အခန်း ၄၄
Vol. 5 Ch. 44
အခန်း (၄၄)
ကျောက်သင်ပုန်းအထက်ရှိ နာရီကို တစ်ချက်ကြည့်လိုက်တော့ ညပိုင်းစာကြည့်ချိန် စရန် အချိန်နည်းနည်း လိုသေး၏။
ရှလီက အခန်း ၁၈ သို့သွားကာ ခေါင်းငုံ့၍ စာလုပ်နေသော နျဲ့ချူဟန်ကို ခေါ်ထုတ်လာခဲ့သည်။
နျဲ့ချူဟန်က စာအိတ်ကို ယူလိုက်ပြီး အထဲရှိ ပစ္စည်းကို ဖွင့်ကြည့်လိုက်ရာ ချက်ချင်းပင် နည်းနည်း ထိတ်လန့်သွားချေသည်။
"ဒါက ဘာအဓိပ္ပာယ်လဲ"
ရှလီက သူ၏အမေ လင်ချင်းရှောင်ထံ လာရှာခဲ့သည့်ကိစ္စကို ပြောပြလိုက်၏။
နျဲ့ချူဟန်၏ မျက်နှာအရောင်ပင် ပြောင်းသွား၏။
"ငါ့အမေ တကယ် လွန်လွန်းတယ်..."
နျဲ့ချူဟန်က မေးလိုက်သည်။
"ဒါနဲ့ ချင်းရှောင်က အခု ဘယ်လိုသဘောထားလဲ"
ရှလီက ဖြေလိုက်၏။
"သူက နင့်ကို ထပ်မတွေ့တော့ဘူးတဲ့ လည်ဆွဲကိုလည်း လွှင့်ပစ်ပေးဖို့ ပြောတယ် ငါက လွှင့်ပစ်လိုက်တာ မကောင်းဘူးထင်လို့ နင့်ဆီ ယူလာပေးတာ ကိုယ့်ဘာသာ ဘယ်လိုဖြေရှင်းမလဲ ကြည့်လုပ်လိုက်တော့"
နျဲ့ချူဟန်က တစ်ခုခု ပြောရန် ပြင်လိုက်သော်လည်း ရှလီက တည့်တိုးပင် ဖြတ်ပြောလိုက်သည်။
"ဒါက နင်တို့နှစ်ယောက်ရဲ့ ကိစ္စလေ ငါက အဲဒီလောက် အားမနေဘူး အမြဲတမ်း အလယ်ကနေ စကားလှမ်းပြောပေးတဲ့သူ မလုပ်ပေးနိုင်ဘူး ပြောစရာရှိရင် နင့်ဘာသာ သွားပြီး ရှင်းပြတာ အကောင်းဆုံးပဲ"
နျဲ့ချူဟန်မှာ စိတ်ဓာတ်ကျသွား၏။
"ကျေးဇူးပဲ ငါ သိပြီ"
ရှလီက ပြောပြီးသည်နှင့် ထွက်လာခဲ့တော့သည်။
ထိုနေ့ ညပိုင်းစာကြည့်ချိန် ဆင်းတော့ နျဲ့ချူဟန်က အခန်း ၇ ကိုလာ၍ လင်ချင်းရှောင်ကို ရှာကာ သူမနှင့်အတူ အိမ်ပြန်ရန် အတင်းအကျပ် တောင်းဆို၏။
လင်ချင်းရှောင်၏ ငြင်းသည့် သဘောထားက ပို၍ပြတ်သားပြီး သူမနှင့် ဝေးဝေးနေရန်သာ တည့်တိုးပြောလိုက်သည်။
နျဲ့ချူဟန်မှာ မူလနေရာတွင် ရပ်ကာ သက်ပြင်းချနေရုံသာ တတ်နိုင်တော့သည်။
ထိုအချိန်မှစ၍ သူတို့နှစ်ယောက်မှာ အမျိုးသားနေ့ ကျောင်းပိတ်ရက်အထိ အခြေအနေ တင်းမာနေခဲ့ကြ၏။
ကျောင်းပိတ်ရက်တွင် ရှလီက ကျွီရှုမြို့နယ်ရှိ ကျောက်ပြားစက်ရုံကိုသွားခဲ့သည်။ ပထမအကြောင်းရင်းမှာ သုံးစရိတ်သွားယူရန်ဖြစ်ပြီး ဒုတိယအကြောင်းရင်းမှာ မိဘများအတွက် ကွန်ပျူတာ သွားကြည့်ပေးရန် ဖြစ်၏။
သူမ ထင်ထားသည့်အတိုင်းပင် ထိုကွန်ပျူတာမှာ ယခင် ဝယ်စကကဲ့သို့ရှင်းလင်းသပ်ရပ်သည့် ပုံစံမဟုတ်တော့ဘဲ အမှိုက်ဆော့ဖ်ဝဲလ် အမြောက်အမြားကို မသိမသာ တွဲဖက်ဒေါင်းလုဒ်ဆွဲထားမိကာ ရုတ်တရက် ပေါ်လာတတ်သော ရှုပ်ယှက်ခတ်နေသည့် ကြော်ငြာများက တစ်ခုကိုပိတ်လိုက်လျှင် နောက်တစ်ခု ထပ်ပေါ်လာတတ်သည်။
သူမက ထိုအနှောင့်အယှက်ပေးသော ဆော့ဖ်ဝဲလ်တွေကို အချိန်နည်းနည်းယူ၍ ရှင်းလင်းလိုက်ပြီး storage ကိုလည်း ရှင်းလင်းရန် ပြင်ဆင်လိုက်သည်။
ကွန်ပျူတာ စီမံခန့်ခွဲရေး ဆော့ဖ်ဝဲလ်များဖြင့် အသေးစိတ် ရှာဖွေစစ်ဆေးပြီး ဖိုင်တွေကို အရွယ်အစားအလိုက် စီစဉ်ထားကာ ရှလီက တစ်ခုချင်းစီ ဝင်ရောက်စစ်ဆေး၍ ရှင်းလင်း၏။
ဒေါင်းလုဒ်မပြီးသေးသော ဖိုင်တစ်ခုကို ရှင်းလင်းနေစဉ် မည်သို့ဖြစ်သွားမှန်းမသိဘဲ Q.Q အသုံးပြုသူများ၏ မူလသိမ်းဆည်းရာ ဖိုင်တွဲထဲကိုဝင်မိသွားချေသည်။
ထိုဖိုင်တွဲကို အသုံးပြုသူတစ်ဦးချင်းစီ၏ Q.Q အကောင့်နံပါတ်ဖြင့် သီးသန့်တည်ဆောက်ထားခြင်းဖြစ်ပြီး ယခု သူမ ဝင်သွားမိသည်မှာ ရှကျန့်ယန်၏ အကောင့်အောက်မှ ဖိုင်တွဲဖြစ်သည်။
ဖိုင်တွဲထဲတွင် လုံခြုံရေးဌာနမှ ပို့ထားသော သတိပေးစာရွက်စာတမ်း အမြောက်အမြားနှင့် ကျွန်ုပ်တို့၏ ခင်မင်မှုအတွက် ချီးယား ကဲ့သို့သော ရှုပ်ယှက်ခတ်နေသည့် စတစ်ကာပုံများ ပါ၏။
ရှလီက အမြန် တစ်ချက်ကြည့်လိုက်ပြီး ထွက်မည်အပြုတွင် ဓာတ်ပုံအချို့ကို ရိပ်ခနဲ မြင်လိုက်ရသည်။ ထိုဓာတ်ပုံများက သူမအား မျက်နှာပူရဲလာစေပြီး အပ်ပေါ်တွင် ထိုင်နေရသလိုမသက်မသာ ဖြစ်သွားစေ၏။
ဓာတ်ပုံအရည်အသွေးက မကောင်းဘဲ ဖုန်းဖြင့် မှန်ကို ချိန်၍ ကိုယ်တိုင်ရိုက်ထားခြင်းဖြစ်ကြောင်း သိသာ၏။
မှန်ထဲတွင် ထင်ဟပ်နေသော ပတ်ဝန်းကျင်မှာ ရိုးရှင်းသော အငှားအခန်းတစ်ခုနှင့် တူပြီး ကုတင်ပေါ်တွင် အဝတ်အစားများ စုပုံနေသည်။
မှန်ထဲတွင် ဖုန်းကိုင်ထားသော အမျိုးသမီးတစ်ဦးရှိပြီး ဆံပင်အရှည်နှင့် သာမန် လူလတ်ပိုင်းအမျိုးသမီးတစ်ဦးဖြစ်ကာ မသပ်ရပ်သော မိတ်ကပ်အထူကြီးကို လိမ်းခြယ်ထား၏။
အဓိကအချက်မှာ သူမက အတွင်းခံအင်္ကျီနှင့် ဘောင်းဘီကိုသာ ဝတ်ထားခြင်းဖြစ်သည်။
ထိုသို့သော ဓာတ်ပုံမျိုး စုစုပေါင်း လေးပုံ ရှိသည်။
ရှလီ၏ ဦးနှောက်က အလုပ်မလုပ်တော့သလိုရပ်တန့်သွားချေ၏။
ဒီဓာတ်ပုံမျိုးက ဘယ်ကရောက်လာသလဲဆိုတာကို သူမ စဉ်းစား၍မရပေ။
စဉ်းစားရမည်ကိုလည်း အလွန်ဆန့်ကျင်နေမိသည်။
နောက်ဆုံးတွင် အပြာဝက်ဘ်ဆိုက်များမှ ဒေါင်းလုဒ်ဆွဲထားခြင်း ဖြစ်နိုင်သည်ဟုသာ သူမ တွေးလိုက်၏။
ဒါက အထူးအဆန်း မဟုတ်ပါဘူးလေ။
သိုလှောင်ခန်းတွေကို ကမန်းကတန်း ရှင်းလင်းပြီး ရှလီက ကွန်ပျူတာကို ပိတ်လိုက်တော့သည်။
မွန်းတည့်ချိန်တွင် ကျန်းဟုန်က ဟင်းနည်းနည်း ဝယ်လာပြီး ရှကျန့်ယန်ကလည်း လုံခြုံရေးဌာနမှ အဆောင်ကိုအပြေးအလွှား ပြန်လာခဲ့သည်။
မိသားစုသုံးယောက် ကြုံတောင့်ကြုံခဲ အတူတူ ဆုံစည်းဖြစ်ကြ၏။
ထမင်းစားနေချိန်တွင် ရှလီက မိမိ၏ လစဉ်စာမေးပွဲ အမှတ်တွေကို အစီရင်ခံပြောပြလိုက်သည်။
ရှကျန့်ယန်က ပြောလာ၏။
"အဆင့်ဆယ်အတွင်း ဝင်တယ်ဆိုတာ အရမ်းကောင်းနေပါပြီ သမီးလည်း ကိုယ့်ကိုယ်ကိုယ် အရမ်းဖိအားမပေးနဲ့ အလုပ်လုပ်တာနဲ့ အနားယူတာကို မျှတအောင် ထား"
ရှလီက ပြန်ဖြေလိုက်သည်။
"အင်း"
ရှလီက ထမင်းကို တစ်လုတ်ချင်း ဝါးစားရင်း အဖေဖြစ်သူကို အကဲခတ်နေမိချေသည်။
သူမ အပါအဝင် လူတိုင်း၏ အမြင်တွင် သူက ထုံအအနိုင်ပြီး စကားပြောမကျွမ်းကျင်ကာ ရိုးသား ကြိုးစား သဘောကောင်းပြီး နည်းနည်း သူရဲဘောကြောင်သည့် ပုံစံရှိသူ ဖြစ်သည်။
သူ့တွင် ကြီးမားသော အရည်အချင်းမရှိသလို အများကြီးလည်း မယှဉ်ပြိုင်နိုင်သော်လည်း ဇနီးနှင့် သမီးအပေါ် ဘယ်တုန်းကမှ မချို့ယွင်းခဲ့ဖူးဘဲ ရသမျှလစာ အားလုံးနီးပါးကို ကျန်းဟုန်ထံ အပ်နှံထားကာ သူမအတွက် လစဉ် ဆေးလိပ်ဖိုး နည်းနည်းသာ ချန်ထားလေ့ရှိ၏။
ရှလီမှာ ဤကဲ့သို့သော အဖေမျိုးကို တစ်ခဏတာမျှ သံသယဝင်မိခဲ့သည့်အတွက် သူမကိုယ်ကိုယ် နည်းနည်း ရှက်ရွံ့မိသွားတော့သည်။
သုံးရက်နေ့ မွန်းလွဲပိုင်းတွင် ကျောင်းပြန်တက်ရသည်။
ညနေစာစားချိန်တွင် ကန်တင်းသို့သွား၍ ထမင်းစားပြီး လင်ချင်းရှောင်က ရှလီအား အားကစားကွင်းကိုအတူလမ်းလျှောက်ထွက်ရန် ခေါ်၏။
အားကစားကွင်းထဲတွင် လှုပ်ရှားကစားသောက်နေကြသော ပထမနှစ်နှင့် ဒုတိယနှစ် ကျောင်းသားများဖြင့် ပြည့်နှက်နေပြီး ထိုသို့သော အေးအေးဆေးဆေး နေနိုင်မှုမျိုးက သူမတို့နှင့် အလွန်ဝေးကွာသွားပြီဖြစ်ပုံရသည်။
လင်ချင်းရှောင်က ဒိန်ချဉ်ပိုက်ကို ကိုက်ရင်း တိုးညင်းစွာ ပြောလာသည်။
"အမျိုးသားနေ့ ပိတ်ရက်တုန်းက ငါ နျဲ့ချူဟန်နဲ့ စကားပြောဖြစ်တယ်"
ရှလီက မေးလိုက်သည်။
"ဘယ်လိုတဲ့လဲ"
လင်ချင်းရှောင်က ပြန်ဖြေ၏။
"ငါ့သဘောထားကတော့ မပြောင်းလဲပါဘူး ငါ လောလောဆယ် သူ့ကို ဆက်မပတ်သက်တော့ဘူး"
ရှလီမှာ တိတ်ဆိတ်သွား၏။
လင်ချင်းရှောင်က ဆက်ပြောလာသည်။
"ငါ တကယ် တကယ့်ကို အထင်သေးခံရတဲ့ ခံစားချက်ကို မုန်းတယ် အခု သူ့အမေက ငါ့ကို ကပ်ဖားကောင်လို ကြည့်သလို ကြည့်ခဲ့တဲ့ အကြည့်ကို တွေးမိတာနဲ့ ငါ ဒီဒေါသကို မျိုသိပ်မထားနိုင်ဘူး... ဒါကလည်း အခွင့်အရေးတစ်ခုလို့ ဆိုရမှာပေါ့ ငါ သေချာ စာလုပ်တော့မယ်"
ရှလီက မေးလိုက်၏။
"ဒါဆို နင်နဲ့ နျဲ့ချူဟန်နဲ့က..."
လင်ချင်းရှောင်က ပြန်ဖြေသည်။
"နောက်မှပဲ ပြောကြတာပေါ့"
နောက်မှပဲ ပြောကြတာပေါ့ ဆိုသည့် အဓိပ္ပာယ်မှာ တက္ကသိုလ်ဝင်ခွင့်စာမေးပွဲ ပြီးမှသာ ဆက်ပြောမည်ဆိုသည်ကို အားလုံး နားလည်ထားကြ၏။
သို့သော် တက္ကသိုလ်ဝင်ခွင့်စာမေးပွဲ ပြီးပြီးချင်းမှာပင် တစ်ယောက်တစ်လမ်းစီ လျှောက်သွားကြကာ တဖြည်းဖြည်း ဝေးကွာသွားကြသည့် ဇာတ်လမ်းတွေကို သူမတို့ အများကြီး ကြားဖူးခဲ့ကြသည်။
လူငယ်ဘဝဆိုသည်မှာ ဤသို့ပင် ဖြစ်ပုံရသည်။ စိတ်အားထက်သန်မှု၊ ပွင့်လင်းရဲတင်းမှု၊ ဖြူစင်မှု၊ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု စသည့်...
လှပသော နာမဝိသေသန အားလုံးနှင့် ထိုက်တန်၏။
သို့သော်လည်း အခြားမည်သည့်အရာထက်မဆို ပို၍ လွယ်ကူစွာ ကျိုးပဲ့ပျက်စီးလွယ်ချေသည်။
ရှလီက လင်ချင်းရှောင်ကို တစ်ချက် ကြည့်လိုက်သည်။
ညနေဆည်းဆာအလင်းရောင်အောက်တွင် သူမက မျက်လွှာချထားပြီး ထိုသို့ဝမ်းနည်းနေသော အမူအရာမျိုးကို သူမ၏ မျက်နှာပေါ်တွင် ရှလီ မြင်ရခဲလှသည်။
စာသင်ခြင်း၊ စာပြန်နွှေးခြင်း၊နှင့် စာမေးပွဲဖြေဆိုခြင်းဟူသော ပျင်းရိဖွယ်ရာများကြားတွင် အချိန်များက လျင်မြန်စွာ ကုန်ဆုံးသွားခဲ့သည်။
နေ့စဉ်နှင့်အမျှ ဤသို့သောမွန်းကျပ်မှုများကြားမှ ရှလီကို ခေါင်းထောင်၍ အသက်တစ်ဝဝရှူနိုင်အောင် လုပ်ပေးနိုင်သည့် တစ်ခုတည်းသောအရာမှာ ယန့်စစ်ရှီက အခန်း ၇ ၏ ပြတင်းပေါက်အပြင်ဘက်မှ တစ်ခါတစ်ရံ ဖြတ်သွားသော အရိပ်အယောင်လေးဒါမှမဟုတ်သူမက ပထဝီမေးခွန်းလွှာတွေကို ပိုက်ထားရင်း စင်္ကြံလမ်းတွင် သူ့ကို ဟိုင်း ဟုသာ နှုတ်ဆက်ချိန်ရလောက်အောင် ကမန်းကတန်း ဆုံတွေ့ရခြင်းလေးများသာ ဖြစ်၏။
နိုဝင်ဘာလကိုရောက်သည်နှင့် ရာသီဥတုက စတင် အေးလာချေပြီ။
ဒီနှစ် ချူချန်မြို့၏ ဆောင်းရာသီက အလွန်အေးမည်ဟု ကြားရ၏။
သောကြာနေ့တွင် ပထမအကြိမ် အပူချိန်စတင်ကျဆင်းလာပြီး မိုးနှစ်ရက်ဆက်တိုက် ရွာသွန်းခဲ့သော်လည်း ရာသီဥတုက မသာယာလာဘဲ ဆက်အုံ့မှိုင်းနေကာ မြောက်လေက တဝူးဝူးတိုက်ခတ်ရင်း မိုးကုပ်စက်ဝိုင်းရှိ ခဲရောင်တိမ်လိပ်တွေကို လိပ်ခွေဆွဲငင်နေတော့သည်။
ရာသီဥတုကဲ့သို့ပင် ဆိုးရွားနေသည်မှာ စိတ်ခံစားချက်ပင် ဖြစ်၏။
မွန်းလွဲပိုင်းတွင် သင်္ချာနှစ်ချိန်ဆက်တိုက် သင်ရပြီး သင်္ချာဆရာက အတန်းနားချိန်နှင့် ညနေစာစားချိန်တွေကို ယူကာ နှစ်နာရီတိတိ ပြည့်အောင်လုပ်ပြီး မေးခွန်းလွှာတစ်စောင်ကို စစ်ဆေးခဲ့သည်။
ကျောင်းရှစ်ကျောင်း ပူးပေါင်းစစ်ဆေးသော မေးခွန်းလွှာဖြစ်ရာ သေလောက်အောင် ခက်ခဲလွန်းပြီး ကာလရှည်ကြာ ကြိုတင်ပြင်ဆင်နေရသဖြင့် ပင်ပန်းနွမ်းနယ်ကာ နည်းနည်း အားလျော့နေသော သူတို့အား တုတ်ဖြင့် ခပ်ပြင်းပြင်း အရိုက်ခံလိုက်ရသကဲ့သို့ပင်။
ရှလီကလည်း ထုံးစံအတိုင်း အမှတ်မကောင်းခဲ့ချေ။
မေးခွန်းများ ခက်ခဲသည့်အပြင် သူမ၏ ဓမ္မတာကလည်း သုံးရက်ခန့်စော၍ ရုတ်တရက် ရောက်လာသောကြောင့် ဖြစ်သည်။
ရွေးချယ်ခိုင်းသည့် မေးခွန်းတွေကို ရမ်းတုတ်ဖြေဆိုခဲ့ရပြီး ကွက်လပ်ဖြည့်နှင့် မေးခွန်းကြီးများမှာတော့ အလွတ်ကြီး ကျန်နေခဲ့၏။
သူမ၏ သင်္ချာအမှတ်မှာ အမြဲတမ်း မဆိုးလှသော်လည်း ယခုတစ်ကြိမ်တွင်တော့ မျှော်လင့်မထားဘဲ အထိုးခံလိုက်ရသလိုထိတ်လန့်တုန်လှုပ်မှုနှင့် ရှုံးနိမ့်သွားသည့် ခံစားချက်မျိုးကို ခံစားလိုက်ရတော့သည်။
စာမေးပွဲ ဖြေဆိုပြီး လူတိုင်းက ကန်တင်းကိုကမန်းကတန်း သွားကြသည်။
ရှလီကမူ တိုက်ခန်းကိုပြန်မှဖြစ်တော့မည်။ သူမက နေ့သုံးလစဉ်သုံးဂွမ်းထုပ် တစ်ခုသာ အရေးပေါ်ငှားနိုင်ခဲ့ပြီး နှစ်နာရီကြာအောင် ထိုင်နေခဲ့သဖြင့် ဘောင်းဘီပေသွားခဲ့၏။
သူမက ကျောင်းဝတ်စုံကို ခါးတွင် စည်းထားကာ ရုံးခန်းသို့သွား၍ လောင်ကျွမ်းထံ ခွင့်တိုင်ပြီး ကျောင်းဝင်းကိုဖြတ်၍ ခပ်သုတ်သုတ်ပြေးကာ ကျောင်းပေါက်မှထွက်၍ နေထိုင်ရာကိုပြန်လာခဲ့သည်။
အပြန်တွင် ပြေးလာရင်း ပထမနှစ်နှင့် ဒုတိယနှစ် စာသင်ဆောင်၏ ထောင့်ချိုးနေရာကို အဖြတ်တွင် ယောကျ်ားလေးတစ်ယောက်နှင့် တည့်တည့်ကြီး ဝင်တိုက်မိသွားချေသည်။
____