← Chapters

အခန်း ၄၃၈

Vol. 37 Ch. 438

အခန်း ၄၃၈

Vol. 37 Ch. 438

အခန်း(၄၃၈)

ဒစ်ကီရဲ့ အခန်းက အလယ်ခေတ်က ချပ်ဝတ်တန်ဆာတွေကို ထိန်းသိမ်းစုဆောင်းထားတဲ့ ပြတိုက်တစ်ခုလိုမျိုး ကျယ်ဝန်းလှတဲ့ ခေါင်မိုးထပ် အခန်းကြီးတစ်ခု ဖြစ်နေတယ်။ မိုက်ကယ် ကြည့်လိုက်တဲ့ နေရာတိုင်းမှာလည်း နံရံမှာ ချိတ်ဆွဲထားတာ ဒါမှမဟုတ် မှန်သေတ္တာထဲ ထည့်ထားတာမျိုးစုံတဲ့ ချပ်ဝတ်တန်ဆာ အသုံးအဆောင် ပစ္စည်းတွေပဲ အပြည့်ပဲ။

အောက်ထပ်မှာ ရောင်းနေတဲ့ မီးဖိုချောင်သုံး ပစ္စည်းတွေထက် ဒီပစ္စည်းတွေရဲ့ အရည်အသွေးက အပြတ်အသတ် သာလွန်နေတာကို သူ သတိထားမိလိုက်တယ်။ ပိုပြီး အနီးကပ် သေချာကြည့်လိုက်တဲ့အခါမှာတော့ ဒါတွေက လူပုတွေ လုပ်ထားတာဆိုတာ သူ ရိပ်မိသွားတော့တယ်။

"ငါ စုဆောင်းထားတာတွေကို သဘောကျရဲ့လား။ ဒီလို လက်ရာပြောင်မြောက်တဲ့ အနုပညာပစ္စည်းတွေကို လိုက်ရှာဖို့ မှောင်ခိုဈေးကွက်တွေကို ငါ လိုက်မွှေခဲ့ရတာလေ"

ဒစ်ကီက ဝရန်တာဘက်ကနေ ပြန်လာရင်း စကားဆိုလိုက်တယ်။ သူ့အသားအရေက နေလောင်ထားပြီး ရင်ဘတ်မှာ အမွှေးအမျှင်တွေ ဗြင်းထထနေတာကို သူ ဝတ်ထားတဲ့ ရိုးရှင်းတဲ့ အနက်ရောင် တျူးနစ်ရှပ်အင်္ကျီကြားကနေ အထင်းသား မြင်နေရတယ်။ သူက ဘော်ဘီနဲ့ ရုပ်ချင်း တော်တော်ဆင်တာမို့ ဆွေမျိုးတွေ ဖြစ်ဖို့ များတယ်။

"မင်းက ဒစ်ကီလား" လို့ မိုက်ကယ်က မေးလိုက်တယ်။

"ဟုတ်တယ်၊ ငါပဲ။ မင်းက မိုက်ကယ်ပေါ့လေ... ငါ အမှန်အတိုင်း ဝန်ခံရရင် မင်း ငါ့ကို တွေ့ဖို့ တောင်းဆိုလာတဲ့ ဒီအချိန်ကျမှပဲ မင်းရဲ့ နာမည်ကို ပထမဆုံးအကြိမ် ကြားဖူးတာပါပဲ"

မိုက်ကယ်က ပခုံးတွန့်ပြလိုက်ရင်း "ငါလည်း လွန်ခဲ့တဲ့ နှစ်ရက်သုံးရက်ကမှ မင်းအကြောင်းကို သိတာပါပဲ" လို့ ဆိုလိုက်တယ်။

"ဟားဟားဟား။ မင်းကို သဘောကျသွားပြီ" ဒစ်ကီက အားရပါးရ ရယ်မောလိုက်ပြီး "ကဲ... ထိုင်ပါဦး" လို့ ဖိတ်ခေါ်တယ်။

သူက အခန်းအလယ်မှာရှိတဲ့ သားရေဆိုဖာမှာ မိုက်ကယ်ကို ထိုင်ဖို့ လက်ဟန်ခြေဟန်နဲ့ ညွှန်ပြပြီး သူကိုယ်တိုင်ကတော့ မျက်နှာချင်းဆိုင် ခုံမှာ ဝင်ထိုင်လိုက်တယ်။

"မင်းက တကယ့်ကို အံ့ဩစရာကောင်းတဲ့သူပဲ ဆာ မိုက်ကယ်။ အစည်းအရုံးဆီက ကြားရသလောက်ဆို မင်းက စစ်ဆေးပွဲစပြီး သုံးရက်အကြာမှာတင် ခွင့်ပြုချက်ရခဲ့တာဆိုပဲ။ အရင်က ဘယ်သူမှ ဒီလိုမျိုး မလုပ်နိုင်ခဲ့ဖူးဘူး၊ ဘော်ဘီတောင် မလုပ်နိုင်ခဲ့ဘူး"

"ကျေးဇူးပါပဲ" မိုက်ကယ်က ချီးကျူးစကားကို လက်ခံလိုက်တယ်။

"မင်းရဲ့ ကုမ္ပဏီအကြောင်း ကြားရလေလေ၊ ငါ ပိုပြီး သဘောကျမိလေလေပဲ။ မင်းက သံမဏိမိစ္ဆာတစ်ကောင်ကို ယဉ်ပါးအောင် ဆုံးမပြီး မင်းရဲ့ စီးတော်ယာဉ်အဖြစ် သုံးနေတာလို့ ပြောကြတယ်၊ အဲဒါ တကယ်ပဲလား"

မိုက်ကယ်က အမှန်အတိုင်းပဲ ပြောပြလိုက်တယ်။

"မဟုတ်ပါဘူး။ အဲဒါ သံမဏိရထားလုံးပါ"

"အာ" ဒစ်ကီက လက်ခုပ်တီးလိုက်ရင်း "ဒါဆို အဲဒီလို ထူးဆန်းအံ့ဩစရာကောင်းတဲ့ စက်ပစ္စည်းမျိုးကို မင်း ဖန်တီးနိုင်ခဲ့တာက ပိုတောင် အထင်ကြီးစရာကောင်းနေပြီပဲ။ ဒါက တကယ့် အနုပညာလက်ရာတစ်ခုမို့ ငါ့အတွက်လည်း တစ်စီးလောက် ဝယ်ထားချင်မိတယ်"

"နောင်အနာဂတ်မှာတော့ ဖြစ်နိုင်တာပေါ့။ မက်ထရိုပိုလစ်မှာ ခြေကုတ်ချပြီးတာနဲ့ ဒါကို အများပြည်သူဆီ ရောင်းချဖို့ စီစဉ်ထားပါတယ်"

ဒစ်ကီက အဲဒီသတင်းကို ကြားရတော့ တကယ့်ကို ဝမ်းသာအားရ ဖြစ်သွားတဲ့ပုံပဲ။

"ဒါက ငါ စုဆောင်းထားတဲ့ လူပုပစ္စည်းတွေလိုပဲ ပြတိုက်ထဲမှာ ထားဖို့ ထိုက်တန်တာမျိုးပဲ"

ဒစ်ကီက ဒါကို စိတ်ဝင်စားဖို့ကောင်းတဲ့ စက်ပစ္စည်းတစ်ခုလို့ပဲ တွေးနေပုံရပြီး ယင်းရဲ့ တကယ့်ရည်ရွယ်ချက်ကိုတော့ အလေးအနက် သိပ်မစဉ်းစားမိပုံပဲ။ ဘာပဲဖြစ်ဖြစ် သူက ဒါရဲ့ တကယ့်အရှိန်နဲ့ မောင်းနှင်ပုံကို မမြင်ရသေးဘူးလေ။ လိပ်လိုပဲ နှေးနှေးကွေးကွေး သွားတာနေမှာပါလို့ပဲ သူက ထင်နေတာ။

"ဘာပဲဖြစ်ဖြစ် နောင်တစ်ချိန် ဝယ်လို့ရတဲ့အခါကျရင် ငါ တစ်စီးလောက် ဝယ်ချင်တယ်"

"ရတာပေါ့"

မိုက်ကယ်က ဒစ်ကီကို ပေါင်းသင်းရ အဆင်ပြေတဲ့သူတစ်ယောက်လို့ မြင်မိတယ်။ သူက မိုက်ကယ်ရဲ့ အရင်ကမ္ဘာက အန်နီမေး အရုပ်လေးတွေ စုဆောင်းတဲ့သူတွေကို သတိရစေတယ်။ သူတို့ရဲ့ စရိုက်က ထူးဆန်းတယ်လို့ ထင်ရပေမဲ့ ဒါက သူတို့ရဲ့ စုဆောင်း ဝါသနာပါမှုကို ချစ်မြတ်နိုးတဲ့စိတ်ကနေပဲ မြစ်ဖျားခံလာတာလေ။

"မင်းက ငါ့ရဲ့ အလိုဆန္ဒကို ဖြည့်ဆည်းပေးခဲ့ပြီဆိုတော့ အခုက မင်းရဲ့ အလိုဆန္ဒကို ငါ ဖြည့်ဆည်းပေးရမယ့် အလှည့်ပဲ။ မင်း ငါ့ကို ဘာလို့ တွေ့ချင်ရတာလဲ"

မိုက်ကယ်က သူ့ရဲ့ တောင်းဆိုချက်ကို ပွင့်ပွင့်လင်းလင်းပဲ ပြောချလိုက်တယ်။ "ငါ ဘော်ဘီနဲ့ တွေ့ပြီး စီးပွားရေး အဆိုပြုချက်တစ်ခုအကြောင်း ဆွေးနွေးချင်လို့ပါ"

အခု သူ့ရဲ့ အစီအစဉ်က မီသရယ် မှော်ဝင်ပစ္စည်းတစ်ခုကို ဝိညာဉ်ဆီနဲ့ သုတ်လိမ်းတဲ့ သူတို့ရဲ့ လျှို့ဝှက်ဖော်မြူလာအကြောင်း ဘော်ဘီကို မေးဖို့ပဲ။ ဒါက မူပိုင်ခွင့်ရှိတဲ့အရာမို့ သူတို့ဘက်ကနေ သူ့ကို အလကားသက်သက် ပေးမှာမဟုတ်ဘူးဆိုတာ သူ သိနေတယ်။ ဒါကြောင့် အဲဒီ အချက်အလက်ကို သူတို့ဆီကနေ ဝယ် ဖို့၊ ဒါမှမဟုတ် အနည်းဆုံးတော့ သူ့ရဲ့ ကိုယ်ပိုင် မီသရယ် မှော်ဝင်ပစ္စည်းကို ဝိညာဉ်ဆီ သုတ်လိမ်းတဲ့နေရာမှာ သူတို့ကို ကူညီခိုင်းဖို့ သူ တွေးထားတာ။

ဒီအတွက် သန်းပေါင်းများစွာ ပေးဖို့တောင် သူ အဆင်သင့်ပြင်ထားပြီးသား။

"အင်း... စိတ်မကောင်းစရာပဲ၊ အဲဒါကတော့ မဖြစ်နိုင်ဘူး။ မင်း ငါ့ဝမ်းကွဲနဲ့ ဘယ်လို စီးပွားရေးကိစ္စကိုမှ ဆွေးနွေးလို့ မရဘူး" လို့ ဒစ်ကီက စိတ်ပျက်လက်ပျက်နဲ့ ပြောတယ်။

မိုက်ကယ် မျက်မှောင်ကုတ်သွားပြီး "ဘာလို့လဲ"

"မင်းလည်း သိမှာပါ၊ ကွန့်ချ် ကုမ္ပဏီက မက်ထရိုပိုလစ်မှာ ထိပ်တန်းဦးဆောင်နေတဲ့ စီးပွားရေးလုပ်ငန်းတွေထဲက တစ်ခုလေ။ ပြီးတော့ ဘော်ဘီကိုယ်တိုင်ကလည်း လက်ဂါစီ့စ်ရဲ့ အစိတ်အပိုင်းတစ်ခုပဲ။

သူတို့လို အဆင့်အတန်းမျိုးရှိတဲ့သူတွေက သူတို့ထက် အဆင့်နိမ့်တဲ့ ကုမ္ပဏီတွေနဲ့ စီးပွားရေး မလုပ်ကြဘူး။ စိတ်မရှိပါနဲ့ဦး၊ မင်းရဲ့ ရီနေးတား ကုမ္ပဏီက မက်ထရိုပိုလစ်ရဲ့ တကယ့်ဈေးကွက်ထဲမှာ ကိုယ့်ကိုယ်ကိုယ် သက်သေမပြရသေးဘူးလေ။

မင်း ဘော်ဘီနဲ့ စကားပြောလို့ရပေမဲ့ သူ့နဲ့ စီးပွားရေးတော့ လုပ်လို့မရဘူး။ ဒါကို ငါတို့တင် မဟုတ်ဘဲ အစည်းအရုံးကိုယ်တိုင်ကပါ ပိတ်ပင်ထားတာ"

မိုက်ကယ် ကြားလိုက်ရတဲ့ စကားကို အတော်လေးနဲ့ မယုံနိုင်အောင် ဖြစ်သွားရတယ်။

"ငါက ဘော်ဘီနဲ့ စီးပွားရေး ဆွေးနွေးလို့ မရဘူး ဟုတ်လား"

"မင်းနဲ့ ဘော်ဘီ၊ လူအချင်းချင်းအနေနဲ့ကတော့ နှစ်ယောက်စလုံး စကားပြောလို့ရပါတယ်။ ဒါပေမဲ့ ရီနေးတားနဲ့ ကွန့်ချ် ကုမ္ပဏီအချင်းချင်းကတော့ ဘယ်လိုနည်းနဲ့မှ စီးပွားရေး လာလုပ်လို့ မရဘူး။ ဒါက မင်းအတွက် မတရားသလို ဖြစ်နေမှာပေါ့။

အဆင့်အတန်း အဆင့်သတ်မှတ်ချက်ချင်း နီးစပ်တဲ့သူတွေအချင်းချင်းပဲ စီးပွားရေး လုပ်လို့ရတာ။

တကယ်တော့ ငါကိုယ်တိုင်တောင် မင်းနဲ့ စီးပွားရေးအဆင့်မှာ ဆက်ဆံလို့ မရဘူး။ မင်းရဲ့ ကိစ္စက ပုဂ္ဂိုလ်ရေးဆိုင်ရာ ဖြစ်နေတာကို သိလို့သာ ငါ မင်းကို အထဲပေးဝင်လိုက်တာ"

မိုက်ကယ် ဒါကို နားမလည်နိုင် ဖြစ်နေတယ်။ မက်ထရိုပိုလစ်မှာ ဒီလောက်အထိ တင်းကျပ်တဲ့ အထက်အောက် အဆင့်အတန်း ခွဲခြားမှုမျိုး ရှိနေလိမ့်မယ်လို့ သူ မထင်ထားခဲ့ဘူး။ အဆင့်ချင်း မတူရင် တစ်ယောက်နဲ့တစ်ယောက် စီးပွားရေးတောင် လုပ်လို့မရဘူးတဲ့လေ။

ဒါက လူတန်းစားခွဲခြားတာ၊ အထက်တန်းလွှာဝါဒ ဆန်နေတာပဲ။

"ဘာလို့လဲ။ သူတို့ထက် နိမ့်ကျတဲ့သူတွေကို အောက်ကျနောက်ကျလို့ သတ်မှတ်ထားလို့ပဲလား"

ဒစ်ကီက ချက်ချင်းပဲ လက်ခါပြလိုက်ရင်း "အဲလိုမျိုး မဟုတ်ပါဘူး။ ဒါပေမဲ့ မင်းတို့လို ကုမ္ပဏီအသေးစားလေးတွေအတွက် တရားမျှတမှုရှိစေဖို့ ဒီလို ဥပဒေမျိုးကို ပြဋ္ဌာန်းထားတာပါ"

ဒါတောင်မှ မိုက်ကယ်အတွက်တော့ အဓိပ္ပာယ်မရှိသေးဘူး။ ကုမ္ပဏီအကြီးစားနဲ့ စီးပွားရေးလုပ်လို့ ကုမ္ပဏီအသေးစားမှာ ဘာနစ်နာစရာ ရှိလို့လဲ။ တွေးကြည့်ရင် ကုမ္ပဏီအကြီးစားက ဆွဲတင်ပေးမှာမို့ ကုမ္ပဏီအသေးစားအတွက် ပိုတောင် အကျိုးရှိဦးမယ် မဟုတ်လား။

"မင်းက ကင်းစ်နယ်မြေက လာတာလား" လို့ ဒစ်ကီက တစ်ခုခုကို ရိပ်မိသွားတဲ့ ပုံစံမျိုးနဲ့ မေးလိုက်တယ်။

"အေး ဟုတ်တယ်"

"ဩော်... ဒါကြောင့်ကိုး။ မင်းက စိန်ခေါ်တိုက်ခိုက်ပွဲတွေရဲ့ ဓလေ့ထုံးတမ်းကို မသိသေးတာပဲ" ဒစ်ကီက သူ့ရင်ဘတ်ကို ကုတ်ရင်း ပြောတယ်။

"စိန်ခေါ်တိုက်ခိုက်ပွဲ ဟုတ်လား"

"ဟုတ်တယ်၊ စိန်ခေါ်တိုက်ခိုက်ပွဲ လေ။ အဲဒါက သဘောတူညီမှုရထားတဲ့ အဖွဲ့နှစ်ဖွဲ့ကြားမှာ သဘောထားကွဲလွဲမှုတွေကို ဖြေရှင်းဖို့ဖြစ်ဖြစ်၊ တိုက်ခိုက်သိမ်းပိုက်ထားတဲ့ ပစ္စည်းတွေကို ခွဲဝေဖို့ဖြစ်ဖြစ်၊ ဒါမှမဟုတ် အဆင့်သတ်မှတ်ချက် တိုးတက်ဖို့အတွက်ပဲဖြစ်ဖြစ် မျှတတဲ့ စိန်ခေါ်တိုက်ခိုက်ပွဲတစ်ခုနဲ့ တိုက်ခိုက်ကြတာ။

ကွင်းစ်နယ်မြေတစ်ခုတည်းမှာတင် ကုမ္ပဏီပေါင်း သောင်းနဲ့ချီပြီး ရှိတာ။ အဲဒီအတွက်ကြောင့် နယ်မြေကိစ္စတွေနဲ့ တခြား သာမန်ပိုင်ဆိုင်မှုတွေနဲ့ ပတ်သက်ပြီး မကြာခဏ သဘောထားကွဲလွဲမှုတွေ၊ ရန်ပွဲတွေ ဖြစ်တတ်ကြတယ်။

ဟိုးရှေးရှေးတုန်းကတော့ ဒါနဲ့ပတ်သက်ပြီး ဘာစည်းကမ်းမှ မရှိခဲ့ဘူး။ တစ်ဖက်လူကို အနိုင်တိုက်နိုင်သရွေ့ ဘယ်သူမဆို မိမိလိုချင်တာကို ယူလို့ရတာပဲ။ အဲဒီတုန်းက စစ်ပွဲတွေ အများကြီးနဲ့ ဥပဒေမဲ့ ကမ္ဘာကြီး ဖြစ်ခဲ့တယ်။

ဒါပေမဲ့ ဒါက ကြီးမားတဲ့ ပရမ်းပတာဖြစ်မှုတွေကို ဖြစ်စေခဲ့တာပေါ့။ လူပေါင်း သန်းနဲ့ချီ သေဆုံးခဲ့ရပြီး အများစုက အပြစ်မဲ့ အရပ်သားတွေပဲ။ လူသားမျိုးနွယ်ဟာ မျိုးတုံးမယ့် အန္တရာယ်နဲ့တောင် ရင်ဆိုင်ခဲ့ရသေးတယ်။

ဒါပေမဲ့ ကံကောင်းထောက်မစွာနဲ့ ဇဲရ် မောင့်ဂိုမာရီက ကမ္ဘာပေါ်က တိုက်ကြီးတွေအားလုံးကို စည်းရုံးနိုင်ခဲ့ပြီး စိန်ခေါ်တိုက်ခိုက်ပွဲရဲ့ စည်းမျဉ်းကို သူတို့ကို သဘောတူလက်ခံစေခဲ့တယ်။

အဓိပ္ပာယ်မရှိတဲ့ တိုက်ခိုက်မှုတွေ မရှိတော့ဘူး။ အရပ်သားတွေကို သေကြေပျက်စီးစေတဲ့ စစ်ပွဲတွေလည်း မရှိတော့ဘူး။

ကုမ္ပဏီနှစ်ခုက သူတို့ရဲ့ သဘောထားကွဲလွဲမှုတွေကို ဖြေရှင်းချင်တယ်ဆိုရင် သူတို့ကိုယ်တိုင်ပဲ ပါဝင်ပတ်သက်ရတော့တာ။

အဲဒါက စိန်ခေါ်တိုက်ခိုက်ပွဲရဲ့ စည်းမျဉ်းပဲ။

တကယ်လို့ တစ်ယောက်ယောက်က ဒီစည်းမျဉ်းကို ချိုးဖောက်ရင် ဖလဲယားကော့ပ်မှာ ဖြစ်ပျက်ခဲ့သလိုမျိုး ကျန်တဲ့ ကုမ္ပဏီတွေအားလုံးရဲ့ မဟာမိတ်အဖွဲ့ ဖွဲ့ပြီး တိုက်ခိုက်တာကို ခံရလိမ့်မယ်။

သူတို့က ဘတ်ချ်ရောခ့်မြို့ကို အဲဒီမြို့ကို ပိုင်တဲ့ မြို့စားမင်းနဲ့ စိန်ခေါ်တိုက်ခိုက်ပွဲ မလုပ်ဘဲ သိမ်းပိုက်ခဲ့တာလေ။ အရပ်သားတွေလည်း သေဆုံးခဲ့ရတယ်။

အဲဒီအတွက်ကြောင့် သူတို့ကို တားဆီးဖို့ လက်ဂါစီ့စ်တွေ အားလုံးပါဝင်တဲ့ မဟာမိတ်အဖွဲ့ ဖွဲ့စည်းခဲ့ရတာပဲ"

မိုက်ကယ်က အချက်အလက်တွေကို မှတ်သားလိုက်ပြီး ကုမ္ပဏီအကြီးစားက ကုမ္ပဏီအသေးစားနဲ့ စီးပွားရေးလုပ်တာကို ပိတ်ပင်ထားတဲ့ စည်းမျဉ်းဘာကြောင့် ရှိနေလဲဆိုတာကို စတင်နားလည်လာတယ်။

ကုမ္ပဏီအကြီးစားက ကုမ္ပဏီအသေးစားထက် ပိုမိုအင်အားတောင့်တင်းတဲ့ စစ်အင်အား ရှိနေမှာ သေချာတယ်။

ပြီးတော့ စိန်ခေါ်တိုက်ခိုက်ပွဲ မှာဆိုရင် အနိုင်ရတဲ့သူက ထင်ထင်ရှားရှား ရှိနေမှာပဲ။

စိန်ခေါ်တိုက်ခိုက်ပွဲမှာ ကန့်သတ်ချက်တွေ ဘာတွေ ရှိသေးလဲ" လို့ မိုက်ကယ်က မေးလိုက်တယ်။

"ပုံမှန်အားဖြင့်တော့ သူတို့ လိုချင်ရင် ကုမ္ပဏီတစ်ခုလုံး ပါဝင်ပတ်သက်လို့ရတယ်။ အလုံးစုံ စစ်ပွဲဆင်နွှဲတာမျိုးပေါ့။ ဒါပေမဲ့ မောင့်ဂိုမာရီတွေက အစုလိုက်အပြုံလိုက် ပျက်စီးဆုံးရှုံးမှာ စိုးရိမ်လို့ အဲဒါမျိုးကို ပုံမှန်အားဖြင့် တားဆီးလေ့ရှိတယ်။

ဒါကြောင့် နေ့စဉ်ဖြစ်ပွားတဲ့ စိန်ခေါ်တိုက်ခိုက်ပွဲတွေအတွက်ဆိုရင်တော့ ပုံမှန်အားဖြင့် ကုမ္ပဏီရဲ့ ခေါင်းဆောင်တွေနဲ့ သူတို့ရဲ့ အရာရှိတွေပဲ ပါဝင်ပတ်သက်ကြတာ များတယ်"

* * * * * * * *

စာစဉ်(၃၇)

All Chapters