← Chapters

အခန်း ၃၅၉

Vol. 36 Ch. 359

အခန်း ၃၅၉

Vol. 36 Ch. 359

အခန်း (၃၅၉) ရတနာဂိုဒေါင်အား ပြောင်သလင်းခါအောင် ရှင်းလင်းခြင်း

ဟေးဟူတောင်ခြေ၌ ကောင်းဖန်စစ်တပ်မှ စစ်သည်တစ်သောင်းခန့်သည် တသိမ့်သိမ့်လှုပ်ခတ်လျက် စခန်းချထားကြ၏။

မရေမတွက်နိုင်သော မီးတုတ်များမှာ ဆက်တိုက်ဆိုသလို တလက်လက် တောက်ပနေပြီး စစ်စခန်းတစ်ခုလုံးကို ထိန်ထိန်လင်းစေသည်။

ကောင်းကင်ယံ၌ ကျောက်လင်က မောင်းသူမဲ့ယာဉ်ကို ထိန်းချုပ်ကာ ရေဒါစနစ်ကို အသက်သွင်းလိုက်၏။

"ဒီစခန်းမှာ တပ်သားတစ်သောင်းပဲရှိတယ်... ကြည့်ရတာ ကောင်းဖန်စစ်တပ်ရဲ့ ပင်မတပ်မကြီးက ဒီမှာမရှိဘူး ထင်တယ်..."

"စခန်းရဲ့ ရတနာဂိုဒေါင်ထဲမှာ ကောက်နှံအိတ် သုံးသောင်း ရှိတယ်... ဒီစစ်သည်တစ်သောင်းကို လဝက်စာလောက် ကျွေးဖို့ လုံလောက်တာပဲ..."

"အားကောင်းတဲ့ ကျင့်ကြံသူကိုလည်း မတွေ့ရဘူး..."

ရေဒါစူးစမ်းမှုအပေါ် အခြေခံ၍ ကျောက်လင်သည် ဟေးဟူတောင်ရှိ စစ်စခန်း၏ အထွေထွေ အခြေအနေကို သိရှိသွားခဲ့သည်။

အားကောင်းသော ကျင့်ကြံသူ တစ်ဦးတစ်ယောက်မျှ မရှိပေ။

ထိုအခါ ကျောက်လင်က အကြံတစ်ခု ရသွား၏။

ထို့ကြောင့် ကျောက်လင်သည် မောင်းသူမဲ့ယာဉ်ကို ယူကာ စစ်စခန်းအနီးရှိ တောင်ကုန်းတစ်ခုပေါ်သို့ ပျံသန်းဆင်းသက်လိုက်သည်။

"ဖက်တီး... မင်းအလှည့် ရောက်ပြီ..."

ရုတ်တရက် ကျောက်လင်က ပြောလိုက်၏။

"ကျွီ.."

ကြွက်လေးသည် ကျောက်လင်နောက်သို့ ထပ်ကြပ်မကွာ လိုက်ပါလာခဲ့သည်။ ကျောက်လင်၏ ခေါ်သံကို ကြားသည်နှင့် တစ်ပြိုင်နက် သူ့ဘေးသို့ ချက်ချင်း ရောက်ရှိလာ၏။

"ဖက်တီး... မင်းကို ဝိညာဉ်ဝံပုလွေ အကောင်တစ်ရာပေးမယ်... အဲ့ဒါတွေကို ခေါ်သွားပြီး ကောင်းဖန်စစ်တပ်ကို သွားနှောင့်ယှက်ချေ..."

ကျောက်လင်က ပြုံး၍ ပြောလိုက်သည်။

"ကျွီ..."

ကြွက်လေးက ချက်ချင်းပင် ခေါင်းညိတ် သဘောတူလိုက်၏။

ကျောက်လင်က ဟင်းလင်းပြင်ပုတီးစေ့ကို ထုတ်ယူလိုက်ပြီး အတွင်း၌ သိမ်းဆည်းထားသော ဝိညာဉ်ဝံပုလွေ သတ္တဝါ အကောင်တစ်ရာလုံးကို ထုတ်လွှတ်ပေးလိုက်သည်။

ဝိညာဉ်ဝက် ငါးဆယ်နှင့် ဝိညာဉ်မြွေ ငါးဆယ်ကိုမူ ထုတ်လွှတ်ပေးရန် မလိုအပ်ပေ။ ၎င်းတို့က လုံလောက်သော ဖြတ်လတ်မှု မရှိချေ။

ကြွက်လေးသည် မြင်းတစ်ကောင်ခန့် ကြီးမားသော ဝိညာဉ်ဝံပုလွေ အကောင်တစ်ရာကို မြင်လိုက်ရသောအခါ မျက်လုံးများ အရောင်တောက်သွား၏။ နောက်ဆုံးတွင် သူ၏ ကိုယ်ပိုင် ဝိညာဉ်သားရဲတပ်ကြီးကို ပိုင်ဆိုင်ခဲ့ပြီ ဖြစ်သည်။

ထို့နောက် ကြွက်လေးသည် ဝိညာဉ်ဝံပုလွေတစ်ကောင်၏ ခေါင်းပေါ်သို့ ခုန်တက်ကာ ရှေ့ဆုံးမှ ပြေးရန် အမိန့်ပေးလိုက်ပြီး တောင်ခြေဆီသို့ ဒုန်းစိုင်းနှင်သွားတော့သည်။

"ဝူး..."

တစ်ခဏအတွင်းမှာပင် ဝံပုလွေဟိန်းသံများက တောတောင်များထဲတွင် ပဲ့တင်ထပ်သွား၏။

"သားရဲတွေ တိုက်ခိုက်နေပြီ..."

"ဝံပုလွေဟိန်းသံတွေပဲ..."

စစ်စခန်းအတွင်း၌ ကင်းလှည့်နေသော စစ်သားများသည် ဝိညာဉ်ဝံပုလွေများ၏ အသံကို ကြားလိုက်ရပြီး ချက်ချင်း အော်ဟစ်လိုက်ကြသည်။

ခဏချင်းအတွင်း အိပ်မောကျနေသော စစ်သားအားလုံး သူတို့၏ တဲများထဲမှ ပြေးထွက်လာကြ၏။

မရေမတွက်နိုင်သော မီးတုတ်များကို ထွန်းညှိလိုက်ကြသဖြင့် စစ်စခန်းတစ်ခုလုံး ထိန်ထိန်လင်းသွားသည်။

ကြွက်လေးသည် ဝံပုလွေခေါင်းဆောင်ကို ထိန်းချုပ်ကာ ဝံပုလွေအုပ်ကြီးကို တောအုပ်ထဲတွင် ပြေးလွှားစေပြီး စစ်စခန်းတစ်ဝိုက်တွင် ဟိန်းဟောက်စေသည်။

စစ်စခန်းတစ်ခုလုံး အပြည့်အဝ နိုးကြားသွား၏။

ဤသည်မှာ ကျောက်လင် လိုချင်သော ရာပင် ဖြစ်သည်။

အိပ်မောကျနေသော စစ်သားအားလုံး နိုးလာသောအခါ တောတောင်များထဲတွင် ဝံပုလွေအုပ်ကြီး ပြေးလွှားနေသည်ကို တွေ့လိုက်ရသည်။ သူတို့မှာ လန့်နိုးသွားကြပြီး ပြန်အိပ်ရန် မဝံ့ရဲကြတော့ပေ။

သက်ဆိုင်ရာ တပ်မှူးများ၏ အမိန့်ပေးမှုအောက်တွင် စစ်သားများ စုရုံးလာကြပြီး စစ်သားတစ်ထောင်ခန့်က ရတနာဂိုဒေါင်ကို သတိကြီးစွာဖြင့် ဝိုင်းရံထားလိုက်ကြ၏။

ကျောက်လင်မှာမူ တောင်ခြေသို့ ရောက်ရှိနေပြီဖြစ်သည်။ ထို့နောက် မြေပြင်ကို ထိကာ မြေကြီးများကို စုစည်းပြီး လမ်းမြှောင်တစ်ခု တူး၍ ရတနာဂိုဒေါင်ဆီသို့ တည့်တည့် သွားလိုက်သည်။

စစ်သားတစ်ထောင်သည် ရတနာဂိုဒေါင်ကို စောင့်ကြပ်နေကြသော်လည်း တစ်စုံတစ်ယောက်က မြေအောက်မှ လမ်းမြှောင်တူး၍ ဂိုဒေါင်ထဲသို့ ဝင်ရောက်လာလိမ့်မည်ဟု ဘယ်သောအခါမျှ ထင်မှတ်မထားခဲ့ကြပေ။

မကြာမီမှာပင် ကျောက်လင် တူးထားသော လမ်းမြှောင်သည် ရတနာဂိုဒေါင်ဆီသို့ ရောက်ရှိသွား၏။

"မြန်မြန်... ကောက်နှံတွေ အကုန်လုံး သယ်သွားရမယ်..."

ကျောက်လင်က ကောက်နှံအိတ်များ အပြည့်ရှိနေသော ရတနာဂိုဒေါင်ကိုကြည့်ကာ အလွန် စိတ်လှုပ်ရှားသွားသည်။

ချက်ချင်းပင် ကျောက်လင်သည် ပြေးသွားကာ ကောက်နှံအိတ်အားလုံးကို စနစ်နေရာလွတ်ထဲသို့ သိမ်းဆည်းလိုက်၏။

အပြင်ဘက်တွင် ဝိညာဉ်ဝံပုလွေများ ဟိန်းဟောက်နေပြီး စစ်သားတစ်သောင်း၏ အာရုံမှာ ၎င်းတို့၏ တိုက်ခိုက်မှုကို ကာကွယ်ရန်သာ အာရုံစိုက်နေကြသည်။ ရတနာဂိုဒေါင်ကို စောင့်ကြပ်နေသော စစ်သားတစ်ထောင်သည်လည်း အတွင်း၌ ဘာဖြစ်နေသည်ကို လုံးဝ မသိရှိကြချေ။

ကျောက်လင်က ကောက်နှံများကို သိမ်းဆည်းပြီးနောက် ထိုနေရာမှ ထွက်ခွာသွား၏။

တွင်းထဲမှ ထွက်ခွာချိန်တွင် ကျောက်လင်က မြေကြီးများကို ပြန်လွှတ်ကာ တွင်းကို ပြန်ဖုံးလိုက်သည်။

ကျောက်လင်သည် တောင်ခြေသို့ လျင်မြန်စွာ ပြန်ရောက်သွား၏။

ထိုအချိန်တွင် ဝိညာဉ်ဝံပုလွေများ၏ ဟိန်းသံများ ရပ်တန့်သွားသည်။

ကျောက်လင်သည် ဝံပုလွေအုပ်ဆီသို့ ပျံသန်းသွားပြီး ဝိညာဉ်ဝံပုလွေ အားလုံးကို ပြန်လည်သိမ်းဆည်းရန် ဟင်းလင်းပြင်ပုတီးစေ့ကို အသုံးပြုလိုက်၏။

"ဖက်တီး... ခေါင်းဆောင် လုပ်ရတာ ဘယ်လိုနေလဲ..."

ကျောက်လင်က ရယ်မောရင်း နောက်ပြောင်လိုက်သည်။

"ကျွီကျွီ.."

ကြွက်လေးက အချိန်အနည်းငယ် ကြာသည်အထိ တကျိကျိ အော်မြည်နေ၏။

၎င်းက အလွန်စိတ်လှုပ်ရှားနေပုံရသည်။

"မင်း ဘယ်တော့လောက် စကားပြောနိုင်မလဲ မသိဘူးနော်..."

ကျောက်လင်က စပ်စုချင်စိတ်ဖြင့် မေးလိုက်၏။

"ကျွီ..."

ကြွက်လေးက ပို၍ပင် လောဆော်စွာ အော်မြည်လိုက်သည်။

သိသာစွာပင် ကြွက်လေးသည်လည်း ကျောက်လင်နှင့် တိုက်ရိုက် စကားပြောလိုနေ၏။

"ကဲပါ... ဒီတပ်သားတစ်သောင်းက ရိက္ခာပြတ်သွားပြီဆိုတော့ ဒီတောတောင်ထဲမှာ ဆက်နေနိုင်မှာ မဟုတ်တော့ဘူး..."

ကျောက်လင်က ဂရုမစိုက်သလို ပြောလိုက်ပြီးနောက် ကောင်းကင်သို့ ပျံတက်သွားသည်။

ကြွက်လေးလည်း သူ့နောက်မှ လိုက်ပျံသွား၏။

မောင်းသူမဲ့ယာဉ်ကို လွှတ်တင်ပြီးနောက် ကျောက်လင်သည် ကြွက်လေးနှင့်အတူ ပတ်ဝန်းကျင်ရှိ နေရာအသီးသီးကို စူးစမ်းထောက်လှမ်းရန် သွားခဲ့သည်။

တစ်ချိန်တည်းမှာပင် ဟေးဟူတောင်ရှိ ကောင်းဖန်စစ်တပ်မှ စစ်သားတစ်သောင်းသည် ဝံပုလွေဟိန်းသံများ ပျောက်ကွယ်သွားပြီးနောက် သူတို့၏ နေရာအသီးသီးသို့ လူစုခွဲသွားကြ၏။

ကင်းလှည့်သူများက ဆက်လက် ကင်းလှည့်ကြသည်။

အိပ်ရမည့်သူများကလည်း သူတို့၏ တဲများဆီသို့ ပြန်သွားကြ၏။

စားဖိုမှူးတစ်ယောက်က ကင်းလှည့်စစ်သားများ ဗိုက်ဆာသည်ဟု ညည်းညူနေသည်ကို ကြားလိုက်ရသဖြင့် ကင်းလှည့်စစ်သားများအတွက် ညလယ်စာ လုပ်ပေးရန် ရိက္ခာနှင့် ဟင်းသီးဟင်းရွက်အချို့ ယူရန် ရတနာဂိုဒေါင်ဆီသို့ သွားခဲ့သည်။

သူက ရတနာဂိုဒေါင်တံခါးကို ဖွင့်လိုက်ရုံသာ ရှိသေး၏။

"အား..."

စားဖိုမှူးက အသံကုန် အော်ဟစ်လိုက်သည်။

"ဘာဖြစ်တာလဲ..."

အော်သံကို ကြားသောအခါ အနီးနားရှိ ကင်းလှည့်စစ်သားများ ပြေးလာကြ၏။

"ရိက္ခာ... ရိက္ခာတွေ..."

စားဖိုမှူးက ရတနာဂိုဒေါင်ထဲသို့ လက်ညှိုးထိုးပြကာ ရိက္ခာဟူသော စကားလုံးကိုသာ ထပ်တလဲလဲ ပြောနေသည်။

သူ၏ အမူအရာက အလွန်အမင်း ထိတ်လန့်နေပုံရ၏။

ကင်းလှည့်စစ်သားများ ပြေးလာပြီး ဂိုဒေါင်အတွင်းရှိ အခြေအနေကို မြင်သောအခါ အားလုံး အော်ဟစ်ကုန်ကြသည်။

တဲများထဲတွင် အိပ်ခါစ စစ်သားများမှာ ကင်းလှည့်စစ်သားများ၏ အော်သံကို ကြားသောအခါ နောက်တစ်ကြိမ် ပြေးထွက်လာကြပြန်၏။

စစ်သားများစွာ ရတနာဂိုဒေါင်သို့ ရောက်လာပြီး အတွင်းရှိ အခြေအနေကို မြင်သောအခါ အားလုံးက အံ့သြထိတ်လန့်စွာ အော်ဟစ်လိုက်ကြသည်။

နောက်ဆုံးတွင် တပ်မှူးအနည်းငယ် ရောက်လာကြ၏။

"ဘာ..."

"ရတနာဂိုဒေါင် အခိုးခံရတာလား..."

တပ်မှူးများက ထိတ်လန့်သွားကြသည်။

ရိက္ခာမရှိဘဲ ဤစစ်သားတစ်သောင်းက ဟေးဟူတောင်တွင် မည်သို့ တောင့်ခံနိုင်မည်နည်း။ သူတို့ ပုန်ကန်မှုပင် ဖြစ်လာနိုင်၏။

"ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ... စခန်းထဲကို ဘယ်ရန်သူမှ ဝင်မလာဘဲနဲ့ ဒီရိက္ခာတွေ အကုန်လုံး ဘယ်လို ပျောက်သွားတာလဲ..."

တပ်မှူးတစ်ယောက်က စိတ်ကို တည်ငြိမ်အောင်ထားကာ စဉ်းစားစရာ မေးခွန်းတစ်ခုကို မေးလိုက်သည်။

"ဝံပုလွေအူသံတွေ... ဝံပုလွေအူသံတွေကြောင့်ပဲ..."

"ဝံပုလွေတွေရဲ့ အူသံက ခိုးသူတွေ ကောက်နှံ သယ်သွားတဲ့ အသံကို ဖုံးကွယ်ပေးလိုက်တာပဲ..."

ရုတ်တရက် တပ်မှူးတစ်ယောက်က ဘာဖြစ်နေသလဲဆိုတာကို သဘောပေါက်သွား၏။

အခြားတပ်မှူးများကလည်း ဤခန့်မှန်းချက်ကို သဘောတူကြသည်။ သူတို့အားလုံး မီးတုတ်များ ကိုင်ဆောင်ကာ ရတနာဂိုဒေါင်ထဲသို့ ပြေးဝင်သွားကြပြီး ဂိုဒေါင်ကြမ်းပြင်မှ ရှင်းလင်းစွာ တူးထားသော မြေကျင်းတစ်ခုကို နောက်ဆုံးတွင် ရှာတွေ့သွားကြသည်။

ယခုအခါတွင် တပ်မှူးအားလုံးက ဝံပုလွေအူသံများကြောင့် လူတိုင်း၏ အာရုံစိုက်မှုကို ရယူသွားပြီး ရတနာဂိုဒေါင်အတွင်းမှ ဆူညံသံကို သတိမပြုမိကြခြင်းဖြစ်ကြောင်း သေချာသွားကြ၏။

"သေစမ်း.. မဟာချင်က ကောင်တွေက ငါတို့ မျက်စိအောက်မှာတင် လာပြီး ကျင်းတူးသွားကြတာပဲ..."

ချီအမည်ရှိ တပ်မှူးတစ်ယောက်က ခြေဆောင့်ကာ ပြောလိုက်သည်။

ရတနာဂိုဒေါင် အခိုးခံလိုက်ရပြီဖြစ်ပြီး ရိက္ခာမရှိသဖြင့် စစ်သားတစ်သောင်းမှာ ချက်ချင်းပင် ငတ်မွတ်မှု အန္တရာယ်နှင့် ရင်ဆိုင်လိုက်ရ၏။

"ဒီည ဝူလန်တောင်ကို သွားပြီး ဗိုလ်ချုပ်ကြီးဆီ ချက်ချင်း သတင်းပို့ကြ..."

တပ်မှူးတစ်ယောက်က ကပျာကယာ အော်ပြောလိုက်သည်။

ရှေ့တန်းတပ်ရင်းမှူးများက ကိစ္စကို လျင်မြန်စွာ ဆွေးနွေးကြပြီး ရတနာဂိုဒေါင် ဆုံးရှုံးမှုကို အစီရင်ခံရန် ဝူလန်တောင်သို့ လူတစ်ဦး လွှတ်ကာ ဗိုလ်ချုပ်ကြီး၏ ဆုံးဖြတ်ချက်ကို စောင့်ဆိုင်းရန် ဆုံးဖြတ်လိုက်ကြ၏။

ရှေ့တန်းစခန်းတွင် အချိန်ကြာမြင့်စွာ တာဝန်ကျနေသော ကျောက်စိမ်းဗိမာန်နယ်ပယ် ကျင့်ကြံသူသည် ကောင်းကင်သို့ ပျံတက်ကာ မိုင်သုံးဆယ် ကွာဝေးသော ဝူလန်တောင်ဆီသို့ ဒုန်းစိုင်းနှင်သွားတော့သည်။

ကောင်းကင်ယံတွင် မောင်းသူမဲ့ယာဉ်က အေးအေးလူလူ ပျံသန်းနေ၏။

ကျောက်လင်သည် မြေပြင်ပေါ်ရှိ အခြေအနေကို စောင့်ကြည့်ရန် ရေဒါကို ဖွင့်ထားလိုက်သည်။

တစ်နာရီခန့် ကြာပြီးနောက် မောင်းသူမဲ့ယာဉ်သည် နောက်ဆုံးတွင် ဝူလန်တောင်ပေါ်သို့ ရောက်ရှိသွားပြီး ကောင်းဖန်စစ်တပ်၏ ပင်မတပ်မကြီးကို ရှာဖွေတွေ့ရှိသွား၏။

"စစ်သားတွေ အများကြီးပဲ..."

ကျောက်လင်သည် ရေဒါစူးစမ်းမှုစနစ်ကို အသုံးပြု၍ ကောင်းဖန်စစ်တပ်၏ ပင်မတပ်မကြီးကို တွေ့ရှိပြီးနောက် စိတ်လှုပ်ရှားစွာ သက်ပြင်းချလိုက်သည်။

သို့သော်လည်း ကျောက်လင်က ညဘက် ထောက်လှမ်းရန် ထွက်လာခဲ့ခြင်းမှာ ကောင်းဖန်စစ်တပ်၏ ပင်မတပ်မကြီးကို ရှာဖွေရန်သာမက မဟာလီမင်းဆက်၏ အနောက်ပိုင်းဒေသစစ်တပ် တည်ရှိရာနေရာကို ရှာဖွေရန်ပါ ဖြစ်သည်။

မည်သို့ပင်ဖြစ်စေ ကျောက်လင်သည် ဤအနောက်ပိုင်းဒေသစစ်တပ်ကို မျက်စိကျထားပြီးဖြစ်ကာ အနာဂတ်တွင် သူတို့က ကျောက်လင်၏ ကိုယ်ပိုင်စစ်တပ် ဖြစ်လာပေလိမ့်မည်။

"အင်း... ကျင့်ကြံသူတစ်စုက တောင်တန်းတွေပေါ်ကနေ ပျံသန်းပြီး တစ်နေရာရာကို ဦးတည်သွားနေတာပဲ..."

ရေဒါမျက်နှာပြင်ကိုကြည့်ရင်း ကျောက်လင်သည် အနီရောင်အစက် နှစ်ဆယ် လျင်မြန်စွာ မြင့်တက်လာသည်ကို သတိပြုမိလိုက်ပြီး သူ၏ စိတ်ထဲတွင် ခန့်မှန်းချက်တစ်ခု ဖြစ်ပေါ်လာ၏။

All Chapters