← Chapters

အခန်း ၂၀

Vol. 2 Ch. 20

အခန်း ၂၀

Vol. 2 Ch. 20

အခန်း (၂၀)

သူတို့နှစ်ယောက်လည်း အနားသွားကာ ထီးကို ခေါက်ပြီး နောက်ခန်းကိုအစဉ်လိုက် တက်သွားကြသည်။

ယန့်စစ်ရှီက သူတို့အတွက် နောက်ခန်းတံခါးကို ခပ်ဖွဖွ ပိတ်ပေးလိုက်ပြီး ရှေ့ခန်းတံခါးကို ဖွင့်ကာ ကားပေါ်တက်လိုက်သည်။

ကားထဲတွင် အပူပေးစက်ကို အပြည့်ဖွင့်ထားပြီး လေထုထဲတွင် သန့်စင်ပြီး နွေးထွေးသော ရနံ့တစ်ခု ရှိနေကာ အလွန် မွှေးပျံ့နေသည်။

အေးစက်သော မိုးထဲတွင် အချိန်အတော်ကြာ နေခဲ့ရသဖြင့် နည်းနည်း ချမ်းစိမ့်စိမ့် ဖြစ်နေသော်လည်း ယခုလို အပူငွေ့များ ဝန်းရံသွားတော့ အရိုးအဆစ်များထဲရှိ အအေးဓာတ်တွေကို ရေနွေးဖြင့် ပေါင်းထုတ်လိုက်သလိုသက်တောင့်သက်သာ ရှိသွားသည်ဟု ခံစားလိုက်ရသည်။

ကားမောင်းသူကို ရှလီ မသိပေ... လိုဝေ့ကော် ပြောဖူးသည့် သီးသန့် ယာဉ်မောင်း ဖြစ်လောက်မည်။ ယာဉ်မောင်းက သူတို့ ဘယ်မှာနေလဲဟု မေး၍ သူတို့က နေရာအသီးသီးကို ပြောပြလိုက်ကြသည်။

ရှလီက စိတ်ထဲတွင် တွက်ကြည့်လိုက်ရာ ကားမောင်းမည့် လမ်းကြောင်းအရ သူမက ရွှီနင်ထက် နောက်ကျမှ ဆင်းရမည်ဖြစ်သည်။

ဆိုလိုသည်မှာ သူမက ယန့်စစ်ရှီနှင့် သီးသန့် အတူရှိနေမည့် အချိန် နည်းနည်း ရဦးမည်ဖြစ်သည်။

ဒီမြင်ကွင်းကို ကြိုတွေးကြည့်ရုံဖြင့်ပင် သူမက မသိစိတ်မှနေ၍ လက်ချောင်းတွေကို တင်းတင်းဆုပ်ကိုင်မိသွား၏။

လမ်းတစ်ဝက်တွင် ရွှီနင်နှင့် ယန့်စစ်ရှီတို့က ဇာတ်ညွှန်းအကြောင်း စကားနည်းနည်း ပြောကြပြီး ထို့နောက် ဘယ်သူမှ စကားမပြောကြတော့ပေ။

ပြောရမည်ဆိုလျှင် သူတို့က ယန့်စစ်ရှီနှင့် သိပ်မရင်းနှီးသေးဘဲ ယခုအချိန်အထိ အပြန်အလှန်အဆက်ဆံရှိသည်ကိုပင် လက်ချိုးရေတွက်၍ ရသည်။

ထို့အပြင် ယန့်စစ်ရှီ၏ ဤကဲ့သို့သော စရိုက်မျိုးက သူနှင့် ဘယ်လိုလုပ် ရင်းနှီးအောင် လုပ်ရမလဲဆိုတာကို လူတွေကို တကယ်ပဲ မသိစေနိုင်ပေ။

သူက ကောင်းကင်ပေါ်က ထိုအေးစက်သော လမင်းကြီးနှင့် တူသည်။

လူတိုင်း မြင်နိုင်သော်လည်း လူတိုင်း လှမ်းမမီနိုင်ပေ။

ယာဉ်မောင်းက အလွန် တာဝန်ကျေပွန်ပြီး လမ်းသွယ်များထဲသို့ပင် လှည့်ဝင်ကာ ရွှီနင်ကို ရပ်ကွက်တံခါးဝအထိ တိုက်ရိုက် လိုက်ပို့ပေးခဲ့သည်။

လမ်းသွယ်ထဲမှ ထွက်လာပြီး ကားထဲတွင် ပို၍ တိတ်ဆိတ်သွား၏။

ညနေ ငါးနာရီကျော်သာ ရှိသေးသော်လည်း ကောင်းကင်က လုံးဝ မှောင်မိုက်နေပြီဖြစ်ပြီး ပြတင်းပေါက်မှန်ပေါ်ရှိ ရေစက်များက လမ်းမီးတိုင်များနှင့် နီယွန်မီးရောင်တွေကို ပုံပျက်စေကာ ဝေဝါးသော အလင်းတန်းများအဖြစ် ဖြန့်ကျက်သွားစေသည်။

ရှလီ တစ်ယောက်တည်းသာ ကျန်တော့ရာ ဒီအကန့်အသတ်ရှိသော နေရာလေးထဲတွင် လေထုက ပို၍ ပါးလွှာသွားသလို ခံစားရပြီး သူမကို စိုးရိမ်ပူပန်မှုကြောင့် မထိုင်နိုင်မရပ်နိုင် ဖြစ်လာစေသည်။

ရှေ့တွင် ထိုင်နေသော ယန့်စစ်ရှီကို မော့ကြည့်လိုက်မိပြီး အင်ဂျင်အလုပ်လုပ်သံကိုသာ ကြားရသော ဒီတိတ်ဆိတ်မှုထဲတွင် သူမ၏ အသက်ရှူသံကိုပင် မသိစိတ်မှနေ၍ ပို၍ တိုးညင်းနှေးကွေးသွားအောင် လုပ်ထားမိသည်။

ချူချန်မြို့လယ်ဧရိယာက အလွန် သေးငယ်ပြီး ရွှီနင်၏ အိမ်မှ ကျောင်းသားအဆောင်ကိုကားမောင်းလျှင် ဆယ်မိနစ်သာ ကြာသည်။

သူ့ကို စကားနည်းနည်း ပိုပြောချင်သေးသည်။

ရှလီက ဒူးပေါ်တွင် တင်ထားသော လက်ချောင်းတွေကို တင်းတင်းဆုပ်လိုက်ပြီး

"ဇာတ်ညွှန်း..."

"ဟင်" ယန့်စစ်ရှီက နောက်ကိုလှည့်ကြည့်လာသည်။

ရှလီက သူ့ကို တစ်ချက် ကြည့်လိုက်ရာ ကားထဲတွင် မှောင်နေသဖြင့် သူ၏ မျက်နှာကို သေချာ မမြင်ရဘဲ အကြည့်ကို အလျင်အမြန် ပြန်ရွှေ့လိုက်ကာ

"ဇာတ်ညွှန်းမှာ ဘာသာပြန်ထားတဲ့ နေရာတစ်ခုကို... ပြန်ပြီး စဉ်းစားကြည့်လို့ ရမယ်ထင်တယ်"

"ဘယ်နေရာလဲ"

"ကျောင်းသားတွေ ဆန္ဒပြတဲ့အခါ အော်တဲ့ ကြွေးကြော်သံလေ... တိုက်ရိုက် အဓိပ္ပာယ်ပြန်ပြီး အော်တာက အရှိန်အဝါ နည်းနည်း လျော့နေသလိုပဲ... အဲ့ဒါကို နည်းနည်း ပိုတိုတိုလေးနဲ့ ကာရန်ညီအောင် လုပ်လိုက်ရင် ပိုကောင်းမယ်ထင်တယ်"

ပြောပြီး သူမ အလွန် စိုးရိမ်သွားသည်။

သူမ၏ အင်္ဂလိပ်စာ အမှတ်က အတန်းထဲတွင် ရှေ့တန်းမဝင်လှဘဲ ယန့်စစ်ရှီကို ဤကဲ့သို့ အကြံပြုခြင်းက ဆရာ့ရှေ့မှာ ပညာပြသလိုများ ဖြစ်နေမလား။

သို့သော် ယန့်စစ်ရှီက ခေါင်းညိတ်လိုက်ပြီး

"ကောင်းပြီ... ငါ ပြန်ရောက်ရင် ထပ်ပြီး စဉ်းစားကြည့်မယ်"

ရှလီက သက်ပြင်းချလိုက်သည်။

ဒီအကြံပြုချက်ကို ခုနက ဆွေးနွေးစဉ်ကတည်းက ရှလီ ပြောချင်နေခဲ့သော်လည်း အားလုံးက ပြဿနာမရှိဟု ထင်နေကြသဖြင့် သူမ တစ်ယောက်တည်း ထုတ်ပြောရန် သိပ်မကောင်းဟု ထင်ခဲ့ခြင်းဖြစ်သည်။

"တခြား နေရာတွေ ရှိသေးလား" ယန့်စစ်ရှီက ထပ် မေးလိုက်သည်။

"မရှိတော့ဘူး..."

ယန့်စစ်ရှီက ဘာမှ ထပ်မပြောတော့ဘဲ နောက်ကိုပြန်လှည့်သွားသည်။

ကားထဲတွင် ထပ်မံ၍ တိတ်ဆိတ်သွား၏။

ရှလီကို နောက်ထပ် အကြောင်းအရာတစ်ခု ဖန်တီးရန် အချိန်မပေးလိုက်ဘဲ ကားက ကျောင်းအနီးကိုရောက်လာချေပြီ။

ထိုအချိန်တွင် ယာဉ်မောင်းက စကားပြောလာပြီး သူမကို ဘယ်နေရာမှာ အတိအကျ ရပ်ပေးရမလဲဟု မေးလိုက်သည်။

ရှလီက အမြန် ပြောလိုက်သည်။

"ရှေ့မှာ... အဲ့ဒီ ဟွာရှင်း စူပါမားကတ် ဘေးမှာပါ"

ကားက ရှေ့ကိုနည်းနည်း ဆက်သွားပြီး လမ်းဘေးတွင် ရပ်ကာ အချက်ပြမီးကို ဖွင့်လိုက်သည်။

ရှလီက ကျောပိုးအိတ်ကို ယူကာ ယန့်စစ်ရှီကို ပြောလိုက်သည်

"...အိမ်ပြန်ပို့ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်... နင့်အချိန်တွေကို နှောင့်နှေးစေမိပြီလား မသိဘူး"

"မဖြစ်ဘူး... လမ်းကြုံနေလို့ပါ"

ရှလီက လက်လှမ်းကာ ကားတံခါးကို ဖွင့်လိုက်သည်။

"ခဏလေး"

ယန့်စစ်ရှီက ရုတ်တရက် အသံထွက်လာသည်။

ရှလီက ရုတ်တရက် ရပ်သွား၏။

ယန့်စစ်ရှီက နည်းနည်း ကိုင်းကာ အနက်ရောင် ခေါက်ထီးကို ယူပြီး ရှေ့မှ ကမ်းပေးလာသည်။

ရှလီက ကြောင်သွားပြီး လက်လှမ်းယူလိုက်တော့ ထီးမျက်နှာပြင်ပေါ်တွင် မခြောက်သေးသော မိုးရေများက လွင့်စင်လာပြီး သူမ၏ လက်ခုံပေါ်ကိုအေးစက်စက် ကျရောက်သွားသည်။

"...ကျေးဇူးပဲ... တနင်္လာနေ့ကျရင် ငါ ပြန်ပေးပါ့မယ်"

ယန့်စစ်ရှီက ကိစ္စမရှိသလိုပုံစံဖြင့် "အင်း" ဟု တစ်ချက် အသံထွက်လိုက်သည်။

တံခါးဖွင့်ပြီး ရှလီက နောက်ဆုံးအနေဖြင့် နှုတ်ဆက်စကား ပြောလိုက်သည်။

ကားတံခါး ပိတ်သွားပြီး သူမက ထီးကို ဖွင့်ကာ ကားပြတင်းပေါက်ဆီကိုထပ်မံ လက်ယမ်းပြလိုက်ပြန်သည်။

ထိုကားက ဘယ်ဘက် အချက်ပြမီးကို ဖွင့်ကာ စတင်ထွက်ခွာသွားပြီး ရှေ့သို့သွား၍ ကွေ့သွားသည်။

ရှလီက ထီးရိုးကို တင်းတင်းဆုပ်ကိုင်ကာ လမ်းမီးတိုင်အောက်တွင် ရပ်နေပြီး မျက်နှာချင်းဆိုင်မှ ကား ဖြတ်သွားသည်ကို ကြည့်နေခဲ့ကာ ကားအနောက်မီးများက မှိုင်းညို့နေသော မိုးရေပြင်ထဲတွင် ပျောက်ကွယ်သွားသည်အထိ ကြည့်နေပြီးမှ လှည့်၍ ဝင်သွားခဲ့သည်။

သစ်ပင်အောက်မှ ဖြတ်သွားရာ သစ်ရွက်များပေါ်မှ ကျလာသော မိုးရေစက်များက ခေါင်းပေါ်ရှိ ထီးစပေါ်ကိုရိုက်ခတ်နေပြီး တောက်တောက်မည်နေသည့် အသံက သီချင်းတစ်ပုဒ်နှင့် တူနေလေ၏။

အဆောင်ကိုပြန်ရောက်တော့ ရှလီက ထီးကို ဖွင့်ကာ ဝရန်တာတွင် လှန်းထားလိုက်သည်။

သူမက ရေနွေးဖြင့် ရေချိုးလိုက်ပြီး ချည်သားညအိပ်ဝတ်စုံကို ဝတ်ကာ လဲထားသော အဝတ်အစားတွေကို အဝတ်လျှော်စက်ထဲကိုပစ်ထည့်လိုက်သည်။

သူမ၏ အခန်းကိုပြန်လာပြီး ညအိပ်ဝတ်စုံအပေါ်မှ ဆွယ်တာအင်္ကျီပါးတစ်ထည်ကို ထပ်ဝတ်ကာ စာကြည့်စားပွဲရှေ့ရှိ ကုလားထိုင်ကို ဆွဲကာ ထိုင်လိုက်ပြီး အံဆွဲထဲမှ ဒိုင်ယာရီစာအုပ်ကို ထုတ်ယူလိုက်သည်။

ကျောပိုးအိတ်ထဲမှ မှတ်စုစာအုပ်ကိုလည်း ထုတ်ကာ ယန့်စစ်ရှီ စာရေးထားသော စာမျက်နှာကို ဖွင့်လိုက်၏။

သူမက အချိန်အတော်ကြာ စိုက်ကြည့်နေပြီး ခဲတံဘူးထဲမှ ပေတံကို ထုတ်ယူကာ ချုပ်ရိုးနားမှာ ဖိထားပြီး ထိုစာရွက်ကို ပေတံအစွန်းတစ်လျှောက် သပ်ရပ်စွာ ဆုတ်ဖြဲလိုက်ကာ ပိုနေသော အစိတ်အပိုင်းတွေကို ဖြတ်ထုတ်ပြီး ဒီနေ့၏ နေ့စဉ်မှတ်တမ်းထဲကိုညှပ်ထားလိုက်လေ၏။

_________

All Chapters