အခန်း ၄၄၄
Vol. 37 Ch. 444
အခန်း(၄၄၄)
ကလော်ဒီယာရော ဒစ်ကီပါ ကွင်းထဲကို ဖြည်းဖြည်းချင်း ဆင်းသက်လာကြတယ်။ တိုက်ပွဲကတော့ ပြီးဆုံးသွားခဲ့ပြီ။
ပွဲသိမ်းခါနီး နောက်ဆုံးမိနစ်မှာ ဖြစ်ပျက်သွားတဲ့ အလှည့်အပြောင်းကြီးတစ်ခုကြောင့် မိုက်ကယ်ဟာ တစ်စထက်တစ်စ ပိုမိုအားကောင်းလာတဲ့ ချက်ကီရဲ့ အရှိန်အဟုန်တွေကို တားဆီးပြီး အနိုင်ရရှိသွားခဲ့တာပါ။ ဘာဖြစ်သွားလဲဆိုတာ သူတို့ သေသေချာချာ မသိလိုက်ပေမဲ့ ချက်ကီ တစ်ချိန်လုံး တည်ဆောက်လာခဲ့သမျှတွေကို အကုန်အစင် ရိုက်ချိုးဖျက်ဆီးပစ်လိုက်ဖို့ အဲဒါက လုံလောက်သွားတယ်ဆိုတာကိုတော့ သူတို့ ရိပ်မိလိုက်ကြတယ်။
သူ့ရဲ့ အရှိန်အဟုန်တွေ ကုန်ဆုံးသွားတဲ့အခါမှာတော့ ချက်ကီဟာ မွေးကင်းစကလေးငယ်တစ်ဦးလို ဘာမှမတတ်နိုင်ဘဲ အကာအကွယ်မဲ့သွားခဲ့ရပြီး မိုက်ကယ်ကို မန္တန်တစ်ခုတည်းနဲ့တင် အလွယ်တကူ အနိုင်ရရှိသွားစေခဲ့တယ်။
"ချက်ကီ အရှုံးပေးပါတယ်။ စိန်ခေါ်တိုက်ခိုက်ပွဲရဲ့ အနိုင်ရရှိသူကတော့ မိုက်ကယ် ဖြစ်ပါတယ်" လို့ ကလော်ဒီယာက ကြေညာလိုက်တယ်။ ဒါပေမဲ့ သူမ ဘယ်လောက်ပဲ တာဝန်ကျေအောင် ပြောဆိုပါစေ အသံထဲမှာတော့ ဝေခွဲမရဘဲ ဇဝေဇဝါဖြစ်နေတဲ့ လေယူလေသိမ်းကို ဖုံးကွယ်မရဖြစ်နေခဲ့တယ်။
ချက်ကီဟာ သူ့အဝတ်အစားတွေပေါ်မှာ စွဲကပ်နေတဲ့ မီးတောက်အချို့ကို ပုတ်ခတ်ငြှိမ်းသတ်ရင်း ကိုယ်ကို အနိုင်နိုင် ကြိုးစားထူမတ်လိုက်ရတယ်။
သူ အပြင်းအထန် ဒဏ်ရာမရခဲ့ဘူးဆိုရပေမဲ့ သူ့ရဲ့ အရှိန်အဟုန်တွေ ပျောက်ဆုံးသွားတဲ့ ထိုအခိုက်အတန့်မှာတင် သူ ရှုံးနိမ့်သွားခဲ့ပြီဆိုတာကို သူကိုယ်တိုင် အသိဆုံးပါပဲ။ ဒီတိုက်ပွဲအတွင်းမှာ သူ့အတွက် တစ်ခုတည်းသော အားသာချက်ကတော့ မိုက်ကယ် သူ့ရဲ့ စွမ်းရည်အကြောင်း ဘာမှမသိသေးတဲ့ တိုက်ပွဲအစပိုင်းမှာတင် ရှိခဲ့တာ ဖြစ်ပါတယ်။
မိုက်ကယ်ကတော့ တိုက်ပွဲအတွင်းမှာ သူ့ကို အရှိန်အဟုန်တွေ အဲဒီလောက်အထိ ထပ်ပြီး စုဆောင်းခွင့်ပေးတော့မှာ မဟုတ်ပါဘူး။ ပြီးတော့ သူက တစ်နည်းနည်းနဲ့ အရှိန်အဟုန်တွေအားလုံး ပြန်ရလာခဲ့ရင်တောင်မှ မိုက်ကယ်ရဲ့ ဆန်းကြယ်လှတဲ့ စွမ်းရည်က အရာအားလုံးကို သုညအထိ ပြန်ပြီး ရောက်သွားအောင် လုပ်ပစ်နိုင်ပါသေးတယ်။
ဒါကြောင့်ပဲ ချက်ကီဟာ နာကျင်မှုတွေကို ဆက်မခံစားချင်တော့ဘဲ ကိုယ့်ဘာသာ အရှုံးပေးလိုက်တာပါ။
"ဒါ... ဒါက တကယ်ကို လန်းလွန်းတယ်ဗျာ" ချက်ကီဟာ မိုက်ကယ်ဆီကို ထော့နဲ့ ထော့နဲ့ လျှောက်လာရင်း မျက်နှာရှုံ့မဲ့ကာ ပြောလိုက်တယ်။ "မင်းရဲ့လက်နက်၊ အဲဒါ ဘာပဲဖြစ်ဖြစ်... တကယ့်ကို ဒဏ္ဍာရီတွေ၊ စာအုပ်တွေထဲကအတိုင်းပဲ။ မင်းလိုလူမျိုးနဲ့ ဒီလို ဆန်းပြားတဲ့နည်းလမ်းတွေ သုံးပြီး ယှဉ်ပြိုင်ခွင့်ရတာ တကယ်ကို ဝမ်းသာစရာပဲဗျ"
မိုက်ကယ်က သူ့ဆီ လျှောက်လာပြီး သူတို့နှစ်ယောက် လက်ဆွဲနှုတ်ဆက်လိုက်ကြတယ်။ "ကောင်းမွန်ပြီး တရားမျှတတဲ့ တိုက်ပွဲတစ်ခုပါပဲ" လို့ သူက ပြန်ဖြေလိုက်တယ်။
ဒါဟာ သူ့ရဲ့ ပထမဆုံး စိန်ခေါ်တိုက်ခိုက်ပွဲဖြစ်ပြီး ဒီအတွေ့အကြုံကနေ သူ အများကြီး သင်ယူလိုက်ရပါတယ်။ အထူးသဖြင့် တိုက်ပွဲအများစုမှာ အနိုင်ရဖို့အတွက် သတင်းအချက်အလက်က အဓိကသော့ချက် ဖြစ်တယ်ဆိုတဲ့ အချက်ကိုပါပဲ။ အကယ်၍ သူသာ ချက်ကီရဲ့ အရှိန်အဟုန် စွမ်းရည်အကြောင်းကို ကြိုတင်သိထားခဲ့ရင် တိုက်ပွဲကို ဒီလောက်အထိ ကြာမြင့်အောင် ခွင့်ပြုထားမှာ မဟုတ်ပါဘူး။
"ဂုဏ်ယူပါတယ် မိုက်ကယ်။ မင်း စိန်ခေါ်တိုက်ခိုက်ပွဲမှာ နိုင်သွားပြီ" လို့ ဒစ်ကီက ပြောလိုက်တယ်။ သူက မိုက်ကယ်အတွက် တကယ်ကို ဝမ်းသာပေးနေတဲ့ပုံပါပဲ။ သို့ပေမဲ့ သူ့စိတ်ထဲက မတင်မကျဖြစ်နေတဲ့ စိုးရိမ်စိတ်လေးတစ်ခုကိုတော့ ထိန်ချန်မထားနိုင်ဘဲ ထုတ်ပြောမိပြန်တယ်။
"အာ... မင်းရဲ့လက်နက်နဲ့ မင်းရဲ့စွမ်းရည်ကို ငါ တကယ်ကို သိချင်နေမိပြီ။ ဒါပေမဲ့ ဘာမေးခွန်းမှတော့ မမေးပါဘူး။ မင်းအနေနဲ့ ငါ့ကိုဖြစ်ဖြစ်၊ တခြားဘယ်သူ့ကိုဖြစ်ဖြစ် ဘာမှမပြောပြတာက အကောင်းဆုံးပဲ။ အဲဒါက နောင်လာမယ့် စိန်ခေါ်တိုက်ခိုက်ပွဲတွေမှာ မင်းအတွက် အားသာချက် ဖြစ်စေလိမ့်မယ်"
စီနီယာတစ်ယောက်အနေနဲ့ ဒစ်ကီက မိုက်ကယ်ကို အသုံးဝင်မယ့် အကြံဉာဏ်ကောင်းအချို့ ပေးချင်တာပါ။ ဒါပေမဲ့ အဲဒီပျံသန်းနေတဲ့ လက်နက်ရဲ့ အမှန်တရားကို မသိရမချင်း သူ ညဘက် ကောင်းကောင်းအိပ်ပျော်မှာ မဟုတ်တာကြောင့် ဒါဟာ သူ့ရဲ့ စိတ်အေးချမ်းမှုကိုတော့ စတေးလိုက်ရတာ ဖြစ်ပါတယ်။
"ကျွန်တော့်ရဲ့ ပုဂ္ဂိုလ်ရေးကို လေးစားပေးလို့ ကျေးဇူးတင်ပါတယ်" မိုက်ကယ်က ဦးညွှတ်ရင်း ပြောလိုက်တယ်။
"ကဲ... အကယ်၍ မင်းအနေနဲ့ ယုံကြည်စိတ်ချရတဲ့သူတစ်ယောက်ယောက်ကို ပြောပြချင်လာရင်၊ ဥပမာ မောင့်ဂိုမာရီလို လူမျိုးပေါ့... အဲဒီအခါကျရင်တော့ ငါ့ကိုပဲ ရှင်းပြပြောဆိုလို့ ရပါတယ်နော်" လို့ ကလော်ဒီယာက ကြားဖြတ်ပြောလိုက်တယ်။
သူမကတော့ မိုက်ကယ်ရဲ့ စွမ်းအားတွေအကြောင်းကို အသိချင်ဆုံးလူ ဖြစ်နေခဲ့တာပါ။
ဘယ်လိုပဲဖြစ်ဖြစ် မိုက်ကယ်ရဲ့ စွမ်းရည်ဟာ သူနဲ့ ကျင့်စဉ်အဆင့်တူတူပဲဖြစ်တဲ့ သံလိုက်စွမ်းအား အသုံးပြုသူတစ်ယောက်ကို အသာစီးရယူနိုင်ခဲ့ပါတယ်။ ဒါက သိပ်ပြီး အံ့ဩစရာမဟုတ်ဘူးဆိုရင်တောင်မှ သူ့ရဲ့လက်နက်က ဝိညာဉ်ဆီ မလူးရသေးဘူးဆိုတဲ့ အချက်ကိုပါ ထည့်တွက်လိုက်တဲ့အခါမှာတော့ ဒါက ဘယ်လိုမှ ကျိုးကြောင်းဆီလျော်မှု မရှိတော့ပါဘူး။
သူမက မိုက်ကယ်အနားကို လျှောက်သွားပြီး တိုးတိုးလေး ကပ်မေးလိုက်တယ်။ "မင်းရဲ့စွမ်းရည်က အရှိန်အဟုန်တွေကို ရပ်တန့်ပစ်တာမျိုးလား"
မိုက်ကယ်က သူ့ခေါင်းကို ဘယ်ပြန်ညာပြန် ရမ်းပြလိုက်တယ်။ "တစ်နည်းအားဖြင့်တော့ ဟုတ်တာပေါ့"
ဒါဟာ သူ့စွမ်းရည်ရဲ့ အစွမ်းကုန် မဟုတ်သေးဘူးဆိုတာ သူကိုယ်တိုင် သိတာပေါ့။ ဒါပေမဲ့ ဒါကတော့ သူ့ရဲ့ လက်ရှိ စွမ်းအားအဆင့်ပဲ ရှိပါသေးတယ်။
"အဲဒီ ပျံသန်းနေတဲ့ လက်နက်အကြောင်း ငါ့ကို နောက်ထပ် ပြောပြဦးမယ်လို့ မျှော်လင့်ပါတယ်" သူမက သူ့ကို လက်တို့ရင်း ပြောလိုက်တယ်။
မိုက်ကယ်က အနေခက်စွာနဲ့ပဲ ရယ်မောလိုက်ပြီး "နောင်အနာဂတ်ကျရင် ဖြစ်နိုင်တာပေါ့" လို့ ပြောလိုက်တယ်။
ဒါက သူမအတွက်တော့ လုံလောက်သွားပုံရပါတယ်။ သူမရဲ့ သိချင်စိတ်ကလေး အတန်ငယ် ပြေပျောက်သွားတာနဲ့ အမျှ သူမ ဖြစ်သင့်ဖြစ်ထိုက်တဲ့ တာဝန်ကျေတဲ့ ဒိုင်လူကြီးတစ်ယောက်အသွင်သို့ ပြန်လည်ပြောင်းလဲသွားခဲ့တယ်။
"ဒါဆို စိန်ခေါ်တိုက်ခိုက်ပွဲ ပြီးဆုံးပါပြီ။ မင်းတို့ရဲ့ သဘောတူညီချက်အရ ချက်ကီက မီသရယ် မှော်ဝင်ပစ္စည်းပေါ်ကို ဝိညာဉ်ဆီ လူးပေးတဲ့ လျှို့ဝှက်လုပ်ငန်းစဉ်ကို လုပ်ဆောင်ပေးရမှာဖြစ်ပြီး မိုက်ကယ်ကတော့ ဘေးကနေ အနီးကပ် စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။ ချက်ကီ... မင်းရဲ့ ကတိအတိုင်း လုပ်ဆောင်ပေးဖို့ အသင့်ဖြစ်ပြီလား"
ဒဏ်ရာရထားတာတောင်မှ ချက်ကီဟာ သူ့ရဲ့ လက်မောင်းကြွက်သားတွေကို ပြသရင်း ခေါင်းညိတ်ပြလိုက်တယ်။ "ကတိကတော့ ကတိပါပဲဗျာ။ ပြီးတော့ ဒါက ငါ့ရဲ့ သူငယ်ချင်းအသစ်အတွက်ပဲဥစ္စာ၊ ဒီနေ့ပဲ ချက်ချင်း လုပ်ပေးမှာပေါ့"
မိုက်ကယ်ကတော့ အားနာစိတ်ကလေး နည်းနည်းဝင်လာတာကြောင့် ဒီအစီအစဉ်ကို နောက်ရက်မှ လုပ်ဖို့ ရွှေ့ဆိုင်းချင်ပေမဲ့ ချက်ကီကတော့ ငြင်းဆန်ခဲ့တယ်။
"မင်းက အဲဒီ ပျံသန်းနေတဲ့ လက်နက်နဲ့ ငါ့ကို အကောင်းဆုံးအရာတစ်ခု ပြသခဲ့ပြီးပြီပဲ။ အခု ငါ့အလှည့်ကျတော့လည်း တစ်ခုခု ပြသရမှာပေါ့"
"သူ့အစီအစဉ်ကိုပဲ လက်ခံလိုက်ပါ" လို့ ဒစ်ကီက တိုးတိုးလေး ကပ်ပြောတယ်။ "သူ့ရဲ့ စွမ်းရည်လိုပဲ၊ သူ တစ်ခုခု ဆုံးဖြတ်ပြီးသွားရင် သူ့ရဲ့ အရှိန်အဟုန်ကို တားဆီးလို့ မရတော့ဘူး။ အင်း... တကယ်တော့ မင်းကတော့ တားနိုင်ရင် တားနိုင်မှာပေါ့လေ၊ ဒါပေမဲ့ အဲဒါက အဓိက မဟုတ်ပါဘူး"
မိုက်ကယ်ကိုယ်တိုင်လည်း ဒါကို တကယ်ပဲ စိတ်လှုပ်ရှားနေတာကြောင့် ထပ်ပြီးတော့ မငြင်းဆန်တော့ပါဘူး။
ချက်ကီအနေနဲ့ ဝိညာဉ်ဆီ လူးမယ့်လုပ်ငန်းစဉ်အတွက် ပြင်ဆင်နိုင်ဖို့ အားလုံးပဲ မက်ထရိုပိုလစ်ကို ပြန်ဖို့ ဆုံးဖြတ်လိုက်ကြတယ်။
သူတို့ ပြန်လာတဲ့လမ်းမှာ ကလော်ဒီယာကလည်း သူတို့နောက်ကနေ ဆက်ပြီး လိုက်ပါလာတုန်းပါပဲ။ စိန်ခေါ်တိုက်ခိုက်ပွဲ ပြီးဆုံးသွားခဲ့ပြီ ဆိုရပေမဲ့လည်း သဘောတူညီချက်ရဲ့ အသေးစိတ်အချက်အလက်တွေကို သေသေချာချာ ဆောင်ရွက်ခြင်း ရှိ၊ မရှိ သေချာအောင် စောင့်ကြည့်ဖို့ သူမမှာ တာဝန်ရှိနေပါသေးတယ်။ မိုက်ကယ် ရသင့်ရထိုက်တာတွေကို မရမချင်း သူမ သူတို့အနားကနေ ခွာမှာ မဟုတ်ပါဘူး။
မက်ထရိုပိုလစ်ကို ပြန်ရောက်တာနဲ့ သူတို့ဟာ ကွန့်ချ်ကုမ္ပဏီ အဆောက်အအုံရဲ့ ပန်းပဲဖိုအောက်တည့်တည့်မှာရှိတဲ့ မြေအောက်ခန်းဆီကို ချက်ချင်း ဦးတည်လိုက်ကြတယ်။ ဒီနေရာကတော့ မီသရယ် မှော်ဝင်ပစ္စည်းတွေကို ဝိညာဉ်ဆီ လူးပေးဖို့ တောင်းဆိုချက်တွေကို လုပ်ဆောင်ပေးတဲ့ နေရာပဲ ဖြစ်ပါတယ်။
ဒီနေရာဟာ မည်သူမျှ ဝင်ထွက်သွားလာနိုင်မယ့် နံရံတွေ၊ အပေါက်တွေ မရှိတဲ့ ခုံးပုံစံ မြေအောက်ဂူဗိမာန် အကျဉ်းထောင်တစ်ခုနဲ့ တူနေခဲ့တယ်။ အရာအားလုံးကို ကျောက်တုံးအုတ်ခဲတွေနဲ့ တည်ဆောက်ထားပြီး ထူထဲလှတဲ့ မြေလွှာကြီးတွေက ပတ်လည်ဝိုင်းရံထားပါတယ်။
ခုံးခေါင်မိုးကြီးရဲ့ အလယ်တည့်တည့်မှာတော့ ဧရာမ စက်ဝိုင်းပုံစံ စင်မြင့်ကြီးတစ်ခု ရှိနေတယ်။ ဒီစင်မြင့်ရဲ့ အနားသတ် ပတ်ပတ်လည်မှာတော့ ရှေးဟောင်း ရုပ်ပုံစာလုံး အမှတ်အသားတွေ ရှိနေတာကြောင့် ဒါဟာ ယဇ်ပူဇော်တဲ့ ကျင့်စဉ်တွေ ပြုလုပ်တဲ့ နေရာတစ်ခုလိုမျိုး ထင်မှတ်ရစေပါတယ်။ မြေအောက်ခန်းကို အလင်းရောင်ပေးဖို့ ကြမ်းပြင်ပေါ်မှာ ချထားတဲ့ ဖယောင်းတိုင်တွေကလည်း ဒီအငွေ့အသက်ကို ပိုပြီး ထင်ရှားစေခဲ့တယ်။
ချက်ကီက စက်ဝိုင်းပုံစံ စင်မြင့်ကြီးပေါ်ကို လျှောက်သွားလိုက်တယ်။ သူ့မျက်နှာပေါ်မှာ ခါတိုင်းနဲ့မတူဘဲ ထူးထူးဆန်းဆန်း တည်ငြိမ်မှုတွေ ပေါ်ပေါက်လာတာကြောင့် မြေအောက်ခန်းထဲက လေထုကလည်း အနည်းငယ် ပိုပြီး လေးနက်တည်ကြည်သွားခဲ့ရတယ်။
သူက အလယ်တည့်တည့်မှာ တင်ပျဉ်ခွေထိုင်လိုက်ပြီး မိုက်ကယ်ဘက်ကို လှည့်ကြည့်လိုက်တယ်။
"ဝိညာဉ်ဆီ လူးတဲ့ လုပ်ငန်းစဉ်အတွက် လိုအပ်တဲ့ ပါဝင်ပစ္စည်း သုံးမျိုးရှိတယ်" ချက်ကီက ရှင်းပြတယ်။ "ပထမဆုံးနဲ့ အရေးအကြီးဆုံးအပိုင်းကတော့ ဝိညာဉ်ဆီ ပဲ။ ဒါက ဒီလုပ်ငန်းစဉ်ရဲ့ အသက်သွေးကြောပဲပေါ့"
မိုက်ကယ်က သူ့လက်ကို မြှောက်လိုက်တယ်။ မကြာခင်မှာပဲ သူ့လက်ဖဝါးထဲမှာ အရိပ်အပေါက်တစ်ခု ဖြစ်ပေါ်လာပြီး အစိမ်းရင့်ရောင် ဖန်ပုလင်းငယ်လေးတစ်လုံး ပေါ်ထွက်လာခဲ့တယ်။
ဒီပုလင်းထဲမှာတော့ ဝိညာဉ်ဆီ လေးစက် ပါရှိနေပါတယ်။
သူက အဲဒီပုလင်းငယ်လေးကို ချက်ကီရဲ့ လက်ထဲဆီ ရောက်သွားအောင် မှော်စွမ်းအားနဲ့ ပျံသန်းပေးလိုက်တယ်။
ချက်ကီက ပါဝင်ပစ္စည်းကို လှမ်းယူလိုက်ပြီး ခေါင်းညိတ်ပြတယ်။ "မင်းရဲ့ မီသရယ် မှော်ဝင်ပစ္စည်းကို ပထမဆုံးအကြိမ် ဝိညာဉ်ဆီ လူးဖို့အတွက်ဆိုရင် တစ်စက်တည်းပဲ လိုအပ်တယ်"
"နောက်တစ်ခုကတော့ မင်းရဲ့ ဒီဗာနဲ့ ပေါင်းစည်းချင်တဲ့ မီသရယ် မှော်ဝင်ပစ္စည်းကို ငါ့ကိုပေး"
မိုက်ကယ်က သူ့အိတ်ကပ်ထဲကို နှိုက်ပြီး ဒရုန်းကို ထုတ်ယူလိုက်တယ်။ ဒရုန်းရဲ့ ပန်ကာတွေက ဘေးဘက်ကို ဆန့်ထွက်လာပြီး မကြာခင်မှာပဲ ပျံသန်းသွားကာ ချက်ကီရဲ့ ခြေထောက်နားမှာ ဆင်းသက်လိုက်တယ်။
ချက်ကီက ဒရုန်းကို အရင်က မြင်ဖူးခဲ့ပေမဲ့ အခုမှသာ ဒီလောက်အထိ အနီးကပ် သေသေချာချာ မြင်ဖူးတာ ဖြစ်ပါတယ်။
ဒါဟာ မီသရယ် မှော်ဝင်ပစ္စည်းတစ်ခုဆိုတာ သူ သိနေပေမဲ့လည်း တစ်ခုခု ကွဲပြားခြားနားနေသလိုမျိုး ခံစားချက်ကိုတော့ သူ မဖျောက်ဖျက်နိုင်ခဲ့ပါဘူး။ အဖြေရှာမရတဲ့အဆုံးမှာတော့ လေထဲမှာ လွတ်လွတ်လပ်လပ် ပျံသန်းနိုင်စေတဲ့ ဆန်းပြားတဲ့ စက်မှုလက်မှု အတတ်ပညာကြောင့်ပဲလို့ သူ သတ်မှတ်လိုက်ရတယ်။
"ငါလိုအပ်တဲ့ နောက်ဆုံးနဲ့ ပိတ်သိမ်း ပါဝင်ပစ္စည်းကတော့ မင်းရဲ့ သွေးပဲ။ မင်းရဲ့ အသက်သွေးစက်ကသာ ဒီလက်နက်ကို မင်းရဲ့ ဒီဗာနဲ့ ပေါင်းစည်းပေးမှာဖြစ်ပြီး ဒီဗာကိုယ်တိုင် အဲဒီလက်နက်ကို အသုံးပြုနိုင်အောင် လုပ်ဆောင်ပေးမှာ ဖြစ်တယ်။ သွေးတစ်စက်တည်းဆိုရင် လုံလောက်ပါပြီ"
မိုက်ကယ်က သူ့လက်ညှိုးကို မြှောက်လိုက်ပြီး သူ့သွေးထဲက မှော်စွမ်းအင်တွေကို အရေပြားကနေတစ်ဆင့် စိမ့်ထွက်လာဖို့ စေခိုင်းလိုက်တယ်။
သူ့လက်ညှိုးကနေ သွေးတစ်စက် စိမ့်ထွက်လာပြီး ချက်ကီဆီကို ဖြည်းဖြည်းချင်း မျောလွင့်သွားခဲ့တယ်။
တစ်ချိန်တည်းမှာပဲ ချက်ကီကလည်း သူ့ရဲ့ ကိုယ်ပိုင်မန္တန်ကို အသုံးပြုပြီး ဖန်ပုလင်းထဲကနေ ဝိညာဉ်ဆီ တစ်စက်ကို ထုတ်ယူလိုက်တယ်။
ဆန်းကြယ်ပြီး ကြည်လင်ပျစ်ချွဲနေတဲ့ အရည်ဟာ သွေးစက်လေး သူ့အနားကို ရောက်လာတဲ့အချိန်မှာပဲ ချက်ကီရဲ့ ရှေ့တည့်တည့်မှာ မျောလွင့်နေခဲ့ပါတော့တယ်။
* * * * * * * *