အခန်း ၄၄၉
Vol. 38 Ch. 449
အခန်း(၄၄၉)
ဒီအတောအတွင်း မက်ထရိုပိုလစ်ရဲ့ အရှေ့ဘက် ခပ်လှမ်းလှမ်းက အရပ်ဒေသတစ်ခုမှာတော့ ကမ်းခြေတစ်ခုပေါ်မှာ တည်ရှိနေတဲ့ ရွာသိမ်ရွာငယ်လေးတစ်ရွာ ရှိနေပါတယ်။ အဲဒီရွာကလူတွေဟာ ငါးဖမ်းတဲ့အလုပ်နဲ့ပဲ အသက်မွေးဝမ်းကျောင်းပြုကြပြီး သက်ငယ်မိုးအမိုးတွေအောက်မှာလည်း ငါးခြောက်တွေကို တန်းစီချိတ်ဆွဲထားကြတာပေါ့။
ဒီနေ့ အပြင်မှာ ရာသီဥတုက သာယာနေပြီး နေရောင်ခြည်ကို ကာကွယ်မယ့် တိမ်တိုက်လေးတစ်တုံးတောင် နေမင်းအနီးအနားမှာ မရှိတာကြောင့် တံငါသည်တော်တော်များများက သူတို့ရဲ့ သစ်သားလှေလေးတွေနဲ့ ပင်လယ်အလယ်ခေါင်ဆီ ထွက်ခွာဖို့ ဆုံးဖြတ်လိုက်ကြတယ်။
ဒါက ပုံမှန်ဆိုရင်တော့ အန္တရာယ်များလွန်းလှပါတယ် လှေအကြီးကြီးတွေကိုတောင် တိမ်းမှောက်သွားစေနိုင်တဲ့အထိ ပင်လယ်လှိုင်းတံပိုးကြီးတွေက ပြင်းထန်လွန်းလို့ပါပဲ ဒါပေမဲ့ ဒီနေ့တော့ ရာသီဥတုက အေးချမ်းငြိမ်သက်နေတာကြောင့် ပင်လယ်ရေအောက်ကြမ်းပြင် နက်နက်မှာ နေထိုင်တဲ့ ထူးဆန်းတဲ့ငါးတွေကို ရှာဖွေဖို့အတွက် စွန့်စားပြီး ထွက်ခွာဖို့ ဆုံးဖြတ်လိုက်ကြတာ ဖြစ်တယ်။
ဒါပေမဲ့ ပထမဆုံးလှေတွေ လှိုင်းတံပိုးတွေကို ဖြတ်ကျော်ပြီး စလှော်ခတ်လိုက်ကြတဲ့အချိန်မှာပဲ အလင်းရောင်က မမျှော်လင့်ဘဲ ရုတ်တရက် မှေးမှိန်သွားခဲ့တယ်။
တံငါသည်တွေဟာ အဝေးမှာ မုန်တိုင်းလာမယ့် အရိပ်အယောင်များ ရှိနေမလားဆိုပြီး ကောင်းကင်ယံဆီ ချက်ချင်း မော့ကြည့်လိုက်ကြတာပေါ့ အချို့ကလည်း သူတို့ရဲ့ ငါးဖမ်းခရီးစဉ်ကို ရွှေ့ဆိုင်းရတော့မယ်အထင်နဲ့ ညည်းတွားလိုက်ကြသေးတယ်။
ဒါပေမဲ့ သူတို့ မျက်မှောင်ကုပ်ပြီး ကောင်းကင်ကြီးကို သေချာမော့ကြည့်လိုက်တဲ့အခါမှာတော့ နေရောင်ကို ကာကွယ်ထားတာ တိမ်တိုက်မဟုတ်မှန်း သတိပြုမိသွားကြတယ်။
အဲဒါ နဂါးတွေ ဖြစ်နေလို့ပါပဲ
ပိုပြီးတိတိကျကျ ပြောရရင်တော့ သူတို့တွေဟာ နဂါးမျိုးနွယ်ဝင်များဆီက သယ်ယူပို့ဆောင်ရေး တောင်ပံနဂါးသားရဲတွေ ဖြစ်ကြပါတယ် ကျောပြင်အကျယ်ကြီးတွေနဲ့ သန်မာထုထည်ရှိတဲ့ တောင်ပံတွေ ရှိကြတာကြောင့် ဒီနဂါးတွေကို အဝေးကြီးက ပစ္စည်းတွေနဲ့ လူတွေကို သယ်ယူပို့ဆောင်တဲ့နေရာမှာ အသုံးပြုကြတာပါ။
ဒီလိုမျိုး လာရောက်တာတွေက လုံးဝရှားပါးနေတာမျိုး မဟုတ်ပေမဲ့ ပုံမှန်ကြီး ဖြစ်နေတာမျိုးတော့လည်း မဟုတ်ဘူး တစ်နှစ်ပတ်လုံးမှာ အချို့သော လာရောက်လည်ပတ်သူတွေ တော်ဝင်တိုက်ကြီးပေါ်ကို ဆင်းသက်ဖို့အတွက် ဒီတောင်ပံနဂါးသားရဲတွေ ရောက်လာတတ်တာမျိုး ရှိပါတယ်။
ဒါပေမဲ့ ကောင်းကင်ပေါ်မှာ ရှိနေတဲ့ တောင်ပံနဂါးသားရဲ အရေအတွက်က တစ်ကောင်တည်း မဟုတ်ဘူး နှစ်ကောင် သုံးကောင် ဒါမှမဟုတ် ဆယ်ကောင်တည်းတင်လည်း မဟုတ်ဘူး ကောင်းကင်ယံမှာ နေမင်းကြီးကို လုံးဝဖုံးကွယ်သွားစေလောက်အောင် အကောင်ရေ ထောင်နဲ့ချီပြီး ရှိနေတာ ဖြစ်ရမယ်။
"ဘုရားရေ..."
"ငါတို့... ငါတို့ ကျူးကျော်ခံနေရတာလား"
"အို အမြင့်မြတ်ဆုံးသော ဘုရားသခင်..."
ဒီတံငါသည်တွေဟာ ဘာတွေဖြစ်ပျက်နေမှန်း လုံးဝမသိကြပါဘူး သူတို့အနေနဲ့ ဒီသတ္တဝါတွေ ရောက်ရှိလာမှုကြောင့် ဖြစ်ပေါ်လာမယ့် ဘယ်လိုပဋိပက္ခမျိုးမှာမှ မပါဝင်ပတ်သက်ရပါစေနဲ့လို့ပဲ ဆုတောင်းနေကြမိတယ်။
ဒါပေမဲ့ ဘာတွေဖြစ်ပျက်နေလဲဆိုတာကို သိနေတဲ့ လူအချို့တော့ ရှိနေပါတယ် အဲဒီငါးဖမ်းရွာရဲ့ တစ်နေရာမှာ မက်ထရိုပိုလစ်က ပစ္စည်းအချို့ကို လာရောက်ရောင်းချတဲ့ ခရီးလှည့်လည်နေတဲ့ ကုန်သည်အနည်းငယ် ရှိနေလို့ပါပဲ။
ပြီးတော့ သူ့ရင်ဘတ်မှာ တပ်ဆင်ထားတဲ့ တံဆိပ်ကို ကြည့်ခြင်းအားဖြင့် ဒီကုန်သည်ဟာ အခြားမဟုတ်ဘဲ မက်ထရိုပိုလစ်မှာ အကြီးမားဆုံး စီးပွားရေးလုပ်ငန်းတစ်ခုဖြစ်တဲ့ အဲလ်ရစ် ဂိုးလ်စတုန်း ပိုင်ဆိုင်တဲ့ ဂီလ်ဒါရန် ကုမ္ပဏီက ငှားရမ်းထားသူတစ်ဦး ဖြစ်နေတယ်။
ကုန်သည်ငယ်က ကောင်းကင်ယံဆီ မော့ကြည့်လိုက်ပြီး ပင်လယ်ပြင်ကို ဖြတ်ကျော်လာတဲ့ ဧရာမ တောင်ပံနဂါးသားရဲကြီးတွေကို မြင်လိုက်ရတယ် သူတို့တွေ မကြာခင် ဆင်းသက်တော့မယ်ဆိုတာ ရှင်းလင်းနေတာပေါ့။
"နောက်ဆုံးတော့ သူတို့ ရောက်လာကြပြီပဲ" လို့ ကုန်သည်က သူ့မျက်လုံးထဲမှာ စိတ်လှုပ်ရှားမှုတွေ ပြည့်နှက်ရင်း တိုးတိုးလေး ရေရွတ်လိုက်တယ်။
သူက စာရွက်တစ်ရွက်ကို ချက်ချင်းထုတ်ပြီး 'သူတို့ ရောက်ပြီ' ဆိုတဲ့ စကားလုံးနှစ်လုံးတည်းကိုပဲ ရေးသားလိုက်တယ်။
ပြီးတာနဲ့ သူ့ရဲ့ ဆိုင်ခန်းကို ချက်ချင်းစွန့်ပစ်ပြီး သူရှာတွေ့နိုင်သမျှ အမြင့်ဆုံးတောင်ဆီကို ပြေးသွားတော့တာပဲ သူက အဲဒီသဝဏ်လွှာကို လိပ်ပြီး စာပို့ခိုတစ်ကောင်ရဲ့ ကျောပေါ်မှာ ကြိုးနဲ့ သေချာချည်နှောင်လိုက်တယ်။
"ပျံတော့" လို့ သူက ခိုကို လေထဲလွှတ်လိုက်ရင်း အမိန့်ပေးလိုက်တယ်။
ငှက်ကလေးက ကောင်းကင်ယံ အမြင့်ကြီးဆီ အမြန်ပျံသန်းသွားပြီး သူ့ရဲ့ဦးတည်ချက်က မက်ထရိုပိုလစ်ဆီကို တည့်တည့်မတ်မတ် ဦးတည်နေတာပါ။
ပြီးတော့ တောင်ပံနဂါးသားရဲတွေ ရောက်လာတာကို သတိပြုမိတာ သူတစ်ယောက်တည်းတော့ မဟုတ်ပါဘူး ကမ်းခြေနဲ့ နီးစပ်တဲ့ အခြားမြို့တွေနဲ့ ရွာတွေက လူတွေကလည်း အဝေးက ထင်ရှားလှတဲ့ နဂါးအုပ်ကြီးကို သတိပြုမိကြတယ်။
သိပ်မကြာခင်မှာပဲ သူတို့ရဲ့ အထက်လူကြီးတွေဆီ သတင်းအချက်အလက်ကို အမြန်ဆုံး ပေးပို့နိုင်ဖို့အတွက် ခိုအမျိုးမျိုးကို ကောင်းကင်ယံဆီ လွှတ်တင်လိုက်ကြတော့တာပဲ။
* * * * * * * *
ဒီသတင်းက နောက်ဆုံးတော့ မက်ထရိုပိုလစ်ဆီအထိ ပျံ့နှံ့သွားခဲ့ပါတယ်။
အချို့ကုမ္ပဏီတွေက ဒီသတင်းကို သူတို့ဘာသာပဲ လျှို့ဝှက်ထားဖို့ ဆုံးဖြတ်ခဲ့ကြပေမဲ့လည်း အနောက်ကွယ်မှာ တစ်ခုခုဖြစ်ပျက်နေပြီဆိုတာ သိသာလောက်အောင် အဲဒီနယ်မြေအတွင်းမှာ ထူးခြားတဲ့ တင်းမာမှုတစ်ခုကတော့ ပေါ်ပေါက်နေပြီ ဖြစ်တယ် ပြီးတော့ အနည်းငယ်လောက် စုံစမ်းရုံနဲ့တင် တောင်ပံနဂါးသားရဲတွေ ရောက်ရှိလာမှုကို အလွယ်တကူ သိရှိနိုင်တာပေါ့။
လူတိုင်း စတင်လှုပ်ခတ်လာကြပြီ အေးဆေးနေခဲ့ကြတဲ့ ကုမ္ပဏီအားလုံးဟာလည်း ပေါက်ကွဲတော့မယ့် မီးတောင်တစ်ခုလိုမျိုး တစ်ကျော့ပြန် လှုပ်ရှားတက်ကြွလာကြတယ်။
ဒါက မက်ထရိုပိုလစ်တင်မကဘဲ ကွင်းစ်နယ်မြေအတွင်းမှာရှိတဲ့ အခြားနယ်မြေအားလုံး တုန်လှုပ်သွားစေနိုင်တဲ့ ဧရာမ ဖြစ်ရပ်ကြီးတစ်ခုပါပဲ။
ဘာကြောင့်လဲ။
အကြောင်းကတော့ သူတို့ရောက်ရှိလာမှုဟာ အဝေးခရီးသွားလာမှုတွေ ပိုမိုလုံခြုံပြီး ကုန်ကျစရိတ် ပိုမိုသက်သာလာမယ့် ခေတ်သစ်တစ်ခုရဲ့ အစကို တရားဝင် စတင်လိုက်ခြင်း ဖြစ်လို့ပါပဲ။
ပင်လယ်ဧကရာဇ်နဲ့ နဂါးအရှင်သခင်မတို့အကြား ကာလရှည်ကြာစွာ စောင့်မျှော်ခဲ့ရတဲ့ သဘောတူညီချက်ဟာ နောက်ဆုံးတော့ တိုးတက်မှုတွေ မြင်တွေ့လာရပြီ ဖြစ်တယ်။
အဲဒီ တောင်ပံနဂါးသားရဲတွေပေါ်မှာ ကမ္ဘာတစ်ဝှမ်းလုံးကနေ တော်ဝင်တိုက်ကြီးဆီ လာရောက်လည်ပတ်ကြမယ့် ပထမဆုံး ခရီးသွားဧည့်သည် အုပ်စု ပါရှိနေတာပါ ဒီခရီးသွားဧည့်သည်တွေဟာ အတွေ့အကြုံသစ်တွေအတွက်ပဲ ကိုယ်တိုင်ရောက်ရှိလာကြတာ မဟုတ်ဘဲ ကမ္ဘာလုံးဆိုင်ရာ ကုန်သွယ်မှု အခွင့်အလမ်းတွေကိုပါ သူတို့နဲ့အတူ သယ်ဆောင်လာကြတာ ဖြစ်တယ်။
ကုမ္ပဏီတော်တော်များများက ဒါကို အဆင့်အတန်း မြင့်တက်လာဖို့အတွက် အခွင့်အရေးတစ်ခုအနေနဲ့ ရှုမြင်ကြတယ် အကယ်၍ သူတို့အနေနဲ့ ဒီနိုင်ငံခြားသားတွေရဲ့ အာရုံစိုက်မှုကို ဖမ်းစားနိုင်မယ်ဆိုရင် သူတို့ရဲ့ လက်ရှိအဆင့်အတန်းကို ကျော်ဖြတ်ပြီး နောက်ထပ်အဆင့်တစ်ခုဆီ အသွင်ကူးပြောင်းသွားနိုင်မှာ ဖြစ်လို့ပါပဲ။
တကယ်တော့ ဒါက ကုမ္ပဏီအငယ်စားလေးတွေတင် ဒီလိုခံစားရတာ မဟုတ်ပါဘူး ကုမ္ပဏီကြီးတွေရော အထူးသဖြင့် ကော်ပိုရေးရှင်းကြီးတွေပါ ဒီလိုမျိုး တွေးတောနေကြတာပါ။
ဒါဟာ ရွှေလမ်းမကြီးအတွက် ပြိုင်ပွဲကြီး ပထမဆုံး စတင်ခဲ့ရတဲ့ အဓိကအကြောင်းအရင်းပဲပေါ့။
သူတို့ရောက်ရှိလာမှုက အပြောင်းအလဲကြီးတစ်ခုအတွက် လမ်းခင်းပေးလိုက်တာ ဖြစ်တယ် ဒီအချိန်ကာလအတွက် ပြင်ဆင်ထားတဲ့သူတွေကသာ ပထမဆုံး လက်ဦးမှုရယူနိုင်ကြမှာပါ ပထမဆုံး အထင်အမြင်က ရေရှည်တည်တံ့တတ်တာကြောင့် နယ်မြေကို နိုင်ငံခြားသားတွေ ပိုမိုရောက်ရှိလာမယ့် လာမယ့်နှစ်တွေမှာ သူတို့က အားသာချက် ရရှိထားမှာ ဖြစ်တယ်။
အဲလ်ရစ်နဲ့ အခြားလက်ဂါစီ့စ်တွေအတွက်တော့ အစီအစဉ်က ရိုးရှင်းပါတယ် နိုင်ငံခြားသားတွေ မရောက်လာခင်ကတည်းက သူတို့ လှုပ်ရှားမှုတွေ ပြုလုပ်ထားရမယ် ပြီးတော့ သူတို့ တကယ်ပဲ ရောက်လာကြတော့မှာပါ ဘာပဲဖြစ်ဖြစ် မက်ထရိုပိုလစ်က ဧရာမ မြို့တော်ကြီးတစ်ခု ဖြစ်တာကြောင့် ခရီးသွားဧည့်သည် အမြောက်အမြား စုဝေးရာ ပထမဆုံးနေရာတွေထဲက တစ်ခု ဖြစ်လာမှာ ဖြစ်တယ်။
အဲလ်ရစ်က အခြားလက်ဂါစီ့စ်တွေဆီ သဝဏ်လွှာတစ်စောင် ပေးပို့လိုက်တယ်။
"ကစားပွဲ စပြီ၊ အနိုင်ရတဲ့သူက အကုန်ယူကြေးပဲ"
ဘော်ဘီနဲ့ အဲရစ်တို့က ဒီသဝဏ်လွှာကို ရရှိတဲ့အခါ ပြုံးလိုက်ကြတယ် အဲလ်ရစ်က ဘာမှမပြောရင်တောင်မှ သူတို့က ဒါကို တကယ့်ပြိုင်ပွဲအစစ်အမှန်အဖြစ် သတ်မှတ်ထားပြီးသားပါ။
သူတို့အားလုံးက အချင်းချင်း သူငယ်ချင်းတွေ ဖြစ်ကြပေမဲ့လည်း အချင်းချင်းအပေါ်မှာ ပြိုင်ဆိုင်လိုစိတ် မရှိကြဘူးလို့တော့ မဆိုလိုပါဘူး သူတို့မှာ ကိုယ်စီရည်မှန်းချက်တွေ ရှိကြတာပဲ။
ပြီးတော့ ဒီလိုပြိုင်ဆိုင်မှုတွေကပဲ သူတို့ကို ယခင်ကထက် ပိုမိုကောင်းမွန်လာအောင် တွန်းအားပေးနေတယ်ဆိုတာကို သူတို့ သိကြတယ် အဲလ်ရစ်ရဲ့ သဝဏ်လွှာက သူတို့ကို စိန်ခေါ်လှုံ့ဆော်လိုက်တာပါပဲ သူက အစွမ်းကုန် ကြိုးစားသွားမှာဖြစ်ပြီး သူတို့လည်း အလျော့မပေးသင့်ဘူးလို့ ပြောချင်တာ ဖြစ်တယ်။
အကယ်၍ သူတို့ထဲက တစ်ယောက်ယောက်က အခြားသူတွေကို အနိုင်ယူသွားနိုင်ခဲ့ရင် သူတို့အနေနဲ့ ရှုံးနိမ့်မှုကို လက်ခံကြမှာပဲ အနိုင်ရတဲ့သူက အကုန်ယူကြေးပေါ့။
ပြီးတော့ ခရီးသွားဧည့်သည်တွေ ရောက်ရှိလာမှုကနေ အကျိုးအမြတ် ရရှိနိုင်တာ လက်ဂါစီ့စ်တွေတင် မဟုတ်တာတော့ အသေအချာပါပဲ။
မက်ထရိုပိုလစ်မြို့စားမင်း၊ စစ်သည်တော်များရုံးတော်နဲ့ မှော်မျှော်စင်တို့ဟာလည်း အားလုံး ပြင်ဆင်မှုတွေနဲ့ လှုပ်ရှားမှုတွေ ပြုလုပ်နေကြပြီ ဖြစ်တယ် သူတို့က မက်ထရိုပိုလစ်အတွင်းမှာရှိတဲ့ မတူညီတဲ့ အဖွဲ့အစည်းတွေရဲ့ လှုပ်ရှားမှုအားလုံးနဲ့ ဒီလိုသတင်းအပေါ်မှာ ဘယ်လိုတုံ့ပြန်ကြမလဲဆိုတာကို ကြိုတင်မျှော်တွေးနေကြတာပါ။
ပြီးတော့ အခုအချိန်မှာ ခေါင်းအကိုက်ဆုံးဖြစ်နေမယ့်သူကတော့ အခြားသူမဟုတ်ဘဲ မက်ထရိုပိုလစ်အစည်းအရုံးရဲ့ ခေါင်းဆောင်ဖြစ်တဲ့ ကလော်ဒီယာ မောင့်ဂိုမာရီ ပဲ ဖြစ်လိမ့်မယ်။
သူမက အေးချမ်းတဲ့ အခိုက်အတန့်လေးတစ်ခုလောက် ရရှိဖို့အတွက် စာရွက်စာတမ်းပုံကြီးထဲမှာ ခေါင်းနှစ်ထားမိတယ် ဒါပေမဲ့လည်း သူမရဲ့ ဝန်ထမ်းတွေဆီကနေ အဆက်မပြတ် ရောက်ရှိလာတဲ့ အစီရင်ခံစာတွေက သူမကို ဘယ်လိုမှ အနားမရအောင် တားဆီးနေတာပေါ့။
"သခင်မ၊ မြွေဆရာအဖွဲ့က ပီထရီအဖွဲ့ဆီကို တရားဝင် စိန်ခေါ်စာ ထုတ်ပြန်လိုက်ပါတယ် သူတို့က ကျွန်မတို့ရဲ့ ကြားဝင်စေ့စပ်ပေးမှုကို တောင်းဆိုနေကြပါတယ်"
"ကျွန်တော်ကတော့ အင်ခ်ဘလော့တာအဖွဲ့က အင်ခ်စပလတ်တာအဖွဲ့ဆီကို စိန်ခေါ်တိုက်ခိုက်ပွဲ ထုတ်ပြန်တဲ့အကြောင်း သတင်း ခုတင်တင်ပဲ ရရှိထားပါတယ်"
စက္ကန့်ပိုင်းအလိုက် စိန်ခေါ်တိုက်ခိုက်ပွဲတွေက ပိုမိုများပြားလာခဲ့တယ် မက်ထရိုပိုလစ်မှာရှိတဲ့ ကုမ္ပဏီတိုင်းဟာ ခရီးသွားဧည့်သည်တွေ မရောက်လာခင်မှာ လက်ဦးမှုရယူနိုင်ဖို့အတွက် ဆာလောင်မွတ်သိပ်နေကြတာ ဖြစ်တယ်။
* * * * * * * *
စာစဉ်(၃၈)