အခန်း ၄၄၅
Vol. 38 Ch. 445
အခန်း(၄၄၅)
ချက်ကီက မျက်လုံးတွေကို မှိတ်လိုက်တဲ့အခါ သူ့ရှေ့မှာ လွင့်မျောနေတဲ့ အရည်နှစ်စက်ရဲ့ အောက်ဘက်မှာ အချင်းချင်း ကြည့်မှန်လို တုံ့ပြန်နေတဲ့ မှော်စက်ဝိုင်းတစ်စုံ ပေါ်လာပါတယ်။
ရုတ်တရက်ဆိုသလိုပဲ မိုက်ကယ့်ရဲ့ သွေးစက်ဟာ အမှုန်အမွှား မြူခိုးတွေအဖြစ် ပေါက်ကွဲထွက်သွားပြီး ချက်ကီရဲ့ မှော်စွမ်းအားက အဲဒီသွေးမှုန်တွေကို နေရာကွက်လပ်တစ်ခုထဲမှာပဲ ထိန်းချုပ်ပိတ်လှောင်ထားလိုက်တယ်။ ပြီးတော့မှ သေးငယ်လွန်းလို့ အဏုကြည့်မှန်ပြောင်းနဲ့ကြည့်ရမယ့် အဲဒီသွေးစက်လေးတွေဟာ တစ်စုံတစ်ရာသော မှော်အစွမ်းရဲ့ စေခိုင်းမှုကို ခံလိုက်ရသလိုမျိုး တဆတ်ဆတ် တုန်ခါလှုပ်ရှားလာကြပါတယ်။
ချက်ကီက သူ့လက်တွေကို ဝှေ့ယမ်းလိုက်တော့ လက်ချောင်းထိပ်ဖျားတွေဆီမှာ လေထုတွေ စုပြုံရောက်ရှိလာတယ်။ သူ ဆင့်ခေါ်လိုက်တဲ့ လေပြင်းဟာ ရဲရဲနီနေတဲ့ သွေးဆဲလ်တွေကို တစ်ခုနဲ့တစ်ခု အစွန်းချင်း ချိတ်ဆက်မိသွားအောင် မောင်းနှင်ပေးပြီး ဝိညာဉ်ဆီ အစက်ကလေးကို ပတ်ချာလည် ဝန်းရံထားတဲ့ သွေးကြိုးနီနီလေးတစ်မျှင် ဖြစ်ပေါ်လာစေပါတယ်။
ဒီပုံရိပ်က မိုက်ကယ့်ကို အက်တမ်တစ်ခုရဲ့ ပုံစံတူ သရုပ်ဖော်ချက်ကို သွားသတိရစေပြီး ဝိညာဉ်ဆီက အက်တမ်ရဲ့ ဝတ်ဆံအူတိုင်ဖြစ်ပြီး သူ့ကို ဝန်းရံထားတဲ့ သွေးစက်လေးတွေကတော့ အီလက်ထရွန်တွေ ဖြစ်နေသလိုပါပဲ။
“ချက်ကီက မင်းရဲ့ သွေးကို ရှေးဟောင်းဝိညာဉ်နဲ့ ပေါင်းစပ်ဖို့ ကြိုးစားနေတာ” လို့ ဒစ်ကီက ရှင်းပြတယ်။ “ဒါက ဟက်ဖေးစတပ်စ် သွေးမျိုးဆက် ဆက်နွှယ်မှုကနေပဲ အမွေဆက်ခံရတဲ့ သီးသန့်ပင်ကိုယ်စွမ်းရည်တစ်ခုကတစ်ဆင့်ပဲ လုပ်ဆောင်နိုင်တဲ့ စိပ်ပြားလွန်းတဲ့ အတတ်ပညာမျိုးပဲ”
သွေးစက်တွေက ဝိညာဉ်ဆီ အစက်ဆီကို အတင်းအဓမ္မ ဝင်ရောက်ပေါင်းစည်းဖို့ ကြိုးစားရင်း တစ်ရွေ့ရွေ့နဲ့ သွားပြီး ရိုက်ခတ်နေတာကို မိုက်ကယ်က စိုက်ကြည့်နေမိတယ်။
ဒီလို မြင်ကွင်းဆန်းကို သဘောကျမိနေပေမဲ့လည်း နောက်ကွယ်မှာတော့ နိုဗာက ဒီလိုအကျိုးသက်ရောက်မှုမျိုး ရရှိအောင် ချက်ကီ အသုံးပြုခဲ့တဲ့ မန္တန်ကို ခွဲခြမ်းစိတ်ဖြာဖို့ အလုပ်လုပ်နေပါတယ်။
[မှော်ကျင့်စဉ် ရရှိပါပြီ]
ဝိညာဉ်ဆီနဲ့ မိုက်ကယ့်ရဲ့ သွေးတွေ တစ်စက်နဲ့တစ်စက် အရှိန်အဟုန်နဲ့ ထိမှန်မိတိုင်း ထူးဆန်းတဲ့ ဖြစ်စဉ်တစ်ခု စတင်ပေါ်ပေါက်လာခဲ့တယ်။
ဝိညာဉ်ဆီရဲ့ တည်ဆောက်ပုံ စစ်စစ်ကြီးကတင်ကို ပြောင်းလဲလာပြီး မိုက်ကယ့်ရဲ့ ဒီအန်အေ ကွိုင်ပတ်ပုံစံမျိုးကို ယူလာတာပါ။
ဒီအထဲက မိုက်ကယ့်ကို အံ့ဩအသွားစေဆုံး အချက်ကတော့ ဒီဖြစ်စဉ်ဟာ ချက်ကီရဲ့ မှော်စွမ်းအားကြောင့် ဖြစ်လာတာမဟုတ်ဘဲ ဝိညာဉ်ဆီရဲ့ ပင်ကိုယ်သဘာဝ ဂုဏ်သတ္တိတွေကြောင့် ဖြစ်ပေါ်လာတာပဲ ဖြစ်နေလို့ပါ။
ဒီလိုဖြစ်ပျက်သွားတဲ့အချိန်မှာ ဝိညာဉ်ဆီဆီကနေ ဘယ်လိုမှော်စွမ်းအားမျိုးကိုမှ သူ အာရုံမခံမိခဲ့ပါဘူး။ သူ့ရဲ့ နှလုံးသားထဲမှာရှိတဲ့ နတ်ဘုရားပန်းပဲဖို အပိုင်းအစတွေဆီကနေ ခံစားရဖူးတဲ့ တန်ခိုးအဟုန်မျိုးကိုပဲ ထပ်တူထပ်မျှ ခံစားလိုက်ရတယ်။
‘ဝိညာဉ်ဆီမှာ နတ်ဘုရားပန်းပဲဖို အပိုင်းအစတွေလို တန်ခိုးမျိုး ရှိနေတာလား’ မိုက်ကယ်က တွေးတောမိသွားတယ်။ ဒီလို အရည်အမျိုးအစား သီးသန့်ကို မက်ဂ်နက်တစ် တစ်ဦးရဲ့ စွမ်းရည်တွေကို မြှင့်တင်ဖို့ အသုံးပြုကြတာ မဆန်းတော့ပါဘူးလေ။ ဒါက အခြေခံအားဖြင့် နတ်ဘုရားပန်းပဲဖို အပိုင်းအစတစ်ခုနဲ့ တန်ခိုးချင်း ထပ်တူညီနေတာကိုး။
“အဆင့်တွေ ပြီးသွားပြီ” လို့ ဒစ်ကီက မိုက်ကယ့်ကို တိုးတိုးလေး ကပ်ပြောလိုက်တယ်။ သူက ချက်ကီ အာရုံစူးစိုက်နေတုန်းမှာ အနှောင့်အယှက် မဖြစ်စေချင်တာပါ။
“အခု သူ လုပ်ဖို့လိုတာက အသစ်ထွက်လာတဲ့ ဝိညာဉ်ဆီ အရောအနှောကို မင်းရဲ့ မီသရယ် မှော်ဝင်ပစ္စည်းပေါ်ကို ညီညီညာညာ ဖြန့်ခင်းပေးဖို့ပဲ။ ဒါက တကယ်ကို အရေးကြီးတဲ့ အပိုင်းပဲ။ သူ အများကြီး သုံးလို့လည်း မရဘူး၊ နည်းလွန်းလို့လည်း မဖြစ်ဘူး။ လက်နက်ရဲ့ မျက်နှာပြင်ဧရိယာ တစ်ခုလုံးကို ဝိညာဉ်ဆီနဲ့ အုပ်မိအောင် လုပ်ရမှာ”
ဒါပေမဲ့ ချက်ကီက ဒရုန်းပေါ်ကို ဝိညာဉ်ဆီ သုတ်လိမ်းတော့မယ့်အချိန်မှာတင် ရုတ်တရက် ရပ်တန့်သွားခဲ့တယ်။
ပုံမှန်ဆိုရင်တော့ ဒါက သူ့လိုလူမျိုးအတွက် အသေးအဖွဲ ကိစ္စလေးတစ်ခုပါ။ သို့သော်လည်း အဲဒါက သူနဲ့ ရင်းနှီးကျွမ်းဝင်ပြီးသား ပုံမှန်လက်နက်တွေအတွက်သာ ဖြစ်လိမ့်မယ်။
အခြားတစ်ဖက်မှာရှိတဲ့ ဒရုန်းကတော့ သူ သုံးနေကျအရာတွေနဲ့ လုံးဝဥဿုံ ကွဲပြားခြားနားနေပါတယ်။ သူက ဒီဒရုန်းရဲ့ တိကျတဲ့ သတ်မှတ်ချက်တွေကိုလည်း မသိသလို၊ ဘယ်နေရာကနေ လက်ကိုင် စတာလဲ၊ ဘယ်နေရာမှာ ဓားသွားတွေ ရှိနေတာလဲဆိုတာလည်း မသိဘူးလေ။
ကယ်လို့ သူသာ ဒီလက်နက်ပေါ်ကို ဝိညာဉ်ဆီ သုတ်လိမ်းမယ်ဆိုရင် အမြင်အာရုံ မရှိဘဲ စမ်းတဝါးဝါး လုပ်နေရသလိုမျိုး ဖြစ်နေတော့မှာပါ။
“ငါ ဒါကို မလုပ်နိုင်ဘူး” လို့ သူက ပြောတယ်။ “မိုက်ကယ်... မင်းကိုယ်တိုင်ပဲ လုပ်ကြည့်ရင် လုပ်ကြည့်ပါလား”
အခြေအနေရဲ့ လေးနက်မှုကို မြင်လိုက်ရတဲ့အတွက် မိုက်ကယ်က ခေါင်းညိတ်ပြီး အလုပ်ကို တာဝန်ယူဖို့ ရှေ့ကို တက်လာခဲ့တယ်။ ဒါက ဘယ်လိုပဲဖြစ်ဖြစ် သူ့ရဲ့ လက်နက်ဖြစ်နေတာကြောင့် သူကိုယ်တိုင် တာဝန်ယူ လုပ်ဆောင်တာကပဲ အမှန်ကန်ဆုံး ဖြစ်နေတာပေါ့။
ဒီမှာတင် သူ့ရဲ့ ပုခုံးပေါ်ကို ရောက်လာတဲ့ ဒစ်ကီရဲ့ လက်တစ်ဖက်ကို သူ ခံစားလိုက်ရတယ်။ “မင်းကို သတိထားစေချင်ရုံတင်ပါ” လို့ သူက သတိပေးတယ်။ “ကျရှုံးသွားခဲ့ရင် မင်း သုံးလိုက်တဲ့ ဝိညာဉ်ဆီ အစက်ရော၊ လက်နက်ကိုယ်တိုင်ပါ နှမြောစရာကောင်းအောင် ဖြုန်းတီးပစ်လိုက်သလို ဖြစ်သွားလိမ့်မယ်”
မိုက်ကယ်က ခေါင်းညိတ်ပြပြီး စက်ဝိုင်းပုံစံ စင်မြင့်ဆီကို လျှောက်လှမ်းသွားခိုက်မှာ သူ့မျက်နှာက ပိုပြီးတော့တောင် တည်ကြည်လေးနက်လာခဲ့တယ်။
ပြီးတော့ သူက ချက်ကီနဲ့ မျက်နှာချင်းဆိုင် ထိုင်လိုက်ပြီး သူတို့ကြားထဲမှာတော့ လေထဲမှာ ဝဲပျံနေတဲ့ ဒရုန်းနဲ့ သူ့ကို ပတ်ချာလည် ဖြည်းဖြည်းချင်း လှည့်ပတ်နေတဲ့ ဝိညာဉ်ဆီ အရောအနှော ရှိနေပါတယ်။
“ငါ ဘာလုပ်ဖို့ လိုသလဲ” သူက မေးလိုက်တယ်။
“မင်း ရိုးရိုးရှင်းရှင်း သံလိုက်စွမ်းအားသုံးပြီး ပစ္စည်းတွေ ရွှေ့ပြောင်းတဲ့ မန္တန်ကို တတ်လိမ့်မယ်လို့ ငါ ယူဆပါတယ်။ ဝိညာဉ်ဆီကိုပဲ ထိန်းချုပ်လိုက်ပြီး မင်းရဲ့ လက်နက်မျက်နှာပြင်ပေါ်ကို အသာအယာလေး ပွတ်တိုက်ပေးလိုက်ပါ။
အဲဒီနှစ်ခုကြားက ထိတွေ့တဲ့အမှတ်က အနည်းဆုံးဖြစ်နေအောင် သေချာဂရုစိုက်နော်”
ချက်ကီက သူ့ရဲ့ ထိန်းချုပ်မှုကို မိုက်ကယ့်ထံ လွှဲပြောင်းပေးလိုက်တဲ့အခါမှာတော့ ဒီကောင်လေးဟာ သူတို့ ဘယ်လောက်ပဲ အရေးကြီးတယ်လို့ ပြောထားပြောထား၊ ဘာတုန်လှုပ်ခြောက်ခြားမှု အရိပ်အယောင်မှ ပြမနေတာကို တွေ့ပြီး သူ အံ့ဩသွားရတယ်။ သူ့ရဲ့ အကြောတွေက သံမဏိနဲ့ လုပ်ထားသလိုမျိုးပါပဲ။
တကယ်လို့ မိုက်ကယ်က သူ့ဘာသာသူပဲ လုပ်နေရတာဆိုရင်တော့ သေမတတ် တုန်လှုပ်နေမှာ အမှန်ပါပဲ။ ဒါပေမဲ့ ကံကောင်းထောက်မစွာနဲ့ပဲ သူ့ရဲ့ စိတ်ထဲမှာတော့ တိကျသေချာမှုအပိုင်းမှာ ကိုယ့်ကိုယ်ကိုယ် ဂုဏ်ယူဝင့်ကြွားနေတဲ့ ပါတနာတစ်ယောက် ရှိနေတာပေါ့။
[ဝိညာဉ်ဆီ အရောအနှောကို စတင်ထိန်းချုပ်နေပါသည်...]
ဝိညာဉ်ဆီ အစက်ကလေးက သာမန်အရှိန်နှုန်းနဲ့တင် မိုးရေစက်တွေလိုမျိုး ဒရုန်းဆီကို လွင့်မျောသွားခဲ့တယ်။ သို့သော်လည်း ချက်ကီအတွက်တော့ ဒီအရှိန်က မြန်လွန်းနေပါတယ်။
သူက မိုက်ကယ့်ကို အရှိန်လျှော့ဖို့ သတိပေးချင်နေမိတယ်။ သို့ပေမဲ့လည်း သူ သတိပေးလိုက်ရင် မိုက်ကယ့်ရဲ့ အာရုံစူးစိုက်မှုကို ပျက်ပြားသွားစေပြီး အခြေအနေကို ပိုပြီး ဆိုးရွားသွားစေနိုင်မှန်း သူ သိနေပြန်တယ်။
ဒါကြောင့် ဒစ်ကီနဲ့ ချက်ကီတို့ဟာ ဒရုန်းဆီကို တရှိန်ထိုး ပြေးဝင်သွားတဲ့ ဝိညာဉ်ဆီ စက်ကလေးကို ရင်တမမနဲ့ ငေးကြည့်နေရုံကလွဲလို့ ဘာမှမတတ်နိုင်ခဲ့ကြပါဘူး။
ဝင်တိုက်တော့မယ့်ပုံပေါ်နေတဲ့ အဲဒီနောက်ဆုံး စက္ကန့်ပိုင်းလေးမှာတင် ဝိညာဉ်ဆီ စက်ကလေးက ရုတ်တရက် ရပ်တန့်သွားပြီး ဒရုန်းနဲ့ အနည်းငယ်မျှသော ထိတွေ့မှုကိုပဲ ထိန်းသိမ်းထားလိုက်တယ်။
ပြီးတာနဲ့ အဲဒီအရည်စက်ကလေးက ဒရုန်းရဲ့ မျက်နှာပြင်တစ်လျှောက်ကို လျှပ်စီးလို အရှိန်နဲ့ ဝှေ့ယမ်းပြေးလွှားသွားပြီး သူ့နောက်ကွယ်မှာ တောက်ပပြောင်လက်နေတဲ့ အလွှာတစ်ခုကို ချန်ထားခဲ့ပါတယ်။
အရှိန်ကို ဆယ်ဆလောက် မြှင့်တင်ထားတဲ့ မြက်ရိတ်စက်ကြီးတစ်ခုလိုမျိုး အဲဒီအရည်စက်က ဒရုန်းကို ဆေးခြယ်သလိုမျိုး အပီအပြင် သုတ်လိမ်းနေတော့တာပါ။ သူ့ရဲ့ လှုပ်ရှားမှုက အနုစိတ်လွန်းလှပြီး သူ ဖြတ်သန်းသွားဖူးတဲ့ နေရာတစ်ခုကို ဘယ်တော့မှ ထပ်ပြီး မကျော်ဖြတ်ခဲ့ဘူး။
အိမ်ခေါင်မိုးပေါ်ကနေ အပ်တစ်ချောင်း အောက်ကို ကျလာမယ့် အချိန်ကာလထက်တောင် ပိုပြီးတိုတောင်းတဲ့ အချိန်လေးအတွင်းမှာတင် အဲဒီဝိညာဉ်ဆီစက်ဟာ ဒရုန်းရဲ့ အောက်ခြေကနေ ထိပ်ဖျားအထိ မနားတမ်း ပြေးလွှားသွားပြီး သုတ်လိမ်းခြင်း လုပ်ငန်းစဉ်တစ်ခုလုံးကို အပြီးသတ်လိုက်တာကို ဒစ်ကီနဲ့ ချက်ကီတို့ ကြည့်နေမိကြတယ်။
ပြီးတော့ ဒရုန်းတစ်ခုလုံးရဲ့ တောက်ပပြောင်လက်နေတဲ့ ပုံစံကို ကြည့်ခြင်းအားဖြင့် ဘာအမှားအယွင်းမှ မရှိဘဲ သုတ်လိမ်းခြင်းက အောင်အောင်မြင်မြင် ပြီးဆုံးသွားခဲ့ပါပြီ။
ဒါကတော့ ပြောစရာမလိုအောင်ကိုပဲ နိုဗာကိုယ်တိုင်က ဒီဒရုန်းကို ပုံစံထုတ်ခဲ့တာဖြစ်လို့ မိုက်ခရိုမီတာအထိ တိကျတဲ့ တိုင်းတာချက်တွေကို သူ သိနေလို့ပေါ့။
“သုတ်လိမ်းပြီးသွားပြီလား... ဒီအတိုင်းကြီးလား” ဒစ်ကီက သံသယဝင်နေမိတယ်။
“ငါတို့ရဲ့ ဘိုးဘေးတွေတောင် ဒီလောက်အမြန်နှုန်းမျိုးနဲ့ မလုပ်နိုင်ကြဘူး။ ပြီးတော့ ဒါက အင်မတန်မှ ရှုပ်ထွေးပြီးတော့ ပုံစံမကျတဲ့ လက်နက်ဆန်းမျိုးပေါ်မှာလေ”
ဒစ်ကီမှာ မိုက်ကယ့်ကို ကွန့်ချ်ကုမ္ပဏီရဲ့ အရာရှိတစ်ယောက်အဖြစ် ဝင်ရောက်ဖို့ ရိုးရိုးရှင်းရှင်းပဲ တောင်းဆိုချင်စိတ်တွေ တဖွားဖွား ပေါ်လာခဲ့တယ်။ ဒါပေမဲ့ ဒါက မိုက်ကယ့်ရဲ့ ကိုယ်ပိုင်ကုမ္ပဏီကို စော်ကားသလို ဖြစ်သွားနိုင်မှန်း သိလို့ သူ့ကိုယ်သူ ပြန်ထိန်းလိုက်ရတယ်။
“နောက်ထပ် ငါ ဘာလုပ်ရဦးမလဲ။ ပြီးပြီလား”
ချက်ကီက စိတ်ကို ပြန်ထိန်းလိုက်ပြီး အဖြေပေးတယ်။ “မင်းရဲ့ လက်နက်ကို ကိုင်တွယ်ပြီး ထိတွေ့မှု လုပ်ရမယ်” လို့ ချက်ကီက ပြောလိုက်တယ်။
“မင်း အဲဒီလက်နက်နဲ့ ချိတ်ဆက်မှုတစ်ခုကို ခံစားရလိမ့်မယ်။ ဒါက ထူးထူးဆန်းဆန်း ခံစားမှုမျိုး ဖြစ်ပေမဲ့ မင်း အသားကျအောင် လုပ်ရမှာပါ” လို့ ဒစ်ကီက ရှင်းပြတယ်။
မိုက်ကယ်က လေထဲမှာ ဝဲပျံနေတဲ့ ဒရုန်းကို လှမ်းကြည့်လိုက်တယ်။ ပထမဆုံး အကဲခတ်ကြည့်ရသလောက်တော့ သုတ်လိမ်းထားလို့ ပြောင်လက်နေတဲ့ အသွင်အပြင်ကလွဲရင် ဒရုန်းဆီကနေ ထူးထူးခြားခြား ကွဲပြားမှုကို သူ မခံစားရသေးပါဘူး။
သို့သော်လည်း သူ လက်ကို မြှောက်ပြီး အနားကို တိုးကပ်သွားတဲ့အခါမှာတော့ သူ့ရဲ့ အရေပြားပေါ်မှာ ထူးဆန်းတဲ့ တဖျဉ်းဖျဉ်း ခံစားမှုမျိုးကို ခံစားလိုက်ရတယ်။
ဒါက သူ နတ်ဘုရားပန်းပဲဖို အပိုင်းအစနဲ့ ပထမဆုံးအကြိမ် ထိတွေ့ခဲ့တုန်းက ခံစားချက်မျိုးနဲ့ ထပ်တူပါပဲ။
ပြီးတော့ နတ်ဘုရားပန်းပဲဖို အပိုင်းအစလိုမျိုးပဲ ဒရုန်းဟာ သူ့ရဲ့ အရေပြားဆီကို ဆွဲငင်ခြင်း ခံလိုက်ရသလိုမျိုး ရုတ်တရက် သူ့ရဲ့ လက်ဖဝါးဆီကို သေနတ်ကျည်ဆန်လိုမျိုး တရှိန်ထိုး ပြေးဝင်လာခဲ့တယ်။
ထိတွေ့လိုက်တဲ့ အဲဒီစက္ကန့်ပိုင်းမှာတင် မိုက်ကယ်ဟာ သူ့ရဲ့ ခန္ဓာကိုယ်တစ်ခုလုံးကို နိုးကြားသွားစေတဲ့ တုန်လှုပ်ချောက်ချားဖွယ်ရာ ခံစားမှုကြီးကို ခံစားလိုက်ရတော့တာပေါ့။
ဒီခံစားမှုက ရုပ်ပိုင်းဆိုင်ရာကို ကျော်လွန်ပြီး စိတ်ပိုင်းဆိုင်ရာအထိ ရိုက်ခတ်သွားတာမို့ သူ မျက်လုံးတွေကို မှိတ်ထားလိုက်ရတယ်။
[အမည်မသိ ဆော့ဝဲလ်တစ်ခုက မင်းရဲ့ ဝိညာဉ်နဲ့ ချိတ်ဆက်ဖို့ ကြိုးစားနေပါတယ်။] နိုဗာရဲ့ အသံက ထွက်ပေါ်လာခဲ့တယ်။
[အဲဒီဆော့ဝဲလ်ရဲ့ မြစ်ဖျားခံရာနဲ့ ရည်ရွယ်ချက်ကို ဆုံးဖြတ်ဖို့အတွက် ကြားဖြတ်စစ်ဆေးနေပါသည်...]
[ချိတ်ဆက်မှု အောင်မြင်ပါသည်။ ဆော့ဝဲလ်သည် ရန်လိုမည့်အသွင်မရှိကြောင်း ဆုံးဖြတ်ရရှိပါသည်။]
[မင်းရဲ့ စိတ်အာရုံထဲကို ဆော့ဝဲလ် ပေါင်းစည်းထည့်သွင်းနေပါသည်။]
[ဆော့ဝဲလ် ပေါင်းစည်းခြင်းအတွက် ရုပ်ပိုင်းဆိုင်ရာနှင့် စိတ်ပိုင်းဆိုင်ရာ စွမ်းဆောင်ရည်အားလုံးကို အရေးပေါ် ပိတ်ချခြင်းအား စတင်နေပါသည်။]
ဒရုန်းနဲ့ ထိတွေ့မိတာနဲ့တစ်ပြိုင်နက် မိုက်ကယ့်ရဲ့ ခန္ဓာကိုယ်ဟာ သတိလစ်မေ့မြောကာ ကြမ်းပြင်ပေါ်သို့ ရုတ်တရက် လျှောကျလဲပြိုသွားပါတော့တယ်။
* * * * * * * *
စာစဉ်(၃၈)