အခန်း ၁၅
Vol. 2 Ch. 15
အခန်း (၁၅)
"မိုးလေဝသခန့်မှန်းချက်က ၃၀% ပဲ မှန်ကန်တဲ့အတွက် ကျေးဇူးတင်ပါတယ်။ ဒါမှမဟုတ်ရင် ကမ္ဘာပေါ်မှာ ဇာတ်လမ်းတွေ အများကြီး၊ အံ့သြစရာတွေ အများကြီး လျော့နည်းသွားလိမ့်မယ်"
—— ရှယ်ရီဝိုင် စမ်းသပ်ခန်း 《အိပ်မက်တွေကို ဖြတ်သန်းခဲ့တဲ့ ကိုးနှစ်တာ》
လောင်ကျွမ်းက လူတိုင်းကို သင်ရိုးပြင်ပ လှုပ်ရှားမှုများတွင် အပိုအာရုံစိုက်နေမည်ကို မနှစ်သက်ဘဲ ဤကဲ့သို့သော ကျောင်းမှ စီစဉ်သည့် မဖြစ်မနေ မဟုတ်သော လှုပ်ရှားမှုများအပေါ် ယေဘုယျအားဖြင့် ကန့်ကွက်ခြင်းမရှိသလို အားပေးခြင်းလည်း မရှိသော သဘောထားမျိုး ရှိသည်။
ထိုသို့ပြောသော်လည်း လူတိုင်းက အကင်းပါးကြပြီး ထိုစကား၏ အဓိပ္ပာယ်က ဝင်မပါနဲ့ဟု ပြောသည်နှင့် အတူတူပင် ဖြစ်သည်။
ဒီနေ့ အင်္ဂလိပ်စာသင်ချိန်တွင် အင်္ဂလိပ်စာ ကိုယ်စားလှယ်က လူတိုင်းကို ဟောပြောပွဲခန်းမကိုသွားရန် အကြောင်းကြားခဲ့သည်။
အတန်းနှစ်ဆယ်ကို ဖြတ်သွားရင်း ရှလီက အကျင့်ပါနေသလို အတွင်းကိုတစ်ချက် လှမ်းကြည့်လိုက်၏။
ဟောပြောပွဲခန်းမကိုရောက်တော့ ရှေ့ဆုံး သုံးတန်းတွင် အတန်းနှစ်ဆယ်မှ ကျောင်းသားများ ထိုင်နေသည်ကို အံ့သြဖွယ် တွေ့လိုက်ရသည်။
တတိယတန်း၏ အစွန်ဆုံး ပြတင်းပေါက်နားတွင် ယန့်စစ်ရှီ ထိုင်နေသည်။
သူက လူတိုင်း တစ်ချက်ကြည့်ရုံဖြင့် မြင်နိုင်လောက်အောင် အမြဲ တောက်ပနေသော်လည်း လူအုပ်နှင့် ကင်းကွာကာ တိတ်ဆိတ်အေးစက်နေတတ်သည်။
အတန်းခုနစ်မှ မိန်းကလေးများက ယန့်စစ်ရှီဆီကိုအကြည့်များ ပို့လွှတ်ကာ တီးတိုး စကားပြောလာကြ၏။
အင်္ဂလိပ်စာဆရာမက အသံထွက်လာပြီး အားလုံးကို နေရာအမြန်ရှာထိုင်ရန် ပြောလိုက်သည်။
ရဲတင်းသည့် မိန်းကလေးအချို့က တစ်ယောက်ကိုတစ်ယောက် ချက်ချင်း တွန်းထိုးကာ ယန့်စစ်ရှီ၏ နောက်တန်းနေရာကို ယူလိုက်ကြသည်ကို ရှလီ မြင်လိုက်ရသည်။
စာသင်ခန်း တိတ်ဆိတ်သွားတော့ အင်္ဂလိပ်စာဆရာမက ပြုံးကာ မေးလိုက်သည်။
"လောင်ကျွမ်းက မင်းတို့ကို နှစ်သစ်ကူးပွဲမှာ ပါဝင်ခွင့် မပေးဘူးလား"
"ဟုတ်တယ်" ဟု အတန်းခုနစ်မှ ကျောင်းသားအချို့က မကျေမနပ်ဖြင့် ဖြေလိုက်ကြသည်။
"ဒါကြောင့် ဆရာမတို့က မင်းတို့အတွက် အခွင့်အရေး တောင်းပေးထားတယ်"
အင်္ဂလိပ်စာဆရာမက ပုံမှန်အားဖြင့် လိုက်လျောညီထွေရှိသော သင်ကြားရေးနည်းလမ်းအချို့ကို အသုံးပြုလေ့ရှိပြီး ဥပမာအားဖြင့် အတန်းထဲတွင် အင်္ဂလိပ်သီချင်းဆိုပြိုင်ပွဲငယ်လေးတစ်ခု ကျင်းပကာ လူတိုင်းပါဝင်ရန် တောင်းဆိုခြင်း၊ ကျောင်းသားတွေကို သူတို့အနှစ်သက်ဆုံး အင်္ဂလိပ်အန်နီမေးရှင်းတစ်ခုကို ရွေးချယ်စေပြီး မိနစ်နည်းနည်းကြာသည့် အပိုင်းတစ်ခုကို ရွေးချယ်ကာ အသံသွင်းစေခြင်းတို့ လုပ်ေပးတတ်သည်။
သူမက မင်ကျန်းမှာ စာအုပ်ပုံစံမဟုတ်သည့် ရှားရှားပါးပါး ဆရာမတစ်ယောက်ဟု ယူဆနိုင်သည်။
အင်္ဂလိပ်စာဆရာမက လက်မြှောက်ကာ ဖိချလိုက်ပြီး
"အရင် မပျော်ကြနဲ့ဦး... ဆရာမ ပြောပြီးမှ မင်းတို့ ပါဝင်မလား မပါဝင်ဘူးလားဆိုတာ ဆုံးဖြတ်ကြ"
သူမက စင်မြင့်ပေါ်ရှိ အခြားဆရာနှစ်ယောက်ဖြစ်သော အတန်းနှစ်ဆယ်မှ နိုင်ငံခြားသားဆရာနှစ်ယောက်ကို မိတ်ဆက်ပေးလိုက်သည်။
"ဆရာမ ဘီလ်၊ ဂျက်စီကာတို့နဲ့ တိုင်ပင်ပြီးပြီ... မင်းတို့ အတန်းနှစ်ခုပေါင်းပြီး ပြဇာတ်တစ်ခု ကပြဖို့ စီစဉ်ထားတယ်... သတ်မှတ်ချက်တွေကို သေချာနားထောင်... မင်းတို့ဘာသာ တရုတ်ဇာတ်ညွှန်းကို ရေးရမယ်... ဇာတ်ညွှန်းကို ဆရာကျွမ်းက စစ်ဆေးမှာ... မအောင်မြင်ရင် သူက ပထမဆုံး ပယ်ချလိမ့်မယ်... ဆရာကျွမ်းဆီက အောင်မြင်သွားပြီဆိုရင် အတန်းနှစ်ခုပေါင်းပြီး ဇာတ်ညွှန်းကို အင်္ဂလိပ်လို ဘာသာပြန်ရမယ်... နောက်ဆုံးကျမှ ဆရာမတို့ ဆရာသုံးယောက်ကို ပေးပြီး ပြင်ခိုင်းရမယ်"
အတန်းခုနစ်၏ အတန်းခေါင်းဆောင် ကျူးရွှမ်က မေးလိုက်သည်။
"နောက်ဆုံးကျရင် အင်္ဂလိပ်လို အပြည့် ကပြရမယ်လို့ ဆိုလိုတာလား"
"မဟုတ်ရင် ဆရာကျွမ်းက ဘယ်လိုလုပ် သဘောတူမှာလဲ" ဟု အင်္ဂလိပ်စာဆရာမက စားပွဲကို ခပ်ဖွဖွ ခေါက်လိုက်သည်။
"ဆရာမ အရင်ပြောထားမယ်နော်... အဲ့ဒီအချိန်ကျရင် ဇာတ်ဆောင်တွေ အားလုံးကို အတန်းနှစ်ဆယ်ကိုပဲ လွှဲချလို့မရဘူး... အတန်းခုနစ်က လူများတယ်... သရုပ်ဆောင်တွေလည်း အများကြီး ထွက်ရမယ်... အတန်းနှစ်ခု အနည်းဆုံး 1:3 အချိုးအစားတော့ ရှိရမယ်"
"ကျူးရွှမ်၊ ထောင်ရှီးယွဲ့... မင်းတို့ အတန်းခေါင်းဆောင်နှစ်ယောက် စင်ပေါ်တက်လာပြီး ဦးဆောင်လိုက်... အလုပ်တာဝန်တွေကို ခွဲဝေပေးလိုက်"
အတန်းခုနစ်၏ အတန်းခေါင်းဆောင် ကျူးရွှမ်က စင်မြင့်ပေါ်ကိုတက်သွားရင်း ပြောလိုက်သည်။
"သမီးတို့ အစမ်းလေ့ကျင့်ဖို့ အချိန်မရှိမှာကို စိုးရိမ်တယ်... ဆရာကျွမ်းက သမီးတို့ကို အတန်းချိန် ဖျက်ခွင့်ပြုမှာ မဟုတ်ဘူး"
"ဒါကတော့ မင်းတို့ဘာသာမင်းတို့ စီစဉ်ရမှာပဲ… နေ့လယ်စာနဲ့ ညစာစားချိန်တွေကို စတေးနိုင်မလားဆိုတာ ကြည့်ရမှာပေါ့... ဆရာမက အခြေအနေပေါ် မူတည်ပြီး အင်္ဂလိပ်စာ အတန်းချိန် နည်းနည်း ပေးပါမယ်"
အင်္ဂလိပ်စာဆရာမ ပြောပြီး နိုင်ငံခြားသားဆရာနှစ်ယောက်နှင့်အတူ ဘေးသို့ထွက်သွားကာ စင်မြင့်နေရာကို ကျူးရွှမ်နှင့် ထောင်ရှီးယွဲ့တို့အား ပေးလိုက်သည်။
ကျူးရွှမ်နှင့် ထောင်ရှီးယွဲ့တို့ မိနစ်နည်းနည်းကြာ ဆက်သွယ်ပြောပြီး ကျူးရွှမ်က ပြောလိုက်သည်။
"ရွှီနင်... နင့်ရဲ့ စာစီစာကုံးက တစ်တန်းလုံးမှာ အကောင်းဆုံးပဲ... နင် တရုတ်ဇာတ်ညွှန်းကို တာဝန်ယူပေးလို့ ရမလား"
ရွှီနင်က ဘာသာရပ်တစ်ခုတွင် အလွန်အားနည်းပြီး သင်္ချာ အမှတ် ၁၅၀ အပြည့်တွင် သူမက ၁၀၀ နှင့် ၁၁၀ ကြားတွင်သာ ရုန်းကန်နေရသည်။
ထို့နှင့်ဆန့်ကျင်ဘက် အနေဖြင့် သူမ၏ တရုတ်စာကမူ ယိမ်းယိုင်မှုမရှိသော အမြင့်ဆုံးအဆင့်မှာ အချိန်ကြာမြင့်စွာ တည်ရှိနေပြီး စာစီစာကုံးတိုင်းကို စံပြအဖြစ် ပရင့်ထုတ်ကာ တစ်နှစ်လုံးစာကို မဖတ်ဘဲမနေရအဖြစ် ဖြန့်ဝေခြင်း ခံရလေ့ရှိသည်။
လောင်ကျွမ်းက တရုတ်စာဆရာတစ်ယောက်အနေဖြင့် ဤကဲ့သို့သော ကျောင်းသားကို ဂရုဏာဒေါသနှင့် ရွှီနင်အား အားနည်းသော ဘာသာရပ်များအပေါ် ပိုမိုအာရုံစိုက်ရန် အကြိမ်မည်မျှ ခေါ်ယူပြောခဲ့မှန်းပင် မသိတော့ပေ။ သူမကို အထူးအခွင့်အရေးပင် ပေးထားသေးသည်... သူ့ တရုတ်စာ သင်ချိန်တွင် သူမက စာမလိုက်ဘဲ သင်္ချာတွက်နေလျှင်တောင် ရသည်ဟု။
ရွှီနင်က ပြောလိုက်သည်။
"ငါတစ်ယောက်တည်းဆို သေချာပေါက် မရဘူးလေ"
"ဒါဆို နင် လင်ချင်းရှောင်နဲ့ ရှလီကို ကူညီခိုင်းလိုက်လေ... အရင်ဆုံး ခေါင်းစဉ်နဲ့ ဦးတည်ချက် အကြမ်းဖျင်းလောက် စဉ်းစားထားလိုက်... သေချာသွားပြီဆိုရင် ဇာတ်ညွှန်းရေးတဲ့အခါ ဘာအကူအညီ လိုအပ်လဲဆိုတာ ငါတို့ ထပ်ပြီး ပံ့ပိုးပေးမယ်"
"ပြီးတော့ အင်္ဂလိပ် ဘာသာပြန်တာက..."
ကျူးရွှမ်က အတန်းခုနစ်မှ အင်္ဂလိပ်စာ တော်သော ကျောင်းသားအချို့ကို ရွေးချယ်လိုက်ရာ အားလုံးက သဘောတူလိုက်ကြသည်။
ထောင်ရှီးယွဲ့က ပြောလိုက်သည်။
"ဘာသာပြန်တဲ့ အပိုင်းကို အတန်းနှစ်ဆယ်က ပြောရမယ်ဆိုရင်..."
သူမ၏ အကြည့်က ယန့်စစ်ရှီဆီကိုရောက်သွားသည်။
"ယန့်စစ်ရှီ... အဲ့ဒီအချိန်ကျရင် နင် ကူညီပေးလို့ ရမလား"
စာသင်ခန်းတစ်ခုလုံး တစ်ခဏမျှ တိတ်ဆိတ်သွားသည်ဟု ရှလီ ခံစားလိုက်ရ၏။
လူတိုင်းနီးပါး ယန့်စစ်ရှီဆိုသော လူအကြောင်းကို ကြားဖူးကြသော်လည်း သူနှင့် အဆက်အဆံရှိဖူးသူမှာ လက်ချိုးရေတွက်၍ ရသည်။
အားလုံး၏ တူညီသော အထင်အမြင်မှာ သူက မာနကြီးပြီး ချဉ်းကပ်ရန် ခက်ခဲသည်ဟု ထင်ကြသည်။
ဒီလိုလူမျိုးက ကျောင်းလှုပ်ရှားမှုတွေမှာ ပါဝင်ချင်လိမ့်မည်ဟု စိတ်ကူးကြည့်ရန် ခက်ခဲသည်။
ထိုတိတ်ဆိတ်မှုထဲတွင် ယန့်စစ်ရှီထံမှ ခံစားချက်ကို သိပ်မခွဲခြားနိုင်သော "အင်း" ဟူသည့် အသံတစ်ခု ထွက်လာသည်။
ကျူးရွှမ်က အနှစ်ချုပ်လိုက်သည်။
"ဒါဆို ဇာတ်ညွှန်းပိုင်းကိုတော့ နင်တို့လူတစ်စု တာဝန်ယူရမယ်... ပြီးတော့ ဝတ်စုံ၊ ဂီတနဲ့ စင်မြင့်အလှဆင်တာတွေက..."
ကျူးရွှမ်က အလုပ်လုပ်ရာတွင် သွက်လက်ပြီး လုပ်ငန်းတာဝန် အသီးသီးကို တစ်ခုချင်းစီ ရှင်းလင်းစွာ ခွဲဝေပေးကာ အကြမ်းဖျင်း အချိန်ဇယားတစ်ခုကိုပါ ချက်ချင်း ရေးဆွဲလိုက်သည်။
အချိန်ဇယား၏ အစီအစဉ်အရ ရွှီနင်အတွက် ခေါင်းစဉ်ရွေးချယ်ခြင်းနှင့် ဇာတ်ညွှန်းအပြီးသတ်ရန် ပေးထားသော အချိန်က စုစုပေါင်း နှစ်ပတ်သာ ရှိသည်။
အတန်းဆင်းပြီး ရွှီနင်က ရှလီနှင့် လင်ချင်းရှောင်တို့ကို ချက်ချင်း ဆွဲခေါ်ကာ စတင်ဆွေးနွေးလေတော့သည်။
ရှလီက နည်းနည်း စိတ်မပါဘဲဖြစ်နေပြီး သူမ၏ အာရုံစိုက်မှုအားလုံးက စင်္ကြံအရှေ့ အဝေးကြီးမဟုတ်သော နေရာရှိ ယန့်စစ်ရှီအပေါ်ကိုရောက်နေသည်။
ထောင်ရှီးယွဲ့က သူနှင့် ယှဉ်လျှောက်လာပြီး ဆူညံနေသော လူသံတွေကို ဖြတ်ကျော်ကာ သူတို့ ဘာတွေပြောနေကြသည်ကို မကြားရပေ။
ညစာစားချိန်တွင် ရွှီနင်က ရှလီနှင့် လင်ချင်းရှောင်ကို ခေါင်းစဉ်ဦးတည်ချက် ဆွေးနွေးရန် အတန်းနှစ်ဆယ် စာသင်ခန်းကိုအတူလိုက်သွားရန် ပြောလိုက်သည်။
ဆွေးနွေးမည့်နေရာကို ထောင်ရှီးယွဲ့က သတ်မှတ်ပေးဖြစ်ပြီး အတန်းနှစ်ဆယ်က ကျယ်ဝန်းသည်ဟု ဆိုသည်။
လင်ချင်းရှောင်က ထောင်ရှီးယွဲ့နှင့် အဆင်မပြေသောကြောင့် ရွှီနင်ကို သူမအတွက် အရှက်ခွဲခံပြီး လိုက်လာခြင်းဖြစ်သည်ဟု ပြောရာ ရွှီနင်က ပြုံး၍ နှစ်သစ်ကူးပွဲ ပြီးသွားလျှင် သေချာပေါက် ညစာ ကောင်းကောင်းကျွေးမည်ဟု ပြန်ပြောလိုက်သည်။
ရှလီက အသံလွှင့်ရုံကိုအရင်သွားပြီး သူမ အလျင်စလို ရောက်လာချိန်တွင် အားလုံး ဆွေးနွေးနေသည်မှာ အတန်ကြာပြီဖြစ်သည်။
အတန်းနှစ်ဆယ် စာသင်ခန်းထဲတွင် စာသင်ခုံ လေးလုံးကို စားပွဲကြီးတစ်လုံးဖြစ်အောင် ဆက်ထားပြီး စားပွဲပေါ်တွင် ကေအက်ဖ်စီ အဆာပြေမုန့်များ အပြည့်တင်ထားသည်။
သူမက အနားသို့သွားကာ နောက်ကျသွားသည့်အတွက် တောင်းပန်စကား ပြောလိုက်၏။
လွတ်နေသော နေရာတစ်နေရာသာ ကျန်တော့ပြီး ယန့်စစ်ရှီ၏ မျက်နှာချင်းဆိုင် ထောင့်ဖြတ်တွင်ဖြစ်ကာ သူနှင့် အဝေးဆုံးဖြစ်သည်။
ရှလီ ထိုင်လိုက်ပြီး ယန့်စစ်ရှီကို အလိုက်သင့် တစ်ချက်ကြည့်လိုက်သည်။
ဒီနေ့ သူက ကျောင်းဝတ်စုံ ဝတ်မထားဘဲ အပေါ်ပိုင်းတွင် ချိုးငှက်ပြာရောင် ခေါင်းစွပ်အင်္ကျီကို ဝတ်ထားကာ ထိုကြည်လင်သော မီးခိုးရောင်က သူနှင့် လိုက်ဖက်နေပြီး လူတစ်ကိုယ်လုံး သန့်စင်လန်းဆန်းသော လူငယ်လေး၏ အငွေ့အသက်များ ရှိနေသည်။
_______