အခန်း ၉
Vol. 1 Ch. 9
အခန်း (၉)
"မင်းကို ဖက်လို့ရအောင်ဆိုပြီး ငါ တစ်တန်းလုံးကိုပါ လိုက်ဖက်ခဲ့တယ်... မင်းအတွက်ဆို ဒီလို ရူးကြောင်ကြောင်ကိစ္စမျိုးကိုလည်း ငါ လုပ်နိုင်တဲ့သူပါ"
—— ရှယ်ရီဝိုင် စမ်းသပ်ခန်း 《အိပ်မက်တွေကို ဖြတ်သန်းခဲ့တဲ့ ကိုးနှစ်တာ》
ရှလီက ဟိုတွေးဒီတွေးဖြင့် မျောလွင့်နေစဉ် အရှေ့မှ လျှောက်နေသော ဝမ်ချန်းက ရုတ်တရက် ခြေလှမ်းရပ်လိုက်ပြီး နောက်သို့လှည့်ကာ ယန့်စစ်ရှီကို မေးလိုက်သည်။
"ဒီစာကြောင်းကို ဘယ်လို ဘာသာပြန်ရမလဲ"
ယန့်စစ်ရှီက ခေါင်းငုံ့ကာ စာကိုကြည့်လိုက်ပြီး ပြော၏။
"The Maori invaders a deion of farrs ingaged ferocious wars..."
ပိုနားလည်ရလွယ်သွားအောင် သူက မူရင်းစာသားကို တိုးတိုးလေး အရင်ဖတ်ပြလိုက်သည်။
ခပ်သြသြနှင့် အေးစက်စက် အသံလေးရဲ့ အင်္ဂလိပ်စာ အသံထွက်က ချောမွေ့ပီသနေပြီး အနည်းဆုံးတော့ ရှလီကြားဖူးသည့်အခန်း ၇ က အင်္ဂလိပ်စာဆရာမထက်ပင် ပိုပီနေသေးသည်။
ယန့်စစ်ရှီက ဖတ်ပြီးသည်နှင့် ချက်ချင်း ဘာသာပြန်ပြလိုက်သည်။
"ဒီစာကြောင်းရဲ့ အဓိပ္ပာယ်က မောဝ်ရီလူမျိုး ကျူးကျော်သူတွေဟာ လူဦးရေများပြီး သူတို့က ရက်စက်ကြမ်းကြုတ်တဲ့ စစ်ပွဲတွေကို ကာလရှည်ကြာ ဆင်နွှဲခဲ့တယ် ပိုမိုခေတ်မီတဲ့ နည်းပညာတွေ လက်နက်တွေကို တပ်ဆင်ထားပြီး အင်အားကြီးမားတဲ့ ခေါင်းဆောင်မှုအောက်မှာ လှုပ်ရှားကြတယ် လို့ ဆိုလိုတာ"
ဝမ်ချန်းက ခေါင်းညိတ်ပြလိုက်ပြီး မျက်မှန်ကို ပင့်တင်ကာ ပြောလိုက်သည်။
"ဒီစာအုပ်ကို မင်း တကယ်ဖတ်ပြီးသွားပြီလား... ငါဖတ်တာ ဘာလို့ ဒီလောက် ခက်နေတာလဲ"
ဝမ်ချန်းက ညည်းတွားလိုက်သည်။
"သဒ္ဒါဖွဲ့စည်းပုံက မင်းအတွက် သေချာပေါက် ပြဿနာမရှိဘူး ဝေါဟာရ နည်းနည်း လိုနေတာပဲ ဖြစ်မယ်"
ရှလီသည် သူမ ယန့်စစ်ရှီကို ပိုနားလည်လာသလို ခံစားလိုက်ရသည်။
သူက ဒီလို အေးတိအေးစက်နိုင်ပုံရသော်လည်း ရင်းနှီးသူများနှင့် ဆက်ဆံရာတွင်တော့ အလွန် သဘောကောင်းပြီး စိတ်ရှည်တတ်သည်။
သိပ်ထူးချွန်သော်လည်း အထက်စီးမဆန်ချေ။
ကျောင်းဂိတ်အပြင်ဘက်တွင် ကျောင်းသားတွေအတွက် ရည်ရွယ်ပြီး ဖွင့်ထားတဲ့ ဈေးချိုသည့် စားသောက်ဆိုင် အများအပြား ရှိသည်။
သူတို့က အရင်တုန်းကလဲ စားဖူးသည့် ကျွီဖူစားသောက်ဆိုင် ဟုခေါ်သည့် ဆိုင်လေးကိုသွားကြ၏။ ဆိုင်ခန်းက မကြီးသော်လည်း အလွန် သန့်ရှင်းသပ်ရပ်သည်။
စားပွဲက လေးယောက်ထိုင် စားပွဲဖြစ်ရာ နျဲ့ချူဟန်က ဘေးစားပွဲမှ ခုံတစ်လုံးကို ယူလာပြီး ယန့်စစ်ရှီ၏ဘေးတွင် နေရာချလိုက်သည်။
သူက လင်ချင်းရှောင်ကို ဟင်းမှာထားပေးဖို့ အကူအညီတောင်းလိုက်ပြီး စာမေးပွဲစာရွက်ကို မစောင့်နိုင်တော့ဘဲ ဆွဲထုတ်ကာ ယန့်စစ်ရှီကိုဆွဲ၍ နောက်ဆုံးပုစ္ဆာကို ဆက်ဆွေးနွေးလေတော့သည်။
ထိုအခွင့်အရေးကို အသုံးချကြီး ရှလီက စာအုပ်အဖုံးကို ခိုးကြည့်လိုက်တော့ 《Guns, Germs, and Steel》 ဟု ရေးထားသည်ကို တွေ့လိုက်ရသည်။
နျဲ့ချူဟန်နှင့် ဝမ်ချန်းတို့က သူတို့အမြင်နှင့်သူတို့ အငြင်းပွားနေကြရာ နောက်ဆုံးတွင် ယန့်စစ်ရှီက နျဲ့ချူဟန်၏ ခဲတံကို ယူကာ အားသက်ရောက်မှုတွေကို သွက်လက်စွာ ဆွဲပြပြီး ညီမျှခြင်းတွေကို ချရေးကာ တိမ်တိုက်တွေကို ခွင်း၍ လပြည့်ဝန်းကို မြင်ရသလိုအငြင်းပွားမှုတွေကို ဖြေရှင်းပေးလိုက်၏။
နျဲ့ချူဟန်က အလွန်ဝမ်းသာသွားပြီး ပြောလိုက်သည်။
"တော်ပါသေးရဲ့ ငါ တွက်တာ မှန်သွားလို့"
ဝမ်ချန်းကတော့ ခေါင်းကုတ်ကာ ပြော၏။
"လပတ်စာမေးပွဲ မဖြေရတာ ကြာပြီဆိုတော့ နည်းနည်း စိမ်းနေတယ်"
နျဲ့ချူဟန်က မေးလိုက်သည်။
"ဟိုက်ပါကြီး နောက်တစ်ခါကျရင်လည်း မင်းနဲ့ ထပ်ပြီး စာလုပ်လို့ရလား"
နျဲ့ချူဟန်က နည်းနည်း ကြောင်သွားပြီး စကားမပြောနိုင်ခင် ယန့်စစ်ရှီက ထပ်ပြောလာသည်။
"ငါ့ကို ဟိုက်ပါကြီးလို့ မခေါ်ရင်ရင်ရတယ်… နာမည်ပဲ ခေါ်"
ဝိဇ္ဇာနှင့် သိပ္ပံ မခွဲမီက ရှလီ၏ ဇီဝ ဓာတုနှင့် သင်္ချာတို့က မဆိုးလှသော်လည်း ရူပဗေဒတွင်တော့ နည်းနည်း အားနည်းခဲ့သည်။ သိပ္ပံဘာသာရပ်ကို ရွေးချယ်ရန် မစဉ်းစားခဲ့ဖူးသည်မဟုတ်သော်လည်း သေချာရေရာမှုရှိစေရန် ဝိဇ္ဇာအတွဲကိုသာ ရွေးချယ်ခဲ့ခြင်း ဖြစ်သည်။
သာမန်လူများ၏ ဘဝက အမှားအယွင်းများအတွက် စမ်းသပ်ခံရန် အခွင့်အရေး မရှိချေ။
ခဏအကြာတွင် မှာထားသော ဟင်းပွဲများ ရောက်လာသည်။
အားလုံးက စားရင်း သောက်ရင်း စကားပြောကြ၏။
နျဲ့ချူဟန်က အင်တာနေရှင်နယ်အတန်း၏ သင်ရိုးညွှန်းတမ်းများက အခြားအတန်းများနှင့် အများကြီး ကွာခြားမှုရှိသလားဟု မေးလိုက်သည်။
ဝမ်ချန်းက ဖြေ၏။
"ငါတို့က အဓိကအားဖြင့် AP သင်ရိုးတွေကို သင်ရတာ သဘာဝသိပ္ပံ သင်္ချာနဲ့ ကွန်ပျူတာသိပ္ပံ ပြီးတော့ လူမှုရေးသိပ္ပံဆိုပြီး လမ်းကြောင်းသုံးခု ခွဲထားတယ် ယန့်စစ်ရှီလိုမျိုးကတော့ အထက်တန်းပထမနှစ်ကတည်းက ကြိုတင်ပြင်ဆင်ထားတာလေ ငါတို့က အခုမှစတာဆိုတော့ နည်းနည်း နောက်ကျနေပြီ အင်္ဂလိပ်စာမှာလည်း သူတို့ဆီက ကျောင်းသားတွေကို မမီဘူး ဒါကြောင့် အများစုက သဘာဝသိပ္ပံ ဒါမှမဟုတ် သင်္ချာနဲ့ ကွန်ပျူတာကိုပဲ ရွေးကြတယ်"
လင်ချင်းရှောင်က မေးလိုက်သည်။
"ဒါတွေအပြင် တခြားစာမေးပွဲတွေလည်း ဖြေရဦးမယ်မလား TOEFL တို့ ဘာတို့လေ"
ဝမ်ချန်းက မျက်မှန်ကို ပင့်တင်ကာ ပြောသည်။
"တိုဖယ်ကတော့ မဖြစ်မနေ ဖြေရမှာပဲ တချို့ကျောင်းတွေက SAT အမှတ်ကိုပါ တောင်းတယ် SAT စာမေးပွဲက ပြည်မကြီးမှာ ဖြေဖို့ နေရာမရှိတော့ ဟောင်ကောင် ဒါမှမဟုတ် စင်ကာပူကို သွားဖြေရမှာ တော်တော်လေး အလုပ်ရှုပ်တယ်... ဒီလောက် ဒုက္ခများမယ်မှန်းသိရင် ငါ သိပ္ပံအထူးအတန်းမှာပဲ ဆက်နေလိုက်ပါတယ်"
လင်ချင်းရှောင်က ပြောလာသည်။
"ဒါဆို လူတိုင်းက အထင်လွဲနေကြတာပေါ့ အင်တာနေရှင်နယ်အတန်းက တော်တော်လေး အားတယ်လို့ ထင်နေကြတာ"
ဝမ်ချန်းက အလွန် မကျေမနပ်ဖြစ်သွားဟန်ဖြင့် ပြော၏။
"ဘယ်ကလာ ငါတို့က မနက်ပိုင်း စာဖတ်ချိန် မရှိတာရယ် ညပိုင်းစာကြည့်ချိန် နည်းနည်းစောစော ဆင်းရတာရယ်ပဲ ကွာတာ တခြားဟာတွေက အကုန်အတူတူပဲ"
နျဲ့ချူဟန်က ဝင်မေးသည်။
"မင်းတို့ ညပိုင်းစာကြည့်ချိန်မှာ ဘာလုပ်ရတာလဲ"
ဝမ်ချန်းက ဖြေလိုက်သည်။
"အဓိကကတော့ အင်္ဂလိပ်စကားပြောနဲ့ အရေးပေါ့"
စကားပြောနေစဉ်တွင် ရှလီက မျက်နှာချင်းဆိုင်ရှိ ယန့်စစ်ရှီကို မသိမသာ ခိုးကြည့်နေမိသည်။
ချူချန်မြို့ခံများက အရသာကဲသော အစားအစာတွေကို နှစ်သက်ကြပြီး ယူနန် ကွေ့ကျိုး စိချွမ် ဟူနန် ကျန်းရှီး ပြည်နယ်များလောက် မစပ်သော်လည်း တော်တော်လေး အစပ်စားနိုင်ကြ၏။
ရှလီက သတိထားမိသည်မှာ ယန့်စစ်ရှီက ထမင်းနှစ်လုပ်ခန့် စားပြီး တူကိုကိုင်ရန် နည်းနည်း တွန့်ဆုတ်သွားပြီး သူ၏နှာခေါင်းထိပ်နှင့် နဖူးတွင် ချွေးစေးလေးများ သီးနေသည်ကို တွေ့လိုက်ရသည်။
သူ၏ အသားအရည်က ဖြူဖွေးသဖြင့် နားရွက်များ နီရဲလာသည်မှာ အလွန်သိသာလှသည်။
ရှလီက တူထိပ်ဖျားလေးကို ကိုက်ရင်း ခဏစဉ်းစားပြီး ပန်းကန်နှင့်တူကို ချကာ မတ်တပ်ရပ်လိုက်သည်။
ကောင်တာနားမှာ ရေခဲသေတ္တာတစ်လုံးရှိပြီး သူမက အနားသို့သွားကာ တံခါးကိုဖွင့်၍ ရေသန့်ဘူးအအေး သုံးဘူးကို ယူကာ စားပွဲကိုပြန်လာခဲ့ပြီး ပထမတစ်ဘူးကို လင်ချင်းရှောင်အား ကမ်းပေးရင်း ပြောလိုက်သည်။
"ဟင်းတွေက နည်းနည်း စပ်နေသလိုပဲ နင်တို့ ရေသောက်မလား"
လင်ချင်းရှောင်က ပြန်ပြောလာသည်။
"စပ်လို့လား ငါတော့ မထင်ပါဘူး... ငါ စပရိုက်ပဲ သောက်မယ်"
ရှလီက ခေါင်းညိတ်ပြလိုက်ပြီး ရေသန့်ဘူးကို ယန့်စစ်ရှီထံကိုကမ်းပေးလိုက်သည်။
ယန့်စစ်ရှီက လှမ်းယူလိုက်စဉ် နည်းနည်း တုံ့ဆိုင်းသွားပြီး ပြော၏။
"ကျေးဇူးပဲ"
ရေသုံးဘူးကို ယောကျ်ားလေးသုံးယောက်ကို ဝေပေးပြီး ရှလီက ရေခဲသေတ္တာထဲမှ စပရိုက်နှစ်ဘူး ထပ်ယူကာ လင်ချင်းရှောင်နှင့် သူမ တစ်ဘူးစီ ယူလိုက်သည်။
ရှလီက ထပ်ပြောလိုက်သည်။
"ငါ ဟင်းအရွက်ကြော် တစ်ပွဲ ထပ်မှာလိုက်လို့ ရမလား"
ဘယ်သူမှ မကန့်ကွက်ချေ။
ရှလီက စားပွဲထိုးကို ခေါ်လိုက်သည်။
"မုံညင်းဖြူကြော် တစ်ပွဲလောက် ထပ်ချပေးပါ အစပ် မထည့်နဲ့နော်"
လင်ချင်းရှောင်က နားမလည်စွာဖြင့် တိုးတိုးလေး ညည်းတွားလိုက်သည်။
"နင်က ပုံမှန်ဆို အစပ်တော်တော် စားနိုင်တာ မဟုတ်ဘူးလား"
ရှလီက မကြားသလိုသာ ဟန်ဆောင်နေလိုက်၏။