အခန်း ၁၃
Vol. 2 Ch. 13
အခန်း (၁၃)
"တစ်ယောက်ယောက်ကို သဘောကျမိရင် သူ့အတွက် ပိုကောင်းအောင် နေထိုင်သင့်တယ်လို့ လူတချို့က ပြောကြတယ်... တချို့အချိန်တွေမှာတော့ ဆိုးသွမ်းသွားတာလဲ မဆိုးဘူးလို့ ကျွန်မ တွေးမိတယ်"
—— ရှယ်ရီဝိုင် စမ်းသပ်ခန်း 《အိပ်မက်တွေကို ဖြတ်သန်းခဲ့တဲ့ ကိုးနှစ်တာ》
ညနေစောင်းလေက ပိုတိုက်လာပြီး လိမ္မော်ရောင် နေဝင်ဆည်းဆာအလင်းက ခန္ဓာကိုယ်ပေါ် ကျရောက်နေသည့်တိုင် အေးစက်စက် အငွေ့အသက်ကိုသာ ခံစားရသည်။
ညဘက် မိုးရွာမည်ကို စိုးရိမ်၍ ပစ္စည်းကိရိယာများအားလုံးကို အသံလွှင့်ရုံကိုပြန်ရွှေ့ကာ သိမ်းဆည်းရမည်ဖြစ်သည်။
ရှလီက ကျောပိုးအိတ်ကို လွယ်ထားပြီး တစ်ဦးတည်းသော အမျိုးသားအသံလွှင့်သူနှင့်အတူ အသံထိန်းချုပ်စက်ကို မ,လိုက်ကာ အသံလွှင့်ရုံရှိ အခြားအဖွဲ့ဝင်အချို့က မိုက်ခရိုဖုန်း၊ နားကြပ်နှင့် အခြားပစ္စည်းတွေကို အသီးသီး ယူဆောင်သွားကြ၏။
အသံထိန်းချုပ်စက်က သိပ်မလေးသော်လည်း တိုက်မိမည်ကို စိုးရိမ်ရပြီး လှေကားက သိပ်မကျယ်သောကြောင့် သူတို့နှစ်ယောက် ရှေ့တစ်ယောက် နောက်တစ်ယောက်ဖြင့် ဂရုတစိုက် ဆင်းလာခဲ့ကြချေသည်။
စင်္ကြံရှေ့တွင် အလုပ်သမားကော်မတီဝင်နှင့် ပခုံးဖက်၍ စာသင်ခန်းဆီကိုလျှောက်သွားနေသော ရှောက်ယွီလုံနှင့် တိုက်တိုက်ဆိုင်ဆိုင် သွားဆုံ၏။
ရှောက်ယွီလုံက စိတ်အားထက်သန်စွာဖြင့် သူတို့ဆီ လျှောက်လာခဲ့သည်။
"ဘယ်ကို ရွှေ့မလို့လဲ... ကူညီပေးရမလား"
"မလိုပါဘူး... ကိုယ့်ဘာသာကိုယ် ရွှေ့တာက ပိုစိတ်ချရတယ်" ရှလီက ပြုံး၍ ပြောလိုက်၏။
"ဒါဆို နင့်အိတ်ကို ငါသယ်ပေးမယ်... နင့်အိတ်က တော်တော်လေးပုံရတယ်"
ရှလီကို ငြင်းခွင့်မပေးဘဲ ရှောက်ယွီလုံက သူမ၏ ကျောပိုးအိတ်ကြိုးကို တိုက်ရိုက် လှမ်းဆွဲလိုက်သည်။
စက်ပစ္စည်းများ လွတ်ကျသွားမည်ကို စိုးရိမ်သဖြင့် ရှလီက လက်တစ်ဖက်ကိုလွှတ်ကာ ကျောပိုးအိတ်ကို ချွတ်ပေးလိုက်ရ၏။
"ကျေးဇူးပဲ"
ရှောက်ယွီလုံက ယူလိုက်ပြီး
"ဟား... ဘာတွေထည့်ထားလို့ ဒီလောက်လေးနေရတာလဲ... စာသင်ခန်းထဲကို ပြန်သယ်သွားပေးရမလား"
"အသံလွှင့်ရုံကို ပို့ပေးလို့ရမလား... ငါ ခဏနေရင် အရင်ပြန်ရမှာမို့လို့"
အလုပ်သမားကော်မတီဝင်က ရှောက်ယွီလုံကို တံတောင်ဆစ်ဖြင့် တွတ်လိုက်ပြီး မျက်စိမှိတ်ပြကာ မေးလိုက်သည်
"ကန်တင်းကို မသွားတော့ဘူးလား"
"မင်းဆာရင် အရင်သွားစားနှင့်... ငါက ဘာမှမဖြစ်ပါဘူး"
ထိုသို့ပြောသော်လည်း အလုပ်သမားကော်မတီဝင်က ရှောက်ယွီလုံကို တစ်ယောက်တည်း ထားမခဲ့ပေ။
သူတို့နှစ်ယောက်က ရှလီဘေးမှ လိုက်ပါလာပြီး ရှောက်ယွီလုံက လမ်းလျှောက်ရင်း မေးလိုက်သည်။
"ဒီနေ့ အတန်းခုနစ်ရဲ့ ပြိုင်ပွဲရလဒ်တွေကို နင် သတိထားမိလား"
ရှောက်ယွီလုံက မျက်ခုံးပင့်လိုက်ပြီး
"ငါ သံလုံးပစ်မှာ ဒုတိယရတယ်"
"နင့်စကားက ငါ့ကို ဘယ်လိုဆက်ပြောရမှန်းမသိအောင် လုပ်နေတယ်" ရှောက်ယွီလုံက ခေါင်းကုတ်လိုက်သည်။
အသံလွှင့်ရုံက ကျောင်းဝင်းအရှေ့မြောက်ထောင့်ရှိ နာရီစင်၏ တတိယထပ်တွင် တည်ရှိသည်။
စက်ပစ္စည်းတွေကို နေရာချပြီး ရှလီက သူမ၏ ကျောပိုးအိတ်ကို ပြန်ယူကာ ရှောက်ယွီလုံကို ကျေးဇူးတင်စကား ပြောလိုက်၏။
ရှောက်ယွီလုံက ပတ်ဝန်းကျင်ကို ဝေ့ကြည့်လိုက်သည်
"နင်တို့တွေ ပုံမှန်ဆို ဒီမှာ အလုပ်လုပ်ကြတာပေါ့"
"ဒါဆို နောက်တစ်ခါ ငါတို့ သီချင်းတောင်းချင်ရင် ဒီကို တိုက်ရိုက်လာပြီး နင့်ကို ရှာလို့ရတာပေါ့... နင် အနောက်ပေါက်ကနေ ဖွင့်ပေးမလား"
ကျောင်းရေဒီယိုအသံလွှင့်ရုံက တစ်ပတ်လျှင် ငါးရက်၊ အစီအစဉ်ငါးခုရှိပြီး ၎င်းတို့မှာ သတင်းကြေညာခြင်း၊ လှပသောဆောင်းပါးတွေကို ခံစားခြင်း၊ ဖျော်ဖြေရေးသတင်းများ၊ ရုပ်ရှင်နှင့် စာအုပ်အကြံပြုချက်များနှင့် လူငယ်တို့၏ တီးတိုးစကားများ ဖြစ်ကြသည်။
အစီအစဉ်တစ်ခုနှင့်တစ်ခုကြားတွင် ကျောင်းသားများ တောင်းဆိုထားသော သီချင်းများနှင့် မက်ဆေ့ခ်ျတွေကို ညှပ်၍ ဖွင့်ပေးလေ့ရှိသည်။ နာရီစင်၏ မြေညီထပ်တွင် သီချင်းတောင်းရန် သီးသန့် စာတိုက်ပုံးတစ်ခု ရှိသည်။
ဒီအစီအစဉ်က အလွန်လူကြိုက်များပြီး ပုံမှန်အားဖြင့် သူတို့၏ တိတ်တဆိတ်လျှို့ဝှက်ချက်လေးတွေကို သီချင်းများမှတစ်ဆင့် ဖော်ပြနိုင်ကြသည်။
ရှောက်ယွီလုံ ထွက်သွားပြီးနောက် ရှလီက စက်ပစ္စည်းများ၏ အခြေအနေကို ရိုးရှင်းစွာ စစ်ဆေးပြီး တံခါးကို သော့ခတ်ကာ အသံလွှင့်ရုံမှ ထွက်ခွာလာခဲ့ချေသည်။
အားကစားပွဲတော်ကာလအတွင်း ညနေပိုင်း ကိုယ်ပိုင်စာကြည့်ချိန်တွေကို သာမန် စာကြည့်ချိန်များအဖြစ် ပြောင်းလဲထားပြီး အတန်းပိုင်ဆရာက လာရောက်စစ်ဆေးခြင်း မရှိသလောက်ဖြစ်ရာ အားလုံးကို နည်းနည်း အနားယူရန် ခွင့်ပြုထားသည်ဟု ယူဆနိုင်သည်။
ရှလီက အမျိုးသမီးလစဉ်သုံးပစ္စည်း လဲရန်အတွက် အဆောင်ကိုအရင်ပြန်သွားပြီး ရေနွေးအိတ်ကိုပါ တစ်ပါတည်း ထားခဲ့သည်။
ကျောင်းသို့အပြန် အတန်းနှစ်ဆယ်ကို ဖြတ်သွားရင်း အထဲကို တစ်ချက် လှမ်းကြည့်လိုက်၏။
ယန့်စစ်ရှီကို အပြင်ထွက်လာအောင် ဘယ်လိုခေါ်ရမလဲ၊ လူပုံအလယ်မှာ အင်္ကျီပြန်ပေးရင် လူတွေ ဝိုင်းကြည့်နေမလားဆိုပြီး သူမ မူလက စဉ်းစားနေခဲ့တာ ဖြစ်သည်။
ယန့်စစ်ရှီက စာသင်ခန်းထဲမှာ မရှိနေမယ်ဟု သူမ ထင်မထားခဲ့ပေ။
ခဏတာ တုံ့ဆိုင်းနေပြီး ပြန်လှည့်ထွက်ရန် ပြင်လိုက်စဉ် စာဂျပိုး မျက်မှန်ကိုင်းမည်းကြီး ဝမ်ချန်းထွက်လာသည်ကို မြင်လိုက်ရ၍ သူမက အနားသွားကာ မေးလိုက်သည်
"ယန့်စစ်ရှီ ရှိလားသိချင်လို့"
ဝမ်ချန်းက မျက်မှန်ကို ပင့်တင်လိုက်ပြီး သူမကို ကြည့်ကာ သူ့မျက်နှာပေါ်တွင် ရိုးသားသော သံသယများ ပေါ်လာသည်
"ငါတို့ အရင်က တွေ့ဖူးလား"
"ကျွီဖူစားသောက်ဆိုင်မှာ ညစာ အတူတူ စားဖူးတယ်"
"ဩ ဩ"
ဝမ်ချန်းက သတိရသွားသည့်ပုံစံဖြင့် ခေါင်းညိတ်လိုက်သည်။
"သူမရှိဘူး... ပြန်သွားပြီ"
ရှလီက မသိစိတ်မှနေ၍ မေးလိုက်သည်။
"ဘယ်ကို ပြန်သွားတာလဲ... မြောက်ပိုင်းမြို့ကိုလား"
"ပေချန်ကို ဘာလုပ်ဖို့ ပြန်မှာလဲ"
ဝမ်ချန်းက သူမထက်ပို၍ အံ့သြသွားသည်။
"သူက ပေချန်ကို ပြန်မယ်လို့ နင့်ကို ပြောလို့လား"
"မဟုတ်ပါဘူး မဟုတ်ပါဘူး... ငါ ဒီတိုင်း ရမ်းပြောလိုက်တာပါ"
ရှလီက ပြောလိုက်ပြီး ဝမ်ချန်းနှင့် စကားပြောရသည်မှာ နည်းနည်း ခက်ခဲပြီး တစ်ခုခု လွဲချော်နေသလို အမြဲခံစားနေရသည်။
"ကျေးဇူးပဲ"
ရှားရှားပါးပါး ညနေပိုင်း စာကြည့်ချိန်လေး ပြီးဆုံးသွားပြီး ရှလီက အဆောင်ကိုပြန်ရောက်လာကာ အချိန်အတော်ကြာ တွေးတောပြီး အပေါ်ဝတ်အင်္ကျီကို လျှော်ပြီးမှ ယန့်စစ်ရှီကို ပြန်ပေးဖို့ ဆုံးဖြတ်လိုက်သည်။
အဝတ်လျှော်နည်း အညွှန်းကို ကြည့်လိုက်တော့ စက်ဖြင့် လျှော်နိုင်ကြောင်း တွေ့ရသည်။
ရေထဲမစိမ်ခင် အိတ်ကပ်ထဲကို စမ်းကြည့်လိုက်တော့ ပစ္စည်းနှစ်ခု ထွက်လာ၏။
တစ်ခုက နားကြပ်ဖြစ်ပြီး နောက်တစ်ခုက ငွေရောင် မီးခြစ်တစ်ခုဖြစ်သည်။
မီးခြစ်ကဲ့သို့သော ပစ္စည်းမျိုးက ယန့်စစ်ရှီနှင့် မသက်ဆိုင်ဟု ထင်ရသည်။
၎င်းကို ဖွင့်လိုက်ပြီး ဘီးလုံးလေးကို လှည့်လိုက်ေတာ့ အပြာရောင် မီးတောက်လေး ပွင့်ထွက်လာသည်။
၎င်းက ယူအက်စ်ဘီဒါမှမဟုတ်အခြားအရာတစ်ခုခု မဟုတ်ဘဲ အမှန်တကယ် မီးခြစ်တစ်ခု ဖြစ်နေသည်။
မအိပ်ခင် ရှလီက ရေစစ်ထားသော အဖြူရောင် အားကစားအင်္ကျီကို အဝတ်လျှော်စက်ထဲမှ ထုတ်ယူပြီး လသာဆောင်တွင် လှန်းထားလိုက်သည်။
ညဘက် လေတိုက်သဖြင့် မနက်ဖြန်ဆိုလျှင် လုံးဝ ခြောက်သွားလောက်ပေမည်။
/
ဒုတိယနေ့တွင် ပြိုင်ပွဲအားလုံး၏ ရလဒ်များ အသီးသီး ထွက်လာချေပြီ။
နောက်ဆုံးပွဲစဉ်ဖြစ်သော လက်ဆင့်ကမ်းပြေးပွဲတွင် အတန်းတိုင်းက အရှိန်အဝါကို ယှဉ်ပြိုင်နေကြသည့်အလား အားပေးသံများက တောင်များပြိုကျကာ ပင်လယ်လှိုင်းများ ရိုက်ခတ်သည့်အလား ဆူညံနေပြီး အသံလွှင့်သူ၏ အသံကိုပင် ဖုံးလွှမ်းသွားတော့သည်။
ပွဲတော်တစ်ခုကဲ့သို့ဆူညံပျော်ရွှင်သော လေထုထဲတွင် ဒီဆောင်းဦးရာသီ အားကစားပွဲတော်ကြီး ပြီးဆုံးသွားခဲ့သည်။
အတန်းခုနစ်က ဆုတံဆိပ်ဇယားတွင် တတိယရရှိပြီး ဆုဖလားတစ်ခုကို ရရှိခဲ့၏။
ရှလီက အတန်း၏ အောင်ပွဲခံပွဲတွင် ပါဝင်ဖို့ အချိန်မရှိဘဲ စက်ပစ္စည်းတွေကို ရွှေ့ပြောင်းခြင်းနှင့် နေရာရှင်းလင်းခြင်းများဖြင့် အလုပ်ရှုပ်နေခဲ့သည်။
အသံလွှင့်ရုံကိုပြန်ရောက်ပြီး တာဝန်ခံဆရာမက စက်ပစ္စည်းတွေကို စစ်ဆေးပြီးချိန်တွင်မူ ကောင်းကင်ကြီးက လုံးဝ မှောင်မိုက်နေပြီဖြစ်သည်။
စင်္ကြံတစ်လျှောက်လုံးတွင် ကျောင်းသားများက ကုလားထိုင်တွေကို ကိုင်ဆောင်ကာ အပြင်ကိုအစီအရီ ထွက်လာနေကြသည်။
ရှလီက လူအုပ်နှင့် ဆန့်ကျင်ဘက် အပေါ်ထပ်ကိုတက်သွားပြီး အတန်းထဲရောက်မှသာ ဒုတိယနှစ် ကျောင်းသားများက မျိုးချစ်စိတ်ဓာတ် မြှင့်တင်ရေး ပညာပေးအဖြစ် ရုပ်ရှင်ကြည့်ရန် ကွင်းပြင်ငယ်ကိုသွားရမည်ဖြစ်ကြောင်း သိလိုက်ရချေသည်။
သူမက အလျင်စလို နေရာကိုပြန်သွားပြီး ကုလားထိုင်ကို မ,ကာ လူအုပ်ကြီးနောက်ကိုလိုက်သွားရသည်။
မှောင်မည်းနေသော ကွင်းပြင်တွင် လူများ အပြည့်ထိုင်နေကြပြီဖြစ်သည်။
ရုပ်ရှင်မစမီ ရှလီက ဘေးနားရှိ အတန်းမှ မိန်းကလေးအချို့ ဒီနေ့ အားကစားပွဲတော်၏ ရလဒ်များအကြောင်း ဆွေးနွေးနေသည်ကို ကြားလိုက်ရပြီး နောက်ဆုံးတွင် နာမည်တစ်ခုကို ဆိုက်ဆိုက်မတ်မတ် ပြောလာကြသည်။ ပျိုတိုင်းကြိုက်တဲ့နှင်းဆီခိုင် ယန့်စစ်ရှီ ပင်။
မိန်းကလေးတစ်ယောက်က ပြောလိုက်သည်။
"ပြိုင်ပွဲလေးခုမှာ ရွှေနှစ်ခု ငွေနှစ်ခုရတာ တကယ်ကို လွန်လွန်းတယ်"
"လက်ဆင့်ကမ်းပြေးပွဲက သူ့တစ်ယောက်တည်းေကြာင့်လို့ ပြောလို့မရပါဘူး"
"ဒါပေမယ့် သူ့ရဲ့ တတိယအချီမှာ အခြေအနေကို လုံးဝ ပြောင်းပြန်လှန်ပစ်လိုက်တာလေ"
"အမြင့်ခုန်တာကို နင်တို့ ကြည့်လိုက်ရလား"
"ကြည့်လိုက်ရတယ် ကြည့်လိုက်ရတယ်... သူခုန်တာ ဘယ်လိုလုပ် အဲ့လောက်တောင် လွယ်နေရတာလဲ... ငါသာ ကျောပြန်ခုန်ရရင် သံလုံးကြီး မြေကြီးပေါ် ပြုတ်ကျသလို ဖြစ်နေမှာ သေချာတယ်"
"ကိုယ်ကိုကိုယ် အဲ့လောက်တောင် နှိမ့်ချပြောစရာ မလိုပါဘူး"
"သူက တကယ်ကို တော်လွန်းတယ်... ကျောင်းရဲ့ King ကြီးက မကျွမ်းကျင်တာ ဘာရှိသေးလဲ"
"ကလေးမွေးတာလေ"
"သေချင်နေပြီလား"
သူမတို့က ရယ်မောကာ စနောက်နေကြသည်။
ရှလီက နားထောင်ရင်း မသိမသာ ပြုံးမိသွား၏။
ဆယ်မိနစ်ခန့်အကြာတွင် ရုပ်ရှင်စသည်။
အတန်းပိုင်ဆရာများက အစပိုင်းတွင် ရှိနေသေးသော်လည်း မကြာမီ ထွက်သွားကြပြီး အတန်းခေါင်းဆောင်တွေကို သူတို့ကိုယ်တိုင် အစီအစဉ်တကျ ထိန်းသိမ်းရန် တာဝန်လွှဲပေးခဲ့သည်။
လူအချို့က တန်းစီရာမှ ထွက်ကာ မုန့်ဆိုင်ကိုသွား ဒါမှမဟုတ် အခြားအတန်းများကိုသွားရောက်လည်ပတ်တာမျိုး လုပ်ကြသည်။
ထိုအချိန်တွင် ရှလီ၏ ဘေးတွင် ထိုင်နေသော လင်ချင်းရှောင်က သူမ၏ လက်မောင်းကို လှမ်းတို့လိုက်သည်။
လင်ချင်းရှောင်က တိုးတိုးလေး ပြောလိုက်သည်
"ငါ အတန်းဆယ့်ရှစ်ကို သွားလိုက်ဦးမယ်"
ရှလီက သူမ နျဲ့ချူဟန်ကို သွားရှာမည်ကို ခန့်မှန်းမိသဖြင့် ခေါင်းညိတ်လိုက်ပြီး
"သွားလေ"
လင်ချင်းရှောင် ထွက်သွားပြီး ရှလီလည်း နည်းနည်း မထိုင်ချင် ဖြစ်လာခဲ့သည်။
သူမက ခေါင်းလှည့်ကာ ရွှီနင်၏ ရှေ့တွင် လက်ယမ်းပြလိုက်ရာ ရွှီနင်က နားကြပ်ကို ချွတ်လိုက်သည်။
ရှလီက နှုတ်ဆက်လိုက်သည်။
"ငါ စာသင်ခန်းကို ခဏ ပြန်လိုက်ဦးမယ်"
ရွှီနင်က ရုပ်ရှင်ကို မကြည့်ဘဲ ကျောင်းဝတ်စုံအင်္ကျီဖြင့် အမ်ပီဖိုးကို အုပ်ကာ အန်နီမေးရှင်း ကြည့်နေပြီး ကြားတော့ ခေါင်းညိတ်လိုက်၏။
ရှလီက ကျောပိုးအိတ်ကို ယူကာ ခါးကိုကိုင်းပြီး အတန်းနှစ်ခုကြားရှိ ကွက်လပ်မှ ဖြတ်ကာ အတန်းထဲမှ အသံမထွက်ဘဲ ထွက်ခွာလာခဲ့ချေသည်။
အနောက်ဘက်မှ ပတ်ကာ အတန်းနှစ်ဆယ်၏ နေရာကို သွားကြည့်လိုက်တော့ ခုံအချို့ လွတ်နေပြီး ယန့်စစ်ရှီလည်း မရှိပေ။
ရှလီက အတန်းနှစ်ဆယ်ကိုထပ်သွားကြည့်ရန် ပြင်လိုက်သည်။
စာသင်တိုက်ထဲကိုဝင်ကာ အတန်းနှစ်ဆယ်ဘက်ကိုအကြည့်ရောက်သွားချိန်တွင် စာသင်ခန်းတံခါးမှ လူသုံးယောက် ထွက်လာသည်ကို တွေ့လိုက်ရ၏။
ရှလီက ယန့်စစ်ရှီကို တစ်ချက်ကြည့်လိုက်ရုံဖြင့် ဘာကြောင့်မှန်းမသိ ထိတ်လန့်သွားပြီး သူမရှေ့ရှိ လှေကားပေါ်ကိုနှစ်လှမ်းလောက် အမြန်တက်သွားခဲ့သည်။
ပထမထပ်နှင့် ဒုတိယထပ်ကြားရှိ နေရာကိုရောက်တော့ ရှလီက အောက်ကိုလှမ်းကြည့်လိုက်သည်။
လူသုံးယောက်က ထွက်ပေါက်တွင် ရပ်နေကြသည်။
သူမက အနောက်ကိုနည်းနည်း ဆုတ်ကာ ခိုးကြည့်လိုက်၏။
__________