အခန်း ၃၆၀
Vol. 36 Ch. 360
အခန်း (၃၆၀) စစ်သူကြီးက ဧကရာဇ်ကို ထီးနန်းစွန့်ရန် အတင်းအကျပ် ဖိအားပေးခြင်း
"ကောင်းဖန်စစ်တပ်ရဲ့ အဓိကတပ်မကြီးက ဒီမှာရှိနေတာပဲ... အဆင့်ခုနစ် ကျင့်ကြံသူတွေလည်း ဒီမှာ တပ်စွဲထားကြတယ်..."
"အမှောင်ထဲမှာ ပုန်းအောင်းနေတဲ့ အဆင့်ရှစ် ကျွမ်းကျင်သူတွေတောင် ရှိနိုင်လောက်တယ်..."
"ဒီမှာဟာကွက်ရှာဖို့က နည်းနည်းတော့ ပြဿနာရှိတယ်..."
"အဲ့ဒီကျင့်ကြံသူ နှစ်ဆယ်နောက်ကို လိုက်ပြီး သူတို့ ဘာလုပ်ကြမလဲဆိုတာ ကြည့်ရမယ်..."
ကျောက်လင်သည် မောင်းသူမဲ့ယာဉ်ထဲတွင် ထိုင်ရင်း အခြေအနေကို သုံးသပ်ကာ ဆုံးဖြတ်ချက်တစ်ခု ချလိုက်၏။
ကောင်းဖန်စစ်တပ်၏ အဓိကတပ်မကြီးသည် တင်းကျပ်သော လုံခြုံရေးနှင့် ထိန်းချုပ်မှုအောက်တွင် ရှိနေပြီး အစွမ်းထက်သော ကျင့်ကြံသူတစ်ဦးလည်း တပ်စွဲထားရာ ကျောက်လင်အတွက် ထောက်ပံ့ရေးပစ္စည်းများ ခိုးယူရန် အတော်လေး ခက်ခဲစေသည်။
ထို့ကြောင့် ကျောက်လင်သည် အဓိကတပ်မကြီးကို မနှောင့်ယှက်တော့ဘဲ ထိုကျင့်ကြံသူ နှစ်ဆယ်နောက်သို့သာ လိုက်ရန် ဆုံးဖြတ်လိုက်၏။
မောင်းသူမဲ့ယာဉ်က လှည့်၍ ပျံထွက်သွားချိန်တွင် ဝူလန်တောင်၏ တောင်ထွတ်တစ်ခုရှိ အလွန်သီးသန့်ဆန်သော ကျောက်ဂူတစ်ခုထဲ၌ ဆီးနှင်းကဲ့သို့ ဖြူဖွေးနေသော မုတ်ဆိတ်မွေးများနှင့် အဘိုးအိုတစ်ဦး ထိုင်နေရာမှ လေထဲတွင် ရုတ်တရက် ပေါ်လာခဲ့သည်။
"ထူးဆန်းတယ်... ဒီအနံ့မှာ ဝိညာဉ်စွမ်းအင် လှုပ်ခတ်မှု မရှိဘူး..."
မုတ်ဆိတ်ဖြူ အဘိုးအိုသည် မောင်းသူမဲ့ယာဉ် ဝဲပျံနေခဲ့သော နေရာတွင်ပင် ရပ်နေဆဲဖြစ်သည်။ သူသည် ရေနံအနံ့ကို ရှူရှိုက်မိပြီးနောက် တွေဝေသွားသော အမူအရာ ရှိနေ၏။
မောင်းသူမဲ့ယာဉ်သည် မျက်စိတစ်မှိတ်အတွင်း ပျောက်ကွယ်သွားခဲ့သည်။ ဤကမ္ဘာရှိ ကျင့်ကြံသူများ၏ အမြင်အရ ထိုကဲ့သို့သော အရှိန်အဟုန်သည် အစွမ်းထက်သော ကျင့်ကြံသူတစ်ဦးသာ လုပ်ဆောင်နိုင်သည့် အရာမျိုး ဖြစ်ပေလိမ့်မည်။
သို့သော် အဘိုးအိုသည် ဝိညာဉ်စွမ်းအင် လှုပ်ခတ်မှု အရိပ်အယောင် အနည်းငယ်ကိုမျှ ရှင်းရှင်းလင်းလင်း မခံစားမိခဲ့ပေ။
ဤသည်မှာ ဆန့်ကျင်ဘက်ဖြစ်နေ၏။
ထို့နောက် အဘိုးအိုသည် ကျောက်ဂူထဲသို့ ပြန်လည်ဝင်ရောက်သွားပြီး တိတ်ဆိတ်စွာ ဆက်ထိုင်နေခဲ့သည်။
တကယ်တမ်းတွင် ဤအဘိုးအိုသည် ကောင်းဖန်စစ်တပ်၏ အဓိကတပ်မကြီးကို လျှို့ဝှက်စွာ ကာကွယ်ပေးနေသည့် နဝမအဆင့် ပုဂ္ဂိုလ်တစ်ဦးပင် ဖြစ်သည်။
အကယ်၍ ကျောက်လင်သာ အနည်းငယ် နှေးကွေးသွားခဲ့လျှင် အဘိုးအိုသည် မောင်းသူမဲ့ယာဉ်ရှိနေသည့် ဟင်းလင်းပြင်နေရာကို ချက်ချင်း ချိတ်ပိတ်ပစ်မည်ဖြစ်ပြီး ကျောက်လင်သည်လည်း လွတ်မြောက်ရန် အခွင့်အရေး ရရှိတော့မည် မဟုတ်ပေ။
ထိုကျင့်ကြံသူနှစ်ဆယ်သည် မိုင်သုံးဆယ်ခန့် ပျံသန်းသွားပြီးနောက် နောက်ဆုံးတွင် မြောက်ဘက်ရှိ မြို့တစ်မြို့သို့ ရောက်ရှိသွားကြ၏။
လျန်ရှီးမြို့။
မြို့တံခါးအပြင်ဘက်တွင် မဟာလီစစ်တပ်မှ စစ်သားနှစ်သိန်းခန့် တပ်စွဲထားပြီး လျန်ရှီးမြို့ကို ဝိုင်းရံထားကာ အချိန်မရွေး တိုက်ခိုက်ရန် အသင့်ရှိနေကြသည်။
ကျင့်ကြံသူနှစ်ဆယ်သည် မဟာလီစစ်တပ်၏ ကွပ်ကဲရေးတဲထဲသို့ အဆုံးသတ် ရောက်ရှိသွားကြ၏။
လေထဲမှနေ၍ ကျောက်လင်သည် ရေဒါကို အသုံးပြုကာ ထိုကျင့်ကြံသူ နှစ်ဆယ်ကို ခြေရာခံထားပြီး သူတို့၏ တည်နေရာကို သိရှိခဲ့သည်။
"ဒါဆို မဟာလီမင်းဆက်ရဲ့ အင်အားနှစ်သိန်းရှိတဲ့ အနောက်ပိုင်းဒေသစစ်တပ်တစ်ခုလုံးက ဒီမှာ ရှိနေတာပဲ..."
"အရမ်းကောင်းတယ်... ငါ ဒီသတင်းကို ယွီဝမ်ချန်ဆီ ပေးပို့ပြီး သူ့ကို ဒီအရင်လာဖို့ ပြောရမယ်..."
ကျောက်လင်က တည်ငြိမ်စွာ ပြောလိုက်၏။
ကံကြမ္မာနတ်ဘုရားအဆင့်စာရင်းဖြင့် ကျောက်လင်အတွက် သတင်းစကား ပေးပို့ရန်မှာ အလွန်ရိုးရှင်းလှသည်။ သူသည်
စိတ်အာရုံဖြင့် အမိန့်ပေးလိုက်ရုံသာ ဖြစ်၏။
ကွပ်ကဲရေးတဲထဲတွင်။
မူလက ထိုနေရာတွင် လူသုံးယောက် ထိုင်နေကြသည်။
သူတို့ထဲမှ တစ်ယောက်မှာ ယခင် မဟာလီမင်းဆက်၏ ဒုတိယမင်းသား ယွီဝမ်ယန်ဖြစ်သည်။
အခြားတစ်ယောက်မှာ အနောက်ပိုင်းဒေသစစ်တပ်၏ စစ်သူကြီးချုပ်ဖြစ်သော ဝေ့မြို့စား လုတုံဝေ့ ဖြစ်၏။
နောက်ဆုံးတစ်ယောက်မှာ အဆင့်ရှစ် ကျင့်ကြံသူ ဖန်လျန်ရှန်း ဖြစ်သည်။
သူတို့သုံးဦးစလုံးမှာ လက်ရှိအခြေအနေနှင့် ပတ်သက်၍ အလွန်တရာ ဆုံးရှုံးမှုနှင့် စိတ်ဆင်းရဲမှုကို ခံစားနေရကာ ဝမ်းနည်းပူဆွေးနေသည့် အသွင်ရှိသည်။ သူတို့သည် ယခင်က အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ကြရပြီး ယခုအခါတွင်လည်း အခြားသူများ၏ ခြိမ်းခြောက် ထိန်းချုပ်မှုကို ခံနေရပေသည်။
ဤသည်မှာ စစ်မှန်သော နှိပ်စက်ညှဉ်းပန်းမှုပင် ဖြစ်၏။
"ကောင်းဖန်နိုင်ငံက အဲ့ဒီခွေးကောင်တွေက ငါတို့ကို နောက်သုံးရက်အတွင်း လျန်ရှီးမြို့ကို အင်ပြည့်အားပြည့် တိုက်ခိုက်ဖို့ အမိန့်ပေးထားတယ်... သူတို့က ငါတို့ အနောက်ပိုင်းဒေသစစ်တပ်ကို အသေခံတပ်သားတွေလို အသုံးချနေတာပဲ..."
"ငါတို့ လျန်ရှီးမြို့ကို သိမ်းပိုက်နိုင်ခဲ့ရင်တောင် စစ်သား အနည်းဆုံး တစ်သိန်းလောက်တော့ ဆုံးရှုံးရလိမ့်မယ်..."
ယွီဝမ်ယန်က အတော်လေး နာကြည်းစွာဖြင့် ပြောလိုက်၏။
"ဒုတိယမင်းသား... အဲ့ဒီတုန်းက ငါတို့ ကောင်းဖန်နိုင်ငံဆီ မထွက်ပြေးခဲ့သင့်ဘူး... အဲ့ဒီအစား အရှင်မင်းသားရဲ့ တောင်ပိုင်းမြို့စောင့်တပ်နဲ့ သွားပေါင်းဖို့ တောင်ဘက်ကို ထွက်ပြေးခဲ့သင့်တာ..."
"အခုမှ နောင်တရနေလည်း နောက်ကျနေပါပြီ... ငါတို့မှာ လွတ်မြောက်ဖို့ နည်းလမ်းမှ မရှိတော့တာ..."
"ကောင်းဖန်စစ်တပ်ကော မဟာချင်စစ်တပ်ကပါ ငါတို့ကို အရှင်မထားချင်ကြဘူး..."
ဝေ့မြို့စား လုတုံဝေ့က သက်ပြင်းချရင်း ပြောလိုက်သည်။
မဟာလီမင်းဆက်၏ အဆုံးသတ်တွင် မင်းသားသုံးပါးသည် ထီးနန်းအတွက် အားပြိုင်ခဲ့ကြပြီး တစ်ဦးစီက မဟာလီမင်းဆက်၏ အဓိက စစ်တပ်ကြီးတစ်ခုစီကို ထိန်းချုပ်ထားခဲ့ကြသည်။ ထို့နောက် ၎င်းတို့သည် မဟာချင်စစ်တပ်၏ အနိုင်ယူခြင်းကို ခံခဲ့ရပြီး မတူညီသော နိုင်ငံအသီးသီးသို့ လားရာသုံးခုခွဲကာ ထွက်ပြေးခဲ့ကြရ၏။
အနောက်ပိုင်းဒေသစစ်တပ်သည် ကောင်းဖန်နိုင်ငံသို့ ထွက်ပြေးခဲ့ကြသည်။ မြင့်မားသော တောင်ကုန်းဒေသ ဖြစ်သောကြောင့် သူတို့အတွက် ဘဝသည် အလွန်တရာ ခက်ခဲကြမ်းတမ်းခဲ့ပြီး အခြေအနေနှင့် လိုက်လျောညီထွေဖြစ်ရန် အချိန်အတော်ကြာ ယူခဲ့ရသည်။
ယခုအခါတွင် သူတို့သည် ကောင်းဖန်နိုင်ငံ၏ အတင်းအကျပ် ဖိနှိပ်ခြင်းကို ခံနေရပြီး မဟာချင်စစ်တပ်အား ပြန်လည်တိုက်ခိုက်ရန် ရှီးလန်စီရင်စုသို့ စစ်မှုထမ်းရန် ဆင့်ခေါ်ခြင်း ခံခဲ့ရသည်။
အမြင်ရှိသူတိုင်းသည် ကောင်းဖန်နိုင်ငံက ခဲတစ်လုံးတည်းဖြင့် ငှက်နှစ်ကောင်ပစ်ကာ အနောက်ပိုင်းဒေသစစ်တပ်နှင့် မဟာချင်စစ်တပ်တို့ကို တစ်ဖက်နှင့်တစ်ဖက် အင်အားချည့်နဲ့သွားစေရန် အသုံးချချင်နေကြောင်း နားလည်ကြသည်။
"ဒုတိယမင်းသား... ကွယ်လွန်သွားတဲ့ ဧကရာဇ်မင်းမြတ်က ကျွန်တော်မျိုး အပေါ် ကျေးဇူးရှိခဲ့တယ်..."
"ကောင်းဖန်နိုင်ငံမှာ ကျွန်တော့်ကို ခြိမ်းခြောက်နိုင်တဲ့ အဆင့်ကိုး ကျွမ်းကျင်သူ တစ်ယောက်ရှိတယ်... ဒါကြောင့် ကျွန်တော် သူ့ကို တကယ် မယှဉ်နိုင်ဘူး..."
"ဒါပေမဲ့ ဒီလိုအရေးကြီးတဲ့ အခြေအနေမှာတောင် ငါ မင်းကို ခေါ်ထုတ်သွားနိုင်ပါသေးတယ်... ဒုတိယမင်းသား မင်းရဲ့ အသက်အန္တရာယ်အတွက် စိုးရိမ်စရာ မလိုပါဘူး..."
ထိုအခိုက်တွင် စစ်ပွဲအပေါ် အမြဲတမ်း ဂရုမစိုက်ဘဲ နေခဲ့သော ဖန်လျန်ရှန်းက ဝင်ပြောလိုက်၏။
ဤအဆင့်ရှစ် ကျွမ်းကျင်သူသည် ယွီဝမ်ယန် နောက်သို့ လိုက်ပါလာခဲ့ကြသော သူ၏ လက်အောက်ရှိ ကျင့်ကြံသူ နှစ်ဆယ်ကျော်ကိုလည်း ထိန်းချုပ်ထားသည်။
သူသည် ကောင်းဖန်နိုင်ငံ၏ ကျင့်ကြံသူကို မလွန်ဆန်နိုင်သော်လည်း သူ၏ ကိုယ်ပိုင် မူဝါဒများလည်း ရှိသည်။ ယွီဝမ်ယန်၏ အသက်အန္တရာယ် ကြုံတွေ့ရသရွေ့ သူသည် ယွီဝမ်ယန် စစ်ပွဲအတွင်း မသေဆုံးစေရန် သေချာစေရန် အသေခံ တိုက်ခိုက်သွားမည် ဖြစ်၏။
လုတုံဝေ့မှာ ဖန်လျန်ရှန်းအား နာကြည်းမှု အရိပ်အယောင်ဖြင့် မကြည့်ဘဲ မနေနိုင်ခဲ့ပေ။
*မင်း ငါ့ကိုရော မကယ်တော့ဘူးလား*
သို့သော် ဤအဆင့်ရှစ် ကျွမ်းကျင်သူသည် ယွီဝမ်ယန် တစ်ဦးတည်းကိုသာ နာခံကြောင်း လုတုံဝေ့ တွေးမိလိုက်သောအခါ ဆန့်ကျင်သည့် စကားတစ်ခွန်းမျှပင် မဟဝံ့တော့ပေ။
ထိုစဉ် ဖန်လျန်ရှန်းသည် လေထဲမှ ချီအငွေ့အသက်နှစ်ဆယ် ချဉ်းကပ်လာသည်ကို ခံစားလိုက်ရ၏။
"ကောင်းဖန်နိုင်ငံက ကျင့်ကြံသူတွေ ရောက်လာပြီ..."
ဖန်လျန်ရှန်းက ချက်ချင်း အော်ပြောလိုက်ကာ သူတို့သုံးဦး၏ စကားဝိုင်းကို ရပ်တန့်လိုက်သည်။
ဝှစ်…. ဝှစ်….
ကောင်းဖန်နိုင်ငံမှ ကျင့်ကြံသူနှစ်ဆယ်သည် တပ်စခန်းထဲသို့ ပျံသန်းဆင်းသက်လာကြ၏။
"ဟေး... မင်းတို့သုံးယောက်က ဒီလောက် နောက်ကျနေတာတောင် မနားကြသေးဘဲ ဒီမှာ စကားပြောနေကြတုန်းပဲလား..."
ခေါင်းဆောင်ဖြစ်သူမှာ အသက်လေးဆယ်ကျော်အရွယ် ဖြူဖျော့သော မျက်နှာပိုင်ရှင် အမျိုးသားတစ်ဦး ဖြစ်သည်။ သူသည် ဝင်လာသည်နှင့် တစ်ပြိုင်နက် ယွီဝမ်ယန်၊ လုတုံဝေ့နှင့် ဖန်လျန်ရှန်းတို့ အတူတကွ ထိုင်နေကြသည်ကို မြင်လိုက်ရပြီး ခနဲ့တဲ့တဲ့ စကားတစ်ခွန်းဆိုလိုက်၏။
ထိုစကား၏ သွယ်ဝိုက်သော အဓိပ္ပာယ်မှာ သူတို့သုံးဦးသည် ကောင်းဖန်နိုင်ငံ၏ ထိန်းချုပ်မှုမှ မည်သို့ ရုန်းထွက်ရမည်ကို ကြံစည်နေကြသည်ဟု ဆိုလိုခြင်းဖြစ်သည်။
ဤသူကား ကောင်းဖန်နိုင်ငံ၏ အဆင့်ရှစ် ကျွမ်းကျင်သူ ငါးဦးအနက် တစ်ဦးဖြစ်သော ကျားလောနီ ဖြစ်၏။
အခြားကျင့်ကြံသူ ဆယ့်ကိုးဦးစလုံးမှာလည်း အဆင့်ခုနစ် ကျင့်ကြံခြင်းနယ်ပယ်တွင် ရှိကြသည်။
"သခင်ကြီးဟန်... ခုလိုညနက်ကြီးမှာ ဘာကိစ္စများ ရှိလို့ပါလဲ..."
ယွီဝမ်ယန်က နေရာမှမထဘဲ သူ၏ မျက်လုံးထဲတွင် မကျေနပ်သော အရိပ်အယောင်များဖြင့် မေးလိုက်၏။
ကောင်းဖန်နိုင်ငံသည် ယွီဝမ်ယန်အား ခြိမ်းခြောက်နေခဲ့သော်လည်း သူ့ကို သတ်ရန်တော့ မဝံ့ရဲပေ။ ထို့ကြောင့် ယွီဝမ်ယန်သည် ဤအဆင့်ရှစ် ကျွမ်းကျင်သူအပေါ် မည်သည့် ယဉ်ကျေးမှုမျှ မပြသခဲ့ခြင်း ဖြစ်သည်။
ကျားလောနီသည် ပြုံးဖြီးဖြီးဖြင့် စားပွဲ၏ အခြားတစ်ဖက်တွင် ဝင်ထိုင်လိုက်ပြီး သူတို့သုံးဦးကို ကြည့်နေ၏။
"ဧကရာဇ်မင်းမြတ်ရဲ့ အမိန့်တော်အရ မင်းတို့ သုံးရက်အတွင်း လျန်ရှီးမြို့ကို မဖြစ်မနေ သိမ်းပိုက်ရမယ်..."
"ဧကရာဇ်မင်းမြတ်က မင်းတို့ရဲ့ စစ်ရေးအင်အား နည်းပါးနေတာကို သနားလို့ မဟာချင်နိုင်ငံက ကျင့်ကြံသူတွေ အလွယ်တကူ မလှုပ်ရှားရဲအောင် ငါတို့ နှစ်ဆယ်ကို စစ်တပ်နဲ့ ပူးပေါင်းဖို့ စေလွှတ်လိုက်တာပဲ..."
"ဒါ့အပြင် ဒီသုံးရက်အတွင်း ငါတို့ နှစ်ဆယ်က မင်းတို့ မဟာလီစစ်တပ်က ပါလာတဲ့ ကျင့်ကြံသူတွေနဲ့အတူ လျန်ရှီးမြို့ရဲ့ မြို့ရိုးတွေကို တိုက်ခိုက်မယ်... နောက်သုံးရက်နေရင် စစ်တပ်နှစ်ခုကြားက တိုက်ပွဲ ပိုလွယ်ကူသွားအောင် မြို့ရိုးတွေကို ငါတို့ ဖျက်ဆီးပစ်ရမယ်..."
"ဘယ်လိုလဲ... ဧကရာဇ်မင်းမြတ်က မြို့ရိုးကို တိုက်ခိုက်တဲ့အခါ မင်းတို့ တပ်သားတွေ မဆုံးရှုံးရအောင် မင်းတို့ မဟာလီစစ်တပ်အပေါ် အရမ်း စာနာပေးတာ မဟုတ်ဘူးလား..."
ကျားလောနီက ပြုံး၍ ပြောလိုက်သည်။
ဤစကားကို ကြားသောအခါ ယွီဝမ်ယန်၊ လုတုံဝေ့နှင့် ဖန်လျန်ရှန်းတို့၏ မျက်နှာများသည် ငိုတော့မည့်အလား မှုန်မှိုင်းသွားကြ၏။
အကောင်းပြောရလျှင် သူတို့သည် တိုက်ပွဲတွင် ကူညီရန် လာကြခြင်း ဖြစ်သော်လည်း တကယ်တမ်းတွင်မူ သူတို့က စစ်ဘက်ဆိုင်ရာ ကြီးကြပ်သူများသာ ဖြစ်ကြသည်။
ဆိုလိုရင်းမှာ အကယ်၍ မဟာလီစစ်တပ်သည် သုံးရက်အတွင်း တိုက်ပွဲတွင် ပေါ့လျော့ရန် ရဲတင်းခဲ့ပါက ကျားလောနီနှင့် သူ၏ ကျင့်ကြံသူနှစ်ဆယ်က ခေါင်းဖြတ်သတ်မည် ဖြစ်ပြီး ယွီဝမ်ယန်၊ လုတုံဝေ့နှင့် ဖန်လျန်ရှန်းတို့လည်း အသတ်ခံရမည် ဖြစ်သည်။
ဤသည်ကို သိမ်မွေ့သော ခြိမ်းခြောက်မှုပုံစံ တစ်ခုအဖြစ် သတ်မှတ်နိုင်သည်။
"မင်း စိုးရိမ်ဖို့ မလိုပါဘူး..."
ယွီဝမ်ယန်က အေးစက်စွာ ပြန်ပြောလိုက်၏။
ဤလူများ တဲထဲတွင် စကားပြောနေကြစဉ် တဲ၏ အစွန်အဖျားတွင် အသံဖမ်းစက်တစ်ခု ကျန်ရစ်နေခဲ့သည်ကို မည်သူမျှ သတိမထားမိခဲ့ကြပေ။
ထိုအသံဖမ်းစက်သည် မည်သည့် ဝိညာဉ်စွမ်းအင် အရိပ်အယောင်ကိုမျှ မပြသဘဲ မြေပြင်ပေါ်တွင် ကျောက်စရစ်ခဲလေး တစ်ခုကဲ့သို့ ရှိနေသည်။
ထို့ကြောင့် အဆင့်ရှစ် ကျွမ်းကျင်သူတစ်ဦးပင်လျှင် မည်သည့် ထူးခြားမှုကိုမျှ မခံစားမိခဲ့ပေ။
သဘာဝကျကျပင် ကောင်းကင်ထက်၌ ရှိနေသော ကျောက်လင်သည် သူတို့၏ စကားဝိုင်းတစ်ခုလုံးကို ကြားနေရပေသည်။