အခန်း ၄၃၃
Vol. 37 Ch. 433
အခန်း(၄၃၃)
အပ်ပါးဝုဒ်နယ်မြေရဲ့ ပွဲတော်ကြီးကတော့ နေ့ရောညပါ မပြတ်ဘဲ စည်ကားသိုက်မြိုက်နေတုန်းပါပဲ။ နေမင်းကြီးက မိုးကုတ်စက်ဝိုင်းဆီကို တစ်ရွေ့ရွေ့နဲ့ လျှောဆင်းပျောက်ကွယ်သွားပြီ ဖြစ်ပေမဲ့လည်း ဒီတစ်ပတ်တာ ကာလအတွင်းမှာတော့ လူတိုင်းဟာ ပွဲတော်ရဲ့ ပျော်ရွှင်မှုတွေကို ဆက်ပြီးဆွဲဆန့်ထားဖို့ ညဉ့်နက်သန်းခေါင်အထိ တက်ကြွလှုပ်ရှားနေကြတယ်။
နာမည်ရပြီးသား လုပ်ငန်းကြီးတွေဖြစ်တဲ့ ကွန့်ချ်ကုမ္ပဏီ၊ ဆွိတ်ဝတ်စုံ၊ စပိုက်စ်ဗိုက်စ်နဲ့ ပိရမစ်ဒစ် ကျူဇင်းတို့လို ဆိုင်ကြီးတွေဆိုရင် တစ်ကိုယ်ရေသုံး မှော်ဆရာတွေရဲ့ ကူညီမှုနဲ့အတူ အဆောက်အအုံတစ်ခုလုံးကို ဆီမီးအိမ်တွေ၊ မှော်မီးဆိုင်းတွေ ထိန်ထိန်လင်းအောင် ထွန်းညှိထားကြတာပေါ့။
ဒါကြောင့်လည်း သူတို့တွေဟာ မိုးသောက်အလင်းမပျောက်ခင်အထိ ညဉ့်နက်သန်းခေါင်တိုင်အောင် အရောင်းအဝယ်တွေကို ကောင်းကောင်းမွန်မွန် ဆက်လုပ်နိုင်နေကြတာ ဖြစ်ပါတယ်။
ဒါပေမဲ့ စျေးကွက်ပလာဇာထဲမှာ အရောင်းအဝယ်လုပ်ခွင့်ပါမစ်ရဖို့ ကြိုးစားနေရတဲ့ အော့တို၊ ရီနာ၊ ကာတာ၊ ပီဒရိုနဲ့ တခြားကုမ္ပဏီလေးတွေမှာတော့ အလင်းရောင်ခပ်မှိန်မှိန်ပဲပေးနိုင်တဲ့ ဖယောင်းတိုင်တွေကိုပဲ အားကိုးရုံကလွဲလို့ တခြားရွေးချယ်စရာ မရှိရှာပါဘူး။ တချို့ဆိုရင်တော့ ဆိုင်ပိတ်သိမ်းပြီး မနက်ဖြန်မနက် နေမင်းကြီးပြန်ထွက်လာမယ့်အချိန်ကိုပဲ စောင့်ဖို့ ဆုံးဖြတ်လိုက်ကြတယ်။
တကယ်တော့ အော့တိုနဲ့ တခြားသူတွေလည်း အဲဒီလိုပဲ တွေးနေကြတာပါ။ မိုက်ကယ်နဲ့မတူတာက သူတို့တွေဟာ ဒီပွဲတော်အတွင်းမှာ ဘာတစ်ခုမှ မရောင်းရသလောက် ဖြစ်နေလို့ပဲလေ။
သူတို့ဆိုင်တွေရှိတဲ့ လမ်းကြားက လူအသွားအလာ သိပ်မရှိတဲ့နေရာ ဖြစ်နေတာလည်း ပါတာပေါ့။ အဲဒီကြားထဲ ရံဖန်ရံခါ ရောက်လာတတ်တဲ့ လူတွေကလည်း သူတို့ရဲ့ ကုန်ပစ္စည်းတွေကို တစ်ချက်ကလေးတောင် စောင်းငဲ့မကြည့်သွားကြဘူး။
"ဒီညတော့ ငါတို့ လက်လျှော့လိုက်ရအောင်" လို့ အော့တိုက ပြောရင်း "မိုက်ကယ်... မင်းကော ဘယ်လိုလဲ" ဟု မေးလိုက်တယ်။
"ငါကတော့ ဆိုင် ဆက်ဖွင့်ထားဦးမှာ" လို့ သူက ပြန်ဖြေလိုက်တာပေါ့။
"ဒါပေမဲ့ မင်းက ဘယ်လိုလုပ်ပြီး…"
အော့တိုတစ်ယောက် စကားတောင် ဆုံးအောင်မပြောရသေးခင်မှာတင် ရွေ့လျားအသင့်စားအစားအစာရထားလုံးထဲက အကူလေးလေးယောက်ဟာ အထဲမှာရှိတဲ့ ခလုတ်တွေကို လိုက်ပိတ်လိုက်ပြီး ရထားလုံးရဲ့ လက်ရန်းတွေတစ်လျှောက် သွယ်တန်းထားတဲ့ မီးလုံးလေးတွေကို လင်းထိန်သွားစေပါတယ်။
အပေါ်ဘက်မှာ ဆွဲထားတဲ့ မီးသီးကြီးနှစ်လုံးကတော့ သူတို့ရဲ့ ထုတ်ကုန်တွေတင်ထားတဲ့ စိတ်ကြိုက်စားပွဲတင်ခုံတွေတင်မကဘဲ အစားအသောက်စားမယ့်သူတွေအတွက် သတ်မှတ်ထားတဲ့ စားပွဲဝိုင်းတွေအပါအဝင် ပတ်ဝန်းကျင်တစ်ခုလုံးကိုပါ ထိန်ထိန်လင်းသွားအောင် အလင်းပေးထားနိုင်တယ်။
လူတိုင်းရဲ့ မျက်လုံးတွေ ပြူးကျယ်ကုန်ကြတာပေါ့။ သူတို့က ဒါကို မှော်ပညာလို့ ထင်လိုက်ကြပေမဲ့ ဆိုင်ပတ်ပတ်လည်မှာ ဘာမှော်ကူးစက်ဝိုင်းမှ ပေါ်မလာတာကို သတိပြုမိသွားကြတယ်။
"ဒါ... ဒါက ဘာကြီးလဲ"
"ဝါး... လှလိုက်တာ"
"ပန်းခြံထဲမှာ ဒီလောက်တောင် လင်းထိန်သွားလိမ့်မယ်လို့ မထင်ထားမိဘူး"
နောက်ဆုံးတော့လည်း စူးရှတောက်ပနေတဲ့ အလင်းရောင်တွေကြောင့် လူအချို့ဟာ သူတို့သွားမယ့်လမ်းကို သွေဖယ်ပြီး မိုက်ကယ်ရဲ့ဆိုင်ဆီကို တမင်တကာ လာကြည့်ကြပါတော့တယ်။ ဒီလူတွေက မူလကတော့ ဒီလမ်းကနေ ဖြတ်သန်းသွားလာရမယ့်သူတွေ မဟုတ်ပါဘူး။ ဒါပေမဲ့ လင်းထိန်နေတဲ့ မီးရောင်တွေက သူတို့ကို ပိုးကောင်လေးတွေလိုမျိုး ဆွဲဆောင်လိုက်တာ ဖြစ်ပါတယ်။
"ရီနေးတားဆိုင်က ကြိုဆိုပါတယ်ခင်ဗျာ... ဘာများ သုံးဆောင်ပါမလဲ"
* * * * * * * *
ဒီလိုနဲ့ ညဉ့်နက်လာတာနဲ့အမျှ ပန်းခြံထဲမှာ လမ်းလျှောက်နေတဲ့ လူဦးရေကလည်း တစ်ဟုန်ထိုး လျော့နည်းသွားခဲ့တယ်။ စျေးဝယ်သူတစ်ယောက်မှ မရှိတော့တာမို့ ဒါဟာ ပထမဆုံးနေ့ရဲ့ အရောင်းအဝယ် ပြီးဆုံးသွားကြောင်း တရားဝင် အချက်ပြလိုက်တာပါပဲ။
အခုအချိန်ဆိုရင်တော့ လူအများစုဟာ သူတို့ရဲ့ကုန်ပစ္စည်းတွေကို စိတ်ချရအောင် အိမ်ပြန်သိမ်းဆည်းရလေ့ရှိပေမဲ့ မိုက်ကယ်ကတော့ ဒီအတိုင်းပဲ ထားပစ်ခဲ့ဖို့ ရွေးချယ်လိုက်တယ်။ ဘာလို့လဲဆိုတော့ ဒီနယ်မြေကို အရိပ်ဝံပုလွေတွေက အချိန်ပြည့် စောင့်ကြပ်ကြည့်ရှုနေမှန်း သူ သိနေလို့ပါပဲ။
မကြာခင်မှာပဲ အစည်းအရုံးရဲ့ ဝန်ထမ်းတစ်ယောက်က မိုက်ကယ်ဆီ လျှောက်လာပြီး ရမှတ်တွေကို စာရင်းတွက်ဖို့ တောင်းဆိုပါတယ်။
"မစ္စတာ မိုက်ကယ်... မင်္ဂလာနံနက်ခင်းပါဗျာ။ ပထမဆုံးနေ့ကတော့ အဆင်ပြေပြေ ပြီးဆုံးသွားခဲ့တယ်လို့ မျှော်လင့်ရတာပဲ"
မိုက်ကယ်က ပုခုံးတွန့်ပြလိုက်ရင်း "ဒီထက်မက ပိုကောင်းနိုင်ခဲ့တာပေါ့" လို့ ဆိုတယ်။
ပထမဆုံးနေ့မှာတင် အရေအတွက် တစ်ထောင်ကျော် ရောင်းချခဲ့ရပေမဲ့လည်း လူတွေသာ ဒီနေရာကို ပိုပြီး လာရောက်ကြမယ်ဆိုရင် ဒီထက်မက ပိုရောင်းရလိမ့်မယ်လို့ မိုက်ကယ်က တွေးနေမိတာပါ။
စျေးကွက်ပလာဇာရဲ့ J5 နယ်မြေထဲမှာပဲ လူအသွားအလာ ကန့်သတ်ချက် ရှိနေတာက သူ့အတွက် အဟန့်အတား ဖြစ်နေခဲ့တယ်။ ဒီလမ်းကနေ ဖြတ်လျှောက်သွားတဲ့ လူတိုင်းဟာ နောက်ဆုံးမှာ သူ့ဆီကနေ တစ်ခုခု ဝယ်သွားကြတာချည်းပါပဲ။ ဒါကိုကြည့်ခြင်းအားဖြင့် အများပြည်သူတွေ ပိုမြင်သာမယ့်နေရာမျိုးသာ ရခဲ့မယ်ဆိုရင် သူ ဒီထက်အများကြီး ပိုရောင်းရလိမ့်မယ်ဆိုတာ သေချာနေတယ်။
မော်တော်ကားနဲ့ ပတ်သက်ပြီး လူပြောသူပြော များခဲ့တာက အကြီးအကျယ် အောင်မြင်ခဲ့ပေမဲ့ ဒီကမ္ဘာမှာ လူမှုကွန်ရက် မီဒီယာမရှိတာက သတင်းတွေ အရှိန်အဟုန်နဲ့ ပျံ့နှံ့ဖို့အတွက် တကယ်ပဲ နှောင့်နှေးစေခဲ့တာ ဖြစ်ပါတယ်။
ဒါပေမဲ့လည်း သူ့ရဲ့ ခန့်မှန်းချက်အရ ဒုတိယနေ့မှာ ရောင်းရမယ့် အရေအတွက်ကတော့ သေချာပေါက် အများကြီး ပိုတိုးလာမှာပါ။ တစ်ယောက်ကနေ တစ်ယောက် လက်ဆင့်ကမ်းပြောကြားရင်း ရီနေးတားဆိုတဲ့ နာမည်တစ်ခု နယ်မြေတစ်ခုလုံးမှာ ပျံ့နှံ့သွားဖို့ သူ မျှော်လင့်နေမိတယ်။
ခြုံငုံကြည့်ရမယ်ဆိုရင်တော့ မိုက်ကယ်ရဲ့ အခြေအနေက တော်တော်လေး ကောင်းမွန်နေတာပါ။ ဒီထက်ပိုပြီး မကောင်းနိုင်ခဲ့တာကိုပဲ သူ အားမလိုအားမရ ဖြစ်နေရုံလေး ဖြစ်ပါတယ်။
သို့သော်လည်း အဲဒီဝန်ထမ်းကတော့ ဒါကို အခြေအနေ မကောင်းဘူးလို့ အဓိပ္ပာယ်ကောက်သွားပြီး မိုက်ကယ်ရဲ့ ပုခုံးကို ပုတ်ပေးရင်း အားပေးစကား ဆိုရှာတယ်။ "ဒီနေ့တော့ မင်း ဒီထက်ပိုပြီး လုပ်နိုင်မှာပါ"
"ဟုတ်ပါတယ်... ဒုတိယနေ့မှာ နှစ်ထောင်ကျော်လောက် ရောင်းရဖို့ မျှော်လင့်တာပေါ့" လို့ သူက တိုးတိုးလေး ရေရွတ်လိုက်တယ်။
ဝန်ထမ်းကတော့ အဲဒီစကားကို မကြားချင်ယောင်ဆောင်လိုက်ပုံပါပဲ။ "ကောင်းပါပြီ... ကျွန်တော့်ကို အစည်းအရုံးရဲ့ သီးသန့်ဒင်္ဂါးပြားတွေ ပေးဖို့ပဲ လိုပါတယ်"
ဒီပွဲတော်အတွင်းမှာ နိုင်ငံသားတိုင်းကို သီးသန့်ဒင်္ဂါးပြားတွေ ထုတ်ပေးထားတာ ဖြစ်ပါတယ်။ အဲဒီဒင်္ဂါးပြားတွေက ပွဲတော်ရဲ့ သုံးငွေဖြစ်ပြီး ကုမ္ပဏီတွေက ပေးဆောင်တဲ့ ပစ္စည်း ဒါမှမဟုတ် ဝန်ဆောင်မှုတွေနဲ့ လဲလှယ်ဖို့ လူတွေက အသုံးပြုပေးချေကြတာပါ။
နေ့တစ်နေ့ရဲ့ အဆုံးသတ်မှာတော့ အဲဒီဒင်္ဂါးပြားတွေကို အစည်းအရုံးကနေ တကယ့် ရွှေဒင်္ဂါးအစစ်တွေနဲ့ ပြန်လဲလှယ်ပေးမှာ ဖြစ်ပါတယ်။ ဒါက ကုမ္ပဏီတစ်ခုအနေနဲ့ တစ်ရက်အတွင်းမှာ ဘယ်လောက်အထိ ရောင်းချနိုင်ခဲ့လဲဆိုတာကို တိုင်းတာဖို့ အထောက်အကူပြုတာပေါ့။
"မင်းတို့ရဲ့ ဒင်္ဂါးပြားတွေအားလုံးကို ဒီသီးသန့်သေတ္တာထဲ ထည့်ပေးပါ" လို့ ဝန်ထမ်းက သစ်သားသေတ္တာတစ်လုံးကို ထုတ်ရင်း ပြောလိုက်တယ်။
"ဒီအထဲမှာ ဒင်္ဂါးပြား အရေအတွက်ကို ရေတွက်ပေးနိုင်မယ့်အပြင် အတုအပ ဟုတ်မဟုတ်ပါ စစ်ဆေးပေးနိုင်တဲ့ မှော်မန္တန်တစ်ခု ပါရှိပါတယ်"
မိုက်ကယ်က သူ့ရဲ့ အရိပ်စွမ်းရည်ကို အသုံးပြုပြီး သူတို့ရရှိထားတဲ့ အစည်းအရုံးရဲ့ သီးသန့်ဒင်္ဂါးပြားတွေအားလုံးကို သေတ္တာထဲ သွန်ထည့်လိုက်ပါတယ်။
ပထမဆုံး ဒင်္ဂါးပြားအချို့ ကျသွားပြီး ဒင်္ဂါးပြား တောင်ပုံရာပုံလေး ဖြစ်လာတာနဲ့အမျှ သေတ္တာရဲ့ ရှေ့တည့်တည့်မှာ မှော်ကူးစက်ဝိုင်းတစ်ခု ပေါ်လာပြီး အထဲကို ကျသွားသမျှ အရာအားလုံးကို စတင် ရေတွက်ပေးပါတော့တယ်။
ဂဏန်းအရေအတွက်က ၂၀၀ အမှတ်အသားဆီ ရောက်သွားတဲ့အခါမှာတော့ ဝန်ထမ်းဖြစ်သူဟာ လေးစားတဲ့အနေနဲ့ ခေါင်းညိတ်လိုက်မိတယ်။ ပုံမှန်အားဖြင့် ကုမ္ပဏီတွေဟာ ပထမဆုံးနေ့မှာ နေနေသာသာ တစ်ရက်အတွင်း ဒီလောက်အထိတောင် မစုဆောင်းနိုင်ကြပါဘူး။
ချောက် ချောက် ချောက် ချောက်
ဒါပေမဲ့လည်း ဒင်္ဂါးပြားတွေကတော့ ရပ်တန့်မယ့် အရိပ်အယောင်မရှိဘဲ သေတ္တာထဲကို တဂျောက်ဂျောက်နဲ့ ဆက်တိုက် ကျနေတုန်းပါပဲ။ သေတ္တာပေါ်က ဂဏန်းတွေက ၂၀၀ ကနေ ၅၀၀... အဲဒီကနေ ၁၀၀၀ အထိ တရိပ်ရိပ် တက်သွားတာကို မြင်လိုက်ရတဲ့အခါ ဝန်ထမ်းရဲ့ မျက်လုံးတွေ ပြူးကျယ်သွားရတော့တယ်။
မိုက်ကယ်ကတော့ နောက်ဆုံး ဒင်္ဂါးပြားလေးတစ်ပြား သေတ္တာထဲ ကျသွားတဲ့အထိ သူ့လက်ကို လှုပ်ခါလိုက်ပြီး စုစုပေါင်း အစည်းအရုံးဒင်္ဂါးပြား ၁၂၅၂ ပြား တိတိ ရရှိခဲ့ပါတယ်။
"ဒါ... ဒါက ဘယ်လိုဖြစ်..."
ဝန်ထမ်းဟာ သူ့မျက်စိရှေ့မှာ မြင်နေရတဲ့ မြင်ကွင်းကိုတောင် မယုံနိုင်ဘဲ ဖြစ်နေရှာတယ်။ သူ့အတွက်တော့ ဒါက ပုံမှန်အလုပ်တစ်ခုပဲလေ။ သူ ဒီနေ့တင် အခြားကုမ္ပဏီပေါင်း တစ်ရာနီးပါးဆီ သွားခဲ့ပြီးပြီ ဖြစ်ပေမဲ့ အားလုံးက ၅၀၀ အောက် ဂဏန်းတွေကိုပဲ ပြသခဲ့ကြတာပါ။
ဒါပေမဲ့ အခု ဒီရွှေရောင်ဆံပင်နဲ့ ကောင်လေးကတော့ တစ်ရက်တည်းနဲ့ အရောင်းအဝယ် ၁၂၀၀ ကျော်အထိ လုပ်နိုင်ခဲ့တယ် ဟုတ်စ။
သူ တကယ်ကို မယုံနိုင်ဘဲ ဖြစ်နေရတယ်။ အဲဒီအချိန်ကျမှသာ ဝန်ထမ်းဟာ နောက်ဆုံးမှာ မော့ကြည့်လိုက်ပြီး သူ့ရှေ့မှာရှိတဲ့ ရွေ့လျားအသင့်စားအစားအစာရထားလုံးကို သေချာ မြင်တွေ့လိုက်ရပါတော့တယ်။
စားပွဲခုံတွေပေါ်မှာ ခင်းကျင်းပြသထားတဲ့ အမျိုးမျိုးသော အရာတွေကို သူမြင်လိုက်ရတယ်၊ ဆိုင်ရဲ့ အတွင်းပိုင်းရော အပြင်ဘက်ပါ ထိန်ထိန်လင်းအောင် အလင်းပေးထားတဲ့ မီးရောင်တွေကို သူမြင်လိုက်ရတယ်။ ဆီကြော်အိုးထဲမှာ အစားအသောက်တွေ ကြော်လှော်ချက်ပြုတ်နေတဲ့ တရှဲရှဲအသံတွေကိုလည်း သူ ကြားလိုက်ရတာပေါ့။
"ဒါက ဘာကြီးလဲ..." လို့ သူက မေးလိုက်မိတယ်။
"ဒါက ရီနေးတားလေ... ဒါနဲ့ စကားမစပ်၊ တခြားကုမ္ပဏီတွေနဲ့ ယှဉ်ရင် ငါတို့ ဘယ်လိုအခြေအနေ ရှိလဲဟင်"
မိုက်ကယ်ရဲ့ မေးခွန်းက ဝန်ထမ်းကို သူ့ရဲ့ မိန်းမောတွေဝေမှုထဲကနေ ရုတ်တရက် နိုးထလာစေပုံပါပဲ။ သူဟာ ချက်ချင်းပဲ သူ့ရဲ့ မှော်ပရပိုဒ်ကို ပြန်ကြည့်ပြီး အထဲက အကြောင်းအရာတွေကို အမြန် ရှာဖွေဖတ်ရှုလိုက်ပါတယ်။
ဒီနေ့အတွက် ရီနေးတားရဲ့ ရမှတ် ၁၂၀၀ ကျော်နဲ့ဆိုရင်တော့ ပါမစ်ရဖို့ ကြိုးစားနေတဲ့ ကုမ္ပဏီတွေအားလုံးရဲ့ ထိပ်ဆုံးနေရာမှာ သူတို့ ရောက်ရှိသွားမှာ သေချာနေပြီ ဖြစ်ပါတယ်။ သူတို့တွေ စံချိန်ကို ချိုးဖျက်ပစ်လိုက်ပြီလေ။
"မင်းတို့က ပထမနေရာမှာ ရှိနေတာ" လို့ ဝန်ထမ်းက ပြောလိုက်တယ်။
ရီနေးတားရဲ့ ဝန်ထမ်းတွေအားလုံးဟာ အောင်ပွဲအတွက် ဝမ်းသာအားရ အော်ဟစ်ပြီး သူတို့ရဲ့ အောင်မြင်မှုကို အောင်ပွဲခံလိုက်ကြပါတယ်။
"ဂုဏ်ယူပါတယ် သခင်"
"ဟီးဟီး... သခင် လုပ်နိုင်မှာကို ကျွန်တော် သိနေသားပဲ"
မိုက်ကယ်ကလည်း လက်သီးလက်မောင်းတန်းရင်း တခြားသူတွေနဲ့အတူ လိုက်ပြီး အောင်ပွဲခံလိုက်တာပေါ့။
တစ်ဖက်မှာတော့ ဝန်ထမ်းဖြစ်သူက သူ့ဘာသာသူ မတွေးဘဲ မနေနိုင် ဖြစ်နေခဲ့တယ်။
မိုက်ကယ်နဲ့ ရီနေးတားကုမ္ပဏီဟာ ပွဲတော်ထဲမှာရှိတဲ့ ဒေသခံကုမ္ပဏီကြီးတွေနဲ့ ယှဉ်ရင် ဘယ်လိုနေမလဲ။
ဝန်ထမ်းကတော့ သူ့အိတ်ကတ်ထဲကနေ ဒုတိယမြောက် မှော်ပရပိုဒ်တစ်ခုကို တိတ်တဆိတ် ထုတ်ယူလိုက်ပါတယ်။ ဒါကတော့ မက်ထရိုပိုလစ်မှာ အခြေခိုင်ပြီးသား ဖြစ်နေတဲ့ ကုမ္ပဏီကြီးတွေဖြစ်တဲ့ ကွန့်ချ်ကုမ္ပဏီ၊ ပိရမစ်ဒစ် ကျူဇင်းနဲ့ အခြားသော ကုမ္ပဏီ အမြောက်အမြားရဲ့ အဆင့်သတ်မှတ်ချက် ဇယားပဲ ဖြစ်ပါတော့တယ်။
* * * * * * * *
စာစဉ်(၃၇)