အခန်း ၄၃၉
Vol. 37 Ch. 439
အခန်း(၄၃၉)
ကုမ္ပဏီအသေးလေးတွေနဲ့ ကုမ္ပဏီကြီးတွေကြား ဆက်ဆံမရအောင် တားဆီးထားတာက ဒီစိန်ခေါ်တိုက်ခိုက်ပွဲတွေရဲ့ ဖြစ်တည်မှုကြောင့်ပါပဲ။ ဒါပေမဲ့ တစ်ဖက်မှာလည်း ကုမ္ပဏီအသေးလေးတွေ လုံးဝဥဿုံ ဝါးမြိုဖျက်ဆီးမခံရအောင် ကာကွယ်ပေးထားတာကလည်း ဒီစိန်ခေါ်တိုက်ခိုက်ပွဲတွေကြောင့်ပါပဲ။
"စိန်ခေါ်တိုက်ခိုက်ပွဲတစ်ခုမှာ ဘာတွေလောင်းကြေးထပ်လို့ရလဲ"
မိုက်ကယ်က မေးလိုက်တယ်။
"ဒါက တရားဝင် လောင်းကြေးထပ်တာမျိုးတော့ မဟုတ်ဘူး"
ဒစ်ကီက ရှင်းပြတယ်။
"ဥပမာကွာ... ကုမ္ပဏီနှစ်ခုက နယ်မြေသစ်တစ်ခုကို တစ်ချိန်တည်းမှာ အတူတူရှာတွေ့တယ်ဆိုပါစို့။ ဘယ်သူက အရင်ပိုင်လဲဆိုတာ တိတိကျကျ မပြောနိုင်တဲ့အခါ ဒီနယ်မြေကို ဘယ်သူရမလဲဆိုတာ ဆုံးဖြတ်ဖို့ သူတို့ကြားမှာ စိန်ခေါ်တိုက်ခိုက်ပွဲ တစ်ခု စကြတာပေါ့။
တရားမျှတမှုရှိအောင် မောင့်ဂိုမာရီမိသားစုက သံတမန်တစ်ယောက်ရဲ့ အကူအညီကို သူတို့ ရယူကြတယ်။ အဲဒီသံတမန်က စိန်ခေါ်တိုက်ခိုက်ပွဲ မျှမျှတတဖြစ်ဖို့နဲ့ တိုက်ပွဲရဲ့ စည်းကမ်းသတ်မှတ်ချက်တွေကို လိုက်နာဖို့ သေချာအောင် လုပ်ပေးလိမ့်မယ်။
အဲဒီနယ်မြေရဲ့ ပိုင်ဆိုင်မှု စာချုပ်စာတမ်းကို စိတ်ချရအောင် သံတမန်ဆီမှာ အပ်နှံထားရတယ်။ စိန်ခေါ်တိုက်ခိုက်ပွဲပြီးသွားတာနဲ့ သံတမန်က နိုင်တဲ့သူ့လက်ထဲကို အဲဒီပိုင်ဆိုင်မှုစာချုပ် အပ်ပေးမှာပေါ့"
ဇဲရ် မောင့်ဂိုမာရီက ဒီစိန်ခေါ်တိုက်ခိုက်ပွဲစနစ်ကြီးတစ်ခုလုံးကို စတင်ခဲ့သူဖြစ်လို့ သူမနဲ့ သူမရဲ့မိသားစုဝင်တွေဟာ တိုက်ပွဲတွေကို ဒိုင်လူကြီးအဖြစ် စီရင်ဆုံးဖြတ်ပေးဖို့ ကမ်းလှမ်းခံရတာက သဘာဝကျပါတယ်။
"တစ်ယောက်ယောက်ဆီကနေ အရာတစ်ခုခုကို လုယူဖို့အတွက် စိန်ခေါ်တိုက်ခိုက်ပွဲလုပ်တာမဟုတ်ဘူး။ သူတို့ အငြင်းပွားနေတဲ့အရာကို ဘယ်သူက တရားဝင် ပိုင်ဆိုင်ခွင့်ရှိလဲဆိုတာ ဆုံးဖြတ်ဖို့ပဲ။
အနည်းဆုံးတော့ အဲဒါက စိန်ခေါ်တိုက်ခိုက်ပွဲရဲ့ မူလရည်ရွယ်ချက်ပေါ့။ ဒါပေမဲ့ တချို့နေရာတွေမှာတော့ တခြားသူ ပိုင်ဆိုင်ပြီးသားအရာကို ရယူဖို့ ဒါမှမဟုတ် သိမ်းပိုက်ဖို့အတွက် စိန်ခေါ်တိုက်ခိုက်ပွဲကို အသုံးချကြတာမျိုးတွေလည်း ရှိတတ်တယ်။
ဒါက နယ်မြေလည်း ဖြစ်နိုင်သလို၊ သယံဇာတလည်း ဖြစ်နိုင်တယ်၊ ဒါမှမဟုတ် ရတနာတစ်ပွင့်လည်း ဖြစ်နိုင်တာပဲ။
ဒါပေမဲ့ စိန်ခေါ်တိုက်ခိုက်ပွဲတစ်ခုဖြစ်ဖို့ နှစ်ဦးနှစ်ဖက်လုံးက သဘောတူညီချက်ရှိရမယ်။ ကုမ္ပဏီတစ်ခုက အခြားကုမ္ပဏီတစ်ခုကို စိန်ခေါ်တိုက်ခိုက်ပွဲလုပ်ဖို့ အတင်းအကျပ် ဖိအားပေးလို့မရဘူး။ စိန်ခေါ်တိုက်ခိုက်ပွဲမစခင်မှာ နှစ်ဖက်စလုံးက စိန်ခေါ်တိုက်ခိုက်ပွဲရဲ့ စည်းကမ်းချက်တွေကို သဘောတူညီမှု ရယူရမယ်"
ဒစ်ကီရဲ့ စိန်ခေါ်တိုက်ခိုက်ပွဲအကြောင်း ရှင်းပြချက်က တော်တော်လေး စနစ်ကျပြီး စည်းကမ်းကြီးတဲ့ ပုံစံမျိုး ပေါက်နေတယ်။ ဒါပေမဲ့ စည်းကမ်းတွေကို မလိုက်နာတဲ့ ဖြစ်ရပ်တွေလည်း မလွဲမသွေ ရှိနေလိမ့်မယ်ဆိုတာ သူ ကောင်းကောင်းသိတာပေါ့။
"တစ်ယောက်ယောက်က စိန်ခေါ်တိုက်ခိုက်ပွဲစည်းကမ်းတွေကို ချိုးဖောက်ရင် ဘာဖြစ်မလဲ။ တကယ်လို့ ရှုံးပြီးသွားတဲ့နောက်မှာ အရှုံးကို လက်မခံရင်ကော"
ဒစ်ကီက မိုက်ကယ် ဘာကို ဆိုလိုချင်လဲဆိုတာ ရိပ်မိပါတယ်။ စိန်ခေါ်တိုက်ခိုက်ပွဲရဲ့ စည်းကမ်းတွေကို အသက်ဝင်အောင် ဘယ်သူက တာဝန်ယူ စောင့်ကြပ်ပေးလဲဆိုတာကို သူ မေးချင်နေတာပါ။
"ငါ အစောက ပြောခဲ့သလိုပဲလေ... မောင့်ဂိုမာရီတွေက စိန်ခေါ်တိုက်ခိုက်ပွဲတွေကို ဒိုင်အဖြစ် ဆုံးဖြတ်ပေးပြီး တရားဝင်ဖြစ်အောင် လုပ်ပေးတယ်။ စည်းကမ်းတွေကို မလိုက်နာတဲ့သူတွေဟာ အဲဒီစည်းကမ်းရဲ့ ကာကွယ်စောင့်ရှောက်မှုကို ခံရတော့မှာ မဟုတ်ဘူး။ ဖလဲယားကော့ပ်မှာ ဖြစ်သွားခဲ့တဲ့အတိုင်း သူတို့ဟာ ဘယ်သူမဆို လာတိုက်ခိုက်လို့ရတဲ့ ပစ်မှတ် ဖြစ်သွားလိမ့်မယ်။
သူတို့က စည်းကမ်းချိုးဖောက်ခဲ့လို့ ငါတို့နဲ့ အခြား လက်ဂါစီ့စ်တွေ ယာယီမဟာမိတ်ဖွဲ့ပြီး သူ့ကို အနိုင်တိုက်ခိုက်ဖို့နဲ့ ရလာတဲ့ ပစ္စည်းတွေကို ခွဲဝေယူဖို့ ဖြစ်နိုင်သွားတာပေါ့"
အကျဉ်းချုပ်ရရင် စိန်ခေါ်တိုက်ခိုက်ပွဲစည်းကမ်းတွေကို မလိုက်နာတဲ့သူတွေဟာ တခြားသူတွေအပေါ် သူတို့ပြုမူခဲ့တဲ့ ကံကြမ္မာဆိုးအတိုင်း ပြန်ခံရမှာပါပဲ။ သူတို့က တိုက်ပွဲကို မမျှတအောင်လုပ်ရင် တခြားသူတွေကလည်း သူတို့အပေါ် မျှတအောင် လုပ်ပေးမှာမဟုတ်ဘူး။
လူတိုင်း ကိုယ့်ကိုယ်ကိုယ် တာဝန်ယူထိန်းကျောင်းရတဲ့ တော်တော်လေး ကောင်းမွန်တဲ့ စနစ်တစ်ခုပါပဲ။
စိန်ခေါ်တိုက်ခိုက်ပွဲတွေအကြောင်း သိလိုက်ရတဲ့အတွက် မောင့်ဂိုမာရီဆိုတဲ့ နာမည်ကို အရင်ကထက် ပိုပြီးတော့တောင် လေးစားမိသွားတယ်။ သူတို့ရဲ့ မိခင်ကြီးနဲ့ ယူနာရဲ့ အဖွားဖြစ်သူ ဇဲရ် မောင့်ဂိုမာရီက တစ်ကမ္ဘာလုံးကို ဦးဆောင်ပြီး ဒီစိန်ခေါ်တိုက်ခိုက်ပွဲစည်းကမ်းအောက်မှာ နေထိုင်အောင် လုပ်ခဲ့တယ်ဆိုတာ သူ လုံးဝမသိခဲ့ဘူး။ တော်တော်လေး လန်းတဲ့အချက်ပဲ။
"အစောက မင်းပြောတော့ မောင့်ဂိုမာရီတွေက စိန်ခေါ်တိုက်ခိုက်ပွဲရဲ့ စည်းကမ်းတွေကို ထိန်းသိမ်းပေးတယ်ဆို။ တကယ်လို့ သူတို့ကိုယ်တိုင် စည်းကမ်းချိုးဖောက်ရင်ကော"
ဒစ်ကီက သူ့အတွက် နောက်တစ်ခွက် ထပ်ငှဲ့ရင်း ခပ်တိုးတိုး ရယ်လိုက်တယ်။
"သူတို့ ချိုးဖောက်လို့မရဘူး။ ဇဲရ် မောင့်ဂိုမာရီက သူမရဲ့ သွေးမျိုးဆက်တစ်ခုလုံးကို သူမရဲ့ စည်းကမ်းတွေအတိုင်း လိုက်နာဖို့ အတင်းအကျပ် လုပ်ထားခဲ့တာ။ ရုပ်ပိုင်းဆိုင်ရာအရကော မှော်ပညာအရပါ သူတို့ ဒါကို ချိုးဖောက်လို့ မရဘူး။ အဲဒီကတိသစ္စာက ဘယ်လောက်တောင် ခိုင်မာလဲဆိုရင် သူတို့ရဲ့ မျိုးရိုးတစ်ခုလုံးကို ကမ္ဘာတစ်ဝှမ်းက လူတိုင်းက စိန်ခေါ်တိုက်ခိုက်ပွဲတွေကို မျှမျှတတ စီမံခန့်ခွဲပေးဖို့ ယုံကြည်စိတ်ချကြတယ်"
မိုက်ကယ်အတွက် စဉ်းစားလို့မရသေးတဲ့ အချက်တစ်ချက်ပဲ ကျန်တော့တယ်။ ကလော်ဒီယာ ပြောပြချက်အရ တချို့ မောင့်ဂိုမာရီတွေက ကုမ္ပဏီတစ်ခုခုနဲ့ ပူးပေါင်းဖို့ ရွေးချယ်တတ်ကြတယ်၊ ယူနာက ရီနေးတားနဲ့အတူ ရှိနေဖို့ ရွေးချယ်ခဲ့သလိုမျိုးပေါ့။ ဒါပေမဲ့ သူတို့က ဒိုင်လူကြီးတွေ လုပ်ရမှာဆိုရင် ကုမ္ပဏီတစ်ခုဘက်က ရပ်တည်ပေးတာက ကြားနေဖြစ်ရမယ့် စည်းကမ်းကို လုံးဝ ချိုးဖောက်ရာ ရောက်မနေဘူးလား။
"မောင့်ဂိုမာရီတစ်ယောက်က ကုမ္ပဏီတွေကို ကူညီပေးလို့ရလား၊ ဒါမှမဟုတ် အဲလိုလုပ်ခွင့် မရှိဘူးလား"
မိုက်ကယ်က မောင့်ဂိုမာရီတွေရဲ့ နောက်ထပ်မျက်နှာစာတစ်ခုကို သိနေတဲ့အတွက် ဒစ်ကီ အံ့ဩသွားတယ်။
"ပြောရရင်... မောင့်ဂိုမာရီ နှစ်မျိုးရှိတယ်။ တစ်မျိုးကတော့ လုံးဝ ကြားနေတဲ့သူတွေ။ သူတို့က ဘက်လိုက်မှုမရှိအောင် ပြင်ပကမ္ဘာနဲ့ လုံးဝမပတ်သက်ဘဲ နေထိုင်ကြတယ်။
ဒါပေမဲ့ နောက်ထပ် မောင့်ဂိုမာရီ တစ်မျိုးရှိသေးတယ်။ သူတို့ကျတော့ သူတို့ ထောက်ပံ့ပေးဖို့ ထိုက်တန်တယ်လို့ ယူဆတဲ့ ကုမ္ပဏီတစ်ခုခုဘက်ကနေ တက်တက်ကြွကြွ ရပ်တည်ပေးတတ်ကြတယ်။ ဘာလို့လဲ။ အဲဒီအဖြေကတော့ ရှုပ်ထွေးတယ်။ တချို့က အဲဒီကုမ္ပဏီကို ယုံကြည်လို့ ကူညီချင်တာ၊ တချို့က ငွေကြေးအတွက် လုပ်တာ၊ တချို့ကျတော့လည်း အဲဒီကနေ ရလာမယ့် အာဏာနဲ့ ဩဇာလွှမ်းမိုးမှုအတွက် လုပ်ကြတာ။
ဒါပေမဲ့ သူတို့တွေဟာ မောင့်ဂိုမာရီရဲ့ စည်းကမ်းတွေအောက်မှာပဲ ရှိနေဆဲပဲ။ စည်းကမ်းတွေကိုတော့ လိုက်နာရဆဲပဲပေါ့"
မိုက်ကယ် ခေါင်းငြိမ့်လိုက်ပြီး ဒီကမ္ဘာကြီးအကြောင်းကို ဖြည်းဖြည်းချင်း နားလည်လာမိတယ်။ "မောင့်ဂိုမာရီတစ်ယောက်ကို အလုပ်ခန့်ရင် ဘာအကျိုးကျေးဇူးရှိလဲ"
"လူအများစုက မောင့်ဂိုမာရီတွေကို အလုပ်ခန့်ကြတာ သူတို့က ညှိနှိုင်း ဆွေးနွေးတဲ့နေရာမှာ ဆရာကြီးတွေမို့လို့ပဲ"
ဒစ်ကီက ပြန်ဖြေတယ်။
"စိန်ခေါ်တိုက်ခိုက်ပွဲရဲ့ ပြင်ဆင်မှုအဆင့်တွေမှာ နှစ်ဖက်စလုံးက သူတို့ နိုင်ရင် ဘာရမလဲ၊ ရှုံးရင် ဘာပေးရမလဲဆိုတာ သဘောတူညီမှု ယူရတယ်။
ဒီဆုလာဘ်တချို့ရဲ့ တန်ဖိုးက တစ်ဦးချင်းအမြင်ပေါ်မှာ မူတည်တယ်။ တစ်ဖက်က ဒါကို ရတနာလို့ သတ်မှတ်ပေမယ့် အခြားတစ်ဖက်ကတော့ အမှိုက်လို သဘောထားနိုင်တယ်။ အကယ်၍ မင်းဘက်မှာ မောင့်ဂိုမာရီတစ်ယောက် ရှိနေရင် သူတို့က သာမန်လူတွေထက် ဒီသဘောတူညီချက် စည်းကမ်းတွေကို ပိုပြီး ကောင်းကောင်းမွန်မွန် ညှိနှိုင်းပေးနိုင်လိမ့်မယ်။ စိန်ခေါ်တိုက်ခိုက်ပွဲမှာ ရှုံးသွားရင်တောင် သူတို့ရဲ့ အလုပ်ရှင်က အနည်းငယ်ပဲ ဆုံးရှုံးအောင် လုပ်ပေးနိုင်သလို၊ ဒါမှမဟုတ် ရသင့်တာထက် ပိုရအောင်လည်း တောင်းဆိုပေးနိုင်တယ်"
မောင့်ဂိုမာရီတွေက ဒီကမ္ဘာရဲ့ ရှေ့နေတွေလိုပဲဆိုတာ မိုက်ကယ် နောက်ဆုံးတော့ သဘောပေါက်သွားခဲ့ပြီ။ မင်း အကြီးအကျယ် နိုင်မလား၊ အနည်းအကျဉ်းပဲ ရှုံးမလားဆိုတာ သူတို့အပေါ်မှာ မူတည်နေတာပဲ။
"ဒါပေမဲ့ အဲဒီ မောင့်ဂိုမာရီတွေကို အလုပ်ခန့်ဖို့က တော်တော်လေး ခက်ခဲပါတယ်။ သူတို့က သိပ်ပြီး ဇီဇာကြောင်တာ။
ငါတို့တောင် သူတို့ကို ယာယီပဲ အလုပ်ခန့်နိုင်ခဲ့တာ။ ကုမ္ပဏီတော်တော်များများကတော့ သူတို့ကို အမြဲတမ်းအကြံပေးအဖြစ် ရချင်ကြတာပေါ့၊ ဆိုလိုတာက ကုမ္ပဏီရဲ့ တရားဝင် စိန်ခေါ်တိုက်ခိုက်ပွဲကိစ္စရပ်အားလုံးမှာ မောင့်ဂိုမာရီတစ်ယောက်က ကိုယ်စားလှယ်အဖြစ် ဆောင်ရွက်ပေးဖို့ပေါ့။ ဒါက ကုမ္ပဏီအားလုံးရဲ့ အိမ်မက်ပဲ"
ဒါတွေအားလုံးက ယူနာ့အကြောင်းကို တွေးမိစေပြီး သူမရဲ့ သံတမန်တစ်ယောက်အနေနဲ့ကော မောင့်ဂိုမာရီတစ်ယောက်အနေနဲ့ပါ ရှိနေတဲ့ ကျွမ်းကျင်မှုတွေကို သူ ဘယ်လောက်တောင် အလကားရသလို သဘောထားခဲ့မိလဲဆိုတာ သိလိုက်ရတယ်။ ကင်းစ်နယ်မြေမှာ သူမနဲ့ ဆုံတွေ့ခဲ့ပြီး ယနေ့အချိန်အထိ သူ့နောက်ကို လိုက်ပါလာပေးနေတာဟာ တကယ့်ကို ကံကောင်းလွန်းတာပါပဲ။
ပထမဆုံး ဆုံတွေ့ခဲ့တုန်းက ကလော်ဒီယာက မိုက်ကယ်အပေါ် ဘာလို့ အဲဒီလောက်အထိ တင်းမာခက်ထန်ခဲ့လဲဆိုတဲ့ အကြောင်းရင်းကိုလည်း ဒါက သဘောပေါက်စေခဲ့တယ်။ အခြေအနေအရ ကြည့်ရင် သူက ယူနာကို အမြဲတမ်းအကြံပေးအဖြစ် မတော်တဆ ခန့်အပ်ထားမိသလို ဖြစ်နေတာကိုး။ သူမက သာမန် မောင့်ဂိုမာရီတစ်ယောက်တင် မဟုတ်ဘဲ ဇဲရ်ရဲ့ ကောလာဟလထွက်နေတဲ့ အမွေခံဖြစ်သူ ဖြစ်နေတာလေ။ သူမကို အဆင့်မြင့်လုပ်ငန်းစုကြီးတစ်ခုခုက ခန့်အပ်ထားနိုင်သလို ဒါမှမဟုတ် ကမ္ဘာ့ခေါင်းဆောင်အဖြစ် ဇဲရ်ရဲ့ နေရာကို အစားထိုးမယ့်သူလည်း ဖြစ်နိုင်ခဲ့တာ။
ဒါပေမဲ့ အခုတော့ သူမရဲ့ ကံကြမ္မာက ကင်းစ်နယ်မြေက ရီနေးတားလို့ခေါ်တဲ့ ကုမ္ပဏီအသေးလေးတစ်ခုနဲ့ ငြိတွယ်နေခဲ့ပြီ။ သူတို့ ပထမဆုံး ဆုံတွေ့တုန်းက ကလော်ဒီယာ သူ့အပေါ် ဘာလို့ အဲဒီလောက် ပြင်းပြင်းထန်ထန် ဆက်ဆံခဲ့လဲဆိုတာ သူ နားလည်သွားခဲ့ပါပြီ။
"အခုတော့ မင်း ငါတို့နဲ့ ဘာလို့ စီးပွားရေးလုပ်လို့မရလဲဆိုတာ နားလည်ပြီမလား"
ဒစ်ကီက မေးလိုက်တယ်။
မိုက်ကယ် ကောင်းကောင်း နားလည်သွားပါပြီ။ ဒါပေမဲ့ သူကတော့ လက်လျှော့မှာ မဟုတ်ပါဘူး။
"ငါ ကွန့်ချ်ကုမ္ပဏီနဲ့ စီးပွားရေးလုပ်လို့မရဘူး... ဒါပေမဲ့ ကွန့်ချ်ကုမ္ပဏီထဲက တစ်ဦးတစ်ယောက်ချင်းစီနဲ့တော့ စီးပွားရေးလုပ်လို့ရတယ်မလား"
ဒစ်ကီက သူ့ရဲ့ ဝိုင်သောက်နေတာကို ရပ်လိုက်တယ်။ သူက မျက်နှာမှာ ကလူချင်စရာ အပြုံးတစ်ခု ပေါ်နေတဲ့ မိုက်ကယ်ကို စိုက်ကြည့်လိုက်တယ်။
"ဟာဟား... ဟုတ်တာပေါ့။ ဒါနဲ့ မင်း ဘာလုပ်ဖို့ ကြံစည်နေတာလဲ"
သူသိထားတဲ့ အချက်အလက်တွေအရ ဟက်ဖေးစတပ်စ် မိသားစုရဲ့ သွေးမျိုးဆက်အားလုံးဟာ မီသရယ် မှော်ဝင်ပစ္စည်းတစ်ခုကို ဝိညာဉ်ဆီနဲ့ ဖုံးအုပ်တဲ့ ဖော်မြူလာကို အမွေဆက်ခံထားကြတယ်။
ဒါက သူတို့ထဲမှာ အားအနည်းဆုံးသူတောင် ဒါကို ဘယ်လိုလုပ်ရမလဲ သိနေတယ်လို့ ဆိုလိုတာပဲ… အနည်းဆုံးတော့ သူ့လို အဆင့်တူတဲ့ တစ်ယောက်ယောက်ပေါ့။
"မင်းတို့ကုမ္ပဏီက ဟက်ဖေးစတပ်စ် တစ်ယောက်ယောက်ကို ငါ စိန်ခေါ်လို့ရမလား"
* * * * * * * *
စာစဉ်(၃၇)