← Chapters

အခန်း ၄

Vol. 1 Ch. 4

အခန်း ၄

Vol. 1 Ch. 4

အခန်း (၄)

"ကျောင်းပြီးလို့ ခုနစ်နှစ်ကြာတဲ့အထိ သူ့ကို မျှော်လင့်‌နေမိတုန်းပဲ... အဲဒီတုန်းက ပထဝီကို အမုန်းဆုံးဆိုပေမဲ့ ပထဝီ ကိုယ်စားလှယ်အဖြစ် နှစ်နှစ်တိတိ လုပ်ခဲ့တယ်... ဘာလို့လဲဆိုတော့ ဝိဇ္ဇာတန်း ရုံးခန်းကိုသွားရင် သူ့စာသင်ခန်းကို ဖြတ်သွားရလို့လေ.. စာအုပ်ပုံကြီးကို ပိုက်ထားရင်း ရင်ထဲမှာ လေးလံနေသလိုနဲ့ ပေါ့ပါးနေခဲ့ပြီး ဧရာမ လျှို့ဝှက်ချက်ကြီးတစ်ခုကို ရင်ဘတ်ထဲ ဝှက်ထားရသလို ခံစားခဲ့ရတယ်... နောက်ပိုင်း အလုပ်ခွင်က မီးခိုးရောင် ရုံးခန်းအဆောက်အအုံတွေကြားထဲ ဖြတ်သန်းသွားလာရင်း အတိတ်ကကိစ္စတွေကို မကြာခဏ ပြန်တွေးမိတတ်တယ်... အဲဒီနှစ်က ဆယ့်ခြောက်နှစ်အရွယ်မှာ အဲဒီကောင်လေး ရောက်လာခဲ့တဲ့ နွေရာသီတုန်းကလိုမျိုး ဖြူစင်တဲ့ ရင်ခုန်သံတွေ ကျွန်မဆီမှာ ဘယ်တော့မှ ထပ်ရှိလာတော့မှာ မဟုတ်ဘူး"

—— ရှယ်ရီဝိုင် စမ်းသပ်ခန်း 《အိပ်မက်တွေကို ဖြတ်သန်းခဲ့တဲ့ ကိုးနှစ်တာ》

ဗုဒ္ဓဟူးနေ့ အတန်းပိုင်အချိန်တွင် ကိစ္စနှစ်ခုလုပ်ရန်ရှိသည်။ တစ်ခုက နေရာပြောင်းရန်ဖြစ်ပြီး နောက်တစ်ခုက အတန်းခေါင်းဆောင်များ ရွေးချယ်ရန် ဖြစ်၏။

စာသင်နှစ်တိုင်းအခန်း ၇ ၏ ထိုင်ခုံနေရာတွေကို အတန်းပိုင်ဆရာ လောင်ကျွမ်း ကိုယ်တိုင် နေရာချထားပေးလေ့ရှိသည်။ အမှတ်စာရင်းအရ စီစဉ်တာမဟုတ်သလို ထူးချွန်သူက အားနည်းသူကို ကူညီရမည့် ပုံစံမျိုးလည်း မဟုတ်ချေ။ ဘယ်လိုပုံစံဖြင့် နေရာချထားသည်ကို လောင်ကျွမ်း ကိုယ်တိုင်သာ သိမှာပင်။

သို့သော် သေချာသောအချက်တစ်ခုမှာ လောင်ကျွမ်းက အခြားရှေးရိုးစွဲ အတန်းပိုင်ဆရာများလိုပင် ယောကျ်ားလေးနှင့် မိန်းကလေး အတူထိုင်ဖို့ကို လုံးဝ ခွင့်မပြုပေ။

သို့သော် အတန်းထဲတွင် ယောကျ်ားလေး ၁၁ ယောက်သာရှိရာ ဘယ်လိုပင် နေရာချထားစေကာမူ ယောကျ်ားလေးတစ်ယောက်ကတော့ မိန်းကလေးနှင့် တွဲထိုင်ရမည်သာ ဖြစ်၏။

ယောကျ်ားလေးများက ထိုတစ်ယောက်ကို မိုးနတ်မင်းရွေးချယ်ခံရသူ ဟု ခေါ်ကြသည်။

ယခုစာသင်နှစ်၏ မိုးနတ်မင်းရွေးချယ်ခံရသူမှာ အရင်က ရှလီနှင့်အတူ သန့်ရှင်းရေးတာဝန်ကျခဲ့သော ရှောက်ယွီလုံ ဖြစ်သည်။

ရှောက်ယွီလုံ၏ အမှတ်များက အတန်းထဲတွင် အလယ်အလတ်အောက်မှာသာ ရှိသော်လည်း လူချစ်လူခင် အလွန်ပေါများ၏။ သူမ၏ စရိုက်က နည်းနည်း ပေါ့ပျက်ပျက်နိုင်ပြီး နောက်ပြောင်တတ်ပြီး အတန်းထဲတွင် ပျော်စရာကောင်းအောင် လုပ်တတ်သူ ဖြစ်သည်။

ရှောက်ယွီလုံက ခုံကိုရွှေ့ရင်း မြူးတူးစွာ သီချင်းဆိုနေ၏။

"တစ်နာရီ မိုင်ခုနစ်ဆယ်နှုန်းနဲ့ လွတ်လပ်ပေါ့ပါးစွာ ပြေးလွှားနေတယ်..."

ထိုအခါ သူမ၏သူငယ်ချင်း သန့်ရှင်းရေးခေါင်းဆောင်က ဒေါသထွက်ပြ‌‌ီး သူမအား ခြေထောက်ဖြင့် တစ်ချက်ကန်လိုက်ချေသည်။

ရှလီက ယိုင်နေသော စာအုပ်အချို့ကို ပြန်စီလိုက်ပြီး ဘေးနှစ်ဖက်ရှိ ဒိုရေမွန်ပုံစံ စာအုပ်ထိန်းတွေကို ညှိလိုက်သည်။

ရှလီ နောက်သို့လှည့်ကြည့်လိုက်တော့ ရှောက်ယွီလုံ၏ အပြုံးနှင့် ဆုံသွား၏။

ရှောက်ယွီလုံက မေးလာသည်။

"နင်တို့နေရာ လောက်သေးလား ငါတို့ ရှေ့ကို နည်းနည်း ထပ်တိုးလို့ ရမလား"

ရှလီက သူမ၏ခုံကို ရှေ့ကိုနည်းနည်းတိုးပေးလိုက်ပြီး ပြန်ဖြေသည်။

"ရတယ်"

ခဏအကြာတွင် လောင်ကျွမ်းက အတန်းထဲကိုပြန်ဝင်လာရာ အားလုံး ချက်ချင်း ငြိမ်ကျသွားကြသည်။

အတန်းခေါင်းဆောင်က ပြောလိုက်သည်။

"ကျွန်တော်ကတော့ အကုန်အဆင်ပြေပါတယ်"

လောင်ကျွမ်းက ခေါင်းညိတ်ပြလိုက်သည်။

"ဒါဆို မင်းပဲ အတန်းဖော်တွေအတွက် ဆက်ပြီး တာဝန်ယူပေးလိုက်ပါ အတန်းခေါင်းဆောင်တွေ ရွေးတဲ့ကိစ္စကို စီစဉ်လိုက်ဦး ရွေးပြီးသွားရင် ကိုယ့်ဘာသာ စာကြည့်ကြ တိတ်တိတ်ဆိတ်ဆိတ်နေကြ"

ပြောပြီးသည်နှင့် သူက အတန်းထဲမှ ထွက်သွား၏။

အတန်းခေါင်းဆောင်က စင်ပေါ်တက်ကာ ရာထူးနေရာအားလုံးကို ကျောက်သင်ပုန်းပေါ်တွင် ရေးချလိုက်သည်။

စည်းကမ်းထိန်းသိမ်းရေးခေါင်းဆောင်နှင့် ပထဝီ ကိုယ်စားလှယ်မှလွဲ၍ ရာထူးအများစုမှာ ပြီးခဲ့သော စာသင်နှစ်က အစီအစဉ်အတိုင်းသာ ဆက်သွားမည်ဖြစ်သည်။

မူလ စည်းကမ်းထိန်းသိမ်းရေးခေါင်းဆောင်ဖြစ်သူ ထောင်ရှီးယွဲ့က အင်တာနေရှင်နယ်အတန်းကိုပြောင်းသွားခဲ့ပြီး ပြီးခဲ့တဲ့ စာသင်နှစ်က ပထဝီကိုယ်စားလှယ်ကလည်း ထပ်မလုပ်ချင်တော့ကြောင်း ပြောထားခဲ့သည်။

အခန်း ၇ ရှိ ကျောင်းသားအများစုမှာ နောက်ပိုင်းပေါ်လာမည့် ခေတ်ဆန်ဆန်စကားဖြင့် ပြောရလျှင် ဆရာတော်ဘုရားများ လို ငြိမ်သက်အေးဆေးလွန်းကြပြီး အားလုံးက 985 တက္ကသိုလ်ကြီးတွေကိုသာ မျက်စိကျနေကြသဖြင့် အတန်းတွင်း ရာထူးတာဝန်တွေကို သိပ်စိတ်မဝင်စားကြချေ။

ထို့အပြင် မင်ကျန်းကျောင်းက အမည်ခံသက်သက်ဖြစ်သည့် ဘက်စုံထူးချွန်ကျောင်းသားဆု‌ေတ‌ွကို မရွေးဘဲ စာသင်နှစ်တိုင်းတွင် ပညာသင်ဆုအတွက် နေရာများသာ သတ်မှတ်ထားပြီး တစ်ခုတည်းသော ရွေးချယ်မှုစံနှုန်းမှာ အမှတ်စာရင်းသာ ဖြစ်၏။ အတန်းခေါင်းဆောင်ဖြစ်၍လည်း အမှတ်ပိုမရဘဲ သီးသန့်ဝန်ဆောင်မှုပေးရသည့် သဘောသာ ဖြစ်သည်။

အတန်းခေါင်းဆောင်က အကြိမ်ကြိမ် ခေါ်မေးပြီးမှသာ မိန်းကလေးတစ်ယောက်က လက်ထောင်ပြီး စည်းကမ်းထိန်းသိမ်းရေးခေါင်းဆောင် နေရာကို ယူလိုက်သည်။

အတန်းခေါင်းဆောင်က ထပ်မေးလိုက်သည်။

"ပထဝီ ကိုယ်စားလှယ်ရော လုပ်ချင်တဲ့သူ ရှိလား"

ရှလီ၏ နှလုံးသားက ရုတ်တရက် ဒိတ်ကနဲ ခုန်သွားကာ စိတ်လှုပ်ရှားသည့် ခံစားချက်လေး ရုတ်ချည်း ပေါ်လာခဲ့သည်။

သူမက အတန်းထဲတွင် နေရာတကာမပါတတ်သော မိန်းကလေးတစ်ယောက်ဖြစ်ပြီး အမှတ်က အဆင့် ၁၁ဒါမှမဟုတ်၁၂ ဝန်းကျင်၌သာ ရှိကာ အနုပညာအရည်အသွေးလည်း ဘာမှမရှိသလို ပြိုင်ဆိုင်လိုစိတ်လည်း မရှိ‌ေပ။ သူမနှင့် ထင်ပေါ်ကျော်ကြားချင်စိတ် ဒါမှမဟုတ် အတန်းဖော်များအတွက် ဝန်ဆောင်မှုပေးချင်စိတ်တို့ဆိုသည်မှာ ကမ္ဘာ့ရန်ဖက်များအလား။

သူမ ရုတ်တရက် သတိထားမိလိုက်သည်မှာ ရုံးခန်းအဆောက်အအုံရှိ ဝိဇ္ဇာတန်း ရုံးခန်းသို့သွားလျှင် အကြိမ်တိုင်း မြေညီထပ်ရှိအခန်း ၂၀ ကို ဖြတ်သွားရမည်ဆိုသည့် အချက်ပင် ဖြစ်သည်။

ရှလီက တိတ်တဆိတ် သက်ပြင်းချလိုက်ပြီး လက်ကို မြှောက်လိုက်ကာ ပြောလိုက်သည်။

"ငါ စမ်းလုပ်ကြည့်မယ်"

မည်သူမျှ သူမနှင့် လုမပြိုင်ကြပေ။ အတန်းခေါင်းဆောင်က ပထဝီ ကိုယ်စားလှယ် ဆိုသည့် စာကြောင်းဘေးတွင် သူမနာမည်ကို ရေးလိုက်၏။

နောက်နေ့ မွန်းလွဲပိုင်းတွင် ပထဝီအချိန် ရှိသည်။

အတန်းဆင်းပြီး ဆရာမဝူက ရှလီကို ရုံးခန်းကိုလိုက်ခဲ့ရန် ခေါ်လိုက်သည်။

ဆရာမဝူက သဘောကောင်းပြီး ဆရာများအားလုံးထဲတွင် စကားပြောရ အလွယ်ကူဆုံးသူ ဖြစ်သည်။ သို့သော် ရှလီက ဝိဇ္ဇာအတွဲ သုံးခုတွင် ပထဝီကို အညံ့ဆုံးဖြစ်သဖြင့် သူမကို အကြောက်ဆုံးပင် ဖြစ်၏။

ရှလီက ဆရာမဝူ၏ဘေးတွင် လိုက်ပါသွားရင်း ရင်ထဲတွင် တထိတ်ထိတ် ဖြစ်နေခဲ့သည်။

ဆရာမဝူက လမ်းလျှောက်ရင်း ပြုံးကာ မေးလာသည်။

"ဆရာမရဲ့ ဘာသာရပ်ကိုယ်စားလှယ်ကို ဘယ်လိုလုပ်ပြီး လုပ်ချင်သွားရတာလဲ"

ရှလီက အစောကတည်းက သူမ ကြိုစဉ်းစားထားသည့် အလှဆင်ထားသည့် အကြောင်းပြချက်ကို ထုတ်သုံးလိုက်သည်။

"သမီးရဲ့ ပထဝီအမှတ်မကောင်းတော့ ဝိဇ္ဇာ အမှတ်တွေ ကျနေလို့ ပြန်တင်ချင်လို့ပါ"

ဆရာမဝူက အလွန်သဘောကျသွားကာ ခေါင်းညိတ်ပြီး ပြုံး၍ ပြော၏။

"ဒီလို တိုးတက်ချင်တဲ့စိတ်ရှိတာ ကောင်းပါတယ် ဒါပေမဲ့ ကိုယ်စားလှယ်ဆိုတာ စံပြဖြစ်ရမယ်နော် သမီး ကြိုးစားရမယ်"

ရှလီမှာ ဖိအားတွေ အလွန်ကြီးမားသွားပြီး ပြန်ဖြေလိုက်သည်။

"ဆရာမ သမီး ကြိုးစားပါ့မယ်"

ဆရာမဝူက ဆက်ပြောသည်။

"ပထဝီမှာ analyzing က သမိုင်းနဲ့ နိုင်ငံရေးထက် ပိုပြီး ပြောင်းလွယ်ပြင်လွယ်ရှိတယ် အတန်းထဲမှာ နားမလည်တာရှိရင် များများမေးရမယ် စာအုပ်ကြီးအတိုင်း ပုံသေတွက်နေလို့ကတော့ သေချာပေါက် မရဘူးနော်"

ရှလီက ကမန်းကတန်း ခေါင်းညိတ်ပြလိုက်ချေသည်။

သူတို့နှစ်ယောက် စကားပြောနေရင်းဖြင့် မြေညီထပ်ကိုရောက်လာခဲ့သည်။ ရှလီကအခန်း ၂၀ ၏ စာသင်ခန်းထဲကိုအမြန် ခိုးကြည့်လိုက်၏။ သူမ ကမန်းကတန်း ကြည့်လိုက်ရသော မြင်ကွင်းထဲတွင် ယန့်စစ်ရှီ၏ အရိပ်အယောင်ကို မတွေ့ရချေ။ သူမက ပေါ်ပေါ်ထင်ထင် မကြည့်ရဲသဖြင့် အကြည့်ကို အမြန်ပြန်လွှဲလိုက်သည်။

ရုံးခန်းသို့ရောက်တော့ ဆရာမဝူက ဒီနေ့သင်ခန်းစာအချက်အလက်များနှင့် သက်ဆိုင်သည့် တက္ကသိုလ်ဝင်တန်း စာမေးပွဲမေးခွန်းဟောင်း လေ့ကျင့်ခန်းစာရွက်တွေကို ယူကာ ရှလီအား ဝေခိုင်းလိုက်ပြီး မနက်ဖြန် ပထဝီညပိုင်းစာကြည့်ချိန်တွင် ရှင်းပြမည်ဟု ပြောလိုက်သည်။

ရှလီက စာမေးပွဲစာရွက်တွေကို ပိုက်ကာ စင်္ကြံကို ဖြတ်သန်းရင်းအခန်း ၂၀ ၏ စာသင်ခန်းကို ထပ်မံ ဖြတ်သွားခဲ့သည်။

ဒီတစ်ခေါက် ကြည့်လိုက်ရသော မြင်ကွင်းကတော့ သူမကို အံ့အားသင့် ဝမ်းသာသွားစေသည်။

အင်တာနေရှင်နယ်အတန်းတွင် စုစုပေါင်း ကျောင်းသား နှစ်ဆယ်ကျော်သာရှိပြီး တစ်ယောက်တစ်ခုံ ထိုင်ရသဖြင့် စာသင်ခန်းက ကျယ်ဝန်းပြီး လင်းထိန်နေ၏။ ကောင်လေး၏ နေရာက အတွင်းအကျဆုံးတန်း၏ အနောက်မှရေတွက်လျှင် တတိယမြောက်ခုံ ဖြစ်သည်။

သူက မတ်တပ်ရပ်နေပြီး လက်တစ်ဖက်က စာရေးခုံကို ထောက်ထားကာ ကျန်လက်တစ်ဖက်က ပြတင်းပေါက်ကို အကျယ်ဆုံးဖြစ်အောင် တွန်းဖွင့်နေသည်။ အပြင်ဘက်တွင် မြင့်မားသော သစ်ပင်ကြီးတစ်ပင်ရှိပြီး ပြတင်းပေါက် ဖွင့်လိုက်သည်နှင့် တစ်ပြိုင်နက် အဖြူရောင်စာရွက်များ လွင့်စင်သွားကာ ထိုလေပြေထဲတွင် အေးမြသော အစိမ်းရောင်အငွေ့အသက်များ ပျံ့နှံ့လာသလိုပင်။

မင်ကျန်းအလယ်တန်းကျောင်း၏ ကျောင်းဝတ်စုံမှာ အဖြူနှင့် အမည်းရောင်စပ်ဖြစ်ပြီး နွေရာသီတွင် ကော်လာပါသော လက်တိုအင်္ကျီ ဖြစ်သည်။ နည်းနည်း ရိုးအီနေသော အရောင်နှင့် ဒီဇိုင်းဖြစ်သော်လည်း သူဝတ်ထားချိန်တွင်မူ အခြားမည်သူနှင့်မျှ မယှဉ်သာအောင် လတ်ဆတ်လန်းဆန်းနေပုံရချေသည်။

ရှလီ၏ နှလုံးခုန်သံများ ရပ်တန့်သွားမတတ် ဖြစ်သွားရသည်။ သူမက အကြည့်ကို အမြန်လွှဲကာ ရှေ့ကိုဆက်လျှောက်သွားပြီး ခြေလှမ်းများက ပြေးနေသလိုမြန်ဆန်နေကာ လှေကားပေါ်ရောက်မှသာ သူမကိုယ်ကို သတိထားမိတော့သည်။

ယန့်စစ်ရှီကို ဒီလို အဝေးကလှမ်းမြင်ရသည်မှာ ပထမဆုံးအကြိမ်တော့ မဟုတ်ပေ။ မည်သို့ပင်ဖြစ်စေ သူ ပြောင်းလာသည်မှာ ရက်နည်းနည်း ကြာနေပြီဖြစ်၏။

ဒုတိယအချိန် အားလပ်ချိန်တွင် အထက်တန်းနောက်ဆုံးနှစ်မှလွဲ၍ ကျောင်းသားအားလုံး ကိုယ်လက်လေ့ကျင့်ခန်း လုပ်ရပြီး အင်တာနေရှင်နယ်အတန်းလည်း မဖြစ်မနေလုပ်ရသည်။

တစ်ခါက အတန်းဆင်းချိန်နှင့် အံကိုက်ဖြစ်သွားသဖြင့် ရှလီက လင်ချင်းရှောင်တို့နှင့်အတူ အောက်သို့ဆင်းလာရာ မြေညီထပ်နှင့် ပထမထပ်ကြားရှိ လှေကားထစ်အကျယ်နေရာကိုရောက်ချိန်တွင် ယန့်စစ်ရှီက လှေကားအောက်ဆုံးရှိ ထွက်ပေါက်မှ ထွက်သွားသည်ကို အတိအကျ မြင်လိုက်ရသည်။ လူအများအပြားက သူ့ဘေးတွင် ဝိုင်းရံနေသော်လည်း သူ၏ ကျောပြင်ကတော့ အထီးကျန်နေသလိုခံစားရ၏။

သို့သော် ကိုယ်လက်လေ့ကျင့်ခန်းလုပ်ချိန်တွင် ဆုံရမည့်အခွင့်အရေးက သိပ်မများပေ။အခန်း ၇ က တတိယထပ်တွင်ရှိပြီး သူတို့ အောက်ကိုဆင်းလာချိန်တွင် မြေညီထပ်မှ ကျောင်းသားများက ကွင်းထဲတွင် နေရာယူပြီးနေပြီလေ။ လေ့ကျင့်ခန်းလုပ်ချိန်တွင်လည်းအခန်း ၇ နှင့်အခန်း ၂၀ တို့က ကပ်မနေဘဲ ရှလီကအခန်း ၂၀ ဘက်ကိုကြည့်လိုက်တိုင်း လူခေါင်းတွေကိုသာ ပြည့်နှက်နေအောင် မြင်ရလေ့ရှိသည်။

နောက်ထပ်တစ်ကြိမ်မှာ အားကစားအချိန်တွင် ဖြစ်သည်။ မင်ကျန်း၏ အားကစားအချိန်များက အလွန်လွတ်လပ်ပြီး အားလုံးအတူတူ ကွင်းပတ်ပြေးပြီးသည်နှင့် ကိုယ့်ဘာသာ လွတ်လပ်စွာ ဆော့ကစားခွင့်ရှိ၏။

ထိုအချိန်က သူမက ကောင်မလေးအချို့နှင့်အတူ ဘတ်စကက်ဘောကွင်းဘေးရှိ သစ်ပင်ရိပ်အောက်တွင် လေညင်းခံနေစဉ် တစ်စုံတစ်ယောက်က တိုးတိုးလေး အော်လိုက်သံကို ကြားလိုက်ရသည်။

"ယန့်စစ်ရှီ"

အားလုံးက တပြိုင်နက် လှည့်ကြည့်လိုက်ကြသည်။

အားကစားကွင်း ခြံစည်းရိုးအပြင်ဘက်ရှိ သစ်ပင်ရိပ်လမ်းလေးမှာ စာသင်ခန်းမှ ကန်တင်းရှိ စတိုးဆိုင်သို့သွားရန် မဖြစ်မနေ ဖြတ်ရသော လမ်းဖြစ်သည်။ ယန့်စစ်ရှီက ထိုနေရာမှ ဖြတ်သွားနေပြီး လက်ထဲတွင် ရေသန့်ဘူးတစ်ဘူး ကိုင်ထား၏။ သူ၏ဘေးတွင် မျက်မှန်အမည်းတပ်ထားသော ယောကျ်ားလေးတစ်ယောက်ရှိနေပြီး သူ့အား တစ်ခုခုပြောနေကာ သူက တစ်ခါတစ်ရံ ခေါင်းညိတ်ပြကာ တခါတရံတွင် စကားပြန်ပြောနေသည်။

ရှလီကတော့ ဘယ်နှကြိမ်ပဲမြင်မြင် သူ့ကို တိတ်တဆိတ် ချီးကျူးမိမြဲပင်။ သူ၏ အသားအရည်က တကယ်ကို ဖြူဖွေးနေပြီး တစ်ကိုယ်လုံးက ဆီးနှင်းများလို သန့်စင်နေ၏။

ယခုအချိန်တွင်တော့ ရှလီက သူမကိုယ်တိုင် ပထဝီ ကိုယ်စားလှယ်လုပ်ရန် ဆုံးဖြတ်ချက်ချခဲ့မိ၍ ဝမ်းသာနေမိသည်။ သူမ၏ သတ္တိက ယခုပင် အရာထင်လာခဲ့ပြီ မဟုတ်လား။

နောက်ပိုင်းတွင် သူမက စာသင်ဆောင်နှင့် ရုံးခန်းအဆောက်အအုံကြား သွားပြန်လုပ်တိုင်း မကြာခဏ တွေးမိတတ်သည်။

"ငါ့မှာ လျှို့ဝှက်ချက်လေး ရှိသွားပြီ"

_______

All Chapters