အခန်း ၃၇
Vol. 4 Ch. 37
အခန်း (၃၇)
စူပါသန္တာကောင်
"မင်းက တုံးလိုက်တာ... မင်းရဲ့ ဦးနှောက်ထဲမှာ ချင်ကန်းရဲ့ ဗီဒီယို မရှိဘူးလား... စိန်အဆင့် အသင်းဝင် ဖြစ်ဖို့ အရည်အချင်းပြည့်မီတဲ့သူတွေဆီ ပို့တဲ့အခါ ကလပ်ရဲ့ တကယ့်လက်တွေ့ဗီဒီယိုရယ်၊ ချင်ကန်းရဲ့ ဗီဒီယိုရယ်၊ ပြီးတော့ စိန်အဆင့် ဖြစ်လာနိုင်ခြေရှိတဲ့ အသင်းဝင်များ စာရင်းရယ်ကို ထည့်ပို့လိုက်လေ...”
“လူသိရှင်ကြား မလုပ်ထားတဲ့ အထူးအထောက်အထားရှိတဲ့သူတွေအတွက်ကတော့ ငါတို့ ပူစရာမလို ဘူးလေ... ငါတို့က တစ်ရက်တည်း ဖွင့်မှာမှ မဟုတ်တာ... အခကြေးငွေပေးပြီး လျှောက်ထားနိုင်တဲ့ ကြေးအဆင့် အသင်းဝင်တွေကလွဲရင် တခြားအသင်းဝင်တွေက အသင်းဝင်ဖို့အတွက် အနည်းဆုံး အသင်းဝင်နှစ်ယောက်က ပူးတွဲထောက်ခံပေးဖို့ လိုတယ်နော်..."
ဟွမ်ဖူရှန်းက ဘေးမှနေ၍ ဝင်ပြောလိုက်လေသည်။
"သူဌေး... လူပြောသူပြောများလာအောင် အွန်လိုင်းမှာ တကယ့်လက်တွေ့ဗီဒီယိုတချို့ကို အရင်မတင် သင့်ဘူးလား..."
ကောင်းယွမ်သည် ခဏမျှ စဉ်းစားလိုက်၏။
"ကောင်းပြီလေ... ဒါပေမဲ့ ငါတို့ကလပ်ရဲ့ နာမည်ကိုတော့ ထည့်မပြောနဲ့နော်... စာသားအထောက်အထား ဘာတစ်ခုမှ မပါစေနဲ့... ငါတို့က လျှို့ဝှက်ဆန်းကြယ်တဲ့ပုံစံမျိုး ထားရမယ်..."
အနာဂတ်ကမ္ဘာရှိ လှုပ်ရှားမှုများကို စီစဉ်ပြီးစီးသွားခဲ့ပြီ ဖြစ်လေသည်။
ကောင်းယွမ်သည် ပြင်ဆင်မှုများ ဆက်လက်လုပ်ဆောင်ရန် လက်တွေ့ကမ္ဘာသို့ ပြန်လာခဲ့လေ၏။ သူ သည် လင်းကျိုးမြို့ရှိ မြင်းစီးကလပ် တစ်ခုမှ မြင်းအားလုံးကို ဝယ်ယူခဲ့ပြီးနောက် မုကျားကျေးရွာ ရှိ ရွာသူရွာသားများ၏ အိမ်များသို့ သွားကာ ကြက်၊ ဘဲ၊ ဝက်၊ နွား၊ မြည်း စသည်တို့ကို ဝယ်ယူခဲ့လေသည်။ ရွာသူရွာသားများထံတွင် ရှိသမျှအရာအားလုံးကို ကောင်းယွမ်က ကာလပေါက်ဈေးထက် နှစ်ဆပေး၍ ဝယ်ယူခဲ့ခြင်း ဖြစ်ပေသည်။
မူလက လူသူကင်းမဲ့နေခဲ့သော ရွာလေးသည် ယခုအခါတွင် စည်ကားသက်ဝင်လာခဲ့လေပြီ။
ဤနေရာကို ဖွံ့ဖြိုးတိုးတက်ရေးဇုန် အဖြစ် ဖော်ဆောင်နေပြီဟူသော သတင်းများ ပျံ့နှံ့သွားပြီးနောက် သက်ကြီးရွယ်အို အများအပြားသည် အခြားနေရာများတွင် နေထိုင်နေကြသော ၎င်းတို့၏ သားသမီးများ ကို အိမ်သို့ ပြန်ခေါ်ခဲ့ကြလေသည်။
အဘယ်ကြောင့်ဆိုသော် နေရာပြောင်းရွှေ့ရန် နီးကပ်နေပြီဖြစ်သောကြောင့် ဖြစ်၏။
ကောင်းယွမ်သည် ပြည်နယ်လမ်းမကြီးဘေးတွင် မုကျားကျေးရွာ နှင့် လီဟွားရွာ တို့မှ ရွာသူရွာသားများ အားလုံး အပါအဝင် မိသားစုတိုင်းအတွက် သီးခြားအိမ်တစ်လုံးစီဖြင့် ရွာသစ်တစ်ရွာကိုလည်း တည် ဆောက်ပေးမည် ဖြစ်လေသည်။
မူလအိမ်ရာမြေများကို တစ်စတုရန်းမီတာလျှင် ယွမ် နှစ်ထောင်နှုန်းဖြင့် လျော်ကြေးပေးခဲ့ပြီး စိုက်ပျိုး မြေများကိုမူ တစ်ဧကလျှင် ယွမ် တစ်သိန်းနှုန်းဖြင့် လျော်ကြေးပေးခဲ့လေသည်။
ဤရွာသူရွာသားများသည် မုကျား ကဲ့သို့သော ဝေးလံခေါင်ဖျားသည့် နေရာမျိုးတွင် ဖြိုဖျက်ရှင်းလင်း မှုများ ပြုလုပ်လိမ့်မည်ဟု တစ်ခါမျှ မတွေးထင်ထားခဲ့ကြပေ။
ဈေးနှုန်းမှာ မမြင့်မားသော်ငြားလည်း မည်သူကမျှ ညည်းညူခြင်း မရှိခဲ့ကြပေ။ အဘယ်ကြောင့်ဆိုသော် မုကျား ၏ မြေတန်ဖိုးမှာ များစွာမရှိသည့်အပြင် အိမ်များစွာမှာလည်း နှစ်ပေါင်းများစွာ စွန့်ပစ်ခံထားရ သောကြောင့် ဖြစ်လေ၏။ အစည်ကားဆုံးအချိန်က မုကျား တွင် လူဦးရေ နှစ်ထောင်ကျော် ရှိခဲ့သော် လည်း ယခုအခါ ရွာတွင် သက်ကြီးရွယ်အို နှစ်ရာ သုံးရာခန့်သာ ကျန်ရှိတော့ပေသည်။
အကယ်၍ ကောင်းယွမ်သာ နေရာပြောင်းရွှေ့ပေးခြင်း မရှိပါက ဤနေရာသည် နောက်ဆယ်နှစ်အတွင်း လုံးဝ စွန့်ပစ်ခံရသည့် နေရာတစ်ခု ဖြစ်သွားနိုင်ပေသည်။
ယခုအခါတွင် သူတို့သည် မိမိတို့၏ ပိုင်ဆိုင်မှုများကို ပိုမိုကောင်းမွန်သော နေရာရှိ သီးခြားအိမ်တစ်လုံး နှင့် လဲလှယ်နိုင်ရုံသာမက လျော်ကြေးငွေများကိုပါ ရရှိကြသေးသည် မဟုတ်ပါလား။ ရွာသူရွာသားများ သည် ကောင်းယွမ်ကို အလွန်ပင် ကျေးဇူးတင်နေကြလေ၏။
ထို့အပြင် စက်မှုဇုန် တည်ဆောက်ပြီးစီးသွားပါက ၎င်းတို့၏ သားသမီးများကို သိပ္ပံပန်းခြံတွင် အလုပ် အကိုင် ဦးစားပေး ခန့်အပ်မည်ဖြစ်ကြောင်း ကောင်းယွမ်က ကတိပေးထားခဲ့လေသည်။
ထို့ကြောင့် ကောင်းယွမ်က ၎င်းတို့၏ ကြက်၊ ဘဲနှင့် တိရစ္ဆာန်များကို ဝယ်ယူလိုကြောင်း ကြားသိရ သောအခါ သူတို့အားလုံးက ငွေမလိုချင်ကြောင်းနှင့် အလကား ပေးမည်ဖြစ်ကြောင်း ပြောဆိုခဲ့ကြ လေ၏။
လင်းမေ ၏ မိသားစုတွင် ဥစားကြက်အုပ်တစ်အုပ် ရှိလေသည်။
ဤအချိန်၌ လင်းမေ သည် ကြက်များကို ခြင်းတောင်းတစ်လုံးဖြင့် သယ်ဆောင်လာခဲ့လေ၏။
"အစ်ကိုယွမ်... ကြက်တွေ လိုချင်တယ်ဆို... ရော့... ကျွန်မတို့ဆီက ကြက်တွေလေ..."
"ကျားပါးကျို ဆီသွားပြီး ငွေရှင်းလိုက်လေ..."
လင်းမေ က ပြောလိုက်လေသည်။
"မလိုပါဘူး အစ်ကိုယွမ်ရယ်... ကျွန်မ အခု ကိုယ့်ရပ်ကွက်ထဲမှာတင် အလုပ်ရနေပြီလေ... ပြီးတော့ အစ်ကိုက ကျွန်မကို အပူချိန်ထိန်းအဝတ်အစား တောင် ပေးထားသေးတာပဲ... အလုပ်ချိန်အတွင်းမှာ လည်း လွတ်လွတ်လပ်လပ် သွားလာခွင့် ပေးထားသေးတယ်... အစ်ကို့ကို ဘယ်လို ကျေးဇူးတင်ရမှန်း တောင် မသိတော့ပါဘူး..."
ကောင်းယွမ်သည် လင်းမေ ၏ ဆံပင်များကို ဖွလိုက်လေ၏။
"မင်းက တုံးလိုက်တာ... ပထမလအတွက် လစာတောင် မရသေးဘူးလေ... အခုကတည်းက ကိုယ့်အိတ် ကပ်ထဲကနေ စိုက်ထုတ်နေပြီလား... အကယ်လို့ ငါက မင်းကို သုံးရာ ဒါမှမဟုတ် ငါးရာလောက်ပဲ ပေး ရင် ဘယ်လိုလုပ်မလဲ... မင်း နစ်နာသွားမှာပေါ့..."
လင်းမေ က စိတ်မကောင်းသည့် လေသံဖြင့် ပြောလိုက်လေသည်။
"သုံးရာ ဒါမှမဟုတ် ငါးရာ ဟုတ်လား... နည်းနည်းတော့ နည်းလွန်းတယ်နော်... နှစ်ထောင်ကျော်လောက် ဆိုရင်တော့ ပိုကောင်းတာပေါ့... ဒါပေမဲ့ ကျွန်မ အများကြီး မတောင်းပါဘူး အစ်ကိုယွမ်ရယ်..."
"အရူးမလေး... မင်းက ငါ့ရဲ့ ပထမဆုံး ဝန်ထမ်းလေ... ငါးရံ့နက်နည်းပညာကုမ္ပဏီ ရဲ့ ဒီဇိုင်းဒါရိုက်တာပဲ... ငါက မင်းကို နှစ်ထောင်တည်းသာ ပေးရင် လူတွေက ငါ့ကို ကျိန်ဆဲကြလိမ့်မယ်... ဒီလိုလုပ်... ငါတို့ ပစ္စည်းတွေ တရားဝင် မထုတ်လုပ်ရသေးတော့ မင်းကို ယွမ် နှစ်သောင်း အရင်ပေးထားမယ်လေ... စက်မှုဇုန် ဆောက်ပြီးလို့ မင်းလက်အောက်မှာ လူဒါဇင်ပေါင်းများစွာ ရှိလာတဲ့အခါကျရင် လစာတိုးပေး မယ်နော်..."
"နှစ်... နှစ်သောင်း ဟုတ်လား... အစ်ကိုယွမ်... အဲ့လောက် တကယ် မလိုပါဘူး... ကျွန်မကို အားနာနေ စရာ မလိုပါဘူး... အရင်က ချင်ကျင်းမြို့ မှာတုန်းကတောင် လစာ ငါးထောင်ပဲ ရခဲ့တာပါ... ကျွန်မတို့ နေရာက ချင်ကျင်းမြို့ နဲ့ ဘယ်လိုလုပ် နှိုင်းယှဉ်လို့ရမှာလဲ... ကျွန်မ အမေ့ကိုလည်း ပြုစုစောင့်ရှောက် နေရတာဆိုတော့ နှစ်ထောင်ဆိုရင် တကယ်ကို လုံလောက်နေပါပြီ..."
ကောင်းယွမ်သည် လင်းမေ ၏ နှာခေါင်းကို ခပ်ဖွဖွ ပုတ်လိုက်လေ၏။
"ဘာမှ ဆက်မပြောနဲ့တော့... ငါက သူဌေးပဲ..."
မကြာမီမှာပင် ကောင်းယွမ်၏ နောက်ဖေးခြံဝင်းထဲတွင် ကြက်၊ ဘဲ၊ ငန်း၊ ယုန်၊ ခွေးစသည်တို့ဖြင့် ပြည့် နှက်သွားခဲ့လေသည်။
ကောင်းယွမ်သည် ထိုတိရစ္ဆာန်များကို ကလပ်ဆီသို့ ပို့ဆောင်ပေးခဲ့လေ၏။
ထို့နောက် သူဝယ်ထားသော မြင်းများ ပြန်ရောက်လာမည့်အချိန်ကို စောင့်ဆိုင်းနေခဲ့လေသည်။ ယခုအ ခါ (၂၀၂၄) ကလပ် သည် ဖွင့်လှစ်တော့မည် ဖြစ်ပေသည်။
သူတို့အနေဖြင့် အရှိန်မြှင့်ရန် လိုအပ်နေခဲ့ပြီ ဖြစ်၏။
ကောင်းယွမ်သည် တာဝန်များ ချထားပေးနိုင်ရန်အတွက် (၂၀၂၄) ကလပ် ဖွင့်လှစ်မည့်အချိန်ကို စောင့် ဆိုင်းနေဆဲပင် ဖြစ်လေသည်။
မည်သို့ပင်ဆိုစေကာမူ လက်တွေ့ကမ္ဘာတွင် ဖြေရှင်းရမည့် ပြဿနာများစွာ ရှိနေလေ၏။ ဥပမာအားဖြင့် မုကျား နည်းပညာစက်မှုဇုန် ကို တည်ဆောက်ရန် ပါဝင်ပတ်သက်နေသော အကြောင်းရင်းများစွာကို ထည့်သွင်းစဉ်းစားမည်ဆိုပါက အများဆုံး တစ်နှစ်ခန့် အချိန်ယူရမည် ဖြစ်ပေသည်။
သို့သော်လည်း အနာဂတ်ကမ္ဘာတွင် ပိုမိုမြန်ဆန်ပြီး ထိရောက်သော ဆောက်လုပ်ရေးနည်းလမ်းများ သေချာပေါက် ရှိနေမည်ဟု ကောင်းယွမ် ယုံကြည်ထားလေသည်။
ကောင်းယွမ်သည် မနေ့က ချင်းမူကုထန်း ကို ဆက်သွယ်ခဲ့ပြီး အာဏာပိုင်များထံတွင် ကြီးမားသော အဆောက်အအုံအချို့ကို တည်ဆောက်ရန်အတွက် အသုံးပြုသည့် 'စူပါသန္တာကောင်' တစ်မျိုး ရှိကြောင်း ချင်းမူကုထန်း က ကောင်းယွမ်ကို ပြောပြခဲ့လေ၏။
သန္တာကောင်များသည် ပင်လယ်ကြမ်းပြင်၏ တည်ဆောက်သူများ ဖြစ်ကြပေသည်။ ရိုးရိုးသာမာန် သန္တာကောင်များ၏ အပြင်လွှာဆဲလ်များသည် ထုံးဓာတ်များကို ထုတ်လွှတ်ပေးနိုင်ပြီး မျိုးဗီဇပြုပြင် ထားသော စူပါသန္တာကောင် များကမူ အရာဝတ္ထုအမျိုးမျိုးကို ထုတ်လွှတ်ပေးနိုင်လေ၏။ ၎င်းတို့ကို သက်ဆိုင်ရာ အစာများ ကျွေးရုံဖြင့် အလွန်တိုတောင်းသော အချိန်အတွင်း ထုတ်လွှတ်ပေးနိုင်ပေသည်။
စူပါသန္တာကောင် များသည် မရေမတွက်နိုင်သော သေးငယ်သည့် 3D ပရင်တာလေးများနှင့် တူပေသည်။ ဇီဝကွန်ပျူတာများ က ထိန်းချုပ်ထားသဖြင့် ဤသန္တာကောင်များသည် မီလီမီတာအဆင့်အထိ တိကျ သေချာမှုကို ရရှိနိုင်လေ၏။ မီလီမီတာအဆင့် တိကျမှုသည် အာကာသလုပ်ငန်း အတွက် လုံလောက်မှု မရှိနိုင်သော်ငြားလည်း ဆောက်လုပ်ရေးအတွက်မူ လုံလောက်ရုံထက်ပင် ပိုနေသေးသည် မဟုတ်ပါ လား။
အကယ်၍ ကောင်းယွမ်သာ စူပါသန္တာကောင် ဘီလီယံ (၁၀) ကောင်ခန့်ကို ရရှိနိုင်ပါက သူသည် ငါးရံ့နက် နည်းပညာကုမ္ပဏီ စက်မှုဇုန်ကို သုံးရက်အတွင်း တည်ဆောက်နိုင်မည် ဖြစ်လေသည်။
သို့ရာတွင် ဤကဲ့သို့သောအရာများကို တင်းကျပ်စွာ ထိန်းချုပ်ထားပြီး ချင်းမူကုထန်း အနေဖြင့် လွယ် လွယ်ကူကူ ရရှိနိုင်မည် မဟုတ်ပေ။
ထို့ကြောင့် ကောင်းယွမ်သည် ဤတာဝန်ကို (၂၀၂၄) ကလပ် မှတစ်ဆင့် ကြေညာလိုခဲ့ခြင်း ဖြစ်လေ၏။ ရမှတ်များ ရယူလိုသော အသင်းဝင်များသည် ဤတာဝန်ကို ပြီးမြောက်အောင် ကြိုးစားကြပေလိမ့်မည်။
ကောင်းယွမ်သည် ထိပ်တန်းအလွှာများ၏ စိတ်ကို ဆွဲဆောင်နိုင်ရန်အတွက် လုံးဝ အခမဲ့ဖြစ်ပြီး ထူးခြား သော မြင်ကွင်းများကို အသုံးပြုခဲ့ပြီး ဤထိပ်တန်းပုဂ္ဂိုလ်များသည် (၂၀၂၄) ကလပ် ၏ အစောင့်အ ရှောက်များ ဖြစ်လာကြပေလိမ့်မည်။
ထို့နောက် ၎င်းတို့၏ အခွင့်ထူးများကို အသုံးပြုကာ အခြားအဆင့်ရှိ အသင်းဝင်များကြားတွင် မနာလို ဖြစ်လာစေရန် လှုံ့ဆော်ပေးမည် ဖြစ်လေ၏။
ထို့နောက် သူတို့ကို သွေးဆောင်ရန်အတွက် ရမှတ်များကို အသုံးပြုရမည် ဖြစ်ပေသည်။
(၂၀၂၄) ကလပ် အတွင်းရှိ ပစ္စည်းတိုင်းသည် ဈေးကွက်တွင် ရှားပါးလှသော အရာများဖြစ်သောကြောင့် ကောင်းယွမ်သည် သူ လုံးဝ ကျရှုံးနိုင်စရာ အကြောင်းမရှိဟု ခံစားနေရလေသည်။
စူပါသန္တာကောင် ကို ရယူခြင်းဖြင့် ကောင်းယွမ်သည် စက်မှုဇုန်၏ ဆောက်လုပ်ရေး ပြဿနာကို ဖြေရှင်း နိုင်ရုံသာမက ဝမ်တာလင်း ၏ အာရုံစိုက်မှုကို ဆွဲဆောင်ရန်အတွက် ငါးစာအဖြစ်လည်း အသုံးပြုနိုင် ပေသည်။ ဝမ်တာလင်း ၏ အဓိကလုပ်ငန်းမှာ အိမ်ခြံမြေလုပ်ငန်းဖြစ်ပြီး စူပါသန္တာကောင် သည် ရိုးရာ အိမ်ခြံမြေလုပ်ငန်းကို လုံးဝ ကမောက်ကမဖြစ်စေမည့် တော်လှန်ရေးနည်းပညာတစ်ရပ် ဖြစ်နေသည် မဟုတ်ပါလား။
ဝမ်တာလင်း သည် သေချာပေါက် လက်ပိုက်ကြည့်နေမည် မဟုတ်ပေ။
အချိန်များသည် တစ်နေ့ပြီးတစ်နေ့ ကုန်ဆုံးသွားခဲ့လေ၏။
မုကျား နှင့် လီဟွားရွာ မှ ရွာသူရွာသားများသည် တစ်ဦးပြီးတစ်ဦး စတင်ပြောင်းရွှေ့နေကြပြီ ဖြစ်လေ သည်။ ကောင်းယွမ်သည် ၎င်းတို့ ယာယီနေထိုင်ရန်အတွက် ကျင်းဟိုင်ခရိုင် တွင် အဆောက်အအုံတစ်ခု ကို ငှားရမ်းပေးထားခဲ့ပေသည်။
ဤအချိန်တွင် ကောင်းယွမ်၏ "ကမ္ဘာမြေကို ကယ်တင်ခြင်း" ဇာတ်ကားသည် အတည်ပြုချက် ရရှိသွား ခဲ့ပြီ ဖြစ်လေ၏။ ဇာတ်ကွက်မှာ ပြင်းထန်သော လုပ်ဆောင်ချက်များ၊ ကြီးမားကျယ်ပြန့်သော မြင်ကွင်း များနှင့် ခိုင်မာသော နည်းပညာများဖြင့် ပြည့်နှက်နေသောကြောင့် လုံးဝ ဖြတ်တောက်ခံရခြင်းမရှိဘဲ အတည်ပြုချက် ရရှိခဲ့ခြင်း ဖြစ်ပေသည်။
ရုပ်ရှင်ကုမ္ပဏီသည် စိစစ်ရေးကို အောင်မြင်စွာ ဖြတ်ကျော်ပြီးနောက် ဝန်ထမ်းများသည် ပို၍ပင် ဂဏာ မငြိမ် ဖြစ်လာကြလေသည်။ ဥက္ကဋ္ဌကောင်း က အမျိုးသားနေ့ အားလပ်ရက်တွင် ရုံတင်နိုင်ရန် ကြိုးစား စေလိုကြောင်း ပြောကြားခဲ့သော်လည်း ၎င်းတို့တွင် ဖြန့်ချိသူ မရှိသေးဘဲ အမျိုးသားနေ့ ရောက်ရန် ရက်နှစ်ဆယ်သာ လိုတော့သည် မဟုတ်ပါလား။
ဤအခြေအနေဖြင့် အဆိုပါ နာမည်ကြီး ဇာတ်ကားကြီးများကို သူတို့ မည်သို့ ယှဉ်ပြိုင်နိုင်မည်ဆိုသည် ကို မသိနိုင်တော့ပေ။
ဝန်ထမ်းများသည် ကောင်းယွမ်ကို မမေးဝံ့ကြသဖြင့်... ကျန်းပိုင်ရီ ကိုသာ မေးမြန်းခဲ့ကြရလေသည်။
ကျန်းပိုင်ရီ က ကောင်းယွမ်ကို မေးမြန်းသောအခါ ကောင်းယွမ်က သူ့ကို အလောတကြီး မလုပ်ရန်၊ မမေးရန်နှင့် ရုပ်ရှင်ကို ကြော်ငြာရန်အတွက် အကောင်းဆုံး ကြိုးစားရန်သာ ပြောကြားခဲ့လေ၏။ ရုံတင် မည့်ရက်ကို အောက်တိုဘာ (၁) ရက်နေ့အဖြစ် သတ်မှတ်ထားပြီး ဖြစ်လေသည်။
ကျန်တာများကို သူတို့ စိတ်ပူစရာ မလိုတော့ပေ။
...
ကောင်းယွမ်သည် (၂၀၂၄) ကလပ် အတွင်း ပထမထပ်မှသည် အထပ်သုံးဆယ်အထိ လျှောက်သွားခဲ့ပြီး ထိုအချိန်တွင် (၂၀၂၄) ကလပ် တစ်ခုလုံးမှာ ပြီးစီးနေပြီ ဖြစ်လေ၏။
မြင်ကွင်းတိုင်းကို ပြီးပြည့်စုံစွာ ဖန်တီးထားပြီး အနုပညာနှင့် လက်တွေ့ဘဝကို အကောင်းဆုံး ပေါင်းစပ် ထားကာ ဒီဇိုင်းပိုင်းရှိ လက်ရာအဆင့်အတန်းမှာလည်း အလွန်ပင် အထင်ကြီးလောက်စရာ ကောင်းလှ ပေသည်။
ဝမ်ရိဖေး နှင့် ပင်းပင်း တို့သည် ယခင်က အကြိမ်များစွာ မြင်တွေ့ခဲ့ဖူးသော်ငြားလည်း သူတို့မှာ အံ့အား သင့်နေဆဲပင် ဖြစ်လေ၏။
ဤနေရာရှိ မည်သည့် အလှဆင်ပစ္စည်း သေးသေးလေးမဆို အခြားဆိုင်တစ်ဆိုင်နှင့် လဲလှယ်နိုင် လောက်ပေသည်။
ကြီးမားသော အပင်များနှင့် တိရစ္ဆာန်များကိုတော့ ဆိုဖွယ်ရာပင် မရှိတော့ပေ။