရဲ့ နှစ်တစ်ရာပြည့် စိတ်ဓာတ်ကို ပေါ်လွင်စေရမယ်တဲ့လေ"
အိုးယန်ကျင့်က ဆက်ပြော၏။
"အော် ဒါနဲ့ ထောင်ရှီးယွဲ့က ကျောင်းသားကိုယ်စားလှယ်အနေနဲ့ စကားပြောရမယ်ဆိုတာ နင်တို့ သိကြလား"
ထို့နောက် သူမက ထပ်ပြောသည်။
"မဟုတ်ဘူး ဝိဇ္ဇာ သိပ္ပံနဲ့ အပြည်ပြည်ဆိုင်ရာအတန်းက တစ်ယောက်စီ ထွက်ရမှာ အပြည်ပြည်ဆိုင်ရာအတန်းက ကိုယ်စားလှယ်က အစက ယန့်စစ်ရှီကို သတ်မှတ်ထားတာတဲ့ သူက မလုပ်ချင်လို့ ထောင်ရှီးယွဲ့ကို အခွင့်အရေး ရသွားတာလို့ ကြားတယ်"
လင်ချင်းရှောင်က ကွက်တိထောက်ပြလိုက်သည်။
"နင်က စိတ်လျှော့လိုက်ပြီဆို အခုထိ သူ့အကြောင်းကို စိတ်ဝင်စားနေတုန်းပဲလား"
အိုးယန်ကျင့်က ရှက်ကိုးရှက်ကန်း ပြုံးကာ ဖြေလိုက်သည်။
"အယ် အချိန်တော့ ယူရဦးမှာပေါ့လို့"
အိုးယန်ကျင့်က ပခုံးတွန့်ကာ ဆက်ပြောလာသည်။
"အဲဒါကြောင့် ငါပြောတာပေါ့ ကျောင်းသားကိုယ်စားလှယ်လို ဂုဏ်ယူစရာကောင်းတဲ့ ကိစ္စတွေက ငါတို့အတွက် မဟုတ်ပါဘူး ငါတို့က ဖျော်ဖြေရေးလောက်ပဲ တန်တာပါ"
ဒီနေ့က သောကြာနေ့ဖြစ်ပြီး ချင်းမင်ပွဲတော် ကျောင်းပိတ်ရက်နှင့် တိုက်ဆိုင်နေသဖြင့် ညပိုင်းစာကြည့်ချိန် တက်စရာမလိုပေ။
နောက်ဆုံးအချိန် ပြီးဆုံးသည်နှင့် ကျောင်းဝင်းထဲတွင် ဆယ့်ငါးမိနစ်ပင် မပြည့်မီ ကျောင်းသားတစ်ဝက်ကျော် မရှိတော့ပေ။
ရှလီကတော့ ပြန်၍မရသေးပေ။ ဒီနေ့က သူမ သန့်ရှင်းရေးလုပ်ရမည့်ရက် ဖြစ်သည်။
တိုက်ဆိုင်စွာပင် သူမက ဒီစာသင်နှစ်တွင်လည်း ရှောက်ယွီလုံနှင့်အတူ တာဝန်ကျပြီး အပြင်ဘက်ဧရိယာကိုပင် တာဝန်ယူရပြန်ချေသည်။
ပြီးခဲ့သော စာသင်နှစ်က ရေဒီယိုစခန်းမှူး အလုပ်ကြောင့် သူမတာဝန်ကျတိုင်း ရှောက်ယွီလုံကို ဒုက္ခပေးခဲ့ရသည်။ ဒီစာသင်နှစ်တွင် ရာထူးမှ အနားယူပြီး ညစာစားချိန်နှင့် လှုပ်ရှားမှုအချိန်များ ပိုများလာခဲ့၏။
သို့သော် ထိုအရာနှင့်အညီ အခန်း ၂၀ ရှေ့မှ ဖြတ်သွားရမည့် အခွင့်အရေးများလည်း နည်းပါးသွားခဲ့သည်။
ပြဇာတ်လေ့ကျင့်ခြင်းကဲ့သို့သော ပူးပေါင်းလှုပ်ရှားမှုများ မရှိတော့သဖြင့် ရှလီအတွက် ယန့်စစ်ရှီနှင့် နီးကပ်နိုင်မည့် အခွင့်အရေးမှာ သနားစရာကောင်းလောက်အောင် နည်းပါးသွား၏။
အလွန်ဆုံးမှ တစ်ခါတစ်ရံ စင်္ကြံလမ်းဒါမှမဟုတ်ကန်တင်းသို့သွားရာလမ်းတွင် ဆုံလျှင် နှုတ်ဆက်ရုံသာ ရှိသည်။ သို့သော် အနည်းဆုံးတော့ သူမက သူ့ကို သာမန်ကာလျှံကာ နှုတ်ဆက်နိုင်နေပြီ ဖြစ်သည်။
ဒီအချိန်မျိုးတွင် သူမက သံပြိုင်သီချင်းဆိုပြိုင်ပွဲ ယဉ်ကျေးမှုပွဲတော် ပြဇာတ်ပွဲတော် စသည့် မျိုးစုံသော လှုပ်ရှားမှုများရှိသည့် အခြားအထက်တန်းကျောင်းတွေကို အလွန်အားကျမိသည်။
ကျောင်းအထိမ်းအမှတ်ပွဲ နီးကပ်လာသဖြင့် ကျောင်းသန့်ရှင်းရေး စစ်ဆေးမှုတွေကို အလွန်တင်းကျပ်စွာ လုပ်နေပြီး အထူးသဖြင့် အများပြည်သူနှင့်သက်ဆိုင်သော နေရာများတွင် အမှိုက်တစ်စတွေ့လျှင်ပင် အမှတ်လျှော့ခံရမည်ဖြစ်ကာ လစဉ် အတော်ဆုံး အတန်း ရွေးချယ်မှုအပေါ် သက်ရောက်မှုရှိမည်ဖြစ်သည်။
အတော်ဆုံး အတန်း အလံမှာ အထက်တန်းဒုတိယနှစ် စတက်ကတည်းက အခန်း ၇ တွင် ချိတ်ဆွဲထားသည်မှာ တစ်ခါမှ မဖြုတ်ခဲ့ရသေးပေ။
လောင်ကျွမ်းက မျက်နှာပန်းအလွန်ကြီးပြီး အထူးအတန်း၏ အတန်းပိုင်ဆရာဆိုသော ဂုဏ်ပုဒ်လည်းရှိသဖြင့် ဤကဲ့သို့သော အချိန်မျိုးတွင် အားလုံးကို အမှားအယွင်းခံမည် မဟုတ်ချေ။
ပုံမှန်ဆိုလျှင် သာမန်ကာလျှံကာ လှည်းကျင်းပြီး ပြီးစလွယ်လုပ်၍ ရသော်လည်း အခုတော့ မရတော့ပေ။
သူမနှင့် ရှောက်ယွီလုံတို့က အခန်း ၇ မှ တာဝန်ယူထားသော အများပြည်သူနေရာကို လယ်ထွန်သလိုသေချာစွာ ရှင်းလင်းပြီးချိန်တွင် နာရီဝက်ခန့် ကြာသွားခဲ့ပြီဖြစ်သည်။
ကောင်းကင်က မှောင်ရီပျိုးနေပြီဖြစ်ပြီး နှင်းဆီရောင် ဆည်းဆာတိမ်တိုက်များက ကောင်းကင်တစ်ခွင်လုံး ပြန့်ကျဲနေ၏။
ကျောင်းဝင်းထဲတွင် တိတ်ဆိတ်နေပြီး တစ်ခါတစ်ရံတွင် အဝေးမှ ရယ်မောသံများဒါမှမဟုတ်ဘတ်စကက်ဘောကွင်းမှ ကြမ်းပြင်နှင့် ရိုက်ခတ်သံများ ထွက်လာကာ လေထုထဲတွင် နေလောင်ထားသော ရာဘာပြေးလမ်း၏ အနံ့အသက်များ ရောယှက်နေသည်။
ရှောက်ယွီလုံက ပြောလာသည်။
"ငါ အမှိုက်သွားသွန်လိုက်မယ် နင်က တံမြက်စည်းနဲ့ တံမြက်စည်းဂေါ်ပြားကို အတန်းထဲ ယူသွားလိုက်မလား"
ရှလီက သဘောတူလိုက်၏။
"အိုကေ"
သူတို့နှစ်ယောက်က အမြဲတမ်း ဤသို့ပင် အလုပ်ခွဲလုပ်လေ့ရှိသည်။
ရှလီက သန့်ရှင်းရေးသုံးပစ္စည်းတွေကို ကိုင်ကာ စာသင်ဆောင်ဘက်ကိုလျှောက်လာခဲ့ပြီး ဘတ်စကက်ဘောကွင်းကို ဖြတ်သွားချိန်တွင် ခြေလှမ်းများ ရပ်တန့်သွား၏။
ဘတ်စကက်ဘောကွင်း၏ အပြင်ဘက်တစ်ဝက်တွင် လူနှစ်ယောက် ဘောလုံးကစားနေကြပြီး ၎င်းတို့မှာ ယန့်စစ်ရှီနှင့် ဝမ်ချန်းတို့ ဖြစ်ကြသည်။
တကယ်တော့ ထို ဒုန်း ဒုန်း ဒုန်း အသံများက ဒီနေရာမှ ထွက်လာခြင်းဖြစ်သည်။
သူတို့နှစ်ယောက်က တစ်ယောက်ချင်း ကစားနေတာမဟုတ်။ ရှလီက ဘတ်စကက်ဘောအကြောင်း သိပ်နားမလည်သော်လည်း ခဏမျှ ကြည့်လိုက်ရုံဖြင့် ယန့်စစ်ရှီက ဝမ်ချန်းကို အနီးကပ် ကာကွယ်နည်း သင်ပေးနေကြောင်း သိသာနိုင်သည်။ သူမက ဘတ်စကက်ဘော အခေါ်အဝေါ်တွေကို မသိသော်လည်း အဲဒီလို အဓိပ္ပာယ်မျိုးဟု ထင်မိ၏။
စာဂျပိုးဖြစ်သော ဝမ်ချန်းလို လူမျိုးက ဘတ်စကက်ဘောကို စိတ်ဝင်စားလိမ့်မည်ဆိုတာ နားလည်ဖို့ ခက်ခဲလှသည်။ သူ၏ လှုပ်ရှားမှုများက ရယ်စရာကောင်းလောက်အောင် တောင့်တင်းနေသော်လည်း အလွန် အလေးအနက်ထား သင်ယူနေချေသည်။
ယန့်စစ်ရှီကတော့ တစ်ဖက်လူ ညံ့နေသည်ကို နည်းနည်းမျှ အပြစ်မတင်ပေ။ စက္ကန့်သုံးစက္ကန့်ပင် မပြည့်မီ ဝမ်ချန်း၏ ကာကွယ်မှုကို ဖောက်ထွက်ကာ ဘောလုံးကို ယူသွားနိုင်သော်လည်း ပြန်ပစ်ပေးကာ ပြောလေ့ရှိသည်။
"နောက်တစ်ခေါက် လာခဲ့"
ယန့်စစ်ရှီက အဖြူရောင် တီရှပ်အပွကို ဝတ်ထားပြီး ပရော်ဖက်ရှင်နယ် ဘတ်စကက်ဘော ဝတ်စုံမဟုတ်သဖြင့် ရုတ်တရက် ကစားရန် စိတ်ကူးရသွားပုံပေါ်၏။
ရှလီက ပြီးခဲ့သောနှစ် အားကစားပွဲတုန်းက သူ၏ အားကစားစွမ်းရည်ကို တွေ့ခဲ့ဖူးသော်လည်း ယခုအချိန်တွင်လည်း မျက်စိလွှဲရန် ခက်ခဲနေဆဲပင်။
ခုန်ပေါက်ပြေးလွှားနေသော ကိုယ်ဟန်လေးမှာ ကြိုးကြာဖြူလေး တစ်ကောင် တောင်ပံခတ်၍ ရေပြင်ကို ဖြတ်သန်းသွားသလိုပေါ့ပါးသွက်လက်နေ၏။
သူမက အချိန်ကိုပင် မေ့သွားသည်အထိ ငေးကြည့်နေမိပြီး ဝမ်ချန်းက ဘောလုံးပုတ်ကာ ရှောင်ထွက်သွားပြီး ယန့်စစ်ရှီ မလုမီ အမြန်ခုန်၍ ဘတ်စကက်ဘောခြင်းဆီကိုပစ်လိုက်ချိန်တွင်မှ သတိဝင်လာတော့သည်။
ထိုဘောလုံးက မိုင်တစ်သိန်းရှစ်သောင်းလောက် လွဲချော်သွားပြီး ဘုတ်ပြားကိုပွတ်တိုက်ကာ အဝေးကိုလွင့်စင်သွားပြီး သူမဆီကိုတိုက်ရိုက် ပြေးဝင်လာ၏။
သူမက လန့်သွားပြီး အမြန်ခေါင်းယိမ်းကာ ရှောင်လိုက်ရသည်။
ဘောလုံးက သူမ နားဘေးမှ ဖြတ်သွားပြီး မြေကြီးပေါ်သို့ကျကာ ပြန်ခုန်တက်သွား၏။
ကွင်းထဲရှိ ယန့်စစ်ရှီနှင့် ဝမ်ချန်းတို့က ပြိုင်တူ လှမ်းကြည့်လာကြသည်။
ယန့်စစ်ရှီက အရင်ဆုံး တုံ့ပြန်လိုက်ပြီး ဝမ်ချန်းကလည်း နောက်မှ လိုက်ပါလာကာ သူတို့နှစ်ယောက်က ခြေလှမ်းနည်းနည်းဖြင့် သူမရှေ့ကိုရောက်လာကြ၏။
ယန့်စစ်ရှီက ခေါင်းငုံ့ကာ သူမကို ကြည့်ရင်း မေးလိုက်သည်။
"ထိသွားသေးလား"
ရှလီ၏ လက်ထဲတွင် တံမြက်စည်းနှင့် တံမြက်စည်းဂေါ်ပြားတို့ကို ကိုင်ထားဆဲဖြစ်ပြီး ဒီအချိန်တွင် သူမ၏ပုံစံ မည်မျှရူးကြောင်ကြောင်နိုင်နေမည်ကို သူမကိုယ်တိုင်ပင် စိတ်ကူးမယဉ်ရဲချေ။
အနီးသို့ရောက်လာတော့ ယန့်စစ်ရှီထံမှ အားကစားလုပ်ပြီး ထွက်လာသော နည်းနည်း ပူနွေးသည့် အငွေ့အသက်တွေကို ခံစားလိုက်ရသဖြင့် သူမမှာ စဉ်းစားဉာဏ်များပင် ပျောက်ဆုံးသွားရကာ ဖြေလိုက်၏။
"မထိပါဘူး"
ဝမ်ချန်းက ပိုပိုသာသာဖြင့် ရင်ဘတ်ကိုပုတ်ကာ ပြောလိုက်သည်။
"တော်သေးတာပေါ့ ငါတွေးနေတာ ငါပစ်တာ အဲဒီလောက် မမှန်ပါဘူးလို့"
ရှလီမှာ ငိုရခက် ရယ်ရခက် ဖြစ်သွားတော့သည်။
သူမက အလွန်နောင်တရနေမိသည်။ သူမ ဘာကြောင့်များ ရှောင်လိုက်ရသနည်း။ ၎င်းအပြင် အရမ်းမြန်မြန်ပင် ရှောင်လိုက်မိသေးသည်။
ဘောလုံးမှန်ခံလိုက်လျှင် ကောင်းမည်။ ဘယ်လောက်မှတော့ နာမှာလည်းမဟုတ်တာကို။
ရုပ်ရှင်တွေထဲမှာဆို အဲဒီလိုပဲ သရုပ်ဆောင်ကြတာ မဟုတ်ဘူးလား။ နှာခေါင်းသွေးယိုအောင် ဒါမှမဟုတ် ခေါင်းနည်းနည်းကိုက်သွားအောင် မှန်ပြီး ဆေးခန်းကို ပို့ခံရမှ နောက်ဆက်တွဲ ဇာတ်လမ်းတွေ ရှိလာမှာလေ။ အခြားမိန်းကလေးတွေမှာလည်း အဲဒီလို မဖြစ်ဖူးတာမှ မဟုတ်တာ။
ကြည့်ရတာ သူမက တကယ်ပဲ ဇာတ်လမ်းရဲ့ မင်းသမီး မဟုတ်ပုံရသည်။
ယန့်စစ်ရှီက သူမကို နှစ်စက္ကန့်ခန့် ဆက်ကြည့်နေပြီး တကယ်မထိကြောင်း သေချာသွားမှသာ အနောက်ကိုနည်းနည်း ဆုတ်သွား၏။
ဝမ်ချန်းက ပြေးသွားပြီး ဘောလုံးကို ကောက်လိုက်သည်။
ရှလီက ယန့်စစ်ရှီကို မေးလိုက်၏။
"ဘာလို့ နင်တို့နှစ်ယောက်တည်း ကစားနေတာလဲ"
ယန့်စစ်ရှီက ပြန်ဖြေသည်။
"ဝမ်ချန်းက သင်ချင်တယ်ဆိုလို့ ဒီတိုင်း ဆော့နေတာ"
သူ၏ ဖြူဖွေးသောအသားအရည်ပေါ်တွင် ချွေးစေးလေးများ သန်းနေပြီး နဖူးပေါ်ရှိ ဆံပင်များကလည်း ချွေးစိုကာ နည်းနည်း စိုစွတ်နေသည်။
ရှလီမှာ အသက်ရှူရခက်သလို ဖြစ်သွားပြီး တစ်စက္ကန့်ခန့်သာ မော့ကြည့်ရဲကာ ချက်ချင်းပင် မျက်လွှာချလိုက်ရ၏။
ထိုအချိန်တွင် အပေါ်ထပ်မှ ရုတ်တရက် အသံတစ်သံ ထွက်လာသည်။
"ရှလီ"
_______