အခန်း ၃၄
Vol. 4 Ch. 34
အခန်း (၃၄)
ရုပ်ရှင် ပြီးစီးသွားခြင်း
"ရှောင်မေ... ခဏနေရင် မျက်နှာပြင်ပေါ်မှာ ပုံရိပ်တချို့ ပေါ်လာလိမ့်မယ်... အဲဒီပုံရိပ်တွေထဲက တစ်ခု ခုကို ပြင်ဖို့လိုတယ်လို့ ထင်ရင် အားမနာဘဲ အကြံပြုပေးပါ... လိုအပ်သလို ပြင်ဆင်ကြတာပေါ့..."
လင်းမေသည် ကြောင်တောင်တောင်ဖြင့် ခေါင်းညိတ်ပြလိုက်လေ၏။
စက်ရုပ်ဆယ်ရုပ်ခန့်သည် ကောင်းယွမ်ကို ကူညီပေးနေကြပေသည်။ စက်ရုပ်တစ်ရုပ်သည် ကောင်းယွမ် အနေဖြင့် သူ၏ စိတ်ကူးထဲရှိ မြင်ကွင်းများကို အချိန်နှင့်တပြေးညီ မြင်ယောင်နိုင်စေရန်အတွက် ဇာတ်ညွှန်းကို အသံထွက်၍ ဖတ်ပြနေခဲ့လေသည်။ ထိုဇာတ်ညွှန်းကို ကျွမ်းကျင်စက်ရုပ်တစ်ရုပ်က အကောင်းဆုံးဖြစ်အောင် ပြင်ဆင်ပေးထားပြီး စာသားများကို ပိုမိုပီပြင်သက်ဝင်စေခဲ့ပေသည်။
များစွာသော သီအိုရီများကို အထူးပြုကျွမ်းကျင်စက်ရုပ်များက ယုတ္တိကျကျ ဖြည့်စွက်ပေးထား ခဲ့ကြလေ၏။ သိပ္ပံစိတ်ကူးယဉ် ရုပ်ရှင်များတွင် ယုတ္တိဗေဒသည် အချင်းချင်း ကိုက်ညီမှုရှိနေရန် လိုအပ်ပေသည်။
ကောင်းယွမ်သည် သူ၏ စိတ်ထဲတွင် ထိုမြင်ကွင်းများကို စတင် ပုံဖော်ကြည့်လိုက်လေသည်။ ဤနေရာ တွင် ထိုမြင်ကွင်းများကို ရှင်းပြနေသည့် စက်ရုပ်များ ရှိနေသည်ဟု စိတ်ကူးကြည့်လိုက်ပါလေ။
'ကျွမ်းကျင်ပညာရှင်' က ရှင်းပြနေသည်နှင့်အမျှ သက်ဆိုင်ရာ ပုံရိပ်များသည် မျက်နှာပြင်ပေါ်တွင် စတင် ပေါ်ပေါက်လာသည်ကို တွေ့လိုက်ရသဖြင့် လင်းမေသည် အံ့အားသင့်သွားခဲ့ရလေ၏။
ထို့အပြင် ၎င်းတို့ကို ဆက်လက်ပြင်ဆင်မှုများ ပြုလုပ်နေဆဲပင် ဖြစ်လေသည်။
ရုပ်ရှင်ကို ခမ်းနားကြီးကျယ်လှသော မြင်ကွင်းတစ်ခုဖြင့် စတင်ထားပေသည်။ နေကြီးသည် အာကာသ တွင်းနက် ကြီးတစ်ခု၏ ဝါးမျိုခြင်းကို ခံလိုက်ရပြီး နေအဖွဲ့အစည်း၏ ဂြိုဟ်များ စုပ်ယူမခံရမီမှာပင် ထို တွင်းနက်ကြီးသည် လျှို့ဝှက်ဆန်းကြယ်စွာ 'ပျောက်ကွယ်' သွားခဲ့လေတော့၏။
နေကြီး ပျောက်ကွယ်သွားသည့်အခါ ကမ္ဘာမြေသည် ဆွဲငင်အား ကင်းမဲ့သွားခဲ့ပြီး နေအဖွဲ့အစည်း အတွင်းရှိ ကောင်းကင်ကိုယ်ထည်အားလုံးသည် ကြိုးပြတ်သွားသော ဘောလုံးများကဲ့သို့ နေအဖွဲ့ အစည်းပြင်ပသို့ တန်းတန်းမတ်မတ် လွင့်စင်ထွက်သွားကြလေသည်။
နေနှင့် အနီးဆုံးဖြစ်သော ဗုဒ္ဓဟူးဂြိုဟ်မှ စတင်ကာ ၎င်းတို့သည် တစ်ခုပြီးတစ်ခု လွတ်မြောက်သွားခဲ့ကြ ပေသည်။
သောကြာဂြိုဟ်နှင့် အင်္ဂါဂြိုဟ်တို့ပင်လျှင် အချင်းချင်း တိုက်မိသွားခဲ့ကြပြီး ထိုတိုက်မိသည့်မြင်ကွင်းမှာ အလွန်နီးကပ်လှသဖြင့် လင်းမေ၏ အမြင်အာရုံကိုပင် ထိခိုက်မတတ် ဖြစ်သွားစေခဲ့လေ၏။
သန်းဆယ်ချီသော ဂြိုဟ်သိမ်ဂြိုဟ်မွှားများသည် ဂြိုဟ်သိမ်ဂြိုဟ်မွှားပတ်လမ်းစုမှ သေနတ်ကြည်ဆန် ပစ်ခတ် လိုက်သည့်အလား ပန်းထွက်သွားခဲ့ကြလေသည်။
ကမ္ဘာမြေကြီးသည်လည်း အဝေးသို့ လွင့်စင်သွားခဲ့ရပေသည်။
နေရောင်ခြည်သည် နေမှသည် ကမ္ဘာမြေဆီသို့ အလျင်အမြန် ရောက်ရှိလာပြီးနောက် လုံးဝပျောက်ကွယ် သွားခဲ့ရာ ကမ္ဘာမြေတစ်ဝန်းလုံး အမှောင်အတိ ကျဆင်းသွားခဲ့ရတော့သည်။
အာကာသထဲမှ ကြည့်မည်ဆိုပါက ကမ္ဘာမြေကြီးမှာ ပျောက်ကွယ်သွားသကဲ့သို့ ရှိနေလေ၏။
ထို့နောက် မြင်ကွင်းသည် ကမ္ဘာမြေပေါ်ရှိ ရှနိုင်ငံ အနောက်ပိုင်းမှ မြို့ငယ်လေးတစ်ခုဆီသို့ ရွှေ့ပြောင်း သွားခဲ့ပြီး ဟောင်းနွမ်းပျက်စီးနေသော လမ်းမတစ်ခုပေါ်တွင် အဆောက်အအုံတစ်ခုသည် ထင်ရှားစွာ ရှိနေခဲ့လေသည်။
ထိုအဆောက်အအုံ၏ အပြင်ဘက်တွင် ဆိုင်းဘုတ်တစ်ခု ချိတ်ဆွဲထားလေသည်။ အဆင့်မြင့် အာကာသ နည်းပညာ အင်စတီကျု။
ထို့နောက် ဇာတ်လိုက်ဖြစ်သူ ပေါ်ထွက်လာခဲ့ပြီး သူ၏ လက်ကောက်ဝတ်တွင် ထင်ရှားလှသော အမှတ် တံဆိပ်တစ်ခုဖြစ်သည့် 'ငါးရံ့နက်နည်းပညာကုမ္ပဏီ' ဟု ပါရှိသော 'လက်ပတ်ဖုန်း' တစ်လုံးကို ဝတ်ဆင် ထားလေသည်။
ထို့နောက် ဇာတ်လိုက်သည် သူ၏ လက်ပတ်ဖုန်းကို အသုံးပြုကာ ဖုန်းစတင်ခေါ်ဆိုလိုက်ရာ သူ၏ရှေ့ တည့်တည့်တွင် အတုအယောင် 3D သုံးဖက်မြင် ပုံရိပ်တစ်ခု ထွက်ပေါ်လာခဲ့လေ၏။
သူတို့နှစ်ဦးသည် မိုင်ပေါင်းထောင်ချီ၍ ကွာဝေးနေသော်လည်း မျက်နှာချင်းဆိုင် စကားပြောနေရ သကဲ့သို့ ခံစားရပေသည်။
...
ဤသည်မှာ ပထမဆုံးသော ကုန်ပစ္စည်း ကြော်ငြာထည့်သွင်းမှုပင် ဖြစ်လေသည်။
ဇာတ်လမ်း ဆက်လက်ဖြစ်ပေါ်လာသည်နှင့်အမျှ ကမ္ဘာမြေမျက်နှာပြင်မှာ အေးခဲသွားခဲ့ပြီး မျက်နှာပြင် အပူချိန်သည် အနှုတ် စင်တီဂရိတ် တစ်ရာဒီဂရီအထိ ကျဆင်းသွားခဲ့လေသည်။ ဤအချိန်တွင် ငါးရံ့နက် နည်းပညာကုမ္ပဏီ၏ ထင်ရှားသော အမှတ်တံဆိပ် ပါရှိသည့် အပူချိန်ထိန်းအဝတ်အစားများကို ဝတ်ဆင် ထားသော ဝန်ထမ်းတစ်စု ပေါ်ထွက်လာခဲ့ကြလေ၏။
ထို့အပြင် ၎င်းတို့၏ စကားပြောဆိုမှုမှတစ်ဆင့် ဤအဝတ်အစားများကို အပူချိန် စင်တီဂရိတ် တစ်ရာ ဒီဂရီမှ အနှုတ် တစ်ရာဒီဂရီအထိ ဝတ်ဆင်နိုင်ကြောင်းနှင့် အတွင်းဘက်တွင် အပူချိန်ကို ထိန်းညှိပေးနိုင် ပြီး အပူချိန်နှင့် စိုထိုင်းဆကို အကန့်အသတ်မရှိ အမြဲမပြတ် ထိန်းသိမ်းထားနိုင်သော သေးငယ်သည့် နျူကလီးယား ပေါင်းစပ်စွမ်းအင်သုံး ဓာတ်ပေါင်းဖိုလေး ပါရှိကြောင်း သိရှိလိုက်ရလေသည်။
နာရီအနည်းငယ် ကြာပြီးနောက် ရုပ်ရှင်၏ ပထမဆုံး အကြမ်းဖျင်းမူထွက်ပေါ်လာခဲ့လေသည်။
ထို့နောက် ကျွမ်းကျင်စက်ရုပ်တစ်ရုပ်သည် 'ပြစ်ချက်ရှာ' ကာ ရိုက်ကွင်းများကို အကောင်းဆုံးဖြစ် အောင် ပြင်ဆင်ပေးပြီး ပြီးပြည့်စုံမှုမရှိသော ပြကွက်များကို ရွေးချယ်ဖယ်ထုတ်ပေးခဲ့လေ၏။
တစ်ချိန်တည်းမှာပင် ကောင်းယွမ်သည် အနုပညာဆန်မှု လိုအပ်နေပြီး ပြုပြင်ရန် လိုအပ်သည့် ပြကွက် များကို ထောက်ပြပေးရန် လင်းမေကို တောင်းဆိုလိုက်လေသည်။
ကောင်းယွမ်ကိုယ်တိုင်မှာမူ ကမ္ဘာကူးတံခါးမှတစ်ဆင့် အနာဂတ်ကမ္ဘာသို့ ကူးပြောင်းသွားခဲ့လေ၏။
သူတို့ ထွက်လာသည့်အခါ ဝမ်ရိဖေးပင်းပင်း သည် ပြန်ရောက်နေပြီ ဖြစ်လေသည်။
"သူဌေး... ကျွန်မ တာဝန် ပြီးမြောက်ခဲ့ပါပြီ... ချင်ကန်းက (၂၀၂၄) ကလပ် ကို ဝင်ဖို့ သဘောတူလိုက်ပြီး ဖွင့်ပွဲအခမ်းအနားကိုလည်း တက်ရောက်ပါလိမ့်မယ်..."
"တကယ်လား..."
ကောင်းယွမ်က မေးလိုက်လေသည်။
"တကယ်ပေါ့... ကြည့်ပါဦး... ဥက္ကဋ္ဌချင် က ကျွန်မကို ဝီချက် မှာ သူငယ်ချင်းအဖြစ် ထည့်လိုက်တယ်... ဒါက သူ ကျွန်မကို ပို့ထားတဲ့စာပါ... ကြည့်ကြည့်ပါဦး..."
ကောင်းယွမ်သည် သူ၏ရှေ့တွင် အလင်းဖန်သားပြင်တစ်ခု ပေါ်လာသည်ကို အမှန်တကယ် မြင်တွေ့ လိုက်ရလေ၏။
အထက်ပါပုံရိပ်တွင် ချင်ကန်း၏ မျက်နှာမှာ ပျော်ရွှင်မှုများဖြင့် ပြုံးရွှင်နေသည်ကို ပြသနေလေသည်။
"သူဌေးကောင်း... (၂၀၂၄) ကလပ် ကြီးက တကယ့်ကို အံ့မခန်းပါပဲ... ကျွန်တော် အချိန်မီ ရောက်လာ ခဲ့ပါ့မယ်..."
ကောင်းယွမ် ခေါင်းညိတ်ပြလိုက်လေသည်။
"ကောင်းပြီ... မင်းက အခု (၂၀၂၄) ကလပ် ရဲ့ ဒုအထွေထွေမန်နေဂျာ ဖြစ်သွားပြီ... မင်းရဲ့ တာဝန်က ကလပ်ရဲ့ အလုပ်တွေအားလုံးကို ပြီးမြောက်ဖို့အတွက် အထွေထွေမန်နေဂျာဟွမ်ဖူ ကို ကူညီပေးဖို့ပဲ..."
ဝမ်ရိဖေး သည် ပျော်ရွှင်စွာဖြင့် ခုန်ပေါက်သွားခဲ့လေသည်။
"ကျေးဇူးတင်ပါတယ် သူဌေး..."
လှပသော မိန်းကလေး၏ ပျော်ရွှင်နေသည့် မျက်နှာကို ကြည့်ရင်း ကောင်းယွမ်၏ ရင်ထဲတွင် ခံစားချက် တစ်ခု ပေါ်လာခဲ့လေ၏။ အနာဂတ်ကမ္ဘာမှ လူများသည် အလွန်ပင် ရိုးသားဖြူစင်လှပေသည်။ သူတို့ သည် အလုပ်တစ်ခုရှိနေသရွေ့ လစာကို လုံးဝ ဂရုမစိုက်တတ်ကြပေ။
ကလပ်၌ ပြင်ဆင်မှုများမှာ အားလုံးနီးပါးခန့် ပြီးစီးနေပြီ ဖြစ်ပြီး မြင်ကွင်းများကို ပြင်ဆင်ရန်သာ စောင့် ဆိုင်းနေရတော့သည်။
(၂၀၂၄) ကလပ် တွင် စုစုပေါင်း အထပ်သုံးဆယ် ရှိပြီး ၎င်းတို့အနက်မှ ငါးထပ်ကို ရုံးခန်းများအဖြစ် အသုံးပြုထားခဲ့လေ၏။ ဤနေရာသည် ကောင်းယွမ်၏ အနာဂတ် ဌာနချုပ် ဖြစ်လာပေလိမ့်မည်။
အခြားသော အထပ် (၂၅) ထပ်တွင်မူ နေထိုင်ရေး၊ အပန်းဖြေရေး၊ စုဝေးရေး၊ ငါးဖမ်းခြင်းနှင့် အမဲ လိုက်ခြင်းအပြင် စားသောက်ရေးစသည့် လုပ်ဆောင်ချက်များကို ပေါင်းစပ်ထားသော မြင်ကွင်းအမျိုး မျိုးဖြင့် ပြည့်နှက်နေလေသည်။
မြင်ကွင်းတစ်ခုစီတိုင်းသည် လက်တွေ့ကမ္ဘာရှိ သီးခြား သဘာဝရှုခင်းတစ်ခုကို ပုံတူကူးယူ ဖန်တီးထား ခြင်း ဖြစ်ပေသည်။ ကောင်းယွမ်သည် ၎င်းတို့ကို ဒီဇိုင်းဆွဲရန်အတွက် တရုတ်နိုင်ငံရှိ အကျော်ကြားဆုံး သော ရှုခင်းဒီဇိုင်းအေဂျင်စီကို ငှားရမ်းရန် လင်းမေကို ပြောကြားထားပြီး ဖြစ်လေ၏။ အစီအစဉ်မှာ မကြာမီ အဆင်သင့်ဖြစ်လာပေလိမ့်မည်။
ထိုမြင်ကွင်းထဲတွင် ကောင်းယွမ်သည် အိမ်တွင်း ငါးဖမ်းခြင်း၊ အိမ်တွင်း မြင်းစီးခြင်း၊ အိမ်တွင်း ဟင်းသီး ဟင်းရွက် စိုက်ပျိုးခြင်း၊ ပန်းစိုက်ပျိုးခြင်းနှင့် အခြားသော လှုပ်ရှားမှုများကို ထည့်သွင်းထားလေသည်။ လက်တွေ့ကမ္ဘာမှ လူများသာ ဤလှုပ်ရှားမှုများကို မြင်တွေ့ရပါက သေချာပေါက် ဝေဖန်ကြပေလိမ့် မည်။
သို့သော် အနာဂတ်ကမ္ဘာတွင်မူ ဤသည်မှာ ရှားပါးလှသော အဆင့်မြင့် အပန်းဖြေ လှုပ်ရှားမှုတစ်ခု ဖြစ် နေခဲ့ပေတော့သည်။
အနာဂတ်တွင် မည်သူက ဟင်းသီးဟင်းရွက် စိုက်ပျိုးခြင်း၏ ပျော်ရွှင်မှုကို ခံစားနိုင်မည်နည်း။
သို့ရာတွင် ဤအရာအားလုံးအတွက် ထောက်ပံ့ရေးပစ္စည်းများ လိုအပ်ပေသည်။
ကောင်းယွမ်သည် သူ၏ အာရုံကို တာချင်းတောင်တန်း များဆီသို့ ပစ်မှတ်ထားလိုက်လေ၏။ ငါးရံ့နက် နည်းပညာကုမ္ပဏီ စက်မှုဇုန်ကို မကြာမီ စတင်တည်ဆောက်နိုင်တော့မည် ဖြစ်သည်။ ထိုသို့ဖြစ်လာ သောအခါ တူးဖော်ရရှိမည့် မြေကြီးအမြောက်အများကို ဤနေရာသို့ သယ်ဆောင်လာပြီး မြေဩဇာနှင့် ရောနှောကာ အနာဂတ်ကမ္ဘာတွင် တန်ဖိုးကြီး ဇိမ်ခံပစ္စည်းတစ်ခု ဖြစ်လာစေမည် ဖြစ်လေသည်။
အပင်အချို့ကို တာချင်းတောင် မှ ရယူနိုင်သော်လည်း အများစုကိုမူ တိုက်ရိုက် ဝယ်ယူနိုင်ပေသည်။
ကောင်းယွမ်သည် လက်တွေ့ကမ္ဘာသို့ ပြန်လာခဲ့ပြီး လိုအပ်သော ထောက်ပံ့ရေးပစ္စည်းများ အားလုံးကို စာရင်းပြုစုခြင်းဖြင့် ကျန်းရှင်း ရှိ လုပ်ငန်းစဉ်များကို အရှိန်မြှင့်တင်ရန် လင်းမေကို တိုက်တွန်းလိုက် လေ၏။ (၂၀၂၄) ကလပ် လုပ်ငန်းကို တစ်ပတ်အတွင်း ဖွင့်လှစ်တော့မည် ဖြစ်သောကြောင့် ကောင်းယွမ် အနေဖြင့် ကိစ္စရပ်များကို အမြန်ဆုံး လုပ်ဆောင်ရန် လိုအပ်နေခဲ့လေသည်။
..
နောက်ထပ် သုံးရက်ကြာသည်အထိ ကောင်းယွမ်၌ သတင်းစောင့်ရန်မှလွဲ၍ အခြားလုပ်စရာ ဘာမျှမရှိခဲ့ ပေ။
ထို့ကြောင့် သူတို့သည် အိမ်တွင်သာ ထိုင်ပြီး 'ရုပ်ရှင်ရိုက်ကူးခြင်း' ကိုသာ ပြုလုပ်နေခဲ့ကြလေ၏။
ရင်သပ်ရှုမောဖွယ်ရာ မြင်ကွင်းအမျိုးမျိုးသည် ကောင်းယွမ်၏ စိတ်ကူးဉာဏ်မှတစ်ဆင့် ရုပ်ရှင်ပြကွက် များအဖြစ်သို့ ပြောင်းလဲသွားခဲ့လေသည်။ အကယ်၍ ပြကွက်တစ်ခု အဆင်မပြေပါက စက်ရုပ်ကျွမ်း ကျင်ပညာရှင်တစ်ဦးက ကောင်းယွမ်ကို လိုအပ်သည်များကို ရှင်းပြပေးမည်ဖြစ်ပြီး များမကြာမီတွင် ကောင်းယွမ်သည် တစ်ဖန် စတင်ပုံဖော်လာခဲ့လေ၏။
အစပိုင်းတွင် လင်းမေသည် ဤအရာက ဘာအတွက်မှန်း မသိရှိခဲ့ပေ။
သို့သော် ယခုအခါတွင်မူ လင်းမေသည် အသားကျသွားခဲ့ပြီဖြစ်ပြီး အစကနဦး အံ့ဩမှုများကိုလည်း ကျော်လွှားနိုင်ခဲ့ပြီ ဖြစ်လေသည်။ ယခုအခါ လင်းမေသည် ကောင်းယွမ်ကို လေးစားအားကျမှုများ ပြည့်နှက်နေသော မျက်ဝန်းများဖြင့် ကြည့်ရှုနေခဲ့လေ၏။
တစ်ချိန်တည်းမှာပင် ကျွမ်းကျင်စက်ရုပ် အများအပြားသည် ထုတ်လုပ်ရေးအပြီး အသံအထူးပြုလုပ် ချက်များနှင့် ကြော်ငြာပစ္စည်းများအတွက် စတင်လုပ်ဆောင်နေကြပြီ ဖြစ်လေသည်။
လွန်ခဲ့သော ရက်အနည်းငယ်အတွင်း ငါးရံ့နက်နည်းပညာကုမ္ပဏီ သည် ၎င်း၏ အံ့မခန်း တည်းဖြတ်စက် ကြောင့် ညတွင်းချင်းပင် အမျိုးသားအဆင့် ကုမ္ပဏီတစ်ခု ဖြစ်လာခဲ့ပြီး ရှဝေ က သူ၏ တရားဝင် ဝေ့ပေါ် အကောင့်မှတစ်ဆင့် ရှဝေ ၏ ချစ်ပ်ပြားလုပ်ငန်းခွဲကို တည်ထောင်လိုက်ပြီဖြစ်ကြောင်းနှင့် တရားဝင် စတင်ထုတ်လုပ်နေပြီဖြစ်ကြောင်း ကြေညာခဲ့လေသည်။
နှစ်စဉ် ချစ်ပ်ပြားထုတ်လုပ်နိုင်စွမ်း သန်း (၅၀) ကျော်ဖြင့် မိုဘိုင်းဖုန်းများကို အသုံးပြုနိုင်ရန် လုံလောက် နေခဲ့လေပြီဖြစ်၏။
သို့သော် လူတိုင်း မျှော်လင့်နေကြသော ငါးရံ့နက်နည်းပညာကုမ္ပဏီ ၏ ကြီးမားလှသည့် လှုပ်ရှားမှုကမူ ရောက်ရှိမလာခဲ့သေးပေ။ အင်တာနက် အသုံးပြုသူများ မသိရှိကြသည်မှာ ငါးရံ့နက်နည်းပညာကုမ္ပဏီ ၏ သူဌေးဖြစ်သူ ကောင်းယွမ်သည် လတ်တလောတွင် 'ရုပ်ရှင်များ' ရိုက်ကူးနေသည်ဟူသော အချက် ပင် ဖြစ်လေ၏။
သုံးရက်ကြာပြီးနောက် ကောင်းယွမ်သည် အကြောဆန့်လိုက်ပြီး နောက်ဆုံးတွင် ပြီးစီးသွားခဲ့လေသည်။ ရုပ်ထွက်များမှာ တကယ့်ကို အံ့မခန်းဖြစ်ပြီး ကမ္ဘာမြေပေါ်ရှိ မည်သည့် ရုပ်ရှင်အထူးပြုလုပ်ချက်များ ကိုမဆို များစွာ ကျော်လွန်နေခဲ့လေ၏။ မည်သို့ပင်ဆိုစေကာမူ စိတ်ကူးဉာဏ်သည် နည်းပညာထက် အမြဲတမ်း ပိုကောင်းနေမြဲပင် ဖြစ်သည်။
အကယ်၍ သင့်၏ စိတ်ကူးဉာဏ်က မပြင်းထန်မလုံလောက်ပါကလည်း သင့်ကို လမ်းညွှန်ပေးမည့် စက်ရုပ်များ ရှိနေပြီး အနာဂတ်မှ ရုပ်ရှင်များကိုကြည့်ရှုကာ ၎င်းတို့ထံမှပင် သင်ယူနိုင်ပေသေးသည်။