← Chapters

အခန်း ၄၄၁

Vol. 37 Ch. 441

အခန်း ၄၄၁

Vol. 37 Ch. 441

အခန်း(၄၄၁)

မိုက်ကယ်ဟာ သူတို့အားလုံး သူ့ရဲ့ ဒီဗာအပေါ် ဘာလို့ သံသယဝင်နေကြလဲဆိုတာ နားလည်တာပေါ့။ ပြီးတော့လည်း လူတစ်ယောက်ဟာ သံလိုက်စွမ်းအားရှင် ဖြစ်လာဖို့ ခွဲစိတ်ကုသမှု ခံယူရုံပဲ ရှိတယ်လို့ သူတို့က ထင်ထားကြတာလေ။ တကယ်လို့ တစ်ယောက်ယောက်က မကြာသေးခင်ကမှ သံလိုက်စွမ်းအားရှင် ဖြစ်လာတယ်ဆိုရင်လည်း မက်ထရိုပိုလစ်တစ်ခုလုံးမှာ ဟိုးဟိုးကျော် သတင်းမွှေးနေမှာ အသေအချာပဲ။

ဒါတင်မကသေးဘူး၊ သူက လူတွေအမြင်မှာတော့ နယ်စွန်နယ်ဖျား တောခေါင်ခေါင်လို့ သတ်မှတ်ထားကြတဲ့ ကင်းစ်နယ်မြေက လာတာကိုး။ အဲဒီနယ်မြေမှာက အချင်းချင်း စိန်ခေါ်ယှဉ်ပြိုင်တိုက်ခိုက်တဲ့ အလေ့အထက သိပ်ပြီး တွင်တွင်ကျယ်ကျယ် မရှိတော့ သူတို့ကို လူရိုင်းတွေလို၊ ခေတ်နောက်ကျကျန်ခဲ့သူတွေလို မြင်နေကြလို့ ဖြစ်လိမ့်မယ်။

သူတို့ရဲ့ စိုးရိမ်ပူပန်မှုတွေကို လျော့ပါးသွားစေဖို့ မိုက်ကယ်က မျက်လုံးကို မှိတ်လိုက်ပြီး သူ့ရဲ့ ဒီဗာကို ဆင့်ခေါ်လိုက်ပါတယ်။

စက်ရုပ်လက်ကြီးတွေရဲ့ ပုံရိပ်ဟာ သူ့ရဲ့ ကိုယ်ထည်အထက်မှာ ဝဲပျံလို့ ပေါ်လာပါတော့တယ်။ ညာဘက်လက်ကတော့ ပုခုံးအထိ အပြည့်အစုံ ပါရှိပြီး ဘယ်ဘက်လက်ကတော့ လက်ဖဝါးတစ်ဖက်တည်းသာ ရှိနေတာပါ။

ချက်ကီကတော့ အံ့ဩလွန်းလို့ လက်ခုပ်တီးနေချိန်မှာ ကျန်တဲ့သူတွေအားလုံးကတော့ အသက်ရှူဖို့တောင် မေ့ပြီး ပါးစပ်အဟောင်းသား ဖြစ်သွားကြတယ်။ သူတို့ ဒီလို ဒီဗာမျိုးကို တစ်ခါမှ မမြင်ဖူးကြဘူးလေ၊ ကြည့်ရတာ အသက်ရှိနေတဲ့ သတ္တုနဲ့ လုပ်ထားတဲ့အတိုင်းပဲ။ လက်မောင်းတွေရဲ့ အကြောတွေတစ်လျှောက် လှုပ်ရှားဖြာထွက်နေတဲ့ အလင်းတန်းတွေက မိုက်ကယ်ရဲ့ ရွေ့လျားဈေးကားက ထွက်တဲ့ အလင်းရောင်တွေကို သွားသတိရစေတယ်။

ဒီ ဒီဗာကတော့ မိုက်ကယ်ဟာ သံလိုက်စွမ်းအားရှင် အစစ်အမှန် ဖြစ်ကြောင်း အတိအကျ သက်သေပြလိုက်တာပါပဲ။

ကလော်ဒီယာလည်း မိုက်ကယ်ကို အရင်ကနဲ့မတူတဲ့ အမြင်သစ်တစ်ခုနဲ့ မကြည့်ဘဲ မနေနိုင်တော့ဘူး။ သူမ တူမလေးရဲ့ နှလုံးသားကို ခိုးယူသွားတဲ့ ကောင်လေးလို့ ထင်ခဲ့တဲ့သူဟာ တကယ်တမ်းတော့ ထူးချွန်ပြောင်မြောက်တဲ့ စီးပွားရေးအမြင်ရှိတဲ့ အမျိုးသားတစ်ယောက် ဖြစ်နေခဲ့တယ်။ အခုတော့ သူက သူ့ရဲ့ စွယ်စုံလက်သည်းတွေနဲ့ တကယ့် ခြင်္သေ့တစ်ကောင်လို ထပ်ပြီး ပြောင်းလဲသွားပြန်ပြီ။ သူမအနေနဲ့ သူနဲ့ သူ့ရဲ့ ကုမ္ပဏီကို အောက်ကျနောက်ကျအဆင့်လို့ ဆက်ပြီး သတ်မှတ်လို့ မရတော့ဘူး။

မိုက်ကယ်ရဲ့ စီးပွားရေးလုပ်ငန်းနဲ့ သူ့ရဲ့ တန်ခိုးအရှိန်အဝါကြောင့် သူ မက်ထရိုပိုလစ်ရဲ့ အဆင့်အတန်းတွေကြားထဲ တိုးဝှေ့တက်လှမ်းနိုင်မယ့် အခွင့်အရေး ရှိနေပြီ။

သူမက သူ့ကို ကြည့်ပြီး သဘောတူကြောင်း သဲ့သဲ့ကလေး ခေါင်းငြိတ်ပြလိုက်တယ်။

"မိုက်ကယ်... မင်း ဒီပြိုင်ပွဲကို ဆက်သွားဖို့ အရည်အချင်းရှိတယ်ဆိုတာ သက်သေပြနိုင်ခဲ့ပြီ" လို့ ကလော်ဒီယာက ကြေညာလိုက်တယ်။ "ဒစ်ကီ... ဒါက သူတို့နှစ်ယောက်ရဲ့ တန်ခိုးချင်း ညီမျှတယ်ဆိုတာ သက်သေပြရာ ရောက်ရဲ့လား"

ဒစ်ကီဟာ မိုက်ကယ်ရဲ့ ဒီဗာကို အကဲခတ်ကြည့်လိုက်တဲ့အခါ မြေပြင်ပေါ်ကနေ ရုန်းထွက်ဖို့ ကြိုးစားနေတုန်း ဖြစ်တဲ့ ပျိုးပင်ပေါက်ကလေးအဆင့် မဟုတ်တော့တာကို တွေ့လိုက်ရတယ်။ အမြစ်တွေနဲ့တကွ စွဲမြဲနေပြီဖြစ်တဲ့ အပင်တစ်ပင် ဖြစ်နေပြီ။

"မင်း... မင်းက နတ်ဘုရားပန်းပဲဖိုရဲ့ တတိယအဆင့်ကို ရောက်နေတာလား" လို့ ဒစ်ကီက အော်ဟစ်လိုက်တယ်။ မိုက်ကယ်က သံလိုက်စွမ်းအားရှင် ဖြစ်နေတာက တစ်ကဏ္ဍ၊ ဒါပေမဲ့ ဆယ်ကျော်သက်အရွယ်လေးတင် ရှိသေးပြီး ဒီလို တတိယအဆင့်ကို ရောက်နေတာကတော့ လုံးဝကို သီးခြားအကြောင်းအရာတစ်ခု ဖြစ်နေပြီ။

တောရိုင်းထဲမှာ နတ်ဘုရားပန်းပဲဖို အပိုင်းအစတစ်ခု ရဖို့ ဘယ်လောက်တောင် ခက်ခဲလဲဆိုတာ သူ ကောင်းကောင်းသိတာပေါ့။ သူနဲ့ ချက်ကီဆိုရင် အမွေဆက်ခံမှုကတစ်ဆင့်မှ သူတို့ရဲ့ ကိုယ်ပိုင်အပိုင်းအစတွေကို ရခဲ့ကြတာ။ ဒါပေမဲ့ မိုက်ကယ်မှာတော့ သူတို့လို အခွင့်ထူးမျိုး ရှိမနေတာ သေချာသလောက်ပဲဆိုတော့ ဒါဟာ သဘာဝအတိုင်း တိုက်တိုက်ဆိုင်ဆိုင် ရှာဖွေတွေ့ရှိခဲ့တာလို့ပဲ အဓိပ္ပာယ်ရတယ်။

ပြီးတော့ တစ်နည်းနည်းနဲ့ သူက တတိယအဆင့်အထိ ကြီးထွားဖို့ လုံလောက်တဲ့ အပိုင်းအစတွေကို ရအောင် ယူနိုင်ခဲ့တာ ကံကောင်းလွန်းတယ်။ ဒါက စဉ်းစားကြည့်ရင်တောင် မဖြစ်နိုင်သလောက်ပါပဲ။

"လန်းတယ်ကွာ" လို့ ချက်ကီက ချီးကျူးလိုက်တယ်။ "မင်းကလည်း တတိယအဆင့်မှာလား။ ငါတို့ တိုက်ပွဲကတော့ သမိုင်းတွင်တော့မှာပဲ"

ဒစ်ကီက သူ့ညီရဲ့ ပုခုံးကို ပုတ်ပေးလိုက်တယ်။ "ဟုတ်ပါတယ်။ ကျွန်တော့်ညီကလည်း နတ်ဘုရားပန်းပဲဖိုရဲ့ တတိယအဆင့်မှာပါ။ သူတို့ရဲ့ ကျင့်စဉ်အဆင့်က တူတူပါပဲ"

ဒါက သူတို့ ယှဉ်ပြိုင်တိုက်ခိုက်ဖို့ အခွင့်အရေး ရှိသွားပြီလို့ ဆိုလိုတာပေါ့။

မိုက်ကယ်က မက်ထရိုပိုလစ်မှာ သူ့ကိုယ်သူ သက်သေမပြရသေးတဲ့ ကုမ္ပဏီတစ်ခုရဲ့ ပိုင်ရှင် ဖြစ်တယ်။ တစ်ဖက်မှာလည်း ချက်ကီက မက်ထရိုပိုလစ်ရဲ့ အကြီးကျယ်ဆုံး ကုမ္ပဏီကြီးတွေထဲက တစ်ခုရဲ့ အလုပ်သမားတစ်ယောက် ဖြစ်နေပြန်ရော။ အဲဒီနှစ်ယောက်က အထူးသဖြင့် သံလိုက်စွမ်းအားပိုင်းမှာတော့ အဆင့်ချင်း ညီမျှသွားပါပြီ။

"နောက်တစ်ဆင့်ကတော့ မင်းတို့ရဲ့ သဘောတူညီချက် စည်းကမ်းချက်တွေကို ဆွေးနွေးဖို့ပဲ။ မင်း ဒီပြိုင်ပွဲကနေ ဘာကို ရချင်တာလဲ" လို့ ကလော်ဒီယာက မိုက်ကယ်ကို မေးလိုက်တယ်။

"ကျွန်တော် ဝိညာဉ်ဆီ သုတ်လိမ်းတဲ့ နည်းလမ်းကို သိချင်တယ်" လို့ သူက ရိုးရိုးရှင်းရှင်းပဲ ပြောလိုက်တယ်။

ဒစ်ကီက မိုက်ကယ်ရဲ့ အဆိုပြုချက်ကို စဉ်းစားရင်း သူ့ရဲ့ အမွေးအမှင်တွေနဲ့ ရင်ဘတ်ကို ကုတ်လိုက်တယ်။ "ပုံမှန်ဆိုရင်တော့ ဝိညာဉ်ဆီ သုတ်လိမ်းတဲ့ နည်းလမ်းက အခေါင်းထဲအထိ သယ်သွားရမယ့် ငါတို့ရဲ့ လျှို့ဝှက်ချက်ပဲ။ လူတွေက သူတို့ရဲ့ မီသရယ် မှော်ဝင်ပစ္စည်းတွေကို လာပြီး သုတ်လိမ်းခိုင်းရင်တောင် အဲဒီလုပ်ငန်းစဉ်ကို ငါတို့ ပေးမကြည့်ဘူး။

ငါတို့ ဒါကို ထုတ်ဖော်ပြသနိုင်မယ့် တစ်ခုတည်းသော အခြေအနေကတော့ ပြိုင်ပွဲကတစ်ဆင့်ပဲ ရှိတယ်။

ဒါပေမဲ့ ငါတို့က ဒီပြိုင်ပွဲကို လက်ခံဖို့အတွက် အလဲအလှယ်အနေနဲ့ ဘာပြန်ရမှာလဲ"

ကလော်ဒီယာက မိုက်ကယ်ကို ကြည့်လိုက်တယ်။ "မင်း သူတို့အတွက် တန်ဖိုးချင်း ညီမျှမယ့်အရာတစ်ခုကို တင်ပြရမယ်"

မိုက်ကယ် မဖြေခင်မှာပဲ ဒစ်ကီက သူ့ကို အဖိုးတန် အကြံဉာဏ်တစ်ခု ပေးလိုက်ပါတယ်။

"ဒါပေမဲ့ ငါ မင်းကို သတိပေးရမယ်။ မင်းအတွက် အလွန်အမင်း အဖိုးတန်တဲ့အရာကို ပေးဖို့ မလိုပါဘူး။

ဘာလို့လဲဆိုတော့ မင်း ဝိညာဉ်ဆီ သုတ်လိမ်းတဲ့ လျှို့ဝှက်နည်းလမ်းကို ရသွားရင်တောင် မင်းကိုယ်တိုင် သုံးနိုင်မှာ မဟုတ်လို့ပဲ။ အဲဒီနည်းလမ်းက ငါတို့ရဲ့ ဟက်ဖေးစတပ်စ် သွေးမျိုးဆက်အတွက်ပဲ သီးသန့် လုပ်ထားတာ။ သမိုင်းတစ်လျှောက်မှာ အဲဒီနည်းလမ်းကို သူတို့ကိုယ်တိုင် သုံးလို့ရအောင် ပြုပြင်မွမ်းမံဖို့ နည်းလမ်းရှာတွေ့ခဲ့တဲ့သူတွေ ရှိပေမဲ့ မင်းမှာ အဲဒီလို ကျွမ်းကျင်မှုမျိုး ရှိလိမ့်မယ်လို့ ငါမထင်ဘူး။

ငါ ပြောချင်တာက ဒါက မင်းထင်သလောက် မင်းအတွက် တန်ဖိုးမရှိနိုင်ဘူးဆိုတာပဲ"

မိုက်ကယ်က ဒစ်ကီရဲ့ ရိုးသားမှုကို ကျေးဇူးတင်မိတာပေါ့။ အဲဒီလူက နှုတ်ပိတ်နေပြီး မိုက်ကယ်ကို နည်းလမ်းရရင် သုံးလို့ရလိမ့်မယ်လို့ ယုံကြည်အောင် ထားလိုက်လို့ရတယ်၊ အဲဒါဆို တန်ဖိုးက ပိုတက်လာမှာလေ။ ဒါပေမဲ့ သူက အမှန်အတိုင်း ပြောပြပြီး တန်ဖိုးကို လျှော့ချပစ်ခဲ့တယ်၊ ဒါက မိုက်ကယ်အတွက် အကူအညီ ဖြစ်သွားတာပဲ။

"ကျွန်တော် အဆင်ပြေပါတယ်" လို့ မိုက်ကယ်က ပြန်ဖြေလိုက်တယ်။ "ပြီးတော့ ကျွန်တော် ဒမတ်စကတ် စတီး ကီလိုဂရမ် ၁၀၀ လောင်းကြေးထပ်ဖို့ အဆင်သင့်ပါပဲ"

လူတိုင်းက မိုက်ကယ်ကို အရူးတစ်ယောက်လို ကြည့်လိုက်ကြတယ်။ တိုက်ပွဲစဖို့ စိတ်ရှည်လက်ရှည် စောင့်နေတဲ့ ချက်ကီတောင်မှ မိုက်ကယ် ချပြလိုက်တဲ့ ပစ္စည်းကြောင့် သူ့ရဲ့ အံ့ဩမှုကို မဖုံးကွယ်နိုင်တော့ဘူး။

"ဒမတ်စကတ် စတီး ဟုတ်လား။ လူပုတွေပဲ လုပ်နိုင်တဲ့ အရာကြီးကိုလား။ အစ်ကိုဒစ်ကီ... ဒါတွေကို အစ်ကို ကိုယ်တိုင်အတွက် စုဆောင်းနေတာ မဟုတ်ဘူးလား"

ဒစ်ကီကတော့ ပြန်လည်ဖြေကြားဖို့ စကားလုံး မရှာနိုင်ဘဲ နေရာမှာတင် ကြောင်အသွားရှာတယ်။

တကယ်လို့ တစ်ယောက်ယောက်ကသာ သူ့အခန်းပတ်ပတ်လည်ကို ကြည့်လိုက်ရင် လူပုတွေရဲ့ မှော်ဝင်ပစ္စည်းတွေအပေါ် သူ ဘယ်လောက်အထိ ရူးသွပ်လဲဆိုတာ ချက်ချင်း သတိထားမိမှာပဲ။ သူက ကလေးဘဝတည်းက ဒါတွေကို စုဆောင်းလာခဲ့တာ၊ အနုပညာပစ္စည်း အပိုင်းအစလေး တစ်ခုတည်း ရဖို့အတွက် မှောင်ခိုဈေးကွက်တွေမှာ သူ့ရဲ့ ကိုယ်ပိုင်ငွေ သန်းပေါင်းများစွာကို သုံးခဲ့တာလေ။

ပြီးတော့ စုဆောင်းလာတဲ့ နှစ်တွေအားလုံးမှာ ဒမတ်စကတ် စတီး ၅၀ ကီလိုဂရမ်တောင် မပြည့်တပြည့်ပဲ ရခဲတာ။ ဒါပေမဲ့ အခုတော့ မိုက်ကယ်က လောင်းကြေးအနေနဲ့ အဲဒါရဲ့ နှစ်ဆကို ကမ်းလှမ်းနေပြီ။

"မိုက်ကယ်... အဲဒါက အလွန်အမင်း တန်ဖိုးကြီးတဲ့ ပစ္စည်းပါ" လို့ ကလော်ဒီယာက သူမမျက်လုံးထဲမှာ စိုးရိမ်ရိပ်တွေနဲ့ ပြောလိုက်တယ်။ "ငါ မင်းကို သံသယဝင်တာ မဟုတ်ပါဘူး၊ ဒါပေမဲ့…."

သူမ စကားတောင် မဆုံးသေးခင်မှာပဲ မိုက်ကယ်က သူ့ရဲ့ အရိပ်စွမ်းရည်ကို သုံးပြီး ဒမတ်စကတ် စတီး တုံးအကြီးကြီးတစ်ခုကို မြေပြင်ပေါ်သို့ ‘ဒုန်း’ ခနဲ အသံအကျယ်ကြီးနဲ့ ချလိုက်ပါတော့တယ်။ ဒါက ရီနေးတားနိုင်ငံမှာရှိတဲ့ သူတို့ရဲ့ ဖိုကနေ တိုက်ရိုက်လာတာဖြစ်ပြီး စုစုပေါင်း ၅၀ ကီလိုဂရမ် အလေးချိန် ရှိပါတယ်။

"ကျန်တဲ့ ကီလို ၅၀ ကိုတော့ ကျွန်တော်…"

"ရပြီ။ ငါတို့ မင်းကို ယုံတယ်" လို့ ဒစ်ကီက သူ့ကို တားလိုက်တယ်။ မိုက်ကယ်က ကမ္ဘာပေါ်မှာ အဖိုးတန်ဆုံး သတ္တုတွေထဲက တစ်ခုဖြစ်တဲ့ တုံးတစ်တုံးလုံးကို ဘာမှမဟုတ်သလိုမျိုး အလွယ်တကူ သယ်လာတာကို သူ ဘယ်လို ခံစားရမှန်း မသိတော့ဘူး။

ဒစ်ကီက သူ့ရှေ့က ဒမတ်စကတ် စတီးကို မကြည့်ချင်တော့ဘူး။ သူက သူ့ရဲ့ မျှော်လင့်ချက်တွေကို အကြီးကြီး မတည်ဆောက်ချင်ဘူး၊ တကယ်လို့ ချက်ကီသာ ပြိုင်ပွဲမှာ ရှုံးသွားရင် စိတ်ပျက်သွားရမှာ စိုးလို့လေ။

ကလော်ဒီယာက စိတ်ကို ပြန်ထိန်းဖို့ အသက်ကို ပြင်းပြင်းရှူလိုက်ရတယ်။ ဒါပေမဲ့ မိုက်ကယ်က အံ့ဩစရာတွေကို တစ်ခုပြီးတစ်ခု ချပြနေတဲ့အခါမှာ သူမအနေနဲ့ ဘယ်လိုလုပ်ပြီး တည်တည်ငြိမ်ငြိမ် နေနိုင်ပါ့မလဲ။

"ဟမ်း... ဘာပဲဖြစ်ဖြစ်၊ မင်းတို့နှစ်ယောက် ပြိုင်ပွဲအတွက် သဘောတူကြပြီလား"

မိုက်ကယ်က ခေါင်းငြိတ်လိုက်တယ်။

"ဒီပြိုင်ပွဲအတွက် ဒမတ်စကတ် စတီးက တန်ဖိုးလွန်လွန်းတယ်လို့ ငါထင်ပေမဲ့ ဒါ မင်းရဲ့ ရွေးချယ်မှုပဲ။ ငါတို့ သဘောတူတယ်" လို့ ဒစ်ကီက ပြောလိုက်တယ်။

ညှိနှိုင်းမှုတွေ ပြီးသွားတာနဲ့ ကလော်ဒီယာက စာချုပ်နှစ်စောင်ကို ထုတ်ပြီး နှစ်ဖက်စလုံးရဲ့ ရှေ့မှာ ချထားလိုက်တယ်။ သူမက အနိုင်ရသူအတွက် ဆုလာဘ် အပါအဝင် ပြိုင်ပွဲရဲ့ အသေးစိတ်အချက်အလက်တွေကို မှော်ဆန်ဆန် ရေးမှတ်ထားခဲ့တဲ့ပုံပဲ။

"စာချုပ်ကို သေချာဖတ်ပြီး အောက်ခြေမှာ မင်းတို့နာမည် လက်မှတ်ထိုးလိုက်ပါ။ လက်မှတ်ထိုးပြီးတာနဲ့ ပြိုင်ပွဲက တရားဝင် သတ်မှတ်ပြီးသား ဖြစ်သွားလိမ့်မယ်"

ချက်ကီကတော့ ဖတ်ဖို့ အချိန်အများကြီး မပေးဘဲ လိုင်းတားထားတဲ့နေရာမှာ သူ့နာမည်ကို ချက်ချင်းပဲ လက်မှတ်ထိုးလိုက်တယ်။

မိုက်ကယ်က စာချုပ်ကို ကြည့်လိုက်တဲ့အခါ နိုဗာကလည်း ဒါက စိတ်ချရတဲ့ပုံပဲလို့ သူ့ကို အတည်ပြုပေးတယ်။ အဲဒီနောက် သူက အောက်ခြေမှာ သူ့နာမည်ကို လက်မှတ်ထိုးလိုက်ပြီး ပြိုင်ပွဲကို တရားဝင် ဖြစ်စေခဲ့ပါတော့တယ်။

* * * * * * * *

စာစဉ်(၃၇)

All Chapters