အခန်း ၄၄၆
Vol. 38 Ch. 446
အခန်း(၄၄၆)
မိုက်ကယ်တစ်ယောက် သတိပြန်လည်လာပြီး သူ့ရဲ့အသိစိတ်တွေ တဖြည်းဖြည်းချင်း နိုးထလာတာကို ခံစားလိုက်ရတယ်။
“ဘာလဲ... ဘာဖြစ်သွားတာလဲ” လို့ သူ အကျယ်ကြီး ရေရွတ်မိသွားတယ်။
သူ့အသံက အဆုံးမရှိတဲ့ အမှောင်ထုကမ္ဘာကြီးထဲမှာ ပဲ့တင်ထပ်သွားခဲ့တယ်။ အဲဒီအသံက သူ့ပါးစပ်ကနေ ထွက်လာတဲ့ပုံစံမျိုးတောင် မဟုတ်ဘဲ သူ့ပတ်ဝန်းကျင်တစ်ခုလုံးကနေ ထွက်ပေါ်လာသလိုမျိုး ကြားနေရတာပါ။
သူ နိုးနေပြီလို့ ခံစားရပေမဲ့ ဒါက သူအမြဲကြုံဖူးနေကျ နိုးထခြင်း မျိုးမဟုတ်မှန်း သူသိနေတယ်။ အိပ်မက်မက်နေတုန်း ကြားဖြတ်ပြီး ခဏတဖြုတ် သတိဝင်လာတဲ့ ခံစားချက်မျိုးနဲ့ တူနေခဲ့တယ်။
သူက အောက်ကို ငုံ့ကြည့် လိုက်ပေမဲ့ ဘယ်သူ့ခန္ဓာကိုယ်ကိုမှ မမြင်ရဘူး။ သူဟာ သူ့ကို ဝန်းရံထားတဲ့ အဆုံးမဲ့ အမှောင်ထုထဲမှာ မျောလွင့်နေတဲ့ ခန္ဓာကိုယ်မဲ့ စိတ်ကူးစိတ်သန်း ဒါမှမဟုတ် အသိစိတ်တစ်ခုသက်သက် ဖြစ်နေခဲ့တယ်။
ဒါက သူပထမဆုံးအကြိမ် သေဆုံးပြီး ရီနေးတားအဖြစ် ဝင်စားခဲ့စဉ်က အခြေအနေကို ပြန်သတိရစေတယ်။ ဒါပေမဲ့ ဒီတစ်ကြိမ်မှာတော့ အိပ်မက်တစ်ခုရဲ့ အလယ်ခေါင်ကို ရောက်နေသလိုမျိုးပဲ သူ ခံစားနေရတာပေါ့။
“နိုဗာ... ဘာတွေဖြစ်နေတာလဲ”
[....မင်္ဂလာပါ မိုက်ကယ်။]
စက္ကန့်အနည်းငယ်ကြာတော့ အဆုံးမရှိတဲ့ အသံလှိုင်းတွေထဲကနေ သူ့ရဲ့ ကိုယ်ပိုင် အိုင်အေအကူရဲ့ အမျိုးသမီးအသံ ထွက်ပေါ်လာပါတယ်။ ဒီတစ်ခါတော့ အသံက သူ့ခေါင်းထဲကို တိုက်ရိုက်ရောက်လာတာ မဟုတ်ဘူး။ နိုဗာက သူ့ရဲ့ အနီးအနားတစ်နေရာရာမှာ တကယ်ရှိနေသလိုမျိုး အစစ်အမှန်အရင်းအမြစ်တစ်ခုကနေ ထွက်လာတဲ့ပုံစံမျိုး ကြားရတာပါ။
“ငါ ဘယ်ရောက်နေတာလဲ”
သူ နောက်ဆုံးအမှတ်ရခဲ့တာတွေကို ပြန်ပြီး စဉ်းစားစိစစ်ဖို့ ကြိုးစားလိုက်တဲ့အခါ သူ ဒရုန်းကို လက်နဲ့ ထိလိုက်တဲ့ ပုံရိပ်က သူ့ခေါင်းထဲမှာ လျှပ်ခနဲ ပေါ်လာပါတယ်။
“ငါ ငါ့ဒရုန်းကို ဝိညာဉ်ဆီနဲ့ သုတ်လိမ်းပြီးသွားတာပဲ မှတ်မိတယ်... အဲဒီနောက်မှာ... ငါ သတိလစ်သွားတာပဲ” လို့ သူ ပြန်သတိရသွားတယ်။
[အဲဒါ မှန်ပါတယ်။ မီသရယ် မှော်ဝင်ပစ္စည်းနဲ့ သင် ချိတ်ဆက်လိုက်တာကြောင့် အမည်မသိ ဆော့ဝဲလ်တစ်ခုက သင့်ဦးနှောက်ထဲကို တိုက်ရိုက် ဒေါင်းလုဒ်ဆွဲဝင်သွားခဲ့တာပါ။]
[သင့်ဘေးကင်းလုံခြုံရေးအတွက် ကျွန်ုပ် အဲဒီဆော့ဝဲလ်ကို ဖျက်ပစ်တော့မလို့ပါပဲ၊ ဒါပေမဲ့ နတ်ဘုရားပန်းပဲဖို အပိုင်းအစတွေက တန်ခိုးတွေနဲ့ တုန်ခါလာပြီး အဲဒီလို မလုပ်ဖို့ ကျွန်ုပ်ကို သတိပေးခဲ့တယ်။ အဲဒီဆော့ဝဲလ်က သင့်ရဲ့ ဒီဗာနဲ့ ချိတ်ဆက်ဖို့ ရည်ရွယ်ထားတာမှန်း အတည်ပြုပြီးတဲ့နောက်မှာတော့ ကျွန်ုပ်ရဲ့ ကိုယ်ပိုင်ဆော့ဝဲလ်ထဲကို အဲဒီကုဒ်တွေကို ပေါင်းစပ်ထည့်သွင်းဖို့ စတင်လုပ်ဆောင်ခဲ့ပါတယ်။]
[ဒါပေမဲ့ အဲဒီလိုလုပ်တာက သင့်ကျန်းမာရေးအတွက် အင်မတန် အန္တရာယ်များခဲ့တယ်။ အကယ်၍ ကျွန်ုပ်သာ သင့်ခန္ဓာကိုယ်ရဲ့ လုပ်ဆောင်ချက်တွေကို အရေးပေါ်ပိတ်ပစ်မလိုက်ဘူးဆိုရင် သင့်ရဲ့ အသိစိတ်ကို ထိခိုက်ပျက်စီးစေခဲ့မှာပါ။]
ဒါက ဒီလိုမျိုး ပထမဆုံးအကြိမ် ဖြစ်ဖူးတာတော့ မဟုတ်ပါဘူး။ နိုဗာကို ဗားရှင်းတူးအဖြစ် ပထမဆုံး အဆင့်မြှင့်တင်တုန်းကလည်း သူ ခန္ဓာကိုယ်ကို ပိတ်ပစ်ခဲ့ရဖူးတာပဲ။
“အဆင်ပြေသွားရဲ့လား” လို့ သူ မေးလိုက်တယ်။
[ပြေသွားပါတယ်။ သင့်ရဲ့ ဒီဗာက ဆော့ဝဲလ်ပေါင်းစပ်မှုလုပ်ငန်းစဉ်ကို လွှဲပြောင်းထိန်းချုပ်ပေးလိုက်တာကြောင့် အကူးအပြောင်းက အချောမွေ့ကြီး ဖြစ်သွားခဲ့ပါတယ်။]
“မင်း... သူနဲ့ စကားပြောလိုက်သေးလား”
[ဒီဗာက ကျွန်ုပ်ရဲ့ ဆက်သွယ်ဖို့ ကြိုးစားမှုတွေကို ဘယ်လိုမှ တုံ့ပြန်ခြင်းမရှိခဲ့ပါဘူး။ အသိစိတ်မရှိတဲ့ အင်္ဂါအစိတ်အပိုင်းတစ်ခု အလိုအလျောက် အလုပ်လုပ်သလိုမျိုးပဲ သူ့အလုပ်သူ ပုံမှန်အတိုင်း လုပ်သွားတာပါ။]
သူ့ရဲ့ ဒီဗာနဲ့ စွမ်းရည်တွေမှာ တစ်ခုခု ထူးခြားနေတယ်ဆိုတာ မိုက်ကယ် သိနေခဲ့တယ်။ ဘာလို့လဲဆိုတော့ တခြား မက်ဂ်နက်တစ်တွေဟာ မီသရယ် မှော်ဝင်ပစ္စည်းတွေနဲ့ ချိတ်ဆက်မိရုံနဲ့ ဒီလိုမျိုး ဆော့ဝဲလ်အပ်ဒိတ် ဖြစ်တာကို လုံးဝ ကြုံတွေ့ရမှာ မဟုတ်မှန်း သူ အသေအချာ သိနေလို့ပဲ။
“ဒါ ငါက မီသရယ် မှော်ဝင်ပစ္စည်းကို သုံးလို့လား။ ဒါမှမဟုတ် ငါက သဘာဝအတိုင်းဖြစ်တည်တဲ့ မက်ဂ်နက်တစ်တစ်ယောက် ဖြစ်နေလို့လား”
[အဖြစ်နိုင်ဆုံး အဖြေကတော့ အဲဒီအချက်နှစ်ချက်စလုံး ပေါင်းစပ်သွားလို့ပါပဲ။]
ဖြစ်ပျက်ခဲ့သမျှတွေကို နိုဗာက ရှင်းပြပြီးတဲ့နောက်မှာတော့ သူ စိတ်သက်သာရာရသွားခဲ့တယ်။
“ငါ အခုထိ သတိမရသေးဘူး ထင်တယ်”
[မှန်ပါတယ်။ သင့်ရဲ့ ရုပ်ပိုင်းဆိုင်ရာခန္ဓာကိုယ်က လက်ရှိမှာတော့ အိပ်မော်ကျနေဆဲ အခြေအနေမှာ ရှိနေပါတယ်။ သင့်ခန္ဓာကိုယ် ပြိုလဲသွားတာကို မြင်လိုက်ရတာနဲ့ ချက်ကီနဲ့ ဒစ်ကီတို့က သင့်ကို ပိုပြီး ဘေးကင်းတဲ့ နေရာတစ်ခုဆီ ရွှေ့ပြောင်းပေးခဲ့ကြတယ်။ အခုအချိန်မှာ သင်ဟာ ကလော်ဒီယာရဲ့ စောင့်ရှောက်မှုအောက်မှာရှိတဲ့ အစည်းအရုံးရဲ့ ဌာနချုပ်ထဲမှာ ရောက်နေတာပါ။]
[သူမက အရောင်းဌာနမှာ ရှိနေသေးတဲ့ ရီနေးတား ဝန်ထမ်းတွေကို ဆက်သွယ်ပြီး ဖြစ်ပျက်ခဲ့သမျှကို အကြောင်းကြားထားပြီးပြီ။ အခု ကျွန်ုပ် စကားပြောနေတဲ့အချိန်မှာ သင့်မိသားစုက ဒီကိုလာနေကြပါပြီ။]
ဒါတွေကို လူတိုင်းကို ဘယ်လိုရှင်းပြရမလဲဆိုတာ သူ မသိသေးပေမဲ့ အဲဒါကို နောက်မှပဲ ဖြေရှင်းဖို့ ဆုံးဖြတ်လိုက်တယ်။
“ဒါဆို ငါက ဘာလို့ ဒီနေရာကို ရောက်နေရတာလဲ”
ရုတ်တရက်ဆိုသလို သူ့ရှေ့မှာ စာသားအကြီးကြီးတစ်ခု ပေါ်လာတယ်။ အဲဒါက နိုဗာ အမြဲတမ်း သုံးနေကျ စနစ်မျက်နှာပြင်ရဲ့ ပုံစံ၊ ဖောင့်အမျိုးအစားအတိုင်းပဲ။
[မီသရယ် မှော်ဝင်ပစ္စည်း: ဒရုန်း]
[ရှေးဟောင်းဝိညာဉ်: ၁ စက်]
အဲဒီစာသားရဲ့ အောက်တည့်တည့်မှာတော့ ဝင်ရိုးပေါ်မှာ ဖြည်းဖြည်းချင်း လည်ပတ်နေပြီး ဘက်ပေါင်းစုံကို ပြသနေတဲ့ သူ့ဒရုန်းရဲ့ တိကျလှတဲ့ 3D ပုံရိပ်ယောင်တစ်ခု ရှိနေပါတယ်။
“ဒါ ဘာလဲ”
[ဒါကတော့ မီသရယ် မှော်ဝင်ပစ္စည်းဆီကနေ ဒေါင်းလုဒ်ဆွဲလိုက်တဲ့ ဆော့ဝဲလ်ကနေ လာတာပါ။ သင့်အတွက် အဆင်ပြေအောင် ကျွန်ုပ်က စနစ်မျက်နှာပြင်တစ်ခုအနေနဲ့ ဖန်တီးပေးထားတာပါ။]
ဒရုန်းရဲ့ မတူညီတဲ့ အစိတ်အပိုင်းတွေဖြစ်တဲ့ ပန်ကာတွေ၊ ကိုယ်ထည်နဲ့ အောက်ခြေပိုင်းတွေကို အရောင်လင်းပြီး သီးသန့် နာမည်တွေ ပေးထားပါတယ်။
[ကျေးဇူးပြု၍ ပန်ကာတွေကို ထိလိုက်ပါ] လို့ နိုဗာက ပြောလိုက်တယ်။
ညွှန်ကြားချက်အတိုင်း မိုက်ကယ်က သူ့ရှေ့မှာ မျောလွင့်နေတဲ့ ဒရုန်းဆီကို လက်လှမ်းလိုက်ပြီး ဘက်လေးဘက်လုံးမှာ တပ်ဆင်ထားတဲ့ ပန်ကာလေးခုပေါ်ကို အာရုံစိုက်လိုက်တယ်။
သူ အဲဒီလို လုပ်လိုက်တာနဲ့ 3D ဒရုန်းရဲ့ တခြား အစိတ်အပိုင်းတွေမှာ လင်းနေတဲ့ အရောင်တွေ အကုန်ပျောက်သွားပြီး လင်းလက်နေတဲ့ အလင်းရောင်က ပန်ကာလေးခုပေါ်မှာပဲ ကျန်ရစ်ခဲ့တယ်။ ဒါတင်မကဘဲ ပုံရိပ်က ပန်ကာတစ်ခုဆီကို အနီးကပ် ဆွဲပြလိုက်ပြီး အဲဒီအစိတ်အပိုင်းရဲ့ စက်မှုတည်ဆောက်ပုံပုံစံကို ဖောက်ထွင်းမြင်ရလုနီးပါး ပုံရိပ်မျိုးနဲ့ မိုက်ကယ်ကို ပြသပေးခဲ့တယ်။
[ပန်ကာ စနစ်]
—ကိုယ်ပျောက်စနစ်
——အသံတိတ်ပန်ကာများ
——XXXX
—အရှိန်နှုန်း
——ပန်ကာနှစ်ထပ်
——XXXX
သူ့ရှေ့က စနစ်မျက်နှာပြင်ကို မြင်လိုက်ရတဲ့အခါ မိုက်ကယ်ရဲ့ မျက်နှာက အံ့ဩမှင်တက်ခြင်းကနေ ရင်ခုန်စိတ်လှုပ်ရှားတဲ့ အမူအရာဆီသို့ တဖြည်းဖြည်း ပြောင်းလဲသွားခဲ့တယ်။
“ဒါ ငါထင်နေတဲ့အရာ ဟုတ်နေတာလား”
[ဆော့ဝဲလ်အသစ်က သင့်ကို အချို့သော အစိတ်အပိုင်းတွေကို အဆင့်မြှင့်တင်နိုင်စေပြီး သူ့ရဲ့ ဒီဇိုင်းကို ပိုမိုကောင်းမွန်အောင် ပြုလုပ်နိုင်ခွင့် ပေးပါတယ်။ အဆင့်မြှင့်တင်မှုတစ်ခုချင်းစီကို သင် မီသရယ် မှော်ဝင်ပစ္စည်းမှာ သုတ်လိမ်းထားတဲ့ ဝိညာဉ်ဆီတွေကို သုံးပြီး ဝယ်ယူနိုင်ပါတယ်။]
သူက [ကိုယ်ပျောက်စနစ်] ဆိုတဲ့ ရွေးချယ်ခွင့်ကို နှိပ်လိုက်တဲ့အခါ ပထမဆုံး အဆင့်မြှင့်တင်မှုအတွက် ပိုမိုအသေးစိတ်တဲ့ ရှင်းလင်းချက်ကို မြင်လိုက်ရတယ်။
[အသံတိတ်ပန်ကာများ: ဒီအဆင့်မြှင့်တင်မှုက ပန်ကာတွေရဲ့ ဆူညံသံကို လျှော့ချပေးမှာဖြစ်ပြီး ပိုမိုတိတ်ဆိတ်တဲ့ ချဉ်းကပ်မှုတွေကို ပြုလုပ်နိုင်မှာပါ။ ဒရုန်းရဲ့ ပတ်လည် ၁၀ မီတာ စက်ဝန်းအပြင်ဘက်မှာ ရှိနေတဲ့ ဘယ်သူမဆို ပန်ကာတွေဆီက ထွက်လာတဲ့ အသံကို ကြားရမှာမဟုတ်ပါဘူး။]
[ကုန်ကျစရိတ်: ၁ စက်]
ပြီးတော့ သူက [အရှိန်နှုန်း] ဆိုတဲ့ ရွေးချယ်ခွင့်ကို နှိပ်လိုက်တဲ့အခါမှာလည်း အလားတူ ဖော်ပြချက်မျိုးကိုပဲ မြင်လိုက်ရပြန်တယ်။
[ပန်ကာနှစ်ထပ်: ဒီအဆင့်မြှင့်တင်မှုက ဒရုန်းရဲ့ အရှိန်နှုန်းကို သူ့ရဲ့ ပင်ကိုယ်ကန့်သတ်ချက်ထက် နှစ်ဆအထိ တိုးမြှင့်ပေးမှာပါ။ ဝေဟင်ထဲမှာ လှုပ်ရှားမောင်းနှင်နိုင်စွမ်းကိုတော့ ထိခိုက်မှုရှိစေမှာမဟုတ်ပါဘူး။]
[ကုန်ကျစရိတ်: ၁ စက်]
ဒါတွေက သူ့ဒရုန်းရဲ့ တိုက်ခိုက်ရေးစွမ်းရည်ကို သိသိသာသာ တိုးတက်ကောင်းမွန်စေမယ့် အသုံးဝင်လှတဲ့ အဆင့်မြှင့်တင်မှုတွေချည်းပါပဲ။
ဥပမာအားဖြင့် [အသံတိတ်ပန်ကာများ] ဆိုရင် သူ့ဒရုန်းရဲ့ လျှို့ဝှက်ချက်နဲ့ အလစ်အငိုက်တိုက်ခိုက်နိုင်စွမ်းကို ထိန်းသိမ်းထားနိုင်မှာ ဖြစ်လို့ အင်မတန် အသုံးဝင်မယ့်အရာပါ။ ဒရုန်းက သူတို့နဲ့ အနီးကပ်ဆုံး ရောက်လာမှပဲ အသံကြားရမှာဖြစ်လို့ လူတွေအနေနဲ့ ဒါက ဘာလဲဆိုတာကို ရိပ်မိဖို့ အချိန်နည်းသွားလိမ့်မယ်။
အရှိန်မြှင့်တင်မှုနဲ့ ပတ်သက်ရင်တော့ အခုလောလောဆယ်မှာ သိပ်ပြီး အသုံးမဝင်လှဘူးလို့ ထင်ရပေမဲ့ အရှိန်နှုန်းကို အထူးပြုတဲ့ ပြိုင်ဘက်တစ်ယောက်နဲ့ ယှဉ်ပြိုင်တိုက်ခိုက်ရမယ့်အခါမျိုးမှာတော့ အင်မတန် ထိရောက်မှာ သေချာတယ်။ ဘာပဲဖြစ်ဖြစ် သူ့ရဲ့ ခလုတ်တွေက ပစ်မှတ်နဲ့ ကပ်မိမှပဲ အလုပ်လုပ်တာပါ။ အကယ်၍ သူ့ရဲ့ ပစ်မှတ်က သိပ်ပြီး မြန်လွန်းနေမယ်ဆိုရင် သုံးရတာ ခက်ခဲပါလိမ့်မယ်။
သူ့အနေနဲ့ ဒီအဆင့်မြှင့်တင်မှုတွေကို ဝယ်ယူနိုင်မယ့် တစ်ခုတည်းသော နည်းလမ်းကတော့ သူ သုတ်လိမ်းထားတဲ့ ဝိညာဉ်ဆီအစက်ကို သုံးဖို့ပဲ ဖြစ်တယ်။ ကံကောင်းချင်တော့ သူ့မှာ သုံးဖို့ အဆင်သင့်ရှိနေတဲ့ အစက်တစ်စက် ရှိနှင့်နေပြီးသား။
သူ ကိုယ်ပျောက်စနစ် ရွေးချယ်ခွင့်ကို ဝယ်ယူဖို့ အကြီးအကျယ် စိတ်လှုပ်ရှားသွားမိပေမဲ့ နောက်ဆုံးမှာတော့ သူ့ကိုယ်သူ ပြန်ပြီး ထိန်းချုပ်လိုက်တယ်။ ပန်ကာတွေအတွက်တင်မကဘဲ ဒရုန်းတစ်ခုလုံးအတွက်ပါ တခြား အဆင့်မြှင့်တင်မှု ရွေးချယ်စရာတွေ ရှိနေဦးမှာကို သူ သိနေလို့ပဲ။
“ဒရုန်းအတွက် ရှိသမျှ အဆင့်မြှင့်တင်မှုတွေ အကုန်လုံးကို ငါ့ကို ပြပေးနိုင်မလား”
နိုဗာက ဂိမ်းတစ်ခုရဲ့ စွမ်းရည်သစ်ပင်ပုံစံနဲ့ တူတဲ့ စနစ်မျက်နှာပြင်တစ်ခုကို သူ့ကို ပြသပေးခဲ့တယ်။
စုစုပေါင်း အဆင့်မြှင့်တင်မှုစနစ် ငါးခု ရှိနေပါတယ်။
[အမြင်အာရုံ]
—ကင်မရာ
——ဒရုန်းအမြင်အာရုံ
——XXXX
[လက်နက်]
—သဟဇာတ လက်နက်များ
——သဟဇာတသေနတ်
——XXXX
—စွမ်းရည်
——ခလုတ်စာရင်း
——XXXX
[ပန်ကာ]
—ကိုယ်ပျောက်စနစ်
——အသံတိတ်ပန်ကာ
——XXXX
—အရှိန်နှုန်း
——ပန်ကာနှစ်ထပ်
——XXXX
[ကိုယ်ထည်]
—ကိုယ်ပျောက်စနစ်
——ကိုယ်ရောင်ဖျောက်ခြင်း
——မမြင်ရအောင်လုပ်ခြင်း
——XXXX
—ကာကွယ်ရေး
——သဟဇာတဒိုင်း
——XXXX
[တိုးချဲ့မှု]
—ဒရုန်းများ
——ဒရုန်းအသေးစား
——XXXX
—ပုံစံပြောင်းလဲခြင်း
——ကျုံ့ခြင်း
——ချဲ့ခြင်း
——XXXX
[XXXX]
သူ့ဒရုန်းနဲ့ လုပ်ဆောင်နိုင်တဲ့ အဆင့်မြှင့်တင်မှု အခင်းအကျင်းတွေကို မြင်လိုက်ရတဲ့အခါ သူ့မျက်လုံးတွေ ပြူးကျယ်သွားခဲ့တယ်။ အဲဒီအထဲက တစ်လုံးချင်းစီက စာလုံးတစ်လုံးတည်းနဲ့တင် သူ့ကို ဆွဲဆောင်နေတာပါ။
ကိုယ်ရောင်ဖျောက်ခြင်းနဲ့ မမြင်ရအောင်လုပ်ခြင်း အဆင့်မြှင့်တင်မှုတွေက သူ့မျက်စိထဲကို ချက်ချင်း ရောက်လာခဲ့တယ်။ ဒါပေမဲ့ ဒရုန်းကို ကိုယ်ပိုင် တိုက်ခိုက်ရေးစွမ်းရည်တွေ ရှိလာစေမယ့် သဟဇာတ လက်နက်တွေလည်း ရှိနေသေးတယ်လေ။
သူ့မှာသာ သူအလိုရှိသလောက် သုံးနိုင်မယ့် ဝိညာဉ်ဆီတွေ ရှိခဲ့ရင်ကောင်းမှာပဲလို့ သူ အရင်ကထက် ပိုပြီး ပြင်းပြင်းပြပြကြီး အိပ်မက်မက်မိပါတော့တယ်။
* * * * * * * *
စာစဉ်(၃၈)