အခန်း ၁၂
Vol. 2 Ch. 12
အခန်း (၁၂)
အနီရောင် ပြေးလမ်းပေါ်တွင် အဖြူရောင် အရိပ်လေးတစ်ခုက လေးကြိုးမှလွတ်သွားသော မြှားတစ်စင်းကဲ့သို့သဘာပတိစင်မြင့်ရှေ့မှ ဖြတ်သန်းသွားသူတစ်ယောက်။
မျက်တောင်တစ်ခတ်အတွင်းမှာပင် ပန်းတိုင်ကိုရောက်သွားသလိုပင်။
ရှောက်ယွီလုံက အော်လိုက်သည်။
"လခွီး ဒါ ဘယ်သူလဲ အရမ်းမြန်တာပဲ"
ရှလီ၏ နှလုံးသားက တဒိတ်ဒိတ် ခုန်နေ၏။
ပထမဆုံး ပန်းဝင်သွားသူမှာ သူမကိုယ်တိုင် ဖြစ်နေသလိုပင်။
သူမက မည်သူရေးမှန်းမသိသော အသံလွှင့်စာမူကို သတိရသွားသည်။
'မင်းက လေကိုခွင်းပြီး လွတ်လပ်ပေါ့ပါးစွာ ပျံသန်းသွားမှာပါ'
ဘေးမှ ရှောက်ယွီလုံနှင့် လင်ချင်းရှောင်တို့ ဘာပြောနေသည်ကို ရှလီ သေချာ မကြားလိုက်ပေ။
ပန်းတိုင်တွင် လူများဝိုင်းရံနေပြီး အားလုံးက ယန့်စစ်ရှီအား ရေသန့်ဘူးများ ကမ်းပေးနေကြသည်ကိုသာ သူမ မြင်နေရ၏။
သို့သော် သူက မည်သူ့ဆီမှ မယူဘဲ လူအုပ်ကို တိုးထွက်ကာ ခေါင်းငုံ့ပြီး ထွက်သွားလေတော့သည်။
ယောကျ်ားလေး မီတာတစ်ရာ အကြိုဗိုလ်လုပွဲ ပြီး မိန်းကလေး မီတာတစ်ရာ အကြိုဗိုလ်လုပွဲ စတင်သည်။
ထို့နောက်မှသာ ဗိုလ်လုပွဲများ စတင်မည်ဖြစ်သည်။
လင်ချင်းရှောင်က ဖုန်းလက်ခံဖြေဆိုပြီး ပြန်ကြားရေးကော်မတီဝင်က သူမကို အကူအညီတောင်းနေကြောင်း ပြောသဖြင့် သုံးယောက်သား အခန်း ၇ ကိုပြန်သွားကြ၏။
ပရိသတ်စင်မြင့်တွင် အကာအကွယ်မရှိသဖြင့် နေရာမြင့်ပြီး လေတိုက်ကာ အေးစိမ့်နေသောကြောင့်လားမသိ ရှလီ သောက်ထားသော ရေနွေးများက အသုံးမဝင်တော့ဘဲ ဝမ်းဗိုက်နာကျင်မှုက ပို၍ ဆိုးရွားလာသည်။
စာမူစစ်ဆေးခြင်းနှင့် အသံလွှင့်ခြင်း အလုပ်များတွင် အမှားအယွင်းမရှိသဖြင့် သူမက တစ်ချိန်လုံး စောင့်ကြည့်နေရန် မလိုတော့ပေ။ ထို့ကြောင့် သူတို့ကို အသိပေးလိုက်ပြီး ကိစ္စရှိလျှင် ခေါ်ရန်ပြောကာ သူမကိုယ်တိုင် နောက်တန်းကူညီရေးနေရာကိုပြန်သွားထိုင်နေလိုက်သည်။
သူမက ကျောင်းဝတ်စုံအပေါ်အင်္ကျီကို ဆွဲတင်ကာ ဒူးကိုပိုက်ထားပြီး ဝမ်းဗိုက်ကို ကျောင်းဝတ်စုံအတွင်းရှိ ရေနွေးအိတ်နှင့် တင်းကျပ်စွာ ဖိကပ်ထားလိုက်၏။
အချိန်မည်မျှကြာသွားမှန်း မသိသော်လည်း ရေဒီယိုမှ ယောကျ်ားလေး မီတာတစ်ရာ ဗိုလ်လုပွဲအတွက် စာရင်းသွင်းရန် အသံလွှင့်သံကို ကြားလိုက်ရသည်။
သေနတ်ဖောက်သံ ထွက်လာသည်နှင့်တစ်ပြိုင်နက် ရှလီက ချက်ချင်း မတ်တပ်ရပ်ကာ ပြေးလမ်းဆီကိုလှမ်းကြည့်လိုက်သည်။
အကြိုဗိုလ်လုပွဲက ထပ်မံဖြစ်ပေါ်လာသလိုထိုအဖြူရောင် အရိပ်လေးက ပေါ့ပါးသွက်လက်စွာဖြင့် ပန်းတိုင်ကိုရောက်သွားသည်။
ပန်းတိုင်တွင် လူများ ပို၍ ဝိုင်းရံနေကြပြီး ယန့်စစ်ရှီ၏ အရိပ်လေးကိုပင် မြိုချသွားမတတ် ဖြစ်နေ၏။
ခဏအကြာတွင် သူက လူအုပ်ထဲမှ ထွက်လာပြီး လက်ထဲတွင် သူ၏ အဖြူရောင် အားကစားအပေါ်အင်္ကျီလေးကိုသာ ကိုင်ဆောင်ထားသည်။
သူက ပြေးလမ်းဘေးမှ လျှောက်လာပြီး ကွင်းထဲတွင် သူ့အား စကားလာပြောရန် ကြိုးစားသူတွေကို လျစ်လျူရှုကာ အားကစားကွင်းနှင့် စာသင်ဆောင်ကြားရှိ စင်္ကြံလမ်းဆီကိုလျှောက်လာနေ၏။
ထိုစင်္ကြံလမ်းမှာ ရေဒီယိုစခန်း၏ အောက်ဘက်တွင် ရှိသည်။
ရှလီ၏ နှလုံးခုန်နှုန်းများ မြန်ဆန်လာသည်။
သူမကိုယ်သူမ ထပ်ပြီး တွေဝေနေရန် အချိန်မပေးတော့ဘဲ ဘေးရှိ စက္ကူဖာထဲမှ ရေသန့်တစ်ဘူးကို ကောက်ယူကာ ကျောင်းဝတ်စုံထဲမှ ရေနွေးအိတ်ကို ထုတ်၍ ဘေးတွင်ချထားခဲ့ပြီး အောက်ဘက်စင်္ကြံလမ်းကိုဆင်းသော လှေကားဆီကိုအမြန်ပြေးဆင်းသွားလိုက်ချေသည်။
နောက်ဆုံး လှေကားထစ်ကို ဆင်းလိုက်သည်နှင့် တစ်ပြိုင်နက် ယန့်စစ်ရှီကလည်း စင်္ကြံလမ်းထဲကိုဝင်လာ၏။
ရှလီက တည်ငြိမ်စွာဖြင့် နှုတ်ဆက်လိုက်သည်။
"ဟိုင်း"
ယန့်စစ်ရှီ၏ ခြေလှမ်းများ ရပ်တန့်သွားသည်။
ရှလီက တမင်တကာပင် မေးလိုက်၏။
"နင် ပြိုင်ပွဲမဝင်ဘူးလား"
သူမက ယန့်စစ်ရှီအား သူ့အတွက် တမင်တကာ လာသည်ဟု မသိစေချင်ပေ။
ယန့်စစ်ရှီက ဖြေသည်။
"ခုနကမှ ပြေးပြီးတာ"
ရှလီက မေးလိုက်သည်။
"ဘာပြိုင်ပွဲလဲ"
ယန့်စစ်ရှီက ဖြေသည်။
"မီတာတစ်ရာ ဗိုလ်လုပွဲ"
ရှလီက မေးလိုက်သည်။
"ရေသောက်မလား"
သူမက သဘာဝကျကျပင် ရေသန့်ဘူးကို ကမ်းပေးလိုက်သည်။
ယန့်စစ်ရှီက နည်းနည်း တုံ့ဆိုင်းသွားပြီးမှ လှမ်းယူလိုက်ကာ ပြော၏။
"ကျေးဇူးပဲ"
စင်္ကြံလမ်းထဲကိုလေများ တိုက်ခတ်ဝင်ရောက်လာပြီး နံရံခြေရင်းရှိ မြက်ပင်လေးများက လှုပ်ခါနေသည်။
ကောင်လေး၏ အဖြူရောင်အင်္ကျီက လေကြောင့် နည်းနည်း ဖောင်းကြွသွားပြီး ပြန်ကျသွား၏။
ဘေးမှ လူများ ဖြတ်သွားကြသော်လည်း ထိုရယ်မောနောက်ပြောင်သံများက အလွန်ဝေးကွာနေသလိုခံစားရသည်။
သူမ၏ မျက်လုံးထဲတွင် သူတစ်ယောက်တည်းသာ ရှိနေသည်။
ဒီမြင်ကွင်းကို သူမ အချိန်အကြာကြီး မှတ်မိနေတော့မည်ဟု တွေးလိုက်မိသည်။
လေဖြူးဖြူး... မှောင်ရီပျပျ စင်္ကြံလမ်း... အဖြူရောင်ဝတ်ထားတဲ့ ကောင်လေး။
ပြီးတော့ သူမ၏ ဒီရေလို အတက်အကျမြန်နေသော နှလုံးခုန်သံများ။
ရှလီက ဒီခဏတာ တိတ်ဆိတ်မှုကို ဖြိုခွဲပစ်မည်စိုးသဖြင့် စကားပြောတော့ အသံကို တိုးတိုးလေးသာ ထွက်လိုက်သည်။
"နင် အတန်းထဲ ပြန်တော့မလို့လား"
ယန့်စစ်ရှီက ပြန်ဖြေသည်။
"အင်း"
ရှလီက ပြောလိုက်သည်။
"ငါက ဒီမှာ သူငယ်ချင်းကို စောင့်နေတာ"
ယန့်စစ်ရှီက ခေါင်းညိတ်ပြလိုက်၏။
သူက သူမတွင် အခြားပြောစရာ ကိစ္စရှိသေးသလားဟု အတည်ပြုရန် ခဏမျှ ရပ်နေပြီးမှ ထပ်ပြောလာသည်။
"ဒါဆို ငါ အရင်သွားနှင့်မယ်နော်"
ရှလီက ပြန်ဖြေလိုက်သည်။
"အင်း"
ယန့်စစ်ရှီ၏ ကျောပြင် စင်္ကြံလမ်းထဲမှ ထွက်သွားသည်ကို ကြည့်ပြီး ရှလီက ချက်ချင်းပင် နံရံကိုမှီကာ ဆောင့်ကြောင့်ထိုင်ချလိုက်ပြီး လက်မောင်းနှစ်ဖက်ဖြင့် ဒူးကို ပိုက်ထားလိုက်ချေသည်။
တစ်ဖက်က နှလုံးခုန်မြန်နေသလို အခြားတစ်ဖက်ကလည်း ဝမ်းဗိုက်နာကျင်မှုက သည်းမခံနိုင်လောက်အောင် ဖြစ်နေ၏။
အရေးတကြီး အနားယူရန် လိုအပ်နေသည်။
ခဏအကြာတွင် ခြေသံဖွဖွလေးများ နီးကပ်လာသည်။
သူမ၏ရှေ့တွင် ရပ်တန့်သွား၏။
ရှလီက မော့ကြည့်လိုက်ပြီး အံ့သြသွားရသည်။
ယန့်စစ်ရှီ ဖြစ်နေသည်။
သူက ခေါင်းငုံ့ကာ သူမကို မျက်လွှာချကြည့်နေသည်။
ကျဆင်းနေသော အရိပ်ထဲတွင် ရှလီက သူနှင့် အနီးကပ် မျက်လုံးချင်းဆုံမိသွားပြီး အလင်းရောင် ကွယ်နေသဖြင့် ထိုမျက်ဝန်းများက ပုံမှန်ထက် ပို၍ နက်ရှိုင်းနေကာ ညနေခင်း အလင်းရောင်များ ကျရောက်နေသော ရေကန်တစ်ခုကဲ့သို့ပင်။
သူမမှာ ကြောင်အမ်းနေမိပြီး သူ ဘာလို့ ပြန်လှည့်လာသလဲဆိုတာကို နားမလည်နိုင်ဖြစ်နေ၏။
နောက်ဆုံးမှသာ သူမက ပြောလိုက်သည်။
"ရပါတယ် နည်းနည်း ချမ်းနေလို့ပါ"
ယန့်စစ်ရှီ၏ အသံက ပိုလျှံသော အတက်အကျမရှိဘဲ အေးစက်စက်ဖြင့် ထွက်လာသည်။
"ဒီမှာ လေတိုက်တယ် တခြားနေရာ ပြောင်းစောင့်လေ"
သို့သော် နောက်တစ်စက္ကန့်တွင် တစ်ခုခု ကျဆင်းလာ၏။
ရှလီက အလိုအလျောက် လက်လှမ်းဖမ်းလိုက်ပြီး ရင်ခွင်ထဲရောက်မှသာ သူ၏ အားကစားအပေါ်အင်္ကျီ ဖြစ်နေကြောင်း သတိထားမိလိုက်ချေသည်။
ယန့်စစ်ရှီက ပြောလာသည်။
"ဒါလေး ခြုံထားလိုက်"
ရှလီက မေးလိုက်သည်။
"နင့်ဘာသာ မဝတ်တော့ဘူးလား"
ယန့်စစ်ရှီက ဖြေ၏။
"ငါ အတန်းထဲပြန်ပြီး ကျောင်းဝတ်စုံ သွားယူမလို့"
ရှလီက မတ်တပ်ရပ်လိုက်ပြီး သူ၏အင်္ကျီကို လက်နှစ်ဖက်ဖြင့် ပိုက်ထားလိုက်သည်။
ရှုပ်ထွေးသော ခံစားချက်များက ပြည့်လျှံလာပြီး သူမကိုယ်တိုင် ပြောနေသော စကားသံကိုပင် မကြားရတော့လောက်အောင် ဖြစ်သွားရ၏။
"ကျေးဇူးပဲ... ငါ ဘယ်လို ပြန်ပေးရမလဲ"
ယန့်စစ်ရှီက ပြန်ပြောသည်။
"အားတဲ့အခါ ငါတို့အတန်းရှေ့က ဖြတ်သွားရင် ဝင်ပေးလိုက်ပါ"
ယန့်စစ်ရှီက သူမ အဆင်ပြေကြောင်း သေချာစေရန် တစ်ချက်ကြည့်လိုက်ပြီး ထပ်ပြောလာသည်။
"ဒါဆို ငါ သွားပြီ"
ရှလီက ခေါင်းညိတ်ပြလိုက်သည်။
သူ၏ အရိပ်လေးက အားကစားကွင်းဘက်ကိုဦးတည်သွား၏။
ရှလီက မေးလိုက်သည်။
"နင် အတန်းထဲ မပြန်တော့ဘူးလား"
ယန့်စစ်ရှီက ဖြေ၏။
"ဝမ်ချန်းဆီမှာ ဖုန်းသွားယူရဦးမယ်"
ထို့ကြောင့် သူ ပြန်လှည့်လာခြင်း ဖြစ်သည်။
ယန့်စစ်ရှီက စင်္ကြံလမ်းဘေးရှိ လှေကားပေါ်ကိုတက်သွားသည်ကို ရှလီ ငေးကြည့်နေမိသည်။
အင်္ကျီကို လက်မောင်းတွင် ပိုက်ထားရင်း ဘယ်လိုလုပ်ရမည်ကို မသိအောင် ဖြစ်နေ၏။
ထိုအင်္ကျီပေါ်တွင် အေးမြသော ရနံ့လေးတစ်ခု ကပ်ငြိနေပြီး အဲဒီတုန်းက သူမ ရလိုက်ဖူးသော ကမ္ဘာကြီးတစ်ခုလုံး ဆီးနှင်းများ ဖုံးလွှမ်းနေသည့် အငွေ့အသက်မျိုးပင် ဖြစ်သည်။
ရှလီက လက်ကို အင်္ကျီလက်ထဲသွင်းကာ အင်္ကျီကို ဝတ်လိုက်ချေသည်။
အင်္ကျီက အလွန် ကြီးမားနေပြီး သူမလို လူနှစ်ယောက်ဝင်လျှင်ပင် ချောင်ချောင်ချိချိ ရှိနေဦးမည်ဖြစ်သည်။
ထို့ကြောင့် သူမက ပြန်ချွတ်လိုက်ပြီး ကော်လာကို ကိုင်ကာ လည်ပင်းနောက်ရှိ တံဆိပ်ကို ကြည့်လိုက်သည်။
Size က အကြီးဖြစ်ပြီး ၁၈၅ ဖြစ်၏။
သူမက အရပ် ၁.၆၃ မီတာသာ ရှိပြီး အရိုးအဆစ်လည်း သေးငယ်သူပင်။
ရှလီက လှေကားပေါ်ကိုပြန်တက်ကာ ရေဒီယိုစခန်းကိုပြန်လာခဲ့သည်။
သူမက ထိုအင်္ကျီကို မဝတ်တော့ဘဲ သေသပ်စွာ ခေါက်ပြီး ရင်ခွင်ထဲတွင် ပိုက်ထားလိုက်သည်။
ဒါက ယောကျ်ားလေးအင်္ကျီမှန်း သိသာလွန်းလှပြီး ထိုစဉ်က မင်ကျန်းတွင် မိန်းကလေးတစ်ယောက်က ယောကျ်ားလေးအင်္ကျီကို ဝတ်ထားလျှင် ဆိုလိုရင်းက သေချာပေါက် စဉ်းစားစရာ ဖြစ်သွားပေမည်။
သူမက ထိုကိစ္စကြောင့် လူတွေရဲ့ အာရုံစိုက်မှုကို မခံချင်ပေ။
သူမက လှေကားထစ်ပေါ်တွင် ထိုင်လိုက်ပြီး ရေနွေးအိတ်နှင့် ယန့်စစ်ရှီ၏ အင်္ကျီကို ပိုက်ထားလိုက်သည်။
ထိုအေးမြသော ရနံ့လေးက သူမကို ဝန်းရံထား၏။
ဒီစက္ကန့်လေးမှာ သေရမယ်ဆိုရင်တောင် နောင်တမရတော့တဲ့ ခံစားချက်မျိုး သူမ ခံစားလိုက်ရချေသည်။
____