အခန်း ၁၆
Vol. 2 Ch. 16
အခန်း (၁၆)
အားလုံးဆက်ဆွေးနွေးကြသည်။
ရှလီက ခဏလောက် နားထောင်ကြည့်ရာ ရွှီနင်၏ ခေါင်းစဉ်က စုစုပေါင်း ဦးတည်ချက် သုံးခု ရှိသည်။
တစ်ခုက "လက်ဖက်ရည်ဆိုင်" နှင့် "မိုးကြိုးမုန်တိုင်း" ကဲ့သို့သော မူလကတည်းက ပြဇာတ်ဖြစ်ပြီးသားတွေကို ဘာသာပြန်ရုံဖြင့် ပို၍ အလုပ်သက်သာမည့် အရာဖြစ်သည်။ နောက်တစ်ခုက "ဗင်းနစ်ကုန်သည်"ဒါမှမဟုတ်"ဟမ်းလက်" ကဲ့သို့သော ဂန္ထဝင် အနောက်တိုင်း ပြဇာတ်များဖြစ်ပြီး ၎င်းတို့က မူလကတည်းက အင်္ဂလိပ်လိုဖြစ်နေ၍ အင်္ဂလိပ်မှ တရုတ်သို့၊ တရုတ်မှ အင်္ဂလိပ်ကိုပြန်လည်ဘာသာပြန်ခြင်းက အပိုအလုပ်လုပ်နေသလို ဖြစ်နေပေမည်။
နောက်ထပ် ဦးတည်ချက်တစ်ခုမှာမူ ကိုယ်ပိုင် ဖန်တီးမှုဖြစ်သည်။
ကျူးရွှမ်က ပြောလိုက်သည်။
"ရွှီနင် နင့်ရဲ့ အကြံတွေကို အရင်ပြောပြပါလား"
"ငါက ပထမ ဦးတည်ချက်ကို ပိုသဘောကျတယ်"
"ကိုယ်ပိုင်ရေးရသ်က အချိန်မမီတော့လို့လား"
"မဖြစ်မနေ ကိုယ်ပိုင်ရေးရမယ်ဆိုရင်က လုပ်မယ်ဆိုရင်လည်း မရတာတော့ မဟုတ်ပါဘူး"
လူတိုင်းက ကိုယ်ပိုင်အမြင်တွေကို အသီးသီး ပြောပြကြပြီး နောက်ဆုံးတွင် "လက်ဖက်ရည်ဆိုင်"ဒါမှမဟုတ်"မိုးကြိုးမုန်တိုင်း" ကို ပြင်ဆင်ခြင်းက ပို၍ စိတ်ချရသည်ဟု ထင်ကြသည်။
"ဟိုလေ..." ရှလီက အသံထွက်လာသည်။
အားလုံးက သူမဆီကိုပြိုင်တူ ကြည့်လိုက်ကြ၏။
ရှလီက ပြောလိုက်သည်။
"နင်… နင် သမိုင်းကို အခြေခံပြီး ပြင်ဆင်ရေးသားတဲ့ ပုံစံကိုရော မစဉ်းစားကြည့်ဘူးလား... ဥပမာ ချိပီတိုက်ပွဲ၊ ရှီးအန်း အရေးအခင်းတို့လိုမျိုးပေါ့... တစ်ဝက် ကိုယ်ပိုင်ဖန်တီးမှုလို့ သတ်မှတ်လို့ရပြီး အကောင်အထည်ဖော်ရတာလည်း သိပ်မခက်လှဘူး"
ရှလီက ဝိဇ္ဇာအတွဲ သုံးခုထဲတွင် သမိုင်းကို အနှစ်သက်ဆုံးဖြစ်ပြီး သမိုင်း ဘာသာရပ်တစ်ခုတည်း၏ အမှတ်ကလည်း အတန်းထဲတွင် အဆင့်သုံးအတွင်း ဝင်နိုင်သည်။
သူမက တခြားအရာတွေကို မကျွမ်းကျင်သော်လည်း မှတ်ဉာဏ်တော့ မဆိုးလှပေ။ စာရွက်အလွတ်တစ်ရွက်နှင့် ဘောပင်တစ်ချောင်း ပေးလိုက်လျှင်သမိုင်းဖတ်စာအုပ်ထဲမှ အရေးကြီးသော ခုနှစ်များနှင့် အဖြစ်အပျက်တွေကို အမှားအယွင်းမရှိနီးပါး ချရေးနိုင်သည်။
သမိုင်းကို အခြေခံပြီး ပြင်ဆင်ရေးသားသော ပြဇာတ်ကို ပထမဆုံး စဉ်းစားမိခြင်းကလည်း အလေ့အကျင့်တစ်ခုလို ဖြစ်နေခြင်းကြောင့်ပင်။
ရွှီနင်က စိတ်ကူးရသွားသလိုဖြစ်သွားသည်။
"ဒီရှုထောင့်ကလည်း တော်တော်လေး စိတ်ဝင်စားဖို့ကောင်းတာပဲ"
အားလုံးက ထိုအကြောင်းကို စတင်ဆွေးနွေးကြသည်။
မိန်းကလေးတစ်ယောက်က ပြောလိုက်သည်။
"ချိပီတိုက်ပွဲက ရတယ်လို့ ငါထင်တယ်... သုံးပြည်ထောင်ခေတ်က လူတိုင်း တော်တော်လေး နှစ်သက်ကြတဲ့ ခေါင်းစဉ်လေ... မြက်လှေနဲ့ မြားငှားတာတို့၊ တဲအိမ်ကို သုံးကြိမ်သွားတာတို့လည်း ရတာပဲ"
ရွှီနင်က လူတိုင်း၏ အကြံဉာဏ်တွေကို မှတ်သားထားလိုက်သည်။
ထိုအချိန်တွင် ရှလီက လက်တစ်ချက် မြှောက်လိုက်ပြီး
"ငါ့ရဲ့ စိတ်ကူးကို ပြောပြလို့ ရမလား"
ရွှီနင်က ခေါင်းညိတ်ပြလိုက်၏။
"တကယ်တော့ "ရှီးအန်း အရေးအခင်း" က ပိုကောင်းမယ်လို့ ငါထင်တယ်... ပါဝင်တဲ့ ဇာတ်ကောင်တွေက ပိုများတယ်လေ... ကျန်းရွှယ်လျန်၊ ယန်ဟူချန်၊ ကျန်ကျဲ့ရှီတို့အပြင် စုန့်မေလင်၊ မော်စီတုန်း၊ စုန့်ဇစ်ဝမ်တို့လို ဇာတ်ကောင်တွေကိုလည်း ထပ်ထည့်လို့ရတယ်... အဓိကကတော့ ကျန်ကျဲ့ရှီကို ပြည်တွင်းစစ် ရပ်တန့်ပြီး ဂျပန်ကို တညီတညွတ်တည်း တိုက်ခိုက်ဖို့ တောင်းဆိုတဲ့ ကျောင်းသားဆန္ဒပြပွဲ အခန်းတစ်ခု ထပ်ထည့်လိုက်ရင် ကျောင်းသားအားလုံး ပါဝင်လို့ရပြီလို့ ငါထင်တယ်"
ထိုအချိန်တွင် ဆွေးနွေးတဲ့အထဲသိပ်မပါသည့် ယန့်စစ်ရှီက သူမကို ရုတ်တရက် တစ်ချက် ကြည့်လိုက်သည်ကို သူမ သတိထားမိလိုက်သည်။
သူမ ချက်ချင်း စကားထစ်သွားပြီး ခဏရပ်သွားကာမှ ဆက်ပြောလိုက်သည်။
"...နောက်နှစ်ဆိုရင် တတိယနှစ်ရောက်ပြီ... နောက်နှစ် နှစ်သစ်ကူးပွဲကို လောင်ကျွမ်းက သေချာပေါက် ခွင့်ပြုတော့မှာ မဟုတ်ဘူး... အဲ့ဒီအချိန်ကျရင် အားလုံးက တက္ကသိုလ်ဝင်စာမေးပွဲအတွက် ပြင်ဆင်ရမှာမို့ ကစားချင်စိတ်လည်း ရှိတော့မှာ မဟုတ်ဘူး... ဒီနှစ်က သေချာပေါက် ပျော်ပျော်ရွှင်ရွှင် ကစားလို့ရမယ့် နောက်ဆုံးအခွင့်အရေးပဲမို့ အားလုံး ပါဝင်နိုင်စေချင်တယ်"
ကျူးရွှမ်က အပြင်းအထန် ခေါင်းညိတ်လိုက်ပြီး
"ဟုတ်တယ်... လူနည်းနည်းလောက်ပဲ ကစားရမယ်ဆိုရင် တော်တော်လေး ပျင်းစရာကောင်းမှာပဲ... ရွှီနင် နင်ရော ဘယ်လိုထင်လဲ"
"ငါကတော့ ပြဿနာမရှိဘူး... ဘာသာပြန်တာကိုပဲ ကြည့်ရမှာပဲ..."
အတန်းခုနစ်က ဝိဇ္ဇာ အထူးအတန်းဖြစ်သောကြောင့် တစ်တန်းလုံး၏ အင်္ဂလိပ်စာ အဆင့်အတန်းက တစ်ကျောင်းလုံးတွင် ထိပ်တန်းစာရင်း ဝင်သော်လည်း စာပေဇာတ်ညွှန်းကို ဘာသာပြန်နိုင်မနိုင်ဆိုသည်မှာ အခြားကိစ္စတစ်ခု ဖြစ်သည်။
အားလုံးက အတန်ကြာ ဆွေးနွေးပြီး နောက်ဆုံးတွင် အားလုံး၏ အကြည့်များက ယန့်စစ်ရှီဆီကိုရောက်သွားပြီး နောက်ဆုံး ဆုံးဖြတ်ပိုင်ခွင့်ကို သူ့ကို လွှဲပေးလိုက်ကြသည်။
ယန့်စစ်ရှီက ငယ်ငယ်ကတည်းက ဘာသာစကားနှစ်မျိုးဖြင့် ပညာသင်ကြားခဲ့သည်ဟု ရှလီ ကြားဖူးသည်။
ယန့်စစ်ရှီက တည်ငြိမ်စွာ ပြောလိုက်သည်။
"မင်းတို့ပဲ သတ်မှတ်လိုက်... ငါကတော့ အကုန်ရတယ်"
ထို့ကြောင့် အားလုံးက နည်းနည်း ထပ်မံဆွေးနွေးပြီး "ရှီးအန်း အရေးအခင်း" ကို ရွေးချယ်လိုက်ကြသည်။
ထိုအချိန်တွင် ထောင်ရှီးယွဲ့က ထိုအဆာပြေမုန့်တွေကို ဘယ်သူမှ မစားကြသေးသည်ကို မြင်၍ ဖွင့်ကာ လူတိုင်းရှေ့ကိုတွန်းပေးလိုက်သည်။
"မစားရင် အေးသွားတော့မယ်"
ရှလီက အာလူးကြော်ကို စားရင်း ယန့်စစ်ရှီကို မသိမသာ အကဲခတ်နေခဲ့၏။
သူက လက်ထဲတွင် ကိုကာကိုလာ တစ်ခွက် ကိုင်ထားပြီး ခန္ဓာကိုယ်ကို အနောက်ကိုနည်းနည်း မှီထားကာ ထိုအမူအရာက နည်းနည်း ပျင်းရိငြီးငွေ့နေပုံရသည်။
ခုနက သူမ စကားပြောနေစဉ် သူ ကြည့်လိုက်သော အကြည့်တွင် အဓိပ္ပာယ်နက်နဲမှု တစ်ခုခု ရှိနေသလား၊ဒါမှမဟုတ်မတော်တဆ ကြည့်မိတာပဲလား ဆိုတာကို သူမ ထပ်တလဲလဲ ပြန်တွေးနေမိသည်။
/
စနေနေ့။
ရှလီက ဘတ်စ်ကားစီးကာ ချူချန်မြို့ရှိ စာကြည့်တိုက်သစ်ကိုသွားခဲ့သည်။
ရွှီနင်၏ ဇာတ်ညွှန်းက ပြီးစီးသွားပြီဖြစ်ပြီး သမိုင်းဆရာနှင့် လောင်ကျွမ်းတို့က အသီးသီး စစ်ဆေးပြီး အတန်းခုနစ်မှ ကျောင်းသားအချို့က ဘာသာပြန်ခြင်းကို ပြီးစီးစေကာ စာသားတွေကို ယန့်စစ်ရှီထံ ပေးအပ်ပြီး နောက်ဆုံးစစ်ဆေးမှုကို သူ့ကို လုပ်ခိုင်းထားသည်။
ဒီနေ့ အားလုံးက စာကြည့်တိုက်ကိုသွား၍ ဆွေးနွေးရန် သတ်မှတ်ထားကြသည်။
ရှလီ အိမ်မှထွက်လာစဉ်က ထီးယူလာရန် မေ့သွားခဲ့သည်။ တစ်ပတ်လုံး မိုးလေဝသခန့်မှန်းချက်က မိုးရွာမည်ဟု ပြောနေသော်လည်း ဤသို့အုံ့မှိုင်းနေသည်မှာ ရက်အတော်ကြာပြီဖြစ်ပြီး တစ်ကြိမ်မှ မရွာခဲ့သောကြောင့် ဒီနေ့လည်း ရွာမည်မဟုတ်ဟု သူမ ထင်ခဲ့မိသည်။
သို့သော် ကားပေါ်ရောက်ပြီး မကြာမီပင် မိုးများ ကျလာကာ ပြတင်းပေါက်မှန်ပေါ်ကိုရိုက်ခတ်ပြီး ရေစီးကြောင်းငယ်များအဖြစ် စုစည်းကာ တွန့်လိမ်လျက် စီးဆင်းသွားသည်။
စာကြည့်တိုက်က ဘတ်စ်ကားမှတ်တိုင်နှင့် နည်းနည်း ကွာဝေးသေးသည်။ ရှလီက ကားပေါ်မှ ဆင်းပြီး နိုင်လွန်ကျောပိုးအိတ်ကို ခေါင်းပေါ်တွင် ကာကာ မိုးထဲကိုအမြန်ပြေးဝင်သွားခဲ့သည်။
ဆောင်းရာသီ လေတိုက်မိုးရွာသော ရာသီဥတုကိုရောက်တိုင်း ချူချန်မြို့က သေမလောက် အေးစက်နေပြီး ထိုအေးစက်စိုစွတ်သော ခံစားမှုက လူ၏ အရိုးအဆစ်များထဲသို့ပင် တိုက်ရိုက် တိုးဝင်သွားနိုင်သလို ခံစားရသည်။
မိုးက နှစ်ဆပိုသည်းလာသလိုပင်။
ရှလီက လည်ပင်းကို ပုကာ ခြေလှမ်းတွေကို အမြန်သွက်လိုက်၏။
မြို့တော် စာကြည့်တိုက်သစ်က ဒီနှစ်မှ အသစ်တည်ဆောက်ပြီးစီးခဲ့ခြင်းဖြစ်ပြီး နှစ်နည်းနည်းအကြာတွင် ကျင်းပမည့် ပြည်နယ် အားကစားပွဲတော်ကို ကြိုဆိုရန်အတွက် မျက်နှာစာစီမံကိန်းများထဲမှ တစ်ခုဖြစ်သောကြောင့် အလွန် ခမ်းနားထည်ဝါစွာ တည်ဆောက်ထားသည်။
အဓိက အဆောက်အအုံရှေ့တွင် လှေကားထစ် အဆင့်ပေါင်းများစွာကို တည်ဆောက်ထားပြီး တစ်ရောင်တည်းဖြစ်သော မီးခိုးဖြူရောင် ကျောက်ပြားလမ်းပြင်က ကျယ်ဝန်းပြီး ခမ်းနားထည်ဝါကာ စာကြည့်တိုက်ကိုသွားရာလမ်းကို ဘုရားဖူးခရီးစဉ်တစ်ခုကဲ့သို့ ဖြစ်စေသည်။
ရှလီက လှေကားထစ် နည်းနည်း တက်ရုံရှိသေးစဉ် ရုတ်တရက် နောက်ကျောမှ အေးစက်စက် အသံတစ်ခုကို ကြားလိုက်ရသည်။
"ရှလီ"
လေသံနှင့် မိုးသံများကြောင့် ထိုအသံက မပီဝေဝါးဖြစ်နေပြီး အစစ်အမှန်မဟုတ်သလို ထင်ရသည်။
သူမ နည်းနည်း ကြောင်သွားပြီး စိတ်ထင်ယောင်ထင်မှား ဖြစ်သည်ဟု ထင်လိုက်သော်လည်း နောက်ကိုလှည့်ကြည့်လိုက်မိသည်။
လမ်းဘေးတွင် အနက်ရောင် ကားတစ်စီး ရပ်ထားပြီး ယန့်စစ်ရှီက ကားတံခါးဘေးတွင် ရပ်နေကာ လက်ထဲတွင် အနက်ရောင် ထီးတစ်လက်ကို ဆောင်းထား၏။
သူင တံခါးကို ပိတ်လိုက်ပြီး ထိုကားက ဘယ်ဘက် အချက်ပြမီးကို ဖွင့်ကာ စိုစွတ်နေသော လေထုကြောင့် ဝါးနေသော အနီရောင် ကားမီးတန်းနှစ်ခုကို ဆွဲငင်လျက် မီးခိုးရောင် မိုးထဲတွင် အသံတိတ် ထွက်ခွာသွားသည်။
ယန့်စစ်ရှီက လှေကားထစ်များပေါ်ကိုတက်လာသည်။
သူက အနက်ရောင် ခေါင်းစွပ်ဆွယ်တာအင်္ကျီကို ဝတ်ထားပြီး ဘောင်းဘီရှည်ကလည်း အရောင်တူပင်ဖြစ်သည်။ အရောင်ရင့်က သူ၏အပေါ်တွင် နည်းနည်းမျှ မှိုင်းနေခြင်းမရှိဘဲ ဆန့်ကျင်ဘက်အနေဖြင့် သူ၏ အသားအရေကို ပိုမိုဖြူသွားစေသည်။
ရှလီကတော့ နေရာတွင်ပင် မှင်တက်စွာ ရပ်နေပြီး သူ ပထမဆုံးအကြိမ် သူမ၏ နာမည်ကို ခေါ်ခဲ့သည့်အတွက် ရင်ခုန်နေဆဲဖြစ်သည်။
ယန့်စစ်ရှီက သူမဘေးကိုလျှောက်လာပြီး တိုးတိုးလေး မေးလိုက်သည်။
"ထီး မပါဘူးလား"
သူမ ပြန်မပြောရသေးခင်မှာပင် အနက်ရောင် ထီးမျက်နှာပြင်က တိမ်းစောင်းလာချေပြီ။
ထိုအရိပ် ကျရောက်လာသော ထိုခဏတွင် သူမ၏ နှလုံးသားက လည်ချောင်းထဲမှ ခုန်ထွက်လာသလို ခံစားလိုက်ရသည်။
_______