အခန်း ၃၃
Vol. 4 Ch. 33
အခန်း (၃၃)
ကမ္ဘာမြေကို ကယ်တင်ခြင်း
ရွာထဲရှိ လူအားလုံးသည် ဘာတွေဖြစ်နေသလဲဆိုသည်ကို ကြည့်ရှုရန် ထွက်လာခဲ့ကြလေသည်။
ကောင်းယွမ်နှင့် ဒေသခံခေါင်းဆောင်များသည် တာချင်းတောင်ပေါ်သို့ တက်ခဲ့ကြပြီး အနာဂတ် ငါးရံ့နက် နည်းပညာကုမ္ပဏီ စက်မှုဇုန်၏ ကနဦး အယူအဆကို စတင်ဆွေးနွေးခဲ့ကြလေ၏။
ရင်းနှီးမြှုပ်နှံမှု မြှင့်တင်ရေးဌာနမှ ဌာနမှူးလျူသည် စိတ်လှုပ်ရှားမှုများဖြင့် ပြုံးရွှင်တက်ကြွနေခဲ့ပေ သည်။ သူသည် တောင်ကုန်းငယ်လေးတစ်ခုကိုသာ တက်ခဲ့ရသော်လည်း ထိုက်တောင်ပေါ်သို့ တက် လှမ်းနေသူတစ်ဦး၏ အငွေ့အသက်များ ထွက်ပေါ်နေခဲ့လေ၏။
"ရှောင်ကောင်း... မင်းက ဇာတိမြေမှာ ရင်းနှီးမြှုပ်နှံဖို့ ပြန်လာခဲ့တာပဲ... မင်းက စေတနာရှိတဲ့သူ တစ်ယောက်ပဲလေ... ဇာတိမြေက လူတွေက မင်းကို အမြဲတမ်း အမှတ်ရနေကြမှာပါ..."
"ဌာနမှူးလျူ... ခင်ဗျား ကျွန်တော့်ကို မြှောက်လွန်းနေပါပြီ... ဒါက နှစ်ဦးနှစ်ဖက် အကျိုးရှိတဲ့ အခြေအနေ တစ်ခုပါ... ကျွန်တော်က ချင်ကျင်းမြို့မှာလည်း ဆိုင်ဖွင့်ချင်ပေမဲ့ အဲဒီက မြေက အရမ်းဈေးကြီးနေ လို့ပါ..."
"ဟုတ်တယ်... ဟုတ်တယ်... ဟုတ်တယ်... ကျင်းဟိုင်က သတ္တုတွင်းထွက်အရင်းအမြစ်တွေ ပေါကြွယ် ဝတယ်... သယ်ယူပို့ဆောင်ရေးလည်း အဆင်ပြေပြီးတော့ အထူးအခွင့်အရေး မူဝါဒတွေလည်း ရှိတယ် လေ... မင်းရဲ့ ရွေးချယ်မှုအတွက် နောင်တရမှာ မဟုတ်ပါဘူး..."
...
ထိုနေ့ညနေတွင်ပင် ကျင်းဟိုင်ခရိုင်မှ လင်းကျိုးမြို့ထံသို့ ကျင်းဟိုင် မုကျား ဖွံ့ဖြိုးတိုးတက်ရေးဇုန် တည် ထောင်ခြင်းနှင့် ပတ်သက်သည့် အဆိုပြုလွှာတစ်ရပ်ကို တင်ပြခဲ့လေသည်။
အဆိုပါ အဆိုပြုလွှာတွင် ငါးရံ့နက်နည်းပညာကုမ္ပဏီ စက်မှုဇုန်အတွက် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ရည်ရွယ် ချက် စာချုပ်ကို လက်မှတ်ရေးထိုးပြီးဖြစ်ကြောင်း အထူးတလည် ဖော်ပြထားခဲ့ပေ၏။
ထို့အပြင် ကနဦး ရင်းနှီးမြှုပ်နှံမှုသည် သန်းနှစ်ထောင်ထက် ကျော်လွန်ပြီး စက်မှုဇုန်တစ်ခုလုံးအတွက် စုစုပေါင်း ရင်းနှီးမြှုပ်နှံမှုမှာလည်း သန်းငါးထောင်ထက် မနည်းကြောင်း ပါရှိလေသည်။
လင်းကျိုးမြို့ တစ်မြို့လုံးတွင် ဤမျှကြီးမားသော ပုဂ္ဂလိကလုပ်ငန်းမျိုး မရှိခဲ့ပေ။ လင်းကျိုးမြို့မှ ခေါင်းဆောင်များသည်ပင် စိတ်ဝင်စားသွားကြပြီး ကောင်းယွမ်ကို လင်းကျိုးမြို့သို့ ခေါ်ဆောင်လိုခဲ့ ကြသော်လည်း ကောင်းယွမ်၏ သဘောထားမှာ အလွန်ပင် ခိုင်မာနေခဲ့လေ၏။
လုပ်ငန်းစဉ်များသည် သိသိသာသာ မြန်ဆန်လာခဲ့ပေသည်။
ဤအချိန်တွင် ကောင်းယွမ်သည် ချင်ကျင်းမြို့မှ ခေါ်ဆိုလိုက်သော ဇာတ်ညွှန်းရေးဆရာနှင့် စကားပြော ဆိုနေခဲ့လေ၏။
ထိုဇာတ်ညွှန်းရေးဆရာ၏ အမည်မှာ မုန့်ဝေ့ ဖြစ်သည်။ သူသည် အရပ်မရှည်ဘဲ အနည်းငယ် မှေးစင်းနေ သော မျက်လုံးများ ရှိလေ၏။
ကောင်းယွမ်ကို မြင်သည့်အခါ သူက ပြုံးရွှင်စွာဖြင့် နှုတ်ဆက်လိုက်လေသည်။
"ဆရာကောင်း... မတွေ့ရတာ ကြာပြီနော်..."
"ဟုတ်တယ်... ခင်ဗျား ကျွန်တော့်ကို မှတ်မိနေတာ ကျေးဇူးပါပဲ..."
"မှတ်မိတာပေါ့ဗျာ... အရင်တုန်းက ဥက္ကဋ္ဌကောင်းနဲ့ တိုက်ခန်းအတူတူ နေခဲ့ရတုန်းကတည်းက ခင်ဗျား က သာမန်လူမဟုတ်ဘူးဆိုတာ ကျွန်တော် သိခဲ့တယ်လေ... ကျွန်တော် ထင်တဲ့အတိုင်းပဲ နောက်ပိုင်းမှာ ယွမ်ဖန်းအုပ်စုကို တည်ထောင်နိုင်ခဲ့တာပဲ... ဒါပေမဲ့ ကံကြမ္မာက ဆန်းကြယ်တယ်နော်... ခင်ဗျားက ဖိနှိပ် ထားလို့မရနိုင်တဲ့ ထူးချွန်တဲ့သူတစ်ယောက်ပါ... ဒါကြောင့်လည်း အခုလိုမျိုး ဥက္ကဋ္ဌကောင်း ပြန်လည် မြင့်တက်လာတာ မဟုတ်လား..."
"ရှောင်မုန့်... ဖုန်းထဲမှာ ငါပြောခဲ့သလိုပဲ ဇာတ်ညွှန်းအကြောင်း ပြောချင်လို့ပါ... မင်းဆီမှာ ခိုင်မာတဲ့ သိပ္ပံ စိတ်ကူးယဉ် ဇာတ်ညွှန်းတွေ ရှိလား... စက်တင်ကြီးကြီးနဲ့ ထုတ်လုပ်မှုအကြီးစားမျိုးပေါ့..."
ထိုအကြောင်းကို ပြောလိုက်သည့်အခါ မုန့်ဝေ့၏ မျက်လုံးများ အရောင်တောက်သွားခဲ့လေသည်။
ဇာတ်ညွှန်းရေးဆရာတစ်ယောက်အနေဖြင့် သူသည် သူ၏ဇာတ်ညွှန်းကို ဈေးကောင်းကောင်းဖြင့် ရောင်းချချင်သည်မှာ သဘာဝပင် ဖြစ်ပြီး တစ်ချိန်တည်းမှာပင် ထုတ်လုပ်မှုအရည်အသွေး ပိုကောင်း လေ ပိုနှစ်သက်လေ ဖြစ်ပေ၏။
"ဆရာကောင်း... ကျွန်တော့်ဆီမှာ တကယ်ပဲ တစ်ခုတော့ရှိတယ်... အဲဒါက နေကြီး ပေါက်ကွဲသွားပြီး တဲ့နောက်မှာ မြို့ငယ်လေးက လူငယ်တစ်ယောက်က လူသားတွေကို နေရာအသစ်တစ်ခုဆီ ဦးဆောင် ခေါ်သွားတဲ့ ဇာတ်လမ်းမျိုးပါ... အခန်းအနားလည်း ကြီးကျယ်ပြီး တကယ့်ကို ခိုင်မာတဲ့ ဇာတ်လမ်း ကောင်းပါပဲ..."
"နာမည်က ဘယ်လိုပေးထားလဲ..."
"နေကြီး ပေါက်ကွဲသွားလို့ တစ်ကမ္ဘာလုံးက ကျွန်တော့်ကို အနားယူနေရာကနေ ပြန်ထွက်လာဖို့ တောင်းပန်နေကြတယ် လို့ ပေးထားပါတယ်..."
မုန့်ဝေ့က ပြောလိုက်လေသည်။
"အဲဒီအကြောင်း နည်းနည်းလောက် ထပ်ပြောပြပါဦး..."
ကောင်းယွမ်သည် ဒန်းဒန်းကို လက်ဖက်ရည်တစ်အိုး ယူလာခိုင်းလိုက်လေ၏။
သူတို့နှစ်ဦးသည် အသေးစိတ် စတင်ပြောဆိုခဲ့ကြပြီး ကောင်းယွမ်သည် ဇာတ်လမ်း၏ အကြမ်းဖျင်း အကျဉ်းချုပ်ကို သိရှိသွားခဲ့လေသည်။
အေဒီ (၂၀၄၅) ခုနှစ်တွင် နေသည် လျှို့ဝှက်ဆန်းကြယ်စွာ ပျောက်ကွယ်သွားခဲ့ပြီး နေအဖွဲ့အစည်း တစ်ခု လုံး ကမောက်ကမ ဖြစ်သွားခဲ့ပေသည်။ ဂြိုဟ်များသည် အရပ်မျက်နှာအနှံ့သို့ ပြန့်ကျဲသွားခဲ့ပြီး လူသား မျိုးနွယ်မှာလည်း မျိုးသုဉ်းမည့်အန္တရာယ်နှင့် ရင်ဆိုင်ခဲ့ရလေ၏။
နေပျောက်ကွယ်သွားမည်ကို ကြိုတင်ခန့်မှန်းနိုင်ခဲ့သော မြို့ငယ်လေးမှ လူငယ်တစ်ဦးသည် အကျပ် အတည်းကာလတွင် ကမ္ဘာမြေ အထူးဖယ်ဒရေးရှင်း၏ အရေးပေါ် ဘေးအန္တရာယ်တုံ့ပြန်ရေးအဖွဲ့ ခေါင်းဆောင်အဖြစ် ခန့်အပ်ခံခဲ့ရပေသည်။
ထို့နောက် ထိုလူငယ်သည် ဆန့်ကျင်ဘက်ဒြပ်ထုနှင့် နျူကလီးယား ပေါင်းစပ်စွမ်းအင်တို့ကို အသုံးပြု ကာ မြေအောက်မြို့တော်တစ်ခုကို တည်ဆောက်ခဲ့လေသည်။ ကမ္ဘာကြီး အေးခဲသွားသောအခါ သူသည် အထူးလျှပ်စစ်သံလိုက်ဗုံးတစ်လုံးကို ပစ်လွှတ်ကာ ကြာသပတေးဂြိုဟ်ကို အဆရာပေါင်းများစွာ ဖိသိပ် ပစ်ခဲ့ပြီးနောက် ကြာသပတေးဂြိုဟ်ကို ယာယီနေအဖြစ် အသုံးပြုနိုင်ရန် သေးငယ်သော ကြယ်တစ်လုံး အဖြစ်သို့ အောင်မြင်စွာ ပြောင်းလဲနိုင်ခဲ့လေ၏။
ကမ္ဘာမြေကြီးပေါ်တွင် ဂြိုဟ်အင်ဂျင်များ တည်ဆောက်မှု ပြီးစီးသွားပြီးနောက်... ကြာသပတေးဂြိုဟ်နှင့် ဝေးရာသို့ထွက်ခွာကာ ပရိုဆီမာစင်တောရီကြယ်ဆီသို့ ဦးတည်သွားသည့် ဇာတ်လမ်းပင် ဖြစ်ပေသည်။
ဤဇာတ်ညွှန်း၏ အဓိကဆိုလိုရင်းမှာ အကျပ်အတည်းကာလများတွင် တစ်စုံတစ်ယောက်က အမြဲတမ်း ရှေ့ထွက်လာဖို့ လိုအပ်သည်ဟူသောအချက်ဖြစ်ပြီး... ကျွန်တော်တို့အနေဖြင့် မျှော်လင့်ချက်ကို ဘယ် သောအခါမှ လက်မလွှတ်သင့်ကြောင်းပင် ဖြစ်လေ၏။
နားထောင်ပြီးနောက် ကောင်းယွမ်သည် အတော်လေး ကောင်းမွန်သည်ဟု တွေးလိုက်မိလေသည်။
အခန်းအနားများမှာ အမှန်တကယ်ပင် ကြီးကျယ်ခမ်းနားလှပေသည်... အထူးသဖြင့် နေပျောက်ကွယ် သွားခြင်းနှင့် နေအဖွဲ့အစည်းအတွင်းရှိ ဂြိုဟ်များ ပြန့်ကျဲသွားသည့် မြင်ကွင်းမျိုးပင် ဖြစ်၏။
ကမ္ဘာမြေ၏ အပူချိန် သိသိသာသာ ကျဆင်းသွားပြီး နောက်ဆုံးတွင် အေးခဲသွားသည့် အခြေအနေများ လည်း ပါဝင်လေသည်။ ထို့နောက် ကြာသပတေးဂြိုဟ်ကို ဖိသိပ်ကာ ဧရာမဂြိုဟ်ကြီးတစ်ခုမှ သေးငယ် သော ကြယ်တစ်လုံးအဖြစ်သို့ ပြောင်းလဲပစ်သည့် မြင်ကွင်းမှာလည်း အလွန်ပင် ရင်သပ်ရှုမောဖွယ် ကောင်းလှပေသည်...။
သို့သော် မုန့်ဝေ့သည် စကားပြောလေလေ ယုံကြည်မှု လျော့ကျလာလေလေ ဖြစ်နေခဲ့၏။
သူသည် ဤဇာတ်ညွှန်းကို အခြားသူများထံ တစ်ကြိမ်မက ပြသခဲ့ဖူးပြီး လုပ်ငန်းတွင်းရှိ ထိပ်တန်း ရုပ်ရှင်နှင့် ရုပ်မြင်သံကြား ထုတ်လုပ်ရေးကုမ္ပဏီများပင်လျှင် ဤမျှခမ်းနားသော မြင်ကွင်းမျိုးကို ပြန်လည်ဖန်တီးနိုင်ရန် ယုံကြည်မှု မရှိခဲ့ကြပေ။
ထို့ကြောင့် ကောင်းယွမ် ဘာတွေးနေသည်ကို သူ မသိရှိခဲ့ချေ။
အချိန်အတော်ကြာ စကားပြောပြီးနောက် သူသည် ကောင်းယွမ်ကို ကြည့်ကာ မေးလိုက်လေသည်။
"ဆရာကောင်း... ဇာတ်ညွှန်းကို ဘယ်လိုထင်လဲ..."
"ကောင်းပါတယ်..."
"ဆရာကောင်း ဒါကို အသုံးပြုချင်လား..."
"သုံးမှာပေါ့..."
"တကယ်လား..."
မုန့်ဝေ့၏ မျက်နှာတွင် ဝမ်းသာပျော်ရွှင်မှုများ လင်းလက်သွားခဲ့လေသည်။
"ဝမ်းသာလိုက်တာ ဆရာကောင်းရာ... ရင်းနှီးမြှုပ်နှံမှုကို ဘယ်လောက်အထိ လုပ်ဖို့ စီစဉ်ထားလဲ... ခေါင်းဆောင်မင်းသားက ဘယ်သူဖြစ်မလဲ... ရိုက်ကူးရေးကိုရော ဘယ်တော့စလုပ်မှာလဲ... ရုပ်ရှင်ကို ဘယ်တော့လောက် ရုံတင်ပြသမှာလဲ..."
ကောင်းယွမ်သည် တုံ့ဆိုင်းနေခြင်းမရှိဘဲ ပြန်ဖြေလိုက်လေ၏။
"တစ်သန်းဆိုရင် ဘယ်လိုလဲ... အခုချက်ချင်း ရိုက်ကူးရေး စလုပ်မယ်၊ ပြီးတော့ ငါကိုယ်တိုင်ပဲ ဝင်သရုပ် ဆောင်မယ်လေ... အမျိုးသားနေ့ ရုံတင်ပြသဖို့အတွက် ရည်ရွယ်ထားတယ်..."
မုန့်ဝေ့မှာ အံ့ဩမှင်သက်သွားခဲ့ရလေသည်။
"တစ်... တစ်သန်း ဟုတ်လား..."
မြင်ကွင်း၏ ကြီးမားကျယ်ပြန့်မှုနှင့် နက်ရှိုင်းလှသော နက္ခတ္တဗေဒနှင့် ရူပဗေဒဆိုင်ရာ အသိပညာများကို ထည့်သွင်းစဉ်းစားမည်ဆိုလျှင် ငွေတစ်သန်းဆိုသည်မှာ အထူးပြုလုပ်ချက် ပြကွက်တစ်ခုကို ဖန်တီးရန် ပင် လုံလောက်မည် မဟုတ်ပေ။ ကျွမ်းကျင်ပညာရှင်တစ်ဦးကို အကြံပေးအဖြစ် ငှားရမ်းမည်ဆိုလျှင်ပင် လုံလောက်မည် မဟုတ်ချေ။
"ဘာဖြစ်လို့လဲ... မင်းရဲ့ ဇာတ်ညွှန်းအတွက် တစ်သန်းပေးတာ... နည်းလို့လား..."
ထိုအခါမှသာ ဇာတ်ညွှန်းကို ငွေတစ်သန်းဖြင့် ဝယ်ယူခြင်းဖြစ်ကြောင်း မုန့်ဝေ့ နားလည်သွားခဲ့လေသည်။
မုန့်ဝေ့သည် ဇာတ်ညွှန်းရေးဆရာတစ်ဦး ဖြစ်သော်လည်း ကျွမ်းကျင်ပညာရှင်တစ်ဦးတော့ မဟုတ်ပေ။ နှစ်များစွာကြာသည့်တိုင် သူသည် အရည်အသွေးမြင့် ရုပ်ရှင် သို့မဟုတ် ရုပ်မြင်သံကြား ဇာတ်လမ်းတွဲ တစ်ခုကိုမျှ ထုတ်လုပ်နိုင်ခဲ့ခြင်း မရှိချေ။ သူ၏ တစ်ခုတည်းသော အောင်မြင်သည့် လက်ရာများမှာ အပိုင်းတစ်ပိုင်းလျှင် ယွမ်ငွေ ထောင်ဂဏန်းမျှသာ ရရှိသော ကလေး ဇာတ်လမ်းတို အနည်းငယ်မျှသာ ဖြစ်ပေသည်။
ရုပ်ရှင်များနှင့် ပတ်သက်၍မူ သူသည် ယွမ်ငွေ နှစ်သောင်းသာ တန်ကြေးရှိသော ဇာတ်လမ်းတို တစ်ခု၏ ဇာတ်ညွှန်းကိုသာ ရောင်းချနိုင်ခဲ့ဖူးလေ၏။
ကောင်းယွမ်က ငွေတစ်သန်းပေးမည်ဟု ကြားလိုက်ရခြင်းသည် အလွန်များပြားလှသော ဈေးနှုန်း တစ်ခုပင် ဖြစ်ပေသည်။
မုန့်ဝေ့သည် စာချုပ်ကို လက်မှတ်ရေးထိုးရန်ပင် လောနေခဲ့ပြီ ဖြစ်၏။
သူ၏အမည်ဖြင့် အောင်မြင်သော ဇာတ်ညွှန်းများ မရှိသဖြင့် ဤဇာတ်ညွှန်းကို တစ်သိန်းဖြင့် ရောင်းရ လျှင်ပင် ကံကောင်းပြီဟု မူလက တွေးထားခဲ့မိခြင်း ဖြစ်သည်။
တစ်သန်းဆိုသည်မှာ မုန့်ဝေ့၏ မျှော်လင့်ချက်များထက် များစွာ ကျော်လွန်နေခဲ့လေ၏။
"ရောင်းမယ်... ရောင်းမယ်... ရောင်းမှာပေါ့... ဆရာကောင်း... ကျွန်တော်က စုစုပေါင်း ဘတ်ဂျက် ဘယ်လောက်ရှိလဲဆိုတာကို မေးမလို့ပါ..."
"ဒါက မင်းနဲ့ ဘာမှမဆိုင်တော့ဘူးလေ... ငါတို့မှာ ဇာတ်ညွှန်းကို ပြင်ဆင်ခွင့် အာဏာရှိတယ်၊ ပြီးတော့ ခေါင်းစဉ်ကိုလည်း ပြောင်းရမယ်... နာမည်က ရှည်လွန်းနေတော့ ရုပ်ရှင်ခေါင်းစဉ်အဖြစ် မသင့်တော် ဘူး... နာမည်ကို... 'ကမ္ဘာမြေကို ကယ်တင်ခြင်း' လို့ပဲ ပေးကြရအောင်..."
"ကောင်းလိုက်တဲ့ နာမည်ပဲ... တကယ့်ကို သိပ္ပံစိတ်ကူးယဉ် ဇာတ်ကားကြီးတစ်ကားရဲ့ နာမည်နဲ့ တူနေ တာပဲ..."
မုန့်ဝေ့က မြှောက်ပင့်သော လေသံဖြင့် ပြောလိုက်လေသည်။
"ကောင်းပြီ... စာချုပ်ချုပ်ကြတာပေါ့... ကျန်တဲ့ ရိုက်ကူးရေးအပိုင်းတွေမှာ မင်း ပါဝင်ဖို့ မလိုတော့ဘူး... စာချုပ် လက်မှတ်ထိုးပြီးတာနဲ့ ငွေချေပေးမယ်..."
မုန့်ဝေ့၏ ရင်ထဲတွင် အေးစက်သွားသကဲ့သို့ ခံစားလိုက်ရလေသည်။ ဤသည်မှာ ဇာတ်ညွှန်းကို ဝယ်ယူ ပြီးသည်နှင့် သူနှင့် ဘာမျှမဆိုင်တော့ကြောင်း ပြောနေခြင်း မဟုတ်ပါလား။
သို့သော် တစ်သန်းဆိုသော ပမာဏကို စဉ်းစားမိသည့်အခါ... သူသည် တုံ့ဆိုင်းနေခြင်းမရှိဘဲ စာချုပ်ကို လက်မှတ်ရေးထိုးလိုက်လေတော့သည်။
...
ဇာတ်ညွှန်းကို လက်ဝယ်ရရှိပြီးနောက် ကောင်းယွမ်သည် ကျန်းပိုင်ရီကို ရုပ်ရှင်နှင့် ရုပ်မြင်သံကြား ဝန်ထမ်းအချို့ကို အလုပ်ခန့်ရန် ပြောကြားလိုက်လေသည်။
မည်သို့ပင်ဖြစ်စေ ရုပ်ရှင်တစ်ကား ရုံတင်ရန်အတွက် လုပ်ငန်းစဉ်များစွာ ရှိပေသည်။ ရုံမတင်မီ ကြော်ငြာခြင်း၊ ရုံတင်ပြီးနောက် ကြော်ငြာခြင်း၊ ဇာတ်ညွှန်းမှတ်ပုံတင်ခြင်း၊ ရုပ်ရှင်ခွင့်ပြုချက်ရယူခြင်း စသည်ဖြင့် လုပ်ဆောင်စရာများ အလွန်များပြားလှပေသည်။
ကောင်းယွမ်သည် ထိုလုပ်ငန်းစဉ်များကို နားမလည်သလို သူကိုယ်တိုင်လည်း ကိုင်တွယ်နိုင်စွမ်း မရှိခဲ့ ပေ...။
ဝန်ထမ်းများ ခေါ်ယူနေစဉ် ကောင်းယွမ်ဘက်တွင်မူ... ရိုက်ကူးရေးကို စတင်နေပြီ ဖြစ်လေ၏။
သူသည် ရုပ်ပုံများကို ပြင်ဆင်တည်းဖြတ်နိုင်ရန်အတွက် သူ၏ လက်ထောက်များအဖြစ် လုပ်ဆောင်ရန် အနာဂတ်ကမ္ဘာမှ နက္ခတ္တရူပဗေဒအထူးပြု ကျွမ်းကျင်စက်ရုပ် အချို့ကို ဝယ်ယူခဲ့လေသည်။
ထို့အပြင် ရုပ်ရှင်နှင့် ရုပ်မြင်သံကြား တည်းဖြတ်ခြင်းနှင့် ထုတ်လုပ်ရေးအပြီး အသံအထူးပြုလုပ်ချက် များအတွက် စက်ရုပ်များလည်း ရှိနေပေသေးသည်။
အနာဂတ်ကမ္ဘာတွင် ရုပ်ရှင်လုပ်ငန်းသည် လူတိုင်း ပါဝင်နိုင်သည့် လုပ်ငန်းတစ်ခု ဖြစ်ပြီး ရုပ်ရှင်ရိုက်ကူး ရန်အတွက် ဦးနှောက်လှိုင်းပုံရိပ်ဖော်ကိရိယာ တစ်ခုသာ လိုအပ်သောကြောင့် ဖြစ်ပေသည်။ ကုန်ကျ စရိတ်မှာလည်း မများပြားလှဘဲ စိတ်ကူးဉာဏ် ရင့်သန်မှုနှင့် ခိုင်မာသော ဇာတ်ညွှန်းတစ်ခု ရှိနေသရွေ့ ရုပ်ရှင်တစ်ကားကို ဖန်တီးနိုင်မည်ဖြစ်ပေ၏။
ထို့ကြောင့် အနာဂတ်တွင် ရုပ်ရှင်လုပ်ငန်းသည် ပြီးပြည့်စုံသော ဝန်ဆောင်မှုတစ်ခု ဖြစ်လာမည်ဖြစ်ပြီး သက်ဆိုင်ရာ စက်ရုပ်များကို အစုံလိုက် ရောင်းချလာကြမည် ဖြစ်လေသည်။
၎င်းတို့အားလုံးမှာ ကျွမ်းကျင်သူများ ဖြစ်ကြသည်။ ပြီးစီးသွားသော ရုပ်ရှင်၏ ရုပ်ထွက်အရည်အသွေး၊ အသံအထူးပြုလုပ်ချက်များနှင့် အရောင်အသွေး ချိန်ညှိမှုတို့မှာ လက်တွေ့ကမ္ဘာထက် များစွာ သာလွန် နေခဲ့ပေသည်။
ဝန်ထမ်းများ ခန့်အပ်ခြင်း ပြီးစီးသွားခဲ့လေပြီ...။
ထို့နောက် ကောင်းယွမ်သည် လင်းမေကို ခေါ်ဆောင်လာခဲ့လေသည်။ လင်းမေသည် အနုပညာနောက်ခံ ရှိသော ဒီဇိုင်နာတစ်ဦးဖြစ်ရာ သူမအနေဖြင့် အနုပညာပိုင်းဆိုင်ရာ အကြံဉာဏ်အချို့ကို ပေးစွမ်းနိုင်မည် ဖြစ်၏။
လင်းမေသည် ကောင်းယွမ်၏ ဘေးတွင် ရပ်နေရင်း သူ ဘာလုပ်မည်ကို တွေးတောနေခဲ့မိလေသည်...။