အခန်း ၈
Vol. 1 Ch. 8
အခန်း (၈)
လက်ဖဝါးအရွယ်ခန့်ရှိသော ကာတွန်းစာအုပ်လေးကို သူမ လက်ထဲတွင် ကိုင်ထားပြီး တစ်မျက်နှာမျှပင် မလှန်ရက်ချေ။ ရေးထားသော ထိုစာကြောင်းလေးကို အချိန်အကြာကြီး စိုက်ကြည့်နေပြီးမှ တန်ဖိုးထားစွာဖြင့် အံဆွဲထဲကိုပြန်ထည့်ကာ ဒိုင်ယာရီစာအုပ်နှင့် အတူတူ ထားလိုက်လေတော့သည်။
အမျိုးသားနေ့ ကျောင်းပိတ်ရက်တွင် ရှလီက အိမ်ကိုတစ်ခေါက်ပြန်ခဲ့သည်။ ရက်ဆက် မိုးရွာနေသဖြင့် ရွှီနင်နှင့် လင်ချင်းရှောင်တို့က အပြင်မထွက်ချင်ကြဘဲ အိမ်မှာသာနေပြီး အင်တာနက်သုံးဖို့ ရွေးချယ်ခဲ့ကြသည်။ ရှလီ၏ အိမ်တွင် ကွန်ပျူတာမရှိသဖြင့် အင်တာနက်သုံးလိုလျှင် အနီးနားရှိ အင်တာနက်ဆိုင်ကိုသွားရ၏။ ထိုစဉ်က မြို့ငယ်လေးများတွင် စည်းကမ်းမတင်းကျပ်သေးသဖြင့် အသက်မပြည့်သေးသူများလည်း အင်တာနက်ဆိုင်ရှိ ယာယီမှတ်ပုံတင်ဖြင့် ကွန်ပျူတာသုံးခွင့် ရှိသည်။
ရှလီက Netease ဘလော့ဂ်တစ်ခုကို သေချာစွာ ဖွင့်ထားပြီး ကျောင်းပိတ်ရက် အားလပ်ချိန်တွင် ဝင်ပြီး ဒိုင်ယာရီများ အသစ်တင်ခြင်း၊ ဒါမှမဟုတ် ဒီဇိုင်းများ ပြောင်းခြင်းတို့ကို လုပ်လေ့ရှိသည်။ သူမ ဘလော့ဂ်၏ နာမည်မှာ 'ရှယ်ရီဝိုင် စမ်းသပ်ခန်း' ဖြစ်ပြီး သူမကိုယ်သူမ ပေးထားသော အင်္ဂလိပ်နာမည်ကလည်း Sherry ၊ဖြစ်သည်။ သူမ နာမည်အရင်း အသံထွက်နှင့် တူသလို အခြားတစ်ဖက်တွင်လည်း သူမက ဟိုင်ဘာရာအိုင် ကို အလွန်သဘောကျ၍လည်း အဲဒီလိုနာမည်ပေးခဲ့သည်။
သူမက ဘလော့ဂ် အသစ်တင်ပြီး ရုပ်ရှင်တစ်ကား ကြည့်ကာ MP3 ထဲရှိ သီချင်းတွေကို အသစ်လဲလိုက်သည်။ သူမ သီချင်းဒေါင်းလုဒ်ဆွဲနေချိန်တွင် ယန့်စစ်ရှီ၏ ငွေရောင် iPod လေးကို သတိရသွားပြီး သူ ဘယ်သူ့သီချင်းတွေကို နားထောင်ရတာ ကြိုက်မလဲ ဟု ငေးမောကာ တွေးနေမိချေသည်။
လူကြီးများ၏ ပွဲတော်ရက်ဆိုသည်မှာ မပြီးနိုင်သည့် ထမင်းစားပွဲများနှင့် မာကျောက်ကစားပွဲများပင် ဖြစ်သည်။ ရှလီမှာ ရှောင်လွှဲ၍မရဘဲ ထိုလူမှုရေးပွဲများထဲကိုဆွဲသွင်းခံရ၏။ ရှကျန့်ယန်နှင့် ကျန်းဟုန်တို့မှာ ပညာအရည်အချင်း မမြင့်မားဘဲ တစ်သက်လုံး မထင်မရှားနှင့် နေလာခဲ့ရရာ ရှလီက သူတို့အတွက် အဂုဏ်ယူရဆုံးသော ပြယုဂ်တစ်ခုဖြစ်သည်လေ။
လုပ်ဖော်ကိုင်ဖက် သူငယ်ချင်းများနှင့် ထမင်းစားပွဲများတွင် ရှကျန့်ယန်က ငါ့သမီးက မင်ကျန်းမှာ တက်နေတာလေ ဝိဇ္ဇာအထူးအတန်းကကွ ဟူ၍ ကြွားလုံးထုတ်လေ့ရှိသည်။ ဒီနေ့တော့ လော့ဝေ့ကော်နှင့် ထမင်းစားရမည်ဖြစ်သည်။ သူမတို့ အိမ်က အလွန်ဆင်းရဲနွမ်းပါးပြီး ရှကျန့်ယန်ကလည်း ကျန်းဟုန်၏ လက်ရာ မကောင်းသဖြင့် ဧည့်သည်ကို အားနာရမည်စိုးသဖြင့် စားသောက်ဆိုင်တွင် သီးသန့်ခန်းတစ်ခုကို ကြိုတင်မှာထားလိုက်၏။ ရှလီက ဤကဲ့သို့သော ပွဲမျိုးကို မုန်းသော်လည်း မဖြစ်မနေ သွားရတော့သည်။
အရက်ရီဝေနေသော သီးသန့်ခန်းထဲတွင် လူကြီးများက ဆေးလိပ်ငွေ့များ မှုတ်ထုတ်နေကြလေပြီ။ လော့ဝေ့ကော်က ဆေးလိပ်ကို ကိုက်ထားရင်း ရှလီကို ကြည့်ကာ ပြုံး၍ မေးလာသည်။
"ဟိုတစ်ခေါက်က သမီးနဲ့ ကားအတူတူစီးခဲ့တဲ့ ဥက္ကဋ္ဌကြီးဟော့ရဲ့ မြေးလေးကို မှတ်မိသေးတယ်မလား"
ရှလီက ဖြေလိုက်သည်။
"အင်း ဦးလေးလော့ အခုရော သူနဲ့ ခဏခဏ တွေ့ဖြစ်သေးလား"
လော့ဝေ့ကော်က လက်ကာပြလိုက်သည်။
"ဦးလေးက ဘယ်တွေ့ရပါ့မလဲ သူတို့အိမ်က သီးသန့် အိမ်အကူငှားထားပြီး အသွားအပြန်လည်း ယာဉ်မောင်းနဲ့ချည်းပဲလေ ဦးလေးက အဲဒီတစ်ခေါက်က ကျန်းချန်ကို ကိစ္စရှိလို့သွားရင်း လမ်းကြုံလို့ ဝင်ကြိုတာပါ အော် သူက ဒီစာသင်နှစ်ကစပြီး မင်ကျန်းမှာ ကျောင်းတက်နေတာလေ သမီး မဆုံဖူးဘူးလား"
ရှလီက ဖြေ၏။
"ဆုံဖူးပါတယ်... စကားသိပ်မပြောဖြစ်ဘူး"
လော့ဝေ့ကော်က ရှကျန့်ယန်ကို တစ်ချက်ကြည့်လိုက်ပြီး ပြောသည်။
"မင်းသမီးက လိမ္မာလွန်းလို့ လူရာမဝင်တာပဲ… သိနေမှတော့ နည်းနည်းပါးပါး ရင်းနှီးအောင် နေလေ သူက ဘယ်လိုအဆင့်အတန်းမျိုးမလို့လဲ ဥက္ကဋ္ဌကြီးဟော့ရဲ့ မြေးကွ… ဥက္ကဋ္ဌကြီးဟော့မှာ ဒီမြေးတစ်ယောက်ပဲရှိတာ သူ ကျောင်းတက်ဖို့အတွက် ငွေအများကြီးအကုန်ခံပြီး မင်ကျန်းကို အင်တာနေရှင်နယ်အတန်း ဖွင့်ဖို့ တမင်လှူခဲ့တာ သမီးသာ သူနဲ့ ရင်းနှီးသွားရင် နောက်ပိုင်း လမ်းကြောင်းတွေ ပိုပွင့်မလာနိုင်ဘူးလား… သူ ပြောလိုက်တဲ့ စကားတစ်ခွန်းက စက်ရုံက အသေးအမွှားကိစ္စတွေကိုပဲ အုပ်ချုပ်ရတဲ့ ဦးလေးလို လက်ထောက်အထွေထွေမန်နေဂျာထက် အများကြီးမကောင်းဘူးလား မင်း ပြောကြည့်လေ လောင်ရှ"
ရှကျန့်ယန်က အဆက်မပြတ် ပြုံးကာ ထောက်ခံ၏။
"ဟုတ်တယ် ဟုတ်တယ်"
ရှလီမှာ ယင်ကောင်တစ်ကောင်ကို မျိုချလိုက်ရသလိုခံစားလိုက်ရသည်။ သူမ လော့ဝေ့ကော်ကို ဒီမျှလောက် တစ်ခါမှ မမုန်းဖူးခဲ့ချေ။ သူမ၏ ဘယ်သူမှမသိသည့် ဖြူစင်တဲ့ ရင်ခုန်သံလေးကို အကွက်ကျကျ ကြံစည်မှုတစ်ခုလို စွပ်စွဲခံလိုက်ရသလိုပင်။ လူကြီးတွေ၏ အတ္တဆန်သော ကိုယ်ကျိုးရှာစိတ်က တကယ်ကို ရွံရှာစရာကောင်းလှသည်။
ထိုမျှမကသေးဘဲ ပွဲသိမ်း၍ အိမ်ပြန်ရောက်တော့ မူးနေသည့် ရှကျန့်ယန်က ခြေထောက်ကို ရေစိမ်ရင်း မေးလာပြန်သည်။
"သမီး တကယ်ပဲ အဲဒီဥက္ကဋ္ဌကြီးဟော့ရဲ့ မြေးနဲ့ သိတာလား"
ရှလီက ဘာမှပြန်မပြောပေ။
ရှကျန့်ယန်က ထပ်ပြောသည်။
"သိရင်လည်း နောက်ပိုင်း များများ အဆက်အသွယ်လုပ်ပေါ့ ဆိုးကျိုးတော့ မရှိပါဘူး"
ရှလီက မနေနိုင်တော့ဘဲ ပြန်ပက်လိုက်၏။
"အဆက်အသွယ်လုပ်ချင်ရင် ဖေဖေတို့ဘာသာ သွားလုပ်ကြ"
သူမက ခြေလှမ်းနည်းနည်းဖြင့် သူမ၏အခန်းထဲကိုပြန်ဝင်သွားပြီး တံခါးကို ဆောင့်ပိတ်လိုက်၏။
ရှကျန့်ယန်နှင့် ကျန်းဟုန်တို့မှာ တစ်ယောက်မျက်နှာ တစ်ယောက် ကြည့်နေမိကြတော့သည်။ ရှလီက အမြဲတမ်း လိမ္မာရေးခြားရှိပြီး စကားနားထောင်တတ်သူဖြစ်ပြီး ဘယ်တုန်းကများ မိဘတွေကို ဒီလို ဒေါသထွက်ဖူးလို့လဲ။
/
လစဉ်စာမေးပွဲများက တစ်ခုပြီးတစ်ခု ရောက်လာခဲ့သည်။
အထက်တန်းဒုတိယနှစ်ကိုတက်ရောက်လာပြီး စာသင်နှစ်တစ်နှစ်လျှင် နှစ်ဝက်နှင့် နှစ်ဆုံးစာမေးပွဲများအပါအဝင် စုစုပေါင်း စာမေးပွဲကြီး လေးကြိမ်ရှိပြီး အားလုံးကို တက္ကသိုလ်ဝင်တန်း အချိန်ဇယားနှင့် စံနှုန်းများအတိုင်း တစ်နှစ်လုံးရှိ ကျောင်းသားတွေကို ရောနှောကာ အဆင့်အလိုက် စာမေးပွဲခန်း နေရာချထားလေ့ရှိ၏။
အင်တာနေရှင်နယ်အတန်းက လပတ်စာမေးပွဲများတွင် မပါဘဲ သူတို့အတွက် သီးသန့် စာမေးပွဲအစီအစဉ် ရှိသည်။
နျဲ့ချူဟန်က ဒီကိစ္စအတွက် အလွန်နှမြောနေကြောင်း လင်ချင်းရှောင်က ရှလီအား ပြောပြဖူးသည်။ နျဲ့ချူဟန်က လစဉ်စာမေးပွဲတွင် ယန့်စစ်ရှီနှင့် အကြိတ်အနယ် ယှဉ်ပြိုင်ချင်နေခဲ့သည်လေ။
ဝိဇ္ဇာအတွဲ၏ ပထမဆုံး စာမေးပွဲခန်းက မြေညီထပ်တွင် ရှိသည်။
ဘာသာတိုင်း ဖြေပြီးလို့ ရှလီ စာမေးပွဲခန်းထဲမှ ထွက်လာတိုင်းအခန်း ၂၀ ဘက်ကိုအကျင့်ပါနေသလို လှမ်းကြည့်မိတတ်ချေသည်။
ထမင်းစားချိန်ဖြစ်နေသည်တောင် ယန့်စစ်ရှီက အတန်းထဲက ထွက်လာပြီး တစ်ယောက်ယောက်နှင့် ကန်တင်းကိုသွားသည်ကို တစ်ကြိမ်မျှ မတွေ့ရဖူးချေ။
အချိန်တွေများ လွဲနေလို့လား။
ဒါမှမဟုတ်သူက တကယ်ပဲ ထမင်းမစားဘဲ နှင်းရည်သောက်ပြီး ရှင်သန်နေတဲ့ နတ်သားတစ်ပါးများလား။
ဒုတိယနေ့ ညနေပိုင်းမှာ နောက်ဆုံးဘာသာဖြစ်သည့် အင်္ဂလိပ်စာ ဖြေဆိုပြီး၍ ရှလီက ပစ္စည်းများ သိမ်းဆည်းနေချိန်၊ လင်ချင်းရှောင်က အနားရောက်လာပြီး သူမနှင့် ရွှီနင် အပြင်ထွက်ကာ တစ်ခုခုသွားစားကြမလားဟု မေးလာသည်။
ရွှီနင်က ပြောလိုက်သည်။
"နင်တို့ပဲ သွားကြပါ ငါ့အဖေက ခဏနေရင် လာကြိုမှာမို့လို့"
ရှလီနှင့် လင်ချင်းရှောင်တို့ စာမေးပွဲခန်းထဲမှ ထွက်လာသည့်အခါ လင်ချင်းရှောင်က ရှလီ၏လက်မောင်းကို ရုတ်တရက် ဆွဲလိုက်ပြီး မေးဆတ်ပြ၏။
ရှလီ လိုက်ကြည့်လိုက်တော့အခန်း ၂၀ ၏ ဒုတိယမြောက် ပြတင်းပေါက်နားတွင် နျဲ့ချူဟန်နှင့် ယန့်စစ်ရှီတို့ အတူရပ်နေသည်ကို တွေ့လိုက်ရသည်။
သူမ နှလုံးသားလေးက စားပွဲပေါ် ပစ်ချခံရသော ပင်ပေါင်ဘောလုံးလေးလို ပေါ့ပါးစွာ ခုန်ပေါက်နေသော်လည်း ရှလီက ဘာမှမဖြစ်သလို ဟန်ဆောင်ကာ မေးလိုက်သည်။
"နင် နျဲ့ချူဟန်ကို သွားနှုတ်ဆက်မလို့လား"
လင်ချင်းရှောင်က ပြန်ဖြေသည်။
"ဒါပေါ့"
လင်ချင်းရှောင်က အနားသွားပြီး နျဲ့ချူဟန်၏ ပခုံးကို ပုတ်လိုက်သည်။
နျဲ့ချူဟန် နောက်လှည့်ကြည့်လိုက်တော့ ယန့်စစ်ရှီကလည်း လိုက်၍ လှည့်ကြည့်လာ၏။
လင်ချင်းရှောင်က နှုတ်ဆက်လိုက်သည်။
"ဟိုင်း"
နျဲ့ချူဟန်က ပြန်နှုတ်ဆက်သည်။
"ဟိုင်း"
ရှလီက ယန့်စစ်ရှီကို ကြည့်ကာ နှုတ်ဆက်လိုက်၏။
"ဟယ်လို"
ယန့်စစ်ရှီက ပြန်ပြောသည်။
"ဟယ်လို"
လင်ချင်းရှောင် နည်းနည်း ကြောင်အမ်းသွားသည်။
"နင်တို့ သိနေကြတာလား"
ရှလီက ခေါင်းနည်းနည်း ညိတ်ပြလိုက်ပြီး လင်ချင်းရှောင်၏ လက်မောင်းကို ခပ်ဖွဖွလေး ခိုးဆိတ်လိုက်တော့ လင်ချင်းရှောင်က သဘောပေါက်သွားပြီး ချက်ချင်း ဆက်မမေးတော့ပေ။
လင်ချင်းရှောင်က နျဲ့ချူဟန်ကို မေးလိုက်သည်။
"စာမေးပွဲ ဖြေနိုင်လား"
နျဲ့ချူဟန်က ဖြေ၏။
"ရူပဗေဒ နောက်ဆုံးပုစ္ဆာကို သိပ်မသေချာလို့ ဟိုက်ပါကြီး ကို မေးနေတာ နင်တို့ရော ဘယ်လိုလဲ"
လင်ချင်းရှောင်က ပြန်ပြောသည်။
"ဒီလိုပါပဲ... ညစာသွားစားမလို့လား ငါတို့ အပြင်ထွက်ပြီး ထမင်းကြော် သွားစားမလို့"
နျဲ့ချူဟန်၏ မျက်နှာပေါ်တွင် အခက်တွေ့နေသော အရိပ်အယောင်များ ပေါ်လာသည်။ တစ်ဖက်က ရူပဗေဒဖြစ်ပြီး တစ်ဖက်က ကောင်မလေးဖြစ်နေသဖြင့် သူ့မှာ ရွေးချယ်ရ ခက်နေ၏။
သူက ခဏစဉ်းစားပြီး ယန့်စစ်ရှီကို မေးလိုက်သည်။
"ဟိုက်ပါပြီး မင်းရော စားပြီးပြီလား ငါတို့နဲ့ အတူတူသွားရအောင်လေ ဆက်ပြီး ဆွေးနွေးလို့ရတာပေါ့ ဒီပုစ္ဆာကို နားမလည်ရင် ငါ ဒီနေ့ အိပ်ပျော်မှာ မဟုတ်ဘူး"
ရှလီက ယန့်စစ်ရှီ လက်ခံမည်ဟု မထင်ထားခဲ့ပေ။
သူမ အကဲခတ်ထားသလောက် ယန့်စစ်ရှီက အချိန်အများစုတွင် တစ်ယောက်တည်းသာ သွားလာလေ့ရှိပြီး အားလပ်ချိန်များတွင်လည်း လူစုလူဝေးနဲ့ မရောတတ်ချော။ သူမ ပထဝီ လေ့ကျင့်ခန်းစာအုပ်ကို ပိုက်ပြီးအခန်း ၂၀ ရှေ့မှ ဖြတ်သွားတိုင်း သူက သူ့နေရာတွင်သာ ထိုင်နေပြီး စာဖတ်နေလျှင် ဖတ် မဟုတ်လျှင် သီချင်းနားထောင် မဟုတ်လျှင်လည်း အိပ်သာအိပ်နေတတ်သည်။
သူ့ရဲ့ တစ်ဦးတည်းသော သူငယ်ချင်းဆိုလျှင် ဟိုတစ်ခေါက်က ကန်တင်းကိုရေသန့်ဘူးသွားဝယ်တုန်းက အတူပါလာသော မျက်မှန်နက် နှင့် ကောင်လေးသာ ဖြစ်မှာပင်။
သူမ ယန့်စစ်ရှီက ခေါင်းညိတ်လိုက်မည်ဟု မမျှော်လင့်ထားခဲ့ပေ။ ထို့နောက် သူက ပြောလာသည်။
"ငါ သူငယ်ချင်းတစ်ယောက် ထပ်ခေါ်လိုက်ဦးမယ်"
သူက ပြတင်းပေါက်ကို တွန်းဖွင့်လိုက်ပြီး အထဲကိုလှမ်းခေါ်လိုက်၏။
"ဝမ်ချန်း"
ပြန်ထူးလာတဲ့သူက မျက်မှန်နက် ပင်။
(T/N နာမည်ပြောင်ပါ)
ယန့်စစ်ရှီက မေးလိုက်သည်။
"အပြင်ထွက်ပြီး ထမင်းသွားစားမလား"
ဝမ်ချန်းက ခေါင်းညိတ်ပြသည်။
"ရတယ်"
သူ့ စကားသံအဆုံးမှာ စာသင်ခန်းထဲမှ မိန်းကလေးတစ်ယောက်၏ အသံထွက်လာ၏။
"ယန့်စစ်ရှီ နင်တို့ အပြင်ထွက်ပြီး ထမင်းစားမလို့လား ငါတို့ကိုလည်း ခေါ်သွားပါလား"
အသံပိုင်ရှင်က ထောင်ရှီးယွဲ့ဖြစ်ပြီး သူမက ကောင်မလေးတစ်ယောက်နှင့် အတူစုထိုင်ရင်း စကားပြောနေချိန် ယန့်စစ်ရှီနှင့် ဝမ်ချန်းတို့၏ စကားကို ကြားလိုက်၍ ရုတ်တရက် လှည့်မေးလာတာဖြစ်သည်။
ယန့်စစ်ရှီက ပြန်ဖြေလိုက်သည်။
"ဆောရီး ဒီနေ့ သိပ်အဆင်မပြေလို့ နောက်မှပဲပေါ့"
သူ့ လေသံက ခံစားချက်အပိုတွေ မပါဘဲ အေးစက်နေမြဲပင်။
ရှလီမှာ ဘာကြောင့်မှန်းမသိ သံပရာသီးတစ်ခြမ်းလောက် ဝါးလိုက်ရသလို ခံစားလိုက်ရသည်။
ယန့်စစ်ရှီ နောက်မှ လို့ပြောလိုက်တာကြောင့်မဟုတ်ဘဲ၊ ယန့်စစ်ရှီနှင့် ထောင်ရှီးယွဲ့တို့ စကားပြောပုံက ရင်းနှီးနေလို့ပင်။
ထိုအချိန်တွင် ထောင်ရှီးယွဲ့က အပြင်ဘက်ကိုလှမ်းကြည့်လိုက်ပြီး ပြောလာသည်။
"အော်... ဒါဆိုလည်း နောက်မှပေါ့"
သူမက လင်ချင်းရှောင်ကို မြင်သွားတာပဲ ဖြစ်ရမည်။
လင်ချင်းရှောင်က ရှလီတစ်ယောက်တည်းသာ ကြားနိုင်သော အသံဖြင့် တိုးတိုးလေး နှာမှုတ်လိုက်ချေသည်။
သူမတို့ ငါးယောက်သား ကျောင်းပြင်ကိုထွက်လာခဲ့ကြသည်။
လင်ချင်းရှောင်နှင့် နျဲ့ချူဟန်တို့က အရှေ့ဆုံးမှ ယှဉ်လျှောက်လာကြပြီး သူတို့နှစ်ယောက်တည်းသာ နားလည်သည့် အကြောင်းတွေ ပြောနေကြ၏။
သူတို့၏အနောက်တွင် ဝမ်ချန်းက ကပ်လျက်လိုက်ပါလာပြီး လမ်းလျှောက်နေစဉ်တွင်ပင် စာအုပ်ကို လက်မှမချဘဲ အဖုံးတွင် အင်္ဂလိပ်စာများ အပြည့်ပါသော အထူကြီးတစ်အုပ်ကို ကိုင်ကာ ခေါင်းတစ်ချက်မျှပင် မမော့ဘဲ လျှောက်နေသည်။
ထို့ကြောင့် ဘယ်လိုဘယ်လိုဖြစ်သွားမှန်းမသိဘဲ ရှလီက ယန့်စစ်ရှီနှင့်အတူ အနောက်ဆုံးတွင် ကျန်ရစ်ခဲ့တော့သည်။
ယန့်စစ်ရှီက မင်ကျန်း၏ ဆောင်းဦးရာသီ ကျောင်းဝတ်စုံအပေါ်အင်္ကျီကို ဇစ်ဖွင့် ဝတ်ထားပြီး အတွင်းတွင် အဖြူရောင် ရှပ်အင်္ကျီတစ်ထည်ကို ဝတ်ထားရာ ကောင်လေး၏ အရပ်ရှည်ရှည်နှင့် သွယ်လျသော ကိုယ်လုံးလေးမှာ ပိုမို ပေါ်လွင်ေနသည်။
စာသင်ဆောင်ထွက်ပေါက်တွင် လူအဝင်အထွက်များနှင့် ရှုပ်ထွေးနေ၏။
ထိုစဉ် သူတို့မျက်နှာချင်းဆိုင်မှ ကျောင်းသားနှစ်ယောက်က အချိန်မီဖို့ အလျင်စလို ပြေးဝင်လာကြသည်။
ယန့်စစ်ရှီက ရှောင်လိုက်ဖို့ ရှလီရှိရာဘက်ကိုခြေတစ်ဝက်ခန့် တိုးလာခဲ့ချေသည်။
ရှလီ၏ နှလုံးသားလေးမှာ အလုပ်မလုပ်တော့မယောင်ပင် ဖြစ်သွားရသည်။
ထိုခဏလေးအတွင်းတွင် လတ်ဆတ်အေးမြသော ရနံ့လေးတစ်ခုက သူမ၏ နှာဖျားအနီးသို့ ကျီစယ်ဝင်ရောက်လာခဲ့သည်။
ထိုရနံ့လေးက ဆောင်းရာသီတွင် ပြတင်းပေါက်ကို ဖွင့်လိုက်ချိန် ကမ္ဘာကြီးတစ်ခုလုံးကို ဆီးနှင်းများ ဖုံးလွှမ်းနေသော အငွေ့အသက်မျိုးနှင့် တူလှသည်။