အခန်း ၇
Vol. 1 Ch. 7
အခန်း (၇)
"လူအမျိုးမျိုးဆီကနေ Y ကောင်လေးအကြောင်းကို ခဏခဏ ကြားရတတ်တယ်... တစ်ဖက်သတ်ချစ်တယ်ဆိုတာ တစ်ယောက်တည်းကပြရတဲ့ ပြဇာတ်တစ်ပုဒ်လိုပဲတဲ့... သူ့အကြောင်း ကြားရုံလေးနဲ့တင် ရင်ထဲမှာ အတက်အကျများတဲ့ ဇာတ်လမ်းတစ်ပုဒ်ကို အဆုံးထိ ကပြအသက်သွင်းဖို့ လုံလောက်နေခဲ့ပါပြီ"
—— ရှယ်ရီဝိုင် စမ်းသပ်ခန်း 《အိပ်မက်တွေကို ဖြတ်သန်းခဲ့တဲ့ ကိုးနှစ်တာ》
အခန်းထဲတွင် ဆူညံပွက်လောရိုက်နေပြီး တစ်စုံတစ်ယောက်က 《အချစ်အတွက် မွေးဖွားလာသူ》 သီချင်းကို အော်ဟစ်ဆိုနေ၏။ ရှလီ ဝင်သွားချိန်တွင် ဘယ်သူမှ သူမကိုသတိမထားမိဘဲ သူမလည်း ထောင့်တစ်နေရာရှိ လင်ချင်းရှောင်နှင့် ရွှီနင်ကို ရှာတွေ့သွားပြီး သူတို့နှင့်အတူ သွားထိုင်လိုက်သည်။
ရှလီက ကျောပိုးအိတ်ကို ဖွင့်လိုက်ရာ ရွှီနင်က တစ်ချက်ကြည့်ပြီး မေးလာသည်။
"ဝိညာဉ်စားသူ ကာတွန်းအသစ် ထွက်ပြီလား"
ရှလီက ရှောက်ယွီလုံအတွက် မွေးနေ့ကတ်လေး ရေးပေးသင့်မပေးသင့် စဉ်းစားကာ ကျောပိုးအိတ်ကို မွှေနှောက်ကြည့်သော်လည်း စာရေးကိရိယာအိတ်ထဲမှ မှတ်စုကပ်ကော်စက္ကူလေးကိုသာ တွေ့သဖြင့် ဘောပင်ဖြင့် 'မွေးနေ့မှာ ပျော်ရွှင်ပါစေ' ဟု ရေးကာ အပြုံးမျက်နှာလေးဆွဲပြီး လက်မှတ်ထိုးလိုက်၏။
ရွှီနင်နှင့် လင်ချင်းရှောင်က ပြိုင်တူပြောလိုက်ကြသည်။
"စာအုပ်"
လင်ချင်းရှောင်က ထပ်ဖြည့်ပြော၏။
"ငါပေးတာက ယွီချိုးယွီ ရွှီနင်ပေးတာက ဝမ်ကော်ကျန်း လေ"
ရှလီက သူမ၏ လျန်ရှစ်ချိုး ကို မြှောက်ပြလိုက်သည်။ ထိုအခါ သုံးယောက်သား ရယ်မောလိုက်ကြသည်။
လင်ချင်းရှောင်က ပြောလိုက်သည်။
"သူ တစ်လစာ ကူးရေးဖို့ လောက်သွားပြီ"
သူမတို့ အပေါ်မှ မီးအရောင်ကို လူတစ်ယောက် ကွယ်လိုက်သဖြင့် မှောင်သွား၏။ ရှောက်ယွီလုံက အနားကိုတိုးလာပြီး ပြုံးကာ မေးလာသည်။
"ဘာတွေ ရယ်နေကြတာလဲ"
ရှလီက မှတ်စုကပ်ထားသော စာအုပ်ကို ကမ်းပေးလိုက်သည်။
"မွေးနေ့မှာ ပျော်ရွှင်ပါစေ"
ရှောက်ယွီလုံက ညည်းတွားလိုက်သည်။
"စာအုပ် နောက်တစ်အုပ်ပဲလား နင်တို့က ဒီထက် ပိုကောင်းတာလေး မစဉ်းစားနိုင်တော့ဘူးလား"
ထိုသို့ပြောသော်လည်း ရှောက်ယွီလုံက ယူပြီး သေသေချာချာ ကျေးဇူးတင်စကား ပြောလိုက်ချေသည်။ ထိုစဉ် ရှောက်ယွီလုံ၏ ဖုန်းမြည်လာသဖြင့် သူက ဖုန်းကိုင်လိုက်ပြီး သူတို့သုံးယောက်ကို ပြော၏။
"ငါ လူလွှတ်ပြီး မုန့်သွားဝယ်ခိုင်းထားတယ် ခဏနေရင် ရောက်လာလိမ့်မယ် နင်တို့ အရင်ဆော့နှင့်ကြ ငါ သူငယ်ချင်းတစ်ယောက်ကို သွားကြိုလိုက်ဦးမယ်"
လက်ဖက်ရည်ပွဲစားပွဲပေါ်တွင် သစ်သီးပန်းကန်ရှိပြီး ရှလီက သခွားမွှေးသီးတစ်စိန်ကို ယူကာ ကိုက်စားလိုက်ပြီး လင်ချင်းရှောင်ကို လှည့်ကြည့်ကာ မေးလိုက်သည်။
"နင် မိတ်ကပ်လိမ်းထားတာလား"
လင်ချင်းရှောင်က ပြန်ပြောသည်။
"ဘယ်က မိတ်ကပ်လိမ်းရမှာလဲ နှုတ်ခမ်းနီလေး ဆိုးထားရုံပါ"
ရှလီက ထပ်ပြောသည်။
"ဆံပင်လည်း ကောက်ထားတယ်မလား"
လင်ချင်းရှောင်က ဖြေ၏။
"ဆံပင်ညှပ်စက် အသစ်လေး စမ်းကြည့်တာပါ"
လူများသော KTV ပွဲများက တကယ်တမ်းတွင် အလွန်ပျင်းစရာကောင်းပြီး အထူးသဖြင့် မိုက်ခရိုဖုန်းကို လက်ဝါးကြီးအုပ်တတ်သူများနှင့် တွေ့လျှင် ပိုဆိုး၏။ သူတို့သုံးယောက် အတူတူရှိနေ၍ အတူစကားပြော၍ ရသေးလို့သာ တော်တော့သည်။ ခဏအကြာတွင် နောက်ထပ် နှစ်ယောက် သုံးယောက်ခန့် တံခါးတွန်းဝင်လာကြသည်။ လင်ချင်းရှောင်က တံခါးဝကိုတစ်ချက်ကြည့်လိုက်ပြီး ရုတ်တရက် မတ်မတ်ထိုင်ကာ ဆံပင်တွေကို သပ်ရပ်အောင် လုပ်လိုက်ချေသည်။
ရှလီနှင့် ရွှီနင်တို့က ပြိုင်တူပင် အသံရှည်ဆွဲကာ 'အို' ဟု ရေရွတ်လိုက်ကြသည်။ ရှလီက နောက်လိုက်သည်။
"ဒါကြောင့် နင်က ဘယ်လိုလုပ် သဘောတူလိုက်တာလဲလို့ စဉ်းစားနေတာ... နင်နဲ့ ရှောက်ယွီလုံက ရင်းနှီးတာလည်း မဟုတ်ဘူး တကယ်တော့ နျဲ့ချူဟန်ကြောင့်ကိုး"
လင်ချင်းရှောင်က ရှားရှားပါးပါး ရှက်သွေးဖြာသွားပြီး ပြော၏။
"ပါးစပ်ပိတ်ထားစမ်းပါ"
ချူချန်က မြို့ငယ်လေးဖြစ်ပြီး ကျောင်းများ နည်းပါးကာ ကျောင်းကောင်းများက ပို၍ပင် ရှားပါးလှသည်။ မင်ကျန်းမှ ကျောင်းသားနှစ်ယောက်ကို ကျပန်းရွေးထုတ်လိုက်လျှင်ပင် တစ်နည်းနည်းဖြင့် ပတ်သက်မှုရှိနေတတ်ပြီး သူငယ်တန်းသူငယ်ချင်း မဟုတ်လျှင် မူလတန်းကျောင်းနေဖက်ဒါမှမဟုတ်အလယ်တန်းကျောင်းနေဖက်များ ဖြစ်နေတတ်သည်။ ရှောက်ယွီလုံနှင့် နျဲ့ချူဟန်က အလယ်တန်းတုန်းက တစ်တန်းတည်းဖြစ်ခဲ့ပြီး ဝိဇ္ဇာနှင့် သိပ္ပံ မခွဲမီက နျဲ့ချူဟန်နှင့် လင်ချင်းရှောင်တို့ကလည်း တစ်တန်းတည်း ဖြစ်ခဲ့၏။
နျဲ့ချူဟန်က သေသပ်ယဉ်ကျေးသော ရုပ်ရည်ရှိပြီး အရပ်မြင့်မြင့်နှင့် စာဂျပိုးရုပ် ယောကျ်ားလေးတစ်ယောက် ဖြစ်သည်။ သူနှင့် လင်ချင်းရှောင်တို့ကြား မည်သို့သော ပတ်သက်မှုရှိသည်ကို တိတိကျကျ ပြောရန်ခက်ခဲပြီး သူတို့နှစ်ယောက်က အမြဲတမ်း ဖုံးကွယ်ထားကာ မသေချာမရေရာ ဖြစ်နေတတ်ကြသည်။
လင်ချင်းရှောင်က နျဲ့ချူဟန်ဘက်ရှိ အခြေအနေကို စောင့်ကြည့်နေပြီး ခဏအကြာတွင် မတ်တပ်ရပ်ကာ ပြောလိုက်သည်။
"ငါ သွားနှုတ်ဆက်လိုက်ဦးမယ်"
ရွှီနင်က ပြုံးဖြီးဖြီးဖြင့် ပြော၏။
"သွားပါ မိန်းမပျိုလေး... ပြန်မလာနဲ့တော့"
လင်ချင်းရှောင်က ဘာမှမပြောတော့ပေ။
ဆယ်မိနစ်ခန့်အကြာတွင် လင်ချင်းရှောင် ပြန်လာပြီး မေးလာသည်။
"နျဲ့ချူဟန်နဲ့ သူ့သူငယ်ချင်းက ငါတို့ကို ဘာဘယ်တီး တိုက်မလို့တဲ့ သွားကြမလား"
ရှလီက မေးလိုက်သည်။
"ရှောက်ယွီလုံ အားနာစရာကြီး…"
လင်ချင်းရှောင်က ပြန်ပြောသည်။
"ခဏပဲသွားမှာ…ပြီးရင် ပြန်လာမှာလေ"
ရွှီနင်ကမူ ငြင်းလိုက်၏။
"မသွားဘူး... ငါနဲ့မှ သိပ်မရင်းနှီးတာ"
လင်ချင်းရှောင်က တုံ့ဆိုင်းသွားသည်။
"ဒါဆို..."
ရွှီနင်က ပြောလိုက်သည်။
"နင်တို့ သွားကြပါ ငါ တစ်ယောက်တည်း anime ကြည့်နေလိုက်မယ်"
သူမက လက်ထဲရှိ MP4 ကို ခါယမ်းပြလိုက်ချေသည်။
လင်ချင်းရှောင်က ရှလီ၏လက်ကို ချိတ်လိုက်ပြီး ပြောသည်။
"နင်ကေတာ့ ငါနဲ့ လိုက်ခဲ့ရမယ် မဟုတ်ရင် ငါတစ်ယောက်တည်း အရမ်း နေရခက်နေမှာ…"
ရှလီက ဖုန်းကိုယူကာ ကျောပိုးအိတ်ကို ရွှီနင်၏ဘေးတွင် ချထားလိုက်ပြီး မှာလိုက်သည်။
"ငါ့အိတ်လေး ကြည့်ထားပေးဦး ငါ ခဏနေရင် ပြန်လာခဲ့မယ်"
ထျန်းရှင်းလမ်းက သိပ်မရှည်လျားဘဲ ကုန်တိုက်နှစ်ခု၊ ဆန်မာ၊ မေပန်း၊ ဂျင်းဝေးစ် ကဲ့သို့သော အဝတ်အထည်ဆိုင်အချို့ရှိပြီး ကျန်သည်များမှာ စားသောက်ဆိုင် အမျိုးမျိုးသာ ဖြစ်၏။ ဘာဘယ်တီးဆိုင်က သူမတို့ ဘေးနားတွင်ပင် ရှိသည်။
ထိုစဉ်က ဘာဘယ်တီးဆိုင်များမှာ နောက်ပိုင်းခေတ်များလို အမျိုးအစားစုံလင်လှသည်မဟုတ်ဘဲ အခြေခံအားဖြင့် ရေစစ်ဘာဘယ်တီး၊ ကော်ဖီဘာဘယ်တီး၊ ပုလဲဘာဘယ်တီး၊ မာချာတီး၊ သံပရာဆဲဗင်းအပ်၊ သံပရာကိုကာကိုလာ စသည်တို့သာ ရွေးချယ်စရာရှိသည်။ ဘာဘယ်တီးတွေကို ဘာဘယ်တီးမှုန့်ဖြင့် ဖျော်စပ်ထားခြင်းဖြစ်ပြီး အရသာက အလွန်ချိုအီ၏။ ရှလီက သိပ်မကြိုက်သဖြင့် သံပရာဆဲဗင်းအပ် အေးအေးတစ်ခွက်ကိုသာ မှာလိုက်သည်။ ဆိုင်တွင် ထိုင်သောက်ရန် နေရာရှိသဖြင့် လေးယောက်သား စားပွဲတစ်လုံးး ရှာထိုင်လိုက်ကြသည်။ ရှလီ၏ တာဝန်မှာ လင်ချင်းရှောင်အတွက် အကာအကွယ်ပေးရန်သာဖြစ်ပြီး သူမက နျဲ့ချူဟန်နှင့် သူ၏သူငယ်ချင်းတို့ကို မရင်းနှီးသဖြင့် စကားဝိုင်းထဲ သိပ်မပါဘဲ တစ်ချိန်လုံး စိတ်လွင့်နေခဲ့ချေသည်။
မည်သူကမှန်းမသိဘဲအခန်း ၂၀ က ယန့်စစ်ရှီ ဟု စကားစလာချိန်ရောက်မှသာ ရှလီက ချက်ချင်း နားစွင့်လိုက်၏။ ပြောသူက နျဲ့ချူဟန် ဖြစ်သည်။
"အရင်ရက်တုန်းက ကျောင်းက နိုင်ငံလုံးဆိုင်ရာ ရူပဗေဒပြိုင်ပွဲ ဒုတိယအဆင့်အတွက် ပြင်ဆင်ဖို့ အထူးလေ့ကျင့်ရေးစခန်း ဖွင့်တော့ ယန့်စစ်ရှီကိုလည်း ဖိတ်ခဲ့တယ်"
လင်ချင်းရှောင်က မေးလိုက်သည်။
"သူက အင်တာနေရှင်နယ်အတန်းက မဟုတ်ဘူးလား"
နျဲ့ချူဟန်က ဖြေသည်။
"ဟုတ်တယ်လေ ငါလည်း အစက အင်တာနေရှင်နယ်အတန်းက လူတွေဆိုတာ... နင်တို့ သိတဲ့အတိုင်းပဲလို့ ထင်ခဲ့တာ ဒါပေမဲ့ ဆရာက ပြောတယ် သူက မနှစ်ကတည်းက ရူပဗေဒပြိုင်ပွဲမှာ ချန်ပီယံဖြစ်ခဲ့တာတဲ့"
ရှလီက အံ့အားသင့်စွာဖြင့် ဝင်မေးလိုက်၏။
"အထက်တန်းပထမနှစ်နဲ့တင် ချန်ပီယံဖြစ်တာလား"
နျဲ့ချူဟန်က ခေါင်းညိတ်ပြလိုက်သည်။
"ဆရာက သူ့ကို အတွေ့အကြုံလာဝေမျှပေးဖို့နဲ့ တစ်ခါတည်း သူ့အရည်အချင်းကို စမ်းသပ်ရအောင် ခေါ်လာခဲ့တာ"
ရှလီက ထပ်မေးသည်။
"ဒါဆို ရလဒ်ကရော"
နျဲ့ချူဟန်က အလွန်လေးစားသည့် လေသံဖြင့် ဖြေ၏။
"သူက အမြန်ဆုံး အဖြေလွှာအပ်တာ... ပြီးတော့ အကုန်မှန်တယ်"
နျဲ့ချူဟန်၏ ရူပဗေဒအမှတ်က အလွန်ကောင်းမွန်ပြီး တစ်တန်းလုံးတွင် ပထမဒါမှမဟုတ်ဒုတိယ အမြဲရလေ့ရှိရာ သူပြောသည့် မှတ်ချက်က အလွန် ယုံကြည်စိတ်ချရသည်။ လင်ချင်းရှောင်က ပြောလိုက်သည်။
"တော်တော်လေး မိုက်တာပဲ"
နျဲ့ချူဟန်က ဆက်ပြော၏။
"လေ့ကျင့်ပြီးတော့ ငါတို့ သူနဲ့ စကားနည်းနည်း ပြောဖြစ်ခဲ့တယ် သူက သူ့အရင်ကျောင်းမှာ အမြဲတမ်း တစ်တန်းလုံးမှာ ပထမရတာတဲ့ ရူပဗေဒနဲ့ သင်္ချာက အမြဲတမ်း အမှတ်ပြည့်ပဲတဲ့"
ရှလီက မနေနိုင်တော့ဘဲ မေးလိုက်မိသည်။
"အဲဒီလောက် အမှတ်ကောင်းတာကို ဘာလို့ ငါတို့လို မြို့လေးကို ပြောင်းလာတာလဲ ပေချန်မှာ တက္ကသိုလ်ဝင်တန်းဖြေတာနဲ့ နိုင်ငံခြားထွက်တာက ပိုလွယ်တာပဲကို"
နျဲ့ချူဟန်က ပခုံးတွန့်ကာ ပြန်ဖြေသည်။
"အဲဒါတော့ မသိဘူး... သူက တခြားသူတွေနဲ့ ရင်းနှီးဖို့ သိပ်မလွယ်တဲ့သူလို့ ခံစားရတယ် ငါတို့ သူနဲ့ပြောတဲ့ အကြောင်းအရာတွေက သာမန်ကာလျှံကာလောက်ပဲ
ရှလီက ထပ်မေးပြန်သည်။
"ဒါဆို သူ ဒီနှစ်လည်း ဝင်ပြိုင်မှာလား"
နျဲ့ချူဟန်က ဖြေ၏။
"သူက ငါတို့ပြည်နယ်မှာ စာရင်းမသွင်းထားလို့ ဝင်ပြိုင်လို့မရဘူး"
ရှလီက ညည်းတွားလိုက်သည်။
"နှမြောစရာပဲနော်"
ရှလီက သူမ၏ ညည်းတွားသံက နည်းနည်း လွန်ကဲသွားသည်ကို သတိပြုမိသွားပြီး ကမန်းကတန်း ထပ်ဖြည့်ပြောလိုက်သည်။
"ကျောင်းအတွက် ဆုရမယ့်နေရာ တစ်နေရာ လျော့သွားတာပေါ့"
နျဲ့ချူဟန်ကလည်း သဘောတူလိုက်၏။
"သူပြိုင်ရင် သေချာပေါက် ဆုရမှာ"
ရှလီမှာ ဒီလို ခံစားချက်မျိုးကို ယခုမှသာ ပထမဆုံးအကြိမ် အဖြစ် ခံစားဖူး၏။ လူတစ်ယောက်ကို သဘောကျမိပြီဆိုလျှင် ဘေးလူများက သူ့အကြောင်း ပြောသည်ကို ကြားရုံဖြင့်ပင် တိတ်ဆိတ်သော ဝမ်းသာမှုမျိုး ဖြစ်ပေါ်လာတတ်သည်ကို သူမ သိလိုက်ရချေသည်။
ဘာဘယ်တီးဆိုင်တွင် မိနစ် သုံးလေးဆယ်ခန့် ထိုင်ပြီး လေးယောက်သား ပြန်လာခဲ့ကြသည်။ နျဲ့ချူဟန် ရှိနေသောကြောင့် လင်ချင်းရှောင်က ပုံမှန်ထက် ပို၍ တက်ကြွနေပြီး ဆိုဒါဂရင်း ၏ သီချင်းနှစ်ပုဒ်ကို ဆိုကာ အားလုံးက လက်ခုပ်တီးပေးခဲ့ကြသည်။ ပွဲသိမ်းသွားတော့ နျဲ့ချူဟန်နှင့် လင်ချင်းရှောင်တို့က အတူတူ ထွက်သွားကြပြီး ရွှီနင်ကိုတော့ အိမ်မှလူများ လာကြိုကြသည်။ ရှလီက ကျောင်းနားက ကျောင်းသားတိုက်ခန်းတွင် နေပြီး ထျန်းရှင်းလမ်းနှင့် လမ်းဆုံနှစ်ခုသာ ကွာဝေးကာ လမ်းလျှောက်လျှင် ဆယ်မိနစ်ခန့်သာ ကြာသည်။ သူတို့သုံးယောက် လမ်းဆုံတွင် လမ်းခွဲလိုက်ကြသည်။
ရှလီက ကျောင်းသားတိုက်ခန်းကိုတိုက်ရိုက်မပြန်ဘဲ ရှန်ကျိစာအုပ်ဆိုင်ကို လမ်းလွှဲသွားလိုက်ပြီး 《ဝိညာဉ်စားသူ》 ကာတွန်းစာအုပ်ကို နောက်ထပ်တစ်အုပ် ထပ်ဝယ်ခဲ့သည်။ တိုက်ခန်းကိုပြန်ရောက်တော့ ရှလီက ရေချိုးပြီး ချွတ်ထားသော အဝတ်အစားတွေကို လျှော်ဖွပ်ကာ ဘုံလသာဆောင်တွင် လှန်းထားလိုက်ပြီး သူမတစ်ယောက်တည်း ပိုင်ဆိုင်သော စတုရန်းမီတာ နည်းနည်းသာရှိသည့် ကမ္ဘာငယ်လေးထဲကိုပြန်ဝင်လာခဲ့၏။
နေရာလေးက သေးငယ်သော်လည်း သူမက သပ်ရပ်စွာ ပြင်ဆင်ထားသည်။ အိပ်ရာခင်းနှင့် ခေါင်းအုံးစွပ်တွေကို သူမကိုယ်တိုင် ရွေးချယ်ထားတာဖြစ်ပြီး အဖြူရောင်နောက်ခံတွင် ဘဲပေါက်လေးအရောင် ပန်းပွင့်ငယ်လေးများ ပါသည်။ စာရေးခုံပေါ်တွင်လည်း စားပွဲခင်း ခင်းထားပြီး နံရံကိုမှီကာ သူမ အကြိုက်ဆုံး ပြင်ပစာအုပ်တွေကို စီရီထား၏။ သူမက တံခါးအနောက်တွင် ချိတ်ထားသော ကျောပိုးအိတ်ကို ယူလာပြီး 《ဝိညာဉ်စားသူ》 စာအုပ်နှစ်အုပ်ကို ထုတ်လိုက်သည်။ မှားသွားမည်စိုးသဖြင့် သူမဘာသာဝယ်သော စာအုပ်၏ ပလတ်စတစ်အစွပ်ကို ချက်ချင်းပင် ဖောက်လိုက်ချေသည်။
သူမက ဘောပင်တစ်ချောင်းကို ယူကာ သူမ၏စာအုပ်ပေါ်တွင် နာမည်ရေးလိုက်ပြီးမှ ယန့်စစ်ရှီ ပေးသော စာအုပ်ကို ဖောက်လိုက်၏။ စာအုပ်နှစ်အုပ်က လုံးဝ တူညီနေသော်လည်း ဒီစာအုပ်က ပို၍လေးလံသလို ပို၍ပေါ့ပါးသလို ခံစားရချေသည်။ အံဆွဲကိုဖွင့်ကာ အတွင်းမှ စာအုပ်ဖုံးစက္ကူလိပ်နှင့် ဓားကို ထုတ်ယူလိုက်ပြီး စာအုပ်၏ အရွယ်အစားအတိုင်း တိုင်းတာကာ တစ်ပိုင်း ဖြတ်တောက်လိုက်သည်။ သူမတွင် စာအုပ်အဖုံးလဲတတ်သည့် အကျင့်ရှိသည်။ ဒီတစ်ကြိမ်တွင်တော့ သူမက ပုံမှန်ထက် ပို၍ သေချာစွာနှင့် စိတ်ရှည်စွာ ဖုံးအုပ်လိုက်၏။
ဖုံးပြီးတော့ အရောင်တူသော ရောင်စုံဖိုက်ဘာဘောပင်ကို ယူကာ စာအုပ်အဖုံးပေါ်တွင် ရေးလိုက်သည်။
Fro Y.