← Chapters

အခန်း ၃၅၂

Vol. 36 Ch. 352

အခန်း ၃၅၂

Vol. 36 Ch. 352

အခန်း (၃၅၂) ဒုတိယမျိုးဆက်များ၏ မောက်မာမှု

ကောင်းဖန်တိုင်းပြည်သည် မဟာချန်မင်းဆက်၏ အနောက်ဘက်တွင် တည်ရှိပြီး ကုန်းမြင့်ဒေသ တိုင်းပြည်တစ်ခု ဖြစ်၏။ ထိုတိုင်းပြည်၏ ပျမ်းမျှအမြင့်မှာ မီတာနှစ်ထောင်ခန့်အထိ ရှိသည်။ ဥပါဒ်ကတည်းကပင် ကောင်းဖန်တိုင်းပြည်သည် အလယ်ပိုင်းလွင်ပြင်များနှင့် သီးခြားကွဲထွက်နေပြီး သဘာဝအရ ကာကွယ်ရန် လွယ်ကူ၍ တိုက်ခိုက်ရန် ခက်ခဲသော ကုန်းမြင့်ဒေသကို သိမ်းပိုက်ထားခြင်း ဖြစ်ပေသည်။

ကောင်းဖန်မြေသည် ကျယ်ပြောလှပြီး ရေတွက်၍မရနိုင်သော တောရိုင်းတိရစ္ဆာန်များ၏ အခြေစိုက်ရာလည်း ဖြစ်၏။ အခြားသော တိုင်းပြည်များတွင်မူ ခေါင်းပါးသော နှစ်များ၌ လူပေါင်းများစွာ ငတ်မွတ်ခေါင်းပါး၍ သေဆုံးကြရသော်လည်း ကောင်းဖန်မြေတွင်မူ တောရိုင်းတိရစ္ဆာန်များ ပေါများလှသဖြင့် ထိုဒေသရှိ လူများအတွက် ငတ်မွတ်ခေါင်းပါးခြင်းဟူသော အယူအဆပင် မရှိချေ။

မဟာလီမင်းဆက်သည် မဟာချန်စစ်တပ်၏ လိုက်လံတိုက်ခိုက်မှုကို ခံရသောအခါ အနောက်ပိုင်းဒေသစစ်တပ်သည် ကောင်းဖန်တိုင်းပြည်၏ ကြွယ်ဝသော သယံဇာတများကို သဘောကျသဖြင့် ကောင်းဖန်တိုင်းပြည်အတွင်းသို့ ထွက်ပြေးတိမ်းရှောင်ခဲ့ကြ၏။ အနောက်ပိုင်းဒေသစစ်တပ်က သူတို့သည် မဟာချန်စစ်တပ်၏ လိုက်လံသတ်ဖြတ်မှုမှ လွတ်မြောက်သွားပြီဖြစ်၍ စိတ်အေးလက်အေး နေနိုင်ပြီဟု ထင်မှတ်ခဲ့ကြသည်။

သို့သော်လည်း မမျှော်လင့်ဘဲ ကောင်းဖန်တိုင်းပြည်က အနောက်ပိုင်းဒေသစစ်တပ်ကို အဓမ္မဖိနှိပ်ကာ အနောက်ပိုင်းဒေသစစ်တပ် အင်အားနှစ်သိန်းကို ရှေ့တန်းတပ်ဦးအဖြစ် အသုံးပြုခဲ့၏။ မဟာချန်မင်းဆက် တည်ထောင်ခဲ့သည်မှာ တစ်နှစ်သာ ရှိသေးသဖြင့် တိုင်းပြည် မတည်ငြိမ်သေးဘဲ နယ်စပ်ဒေသများ ငြိမ်းချမ်းခြင်း မရှိသေးသည်ကို အခွင့်ကောင်းယူကာ ကောင်းဖန်တိုင်းပြည်သည် မဟာချန်မင်းဆက်၏ အနောက်လန်ကျိုးသို့ အလျင်အမြန် ကျူးကျော်ဝင်ရောက်လာခဲ့သည်။

အစောပိုင်းအဆင့်တွင် မဟာချန်မင်းဆက်၏ နယ်ခြားစောင့်တပ်များမှာ ဆိုးဆိုးရွားရွား ရှုံးနိမ့်ခဲ့ရပြီး ရှီးလန်စီရင်စု မြေယာ၏ ၇၀ ရာခိုင်နှုန်းခန့်ကို ကောင်းဖန်တိုင်းပြည်က သိမ်းပိုက်သွားခဲ့၏။ ထို့နောက်တွင် မဟာချန်မင်းဆက်၏ ဧကရာဇ် ဟုန်ယွမ်ကျီသည် အလွန်အမင်း ဒေါသထွက်ခဲ့ပြီး ကောင်းဖန်တိုင်းပြည်ကို အမြစ်ပြတ်ချေမှုန်းရန် ကတိသစ္စာပြုခဲ့သည်။

သူက တစ်နိုင်ငံလုံးမှ စစ်သည်အင်အား တစ်သိန်းကို အကြီးအကျယ် စည်းရုံးလှုပ်ရှားစေပြီး ရှီးလန်စီရင်စုကို ပြင်းပြင်းထန်ထန် ထောက်ပံ့ပေးခဲ့သဖြင့် မြေယာ၏ ၂၀ ရာခိုင်နှုန်းကိုသာ ပြန်လည် သိမ်းပိုက်နိုင်ခဲ့၏။ ကောင်းဖန်စစ်တပ်နှင့် အနောက်ပိုင်းဒေသစစ်တပ်သည် ဘယ်နှင့်ညာ တစ်ဖက်တစ်ချက်စီတွင်ရှိနေပြီး ရှီးလန်စီရင်စုမြေကို ချိန်ရွယ်ထားသော ထက်မြက်သည့် မြှားနှစ်စင်းကဲ့သို့ ဖြစ်နေသည်။

သို့သော်လည်း မင်းဆက်အပြောင်းအလဲ၏ စစ်ပွဲကြီးကို ခုတင်တင် ကြုံတွေ့ထားရသော မဟာချန်စစ်တပ်သည် ရဲရင့်ပြီး ကြောက်ရွံ့မှုကင်းမဲ့ကာ ကောင်းဖန်စစ်တပ်နှင့် အနောက်ပိုင်းဒေသစစ်တပ်ကို အပြန်အလှန် တိုက်ခိုက်ခဲ့ကြ၏။ သို့သော် ခြုံငုံကြည့်လျှင် စစ်ရေးအခြေအနေက ရှေ့မတိုးသာ နောက်မဆုတ်သာ ဖြစ်နေပြီး မည်သည့်ဖက်ကမျှ တိုးတက်မှု မရှိချေ။

မဟာချန်မင်းဆက်သည် ကောင်းဖန်စစ်တပ်၏ ရက်စက်ကြမ်းကြုတ်မှုကို ခံစားသိရှိခဲ့ရသော်လည်း မင်းဆက်သစ် တည်ထောင်ခါစဖြစ်၍ ဒေသအသီးသီးတွင် ပြန်လည်ထူထောင်ရန် လိုအပ်နေသဖြင့် စစ်တပ်ကြီးတစ်တပ်ကို စည်းရုံးရန် ခက်ခဲနေခြင်းကြောင့် အကျပ်ရိုက်နေသည်။ ထို့ကြောင့် ဧကရာဇ် ဟုန်ယွမ်ကျီသည် နန်းတွင်းအရာရှိများ၏ အကြံဉာဏ်ကို နားထောင်ပြီးနောက် စစ်သည်တော်များ စုစည်းရန် အမိန့်တော် ထုတ်ပြန်လိုက်၏။

မင်းဆက်အတွင်းရှိ မည်သည့်လွတ်လပ်သော ကျင့်ကြံသူများ၊ နယ်ခြားစောင့်တပ်များ၊ လှည့်လည်သွားလာနေသော သိုင်းသမားများ၊ ရှေးဟောင်းသိုင်းပညာရှင် မိသားစုများ သို့မဟုတ် အရာရှိများ၏ သားသမီးများ မင်းဆက်အတွက် အကျိုးပြုလိုသော ဆန္ဒရှိသူ မည်သူမဆို ကောင်းဖန်စစ်တပ်ကို ချောင်းမြောင်း တိုက်ခိုက်သတ်ဖြတ်ရန် ရှီးလန်စီရင်စုသို့ သွားရောက်နိုင်သည် ဟု ဆိုသည်။

စစ်သည်စုဆောင်းရေး အမိန့်တော်တွင် ထောက်ပံ့ရန် ရောက်ရှိလာပြီး ကောင်းဖန်စစ်တပ်ကို သတ်ဖြတ်နိုင်ခဲ့သော စစ်သည်များ ရရှိသမျှသော ရတနာပစ္စည်း အားလုံးသည် သူတို့ကိုယ်တိုင် ပိုင်ဆိုင်မည်ဖြစ်ပြီး နန်းတွင်းသို့ အပ်နှံရန် မလိုအပ်ကြောင်းလည်း ကြေညာထား၏။

ဤကဲ့သို့ နိုင်ငံတော် အကျပ်အတည်းမှနေ၍ တရားဝင် အမြတ်ထုတ်နိုင်မည့် အခွင့်အရေးက ရှီးလန်စီရင်စုသို့ ကိုယ်ပိုင်လက်နက်ကိုင် အင်အားစု အမြောက်အမြားကို ဆွဲဆောင်နိုင်ခဲ့သည်မှာ သေချာပေါက်ပင် ဖြစ်သည်။

ဖုန်းလန်မြို့သည် ရှီးလန်စီရင်စု၏ တောင်ဘက်ပိုင်းတွင် တည်ရှိပြီး မြို့ရိုးများကို တောင်တန်းတစ်ခုနှင့် တစ်ဆက်တည်း တည်ဆောက်ထားသော ခံတပ်မြို့ဖြစ်၏။ ဖုန်းလန်မြို့သာ အဖောက်ခံရပါက ၎င်း၏နောက်ကွယ်တွင် ကျယ်ပြောလှသော လွင်ပြင်ကြီး ရှိနေသဖြင့် ရှီးလန်စီရင်စု မြေယာ၏ ၂၀ ရာခိုင်နှုန်းကို ကောင်းဖန်စစ်တပ်က သိမ်းပိုက်သွားမည်ဟု ဆိုနိုင်သည်။ မဟာချန်မင်းဆက်၏ တောင်ဘက်နှင့် အလယ်ပိုင်း စီရင်စုများမှ ကူညီထောက်ပံ့ရန် ရောက်ရှိလာသော စစ်သည် အများစုမှာ ဖုန်းလန်မြို့တွင် စုရုံးနေကြ၏။

ရှန့်ယွင်ချွမ်းသည် ကျောက်စိမ်းဗိမာန်နယ်ပယ်သို့ ချိုးဖျက်ဝင်ရောက်ပြီးနောက် ယွီရွှေခရိုင်ရှိ နယ်ခြားစောင့်တပ်အားလုံးကို အကြောင်းကြားစာ ထုတ်ပြန်ခဲ့ပြီး နယ်ခြားစောင့်ရဲမက်တစ်ရာကို စုစည်းကာ ဖုန်းလန်မြို့သို့ အတူတကွ အပြင်းနှင်ခဲ့ကြသည်။ ယောင်ဟွဲ့သောက်၊ တျန့်စုန်း၊ လီချန်၊ ဖန်ယွန်းရှန်၊ ကျားကျိချင်းနှင့် ရှုံ့တာကျွမ်းတို့သည်လည်း ရှန့်ယွင်ချွမ်း၏ နောက်သို့ လိုက်ပါလာကြ၏။

"အိုး... နောက်ထပ် စစ်ကူအဖွဲ့တစ်ဖွဲ့ ရောက်လာပြန်ပြီ... တော်တော်လေး လူအင်အားများတာပဲ... ရာဂဏန်းလောက် ရှိမယ်ထင်တယ်..."

ဖုန်းလန်မြို့၏ အရှေ့ဘက်တံခါးတွင် ယာယီစားသောက်ဆိုင် အမြောက်အမြား ရှိနေ၏။ ဆိုင်များထဲမှ တစ်ဆိုင်တွင် ကောင်းမွန်သော အဝတ်အစားများ ဝတ်ဆင်ထားသည့် လူငယ်တစ်ဒါဇင်ခန့် ထိုင်နေကြသည်။ သူတို့က ရှန့်ယွင်ချွမ်းနှင့် သူ၏အဖွဲ့ ခရီးပန်းလာသော အမူအရာဖြင့် ရောက်ရှိလာသည်ကို မြင်သောအခါ မောက်မာသော အမူအရာရှိသည့် လူတစ်ယောက်က ရေရွတ်လိုက်၏။

ထိုစကားကြောင့် ရုတ်တရက်ပင် ဘေးပတ်ဝန်းကျင်ရှိ လူပေါင်းများစွာက ရှန့်ယွင်ချွမ်းနှင့် သူ၏အဖွဲ့ဆီသို့ အာရုံစိုက်လာကြသည်။

"ဖုန်းလန်မြို့ကိုရောက်ဖို့ ဒီလောက်တောင် အချိန်ကြာနေရတာ ကြည့်ရင်တော့ တကယ့်ကို ဝေးလံခေါင်သီတဲ့ စီရင်စုက ဖြစ်ရမယ်..."

အခြားလူတစ်ယောက်က ခန့်မှန်းလိုက်၏။ အဘယ်ကြောင့်ဆိုသော် စစ်သည်စုဆောင်းရေး အမိန့်တော်ထုတ်ပြန်ပြီးသည်နှင့် အနီးနားရှိ နယ်ခြားစောင့်တပ်များသည် ငါးရက်အတွင်း ရောက်ရှိလာကြပြီး ဖြစ်သောကြောင့်ပင်။

"သူတို့ရဲ့ ဝတ်စားဆင်ယင်မှုနဲ့ အမူအရာကို ကြည့်ရတာ ဒီလူစုက နယ်ခြားစောင့်တပ်တွေ ဖြစ်ရမယ်..."

အခြေအနေကို ခတ္တမျှ စစ်ဆေးပြီးနောက် တစ်စုံတစ်ယောက်က သေချာပေါက် ပြောလိုက်၏။

လွတ်လပ်သော ကျင့်ကြံသူများသည် များသောအားဖြင့် တစ်ယောက်တည်း ခရီးသွားလေ့ရှိကြပြီး အလွန်ဆုံးရှိမှ သုံးယောက် သို့မဟုတ် ငါးယောက်စု၍ သွားကြခြင်းဖြစ်သည်။

လှည့်လည်သွားလာနေသော သိုင်းသမားများသည် များသောအားဖြင့် လင်မယားနှစ်ယောက်အတူ ခရီးသွားလေ့ရှိကြ သို့မဟုတ် သူတို့၏ တပည့်များကို ခေါ်ဆောင်လာတတ်ကြ၏။ ရှေးဟောင်းသိုင်းပညာရှင် မိသားစုများသည် များသောအားဖြင့် တူညီသော အဝတ်အစားများကို ဝတ်ဆင်လေ့ရှိပြီး ထူးခြားသော အမူအရာ ရှိကြသဖြင့် အလွယ်တကူ မှတ်မိနိုင်သည်။

အရာရှိများ၏ သားသမီးများမှာမူ ပို၍ပင် ထင်ရှားလှ၏။ သူတို့၏ စည်းကမ်းမဲ့သော အပြုအမူများနှင့် နောက်ကွယ်မှ လိုက်ပါလာသော အစေခံ အခြံအရံ အုပ်စုကြီးကို ကြည့်ရုံဖြင့် ချက်ချင်း သိသာစေသည်။

နယ်ခြားစောင့်တပ်များမှာမူ အမျိုးမျိုးသော ဝတ်စုံများကို ဝတ်ဆင်ထားကြသော်လည်း အားလုံးက စစ်သုံးလက်နက်များကို ကိုင်ဆောင်ထားကြပြီး သူတို့၏ တိုက်ပွဲအတွေ့အကြုံရှိသော အမူအရာက အလွန်ပင် ထင်ရှားနေ၏။ သံသယဖြစ်ဖွယ်မရှိဘဲ ရှန့်ယွင်ချွမ်း၏ လူတစ်ရာအဖွဲ့သည် နယ်ခြားစောင့်တပ်တစ်ခု၏ ထူးခြားသော ဝိသေသလက္ခဏာများကို အထင်အရှား ပြသနေပေသည်။

"လီမိ... မြို့တော်ကနေ လာကြတဲ့ ဒုတိယမျိုးဆက် စစ်သူကြီးတွေထဲမှာ မင်းနဲ့ငါပဲ ဘယ်နယ်ခြားစောင့်တပ်ကိုမှ အမိန့်မပေးနိုင်သေးတာ..."

"ငါတို့ချင်း တရားမျှတစွာ ပြိုင်ပြီးတော့ ဒီနယ်ခြားစောင့်တပ်ကို သိမ်းသွင်းရင်ကော ဘယ်လိုလဲ..."

ထိုအခိုက်တွင် ချပ်ဝတ်တန်ဆာ ဝတ်ဆင်ထားသည့် လူငယ်နှစ်ယောက်က အရက်ဆိုင်ရှိ စားပွဲတစ်ခုတွင် ထိုင်နေကြပြီး တစ်ယောက်က အေးစက်စွာ ပြောလိုက်၏။

"ရှဟိုစုန့်... မင်းကိုယ်တိုင် ပြောတာနော်... ဒါဆိုရင် ငါတို့ တရားမျှတစွာ ပြိုင်ကြတာပေါ့..."

လီမိသည် သန်မာထွားကြိုင်းသော လူတစ်ယောက်ဖြစ်ပြီး အထူးသဖြင့် မုတ်ဆိတ်မွေး ဗရပွနှင့်ဖြစ်သဖြင့် အလွန်ပင် ထင်ရှားသော လူတစ်ယောက် ဖြစ်ပေသည်။ ထို့ကြောင့် ထိုနှစ်ယောက်သည် သူတို့၏ အစေခံများကိုခေါ်ကာ ရှန့်ယွင်ချွမ်းနှင့် သူ၏လူတစ်ရာဆီသို့ အတူတကွ လျှောက်လှမ်းသွားပြီး စစ်ကြောင်း၏ လမ်းခရီးကို ပိတ်ဆို့လိုက်ကြ၏။

မဟာချန်မင်းဆက်ကို တည်ထောင်သူ ဧကရာဇ် ဟုန်ယွမ်ကျီသည် စစ်တပ်ကို စတင်ဖွဲ့စည်းခဲ့စဉ်က သူ၏ လက်အောက်တွင် စစ်သူကြီး အမြောက်အမြား ရှိခဲ့သည်။ ဆယ်နှစ်ကြာ စစ်ပွဲများအပြီးတွင် မဟာချန်မင်းဆက်ကို တည်ထောင်သည့်နေ့၌ ဧကရာဇ် ဟုန်ယွမ်ကျီသည် တိုင်းပြည်တည်ထောင်သူ စစ်သူကြီး ကိုးဆယ့်ကိုးယောက်ကို ဘွဲ့ထူးဂုဏ်ထူးများ ကိုယ်တိုင် ချီးမြှင့်ခဲ့၏။

မင်းဆက် တည်ထောင်ခဲ့သည်မှာ တစ်နှစ်သာ ရှိသေးသဖြင့် ထိုစစ်သူကြီးများသည် နန်းတွင်း၌ အလုပ်ရှုပ်နေကြစဉ် သူတို့၏ သားသမီးများသည် မိမိတို့ စစ်သူကြီးအဖေများ၏ ဂုဏ်ပြောင်သော အောင်မြင်မှုများကို အားကျနေကြဆဲ ဖြစ်သည်။ နောက်ဆုံးတွင် ကောင်းဖန်တိုင်းပြည်က မဟာချန်မင်းဆက်ကို ကျူးကျော်လာသည်ဟူသော သတင်းကို ကြားလိုက်ရသောအခါ စစ်သည်စုဆောင်းရေး အမိန့်တော် ထုတ်ပြန်သည့်နေ့၌ပင် ထိုဒုတိယမျိုးဆက် စစ်သူကြီးများသည် သူတို့၏ မိသားစုစစ်သည်များကို ဦးဆောင်ကာ ရှီးလန်စီရင်စုသို့ အသက်လု၍ ပြေးလာခဲ့ကြ၏။

ထိုဒုတိယမျိုးဆက် စစ်သူကြီးများသည် ဖုန်းလန်မြို့သို့ ရောက်ရှိလာသောအခါ သူတို့နှင့် သူတို့၏ မိသားစုစစ်သည် အနည်းငယ်မျှဖြင့် ဤနိုင်ငံတော်စစ်ပွဲတွင် နာမည်ကျော်ကြားရန် မဖြစ်နိုင်ကြောင်းကို သိရှိသွားခဲ့ကြသည်။ ထို့ကြောင့် ထိုဒုတိယမျိုးဆက် စစ်သူကြီးများသည် အဖြေတစ်ခုကို စဉ်းစားမိကြ၏။ ၎င်းမှာ တိုင်းပြည်အနှံ့အပြားမှ ရောက်ရှိလာသော နယ်ခြားစောင့်တပ်များကို မိမိတို့လက်အောက်သို့ သွတ်သွင်းကာ သူတို့နှင့်အတူ တိုက်ပွဲဝင်စေခြင်းပင် ဖြစ်သည်။

လီမိနှင့် ရှဟိုစုန့်သည် စစ်သူကြီးများ၏ သားသမီးများဖြစ်ကြပြီး နောက်ကျမှ ရောက်ရှိလာသူများ ဖြစ်သောကြောင့် မည်သည့် နယ်ခြားစောင့်တပ်ကိုမျှ မထိန်းချုပ်နိုင်သေးချေ။ ထို့ကြောင့် ရှန့်ယွင်ချွမ်းက နယ်ခြားစောင့်ရဲမက်တစ်ရာကို ဦးဆောင်၍ လာသည်ကို မြင်လိုက်ရသောအခါ ထိုနှစ်ယောက်သည် ရင်ထဲတွင် ကြိတ်၍ ဝမ်းသာသွားကြပြီး သူတို့၏ နောက်ခံကို အသုံးပြုကာ ရှန့်ယွင်ချွမ်းတို့အဖွဲ့ကို ထိန်းချုပ်နိုင်မည်ဟု ထင်မှတ်လိုက်ကြ၏။

"သခင်လေးတို့... ဒါက ဘာသဘောလဲ..."

ရှန့်ယွင်ချွမ်းသည် လီမိနှင့် ရှဟိုစုန့်တို့က သူတို့၏ မိသားစုစစ်သည်များကို ဦးဆောင်ကာ သူ၏လမ်းကို ပိတ်ဆို့ထားသည်ကို မြင်သောအခါ မျက်မှောင်အနည်းငယ် ကြုတ်လိုက်ပြီး မကျေမနပ် လေသံဖြင့် မေးလိုက်၏။

"ငါ့နာမည်က ရှဟိုစုန့်... ငါ့အဖေက တိုင်းပြည်ကို တည်ထောင်ခဲ့တဲ့ စစ်သူကြီးပဲ..."

"မင်းတို့ရဲ့ နယ်ခြားစောင့်တပ်ကို ငါ့လက်အောက်သွင်းပြီး ကောင်းဖန်စစ်တပ်ကို တိုက်ခိုက်မယ့် စစ်ဆင်ရေးမှာ ပါဝင်စေချင်တယ်..."

ရှဟိုစုန့်က သူ၏ ခံစားချက်ကို ဖုံးကွယ်ရန် မကြိုးစားဘဲ မောက်မာစွာ ပြောလိုက်၏။

"ငါ့နာမည်က လီမိ... ငါ့အဖေက တိုင်းပြည်ကို တည်ထောင်ခဲ့တဲ့ ငြိမ်းချမ်းရေး စစ်သူကြီးချုပ်ပဲ..."

"ရှဟိုစုန့်လိုပဲ... ငါလည်း မင်းတို့ရဲ့ နယ်ခြားစောင့်တပ်ကို စည်းရုံးချင်တယ်..."

"ငါက လူတွေအပေါ် အမြဲတမ်း ကြင်နာတတ်တယ်... ကောင်းဖန်တိုင်းပြည်ဆီကနေ ငါလုယက်ရရှိတဲ့ ရတနာပစ္စည်းတွေရဲ့ ၂၀ ရာခိုင်နှုန်းကို မင်းတို့ကို ပေးဖို့ ဆန္ဒရှိတယ်..."

လီမိကလည်း သူ၏မျက်နှာတွင် မောက်မာသော အမူအရာဖြင့် ထိုသို့ ပြောလိုက်၏။

ထိုစကားကို ကြားလိုက်ရသောအခါ ရှန့်ယွင်ချွမ်း၏ မျက်နှာက တွန့်ခေါက်သွားပြီး ထိုဒုတိယမျိုးဆက် စစ်သူကြီးနှစ်ယောက်ကို အထက်စီးဆန်သော အမူအရာဖြင့် ကြည့်လိုက်၏။

*ဝင်ငွေရဲ့ ၂၀ ရာခိုင်နှုန်း*

*မင်းတို့က ငါတို့ကို သူတောင်းစားကို ဆက်ဆံသလိုမျိုး ဆက်ဆံနေတာလား…*

ရှန့်ယွင်ချွမ်းသည် ဤနယ်ခြားစောင့်ရဲမက် တစ်ရာကို ဤနေရာသို့ ဦးဆောင်လာခဲ့စဉ်က မည်သူ့လက်အောက်သို့မျှ ဝင်ရောက်ရန် ရည်ရွယ်ချက် မရှိခဲ့ချေ။ သူက ကျောက်လင် ရောက်ရှိလာမည့်အချိန်ကိုသာ စောင့်ဆိုင်းနေပြီး ကျောက်လင်နှင့်အတူ ကောင်းဖန်စစ်တပ်ကို တိုက်ခိုက်ရန် ပြင်ဆင်နေခြင်း ဖြစ်သည်။

"ဖယ်စမ်း..."

ရှန့်ယွင်ချွမ်းက ရိုင်းပျစွာ အော်ဟစ်လိုက်လေတော့သည်။

All Chapters