အခန်း ၄၅၀
Vol. 38 Ch. 450
အခန်း(၄၅၀)
"အား" ကလော်ဒီယာ ညည်းတွားလိုက်မိတယ်။ တောင်ပံနဂါးသားရဲတွေ စီစဉ်ထားတာထက် စောပြီး ရောက်လာလိမ့်မယ်လို့ သူမ မမျှော်လင့်ထားမိဘူး။ ဒီလောက်အထိ ကြီးမားသော လှုပ်ခတ်မှု ဖြစ်သွားမယ်လို့ သူတို့တောင် ကြိုတင်ပြင်ဆင်မထားမိကြပါလား။
"သခင်မ... ဒီနေ့ စိန်ခေါ်တိုက်ခိုက်ပွဲတိုက်ဖို့ တောင်းဆိုချက်တွေက တစ်လစာထက်တောင် ပိုများနေတယ်" လို့ သူမရဲ့ ဝန်ထမ်းတစ်ယောက်က လာပြီး ညည်းညည်းညူညူ ပြောရှာတယ်။
သူ့လက်အောက်ငယ်သားတွေ စပြီး ပျာယာခတ်နေတာကို မြင်တော့ ကလော်ဒီယာတစ်ယောက် ချက်ချင်းပဲ အခြေအနေကို ထိန်းသိမ်းလိုက်တယ်။ "စိန်ခေါ်တိုက်ခိုက်ပွဲတွေအတွက် စိတ်မပူနဲ့။ ငါ့မိသားစုဆီ အကြောင်းကြားထားပြီးပြီဆိုတော့ ဒိုင်လူကြီးအဖြစ် ဆောင်ရွက်ပေးဖို့ စစ်ကူတွေ လွှတ်ပေးလိမ့်မယ်"
စိန်ခေါ်တိုက်ခိုက်ပွဲပွဲတွေကို မောင့်ဂိုမာရီတွေပဲ ကြားဝင်ဖျန်ဖြေပေးခွင့်ရှိတာမို့ ကလော်ဒီယာတစ်ယောက် သူမရဲ့ မိသားစုဆီကနေ အကူအညီ တောင်းရတော့တာပေါ့။ မဟုတ်ရင်တော့ စိန်ခေါ်တိုက်ခိုက်ပွဲတောင်းဆိုချက်တွေအောက်မှာ သူမပါ နစ်မွန်းသွားရုံပဲ ရှိတယ်။ အစည်းအရုံးမှာရှိတဲ့ အခု ဝန်ထမ်းအင်အားနဲ့တော့ လောလောဆယ် ထိန်းထားနိုင်သေးပေမဲ့ လာမယ့်ရက်တွေမှာတော့ အခြေအနေက အမြန်ကြီး ပြောင်းလဲသွားတော့မှာ သေချာတယ်။
အဲဒီ တောင်ပံနဂါးသားရဲတွေ ဒီတိုက်ကြီးရဲ့ ကမ်းခြေတွေကို ရောက်ရှိလာကတည်းက သူမ ခေါင်းအမြဲ ကိုက်နေရတော့မယ်လို့ ကြိုပြီး တွေးမိသားပဲ။
"ဟို... သခင်မ ကလော်ဒီယာ။ အပ်ပါးဝုဒ်နယ်မြေရဲ့ ပွဲတော်မှာ ထူးခြားတဲ့ အခြေအနေတစ်ခု ရှိနေတယ်"
ကလော်ဒီယာ သက်ပြင်းချလိုက်တယ်။ ပွဲတော်မှာ ခွင့်ပြုမိန့်စမ်းသပ်ချက်တစ်ခု ရှိနေသေးတာကို သူမ လုံးဝ မေ့လုနီးပါး ဖြစ်နေခဲ့တာ။ ပြိုင်ဆိုင်မှု ပြင်းထန်နေတဲ့ ပွဲတော်အလယ်မှာ တောင်ပံနဂါးသားရဲတွေ ရောက်လာတာက တကယ်ကို အချိန်ကိုက်ဆိုးဝါးတာပဲ။ အခုတော့ အရာအားလုံးက ခါတိုင်းထက် ပိုပြီး ပြိုင်ဆိုင်မှု ပြင်းထန်သွားခဲ့ပြီ။
"ဘာဖြစ်လို့လဲ" သူမ မေးလိုက်တယ်။
"ရွှေလမ်းမကြီးမှာ လှုပ်ရှားမှုတွေ အများကြီး ဖြစ်နေတယ် သခင်မ ကလော်ဒီယာ။ လူအတော်များများက အဲဒီက မြေကွက်ပိုင်ဆိုင်မှုနဲ့ ပတ်သက်ပြီး ငြင်းခုံနေကြလို့ ကျွန်တော်တို့ကို ကြားဝင်ဖြေရှင်းပေးဖို့ တောင်းဆိုနေကြတယ်"
ကလော်ဒီယာ မျက်မှောင်ကုတ်သွားတယ်။ သူမ သိသလောက်တော့ ရွှေလမ်းမကြီးက အပ်ပါးဝုဒ်နယ်မြေမှာ တကယ်တော့ အငြိမ်သက်ဆုံး လမ်းတွေထဲက တစ်ခုပါ။ အဲဒီမှာ လူအသွားအလာ သိပ်မရှိဘဲ မြင်းတွေနဲ့ ရထားလုံးတွေပဲ အဓိက ဖြတ်သန်းကြတာ။ ပြီးတော့ ပွဲတော်ရက်အတွင်းမှာ အဲဒီကိုသွားတဲ့ လူဦးရေက ပိုလို့တောင် နည်းသေးတယ်။
သူမရဲ့ အတွေးကို အတည်ပြုနိုင်ဖို့ အပ်ပါးဝုဒ်နယ်မြေရဲ့ မြေပုံကို မဖြစ်မနေ ထုတ်ကြည့်လိုက်ရတယ်။
"သူတို့က ဘာဖြစ်လို့ ဒီမြေကွက်အတွက် ငြင်းခုံနေကြတာလဲ" သူမ ရေရွတ်လိုက်မိတယ်။
"ဒီအကြောင်းကြောင့်ပါ" လို့ သူမရဲ့ ဝန်ထမ်းတစ်ယောက်က ပြောရင်း သူမဆီကို သားရေစာချပ်တစ်ခု ကမ်းပေးလိုက်တယ်။
ကလော်ဒီယာ အဲဒီစာရွက်ကို ကြည့်လိုက်တော့ မက်ထရိုပိုလစ်မြို့ရဲ့ မြေပုံ ဖြစ်နေတာကို သတိပြုမိသွားတယ်။ သို့ပေမဲ့ ဒီမြေပုံပေါ်က လမ်းကြောင်းတစ်ခုကိုတော့ အနီရောင်ဆေးနဲ့ အထူးပြု ခြယ်သထားတာပေါ့။
ထို့နောက် သူမရဲ့ မျက်လုံးတွေက စာမျက်နှာရဲ့ အပေါ်ဆုံးဆီ ရောက်သွားတယ်။
(ကမ္ဘာလှည့် ခရီးသွားဧည့်သည်များအတွက် ကြိုဆိုရေးလှည့်လည်ပွဲ)
(ဂီလ်ဒါရန်ကုမ္ပဏီမှ စီစဉ်တင်ဆက်သည်)
ကြည့်ရတာ အဲလ်ရစ်က ခရီးသွားဧည့်သည်တွေ မက်ထရိုပိုလစ်ကို ရောက်လာတာနဲ့ ကြိုဆိုရေးလှည့်လည်ပွဲတစ်ခု လုပ်ဖို့ ပြင်ဆင်ထားတာပဲ။ ဒါက သူ့ဘက်က သိပ်ကို ပါးနပ်တဲ့ ကစားကွက်တစ်ခုပါ။ ခရီးသွားတွေရဲ့ သွားလာမှုလမ်းကြောင်းကို သူ ထိန်းချုပ်နိုင်မှာဖြစ်ပြီး အဲဒီကနေတစ်ဆင့် ငွေစီးဆင်းမှုကိုပါ ထိန်းချုပ်နိုင်မှာ ဖြစ်လို့ပဲ။
ပြီးတော့ သူ့ကုမ္ပဏီက မက်ထရိုပိုလစ်မှာ ဩဇာညောင်းလွန်းတာကြောင့် အများပြည်သူကလည်း ဒီလှည့်လည်ပွဲ လမ်းကြောင်းကို အတည်အဖြစ်နဲ့ ချက်ချင်းပဲ လက်ခံလိုက်ကြတယ်။
ဒါက ကြိုတင်ပြင်ဆင်မှုရဲ့ အားသာချက်ပါပဲ။ လှည့်လည်ပွဲ လမ်းကြောင်းကို သေချာတွေးတောပြီး ဆွဲထားတာကို ကြည့်ခြင်းအားဖြင့် အဲလ်ရစ်က ဒါကို အချိန်အကြာကြီးကတည်းက စီစဉ်နေခဲ့တာ သိသာတယ်။ ပြီးတော့ တောင်ပံနဂါးသားရဲတွေ ရောက်လာမယ့်အကြောင်းကို စောစောစီးစီး သိထားတာကြောင့် မက်ထရိုပိုလစ်တစ်ခွင်မှာ သူ ဖြန့်ဝေခဲ့တဲ့ ဒီသားရေစာချပ်တွေကို အဆင်သင့် ပြင်ဆင်နိုင်ခဲ့တာပေါ့။
အဲလ်ရစ်နဲ့ သူ့ကုမ္ပဏီကို မပြိုင်နိုင်မှန်း သိကြတာကြောင့် ကုမ္ပဏီအတော်များများက သူ့လမ်းကြောင်းအတိုင်း လိုက်ပြီး အခွင့်အရေးကို အသုံးချဖို့ပဲ ရွေးချယ်လိုက်ကြတော့တယ်။
ဒီနေရာကနေပဲ စိန်ခေါ်တိုက်ခိုက်ပွဲပွဲတွေအားလုံး စတင်မြစ်ဖျားခံလာတာကို ကလော်ဒီယာ သဘောပေါက်သွားခဲ့ပြီ။
ကုမ္ပဏီအတော်များများက လှည့်လည်ပွဲ လမ်းကြောင်းပေါ်မှာ တည့်တည့်ကျနေတဲ့ အဲဒီမြေကွက်တွေကို လုယူဖို့ ချောင်းနေကြတာ။ သူတို့က အဲဒီနယ်မြေတွေကို ပိုင်ဆိုင်ပြီး သူတို့ကုမ္ပဏီနာမည်တပ်ထားတဲ့ ဆိုင် ဒါမှမဟုတ် အဆောက်အအုံတစ်ခု ဆောက်ချင်ကြတယ်။ ဒါမှ လှည့်လည်ပွဲအတွင်း ခရီးသွားတွေ ပထမဆုံး မြင်ရမယ့်သူတွေ ဖြစ်မှာလေ။
ပြီးတော့ တိုက်တိုက်ဆိုင်ဆိုင်ပဲ အပ်ပါးဝုဒ်နယ်မြေရဲ့ ရွှေလမ်းမကြီးကလည်း အဲဒီအထူးပြုထားတဲ့ လမ်းကြောင်းထဲမှာ ပါဝင်နေခဲ့တယ်။
ကလော်ဒီယာ သူမရဲ့ ပရပိုဒ်တွေကို ကြည့်ပြီး ရွှေလမ်းမကြီးကို လောလောဆယ် ဘယ်သူပိုင်လဲဆိုတာ ရှာဖွေကြည့်မိတယ်။
အံ့ဩစရာကောင်းတာက အဲဒီလမ်းကို ဘယ်သူမှ မပိုင်ဆိုင်ထားကြဘူး။
ဒါက ရွှေလမ်းမကြီးဟာ အရင်က ဖလဲယားကော့ပ်ကုမ္ပဏီရဲ့ အပိုင်ဖြစ်ခဲ့လို့ပါပဲ။ သူတို့ မက်ထရိုပိုလစ်ကနေ နှင်ထုတ်ခံရကတည်းက သူတို့ရဲ့ နယ်မြေတွေအားလုံးကို လက်ဂါစီ့စ်တွေက သူတို့ဘာသာ ခွဲဝေယူခဲ့ကြတယ်။ သို့တိုင်အောင် ရွှေလမ်းမကြီးလိုမျိုး ဒီမှာတစ်စ ဒီမှာတစ်စ ကျန်ရစ်ခဲ့တဲ့ အပိုင်းအစ အနည်းငယ်တော့ ရှိနေသေးတာပေါ့။
ကုမ္ပဏီအတော်များများက လူအသွားအလာ မကောင်းတာကြောင့် ဒီမြေကွက်ကို အစပိုင်းမှာ လျစ်လျူရှုထားခဲ့ကြပေမဲ့ အခုတော့ အပ်ပါးဝုဒ်နယ်မြေမှာရှိတဲ့ ကုမ္ပဏီတိုင်းက ဒါကို လုဖို့ ကြိုးစားနေကြပြီ။
"အခုတော့ လူတိုင်းက ဒီမြေကွက်ကို တစ်စစီ လုဖို့ ကြိုးစားနေကြတာပေါ့ ဟုတ်လား"
လှည့်လည်ပွဲ လမ်းကြောင်းကို ကြေညာဖို့ အချိန်ကိုက် ဆိုးဝါးလွန်းတဲ့ အဲလ်ရစ်ကို ကလော်ဒီယာ စိတ်ထဲကနေပဲ ကျိန်ဆဲနိုင်တော့တယ်။
"ငါ မိုက်ကယ်ကို ဘယ်လိုပြောရပါ့မလဲ" သူမ ညည်းတွားလိုက်တယ်။
ရွှေလမ်းမကြီးက ဘယ်သူမှမလိုချင်တဲ့ မြေကွက်ဖြစ်နေတုန်းက ကလော်ဒီယာဟာ မိုက်ကယ်ကို သူ့ရဲ့ ရီနေးတားကုမ္ပဏီ တည်ထောင်ဖို့အတွက် ဒီမြေကို ပေးဖို့ ဆုံးဖြတ်ခဲ့တာ။
သူတို့ အပ်ပါးဝုဒ်နယ်မြေ ပွဲတော်အတွင်းမှာ သိပ်ပြီး စွမ်းဆောင်နိုင်ခဲ့တာကြောင့် ဒါက အကောင်းဆုံးနေရာ ဖြစ်လိမ့်မယ်လို့ သူမ တွေးခဲ့တာပေါ့။ သူတို့မှာ ဒီနယ်မြေက ဖောက်သည်တွေ ရှိနှင့်နေပြီမို့ သူတို့ကုမ္ပဏီ တိုးတက်ဖို့အတွက် အကောင်းဆုံး အစပြုရာနေရာ ဖြစ်မှာပါ။
ကံမကောင်းစွာပဲ တောင်ပံနဂါးသားရဲတွေ ပေါ်လာတာက အဲဒါတွေကို အကုန်ပြောင်းလဲပစ်လိုက်တယ်။ အခုတော့ အခြားကုမ္ပဏီတွေက ဒီမြေကို မျက်စိကျနေကြပြီး သူတို့အပိုင်ရဖို့ စီစဉ်နေကြပြီ။ သူတို့ဆီကို စိန်ခေါ်တိုက်ခိုက်ပွဲတောင်းဆိုချက်တွေ အများကြီး ရောက်နေပြီဖြစ်သလို လာမယ့်ရက်တွေမှာလည်း ပိုပြီး ရောက်လာဦးမယ်လို့ သူမ မျှော်လင့်ထားတယ်။
အခြားလူတိုင်းက ဒါကို အသည်းအသန် လိုချင်နေကြတာမို့ တစ်ယောက်ယောက်ဆီကနေ မြေကွက်ကို အဓမ္မသိမ်းယူဖို့ သူမမှာ အခွင့်အာဏာ မရှိဘူး။
"ကျွန်တော်တို့ ဘာလုပ်သင့်လဲ သခင်မ ကလော်ဒီယာ"
"သူတို့ရဲ့ စိန်ခေါ်တိုက်ခိုက်ပွဲတောင်းဆိုချက်တွေကို ဖြည့်ဆည်းပေးရုံကလွဲလို့ ငါတို့ ဘာမှ မတတ်နိုင်ဘူး" သူမ သက်ပြင်းချလိုက်တယ်။ "ဘယ်သူနိုင်မလဲ... အဲဒီလူပဲ နောက်ဆုံးမှာ ရွှေလမ်းမကြီးကို ရလိမ့်မယ်"
အခြားဝန်ထမ်းတွေတောင် ဒါကို ကြားရတဲ့အခါ စိတ်မကောင်း ဖြစ်သွားကြတယ်။ သူတို့က မိုက်ကယ်ရဲ့ ဘောပင်ကြောင့် သူ့အပေါ် တော်တော်လေး မျက်နှာလိုက်ထားကြတာမို့ သူ အောင်မြင်ဖို့အားလုံးက ဆုတောင်းပေးနေကြတာ။ ကံမကောင်းစွာပဲ ပြိုင်ဆိုင်မှုက သူ့လိုကောင်လေးတစ်ယောက်အတွက် ပြင်းထန်လွန်းနေတယ်။
ကလော်ဒီယာအနေနဲ့ မိုက်ကယ်ရဲ့ စစ်မှန်တဲ့ စွမ်းအားကို ကိုယ်တိုင်ကိုယ်ကျ မြင်ခဲ့ရတဲ့ မနေ့ကအကြောင်းကို ပြန်မတွေးဘဲ မနေနိုင်ခဲ့ဘူး။
ရွှေလမ်းမကြီးအတွက် ပြိုင်ဆိုင်နေတဲ့ အခြားကုမ္ပဏီတွေကို မိုက်ကယ် နိုင်နိုင်ခြေရှိတယ်ဆိုတာ သူမ သိပါတယ်။ အရာအားလုံး အဆင်ပြေချောမွေ့ခဲ့ရင်တော့ သူ့မှာ အခွင့်အရေး ရှိနိုင်တာပေါ့။
ဒါပေမဲ့ ကံမကောင်းစွာပဲ သူ့ရဲ့ မီသရယ်လက်နက်ကို သုတ်လိမ်းနေစဉ်အတွင်းမှာ သူ သတိလစ်သွားခဲ့တယ်။ သူမက အဲရစ်ရဲ့ ဆေးပညာရှင်ဆီက ကုသရေးသမားကို တောင်းပြီး အကူအညီယူခဲ့ပေမဲ့ သူတို့တောင် မိုက်ကယ်ရဲ့ မမျှော်လင့်ဘဲ သတိလစ်သွားမှုကို ရှင်းမပြနိုင်ကြဘူး။
ကုသရေးသမားက သူ ဘယ်တော့ ပြန်နိုးလာမလဲဆိုတာတောင် မသိဘူး။ မနက်ဖြန်လား၊ နောက်တစ်လလား၊ ဒါမှမဟုတ် နောက်တစ်နှစ်လား ဆိုတာ သူတို့ မသိကြဘူး။
စိန်ခေါ်တိုက်ခိုက်ပွဲပွဲတွေမစခင် သူ နိုးလာပါစေလို့ပဲ သူမ မျှော်လင့်နိုင်တော့တယ်။
"စိန်ခေါ်တိုက်ခိုက်ပွဲကိစ္စတွေကို သွားဖြေရှင်းကြရအောင်" လို့ သူမက ဝန်ထမ်းတွေကို ပြောလိုက်တယ်။
* * * * * * * *
မိုက်ကယ်က သူ့လက်ထဲက ဝိညာဉ်ဆီပုလင်းလေးကို ကြည့်လိုက်တော့ အထဲမှာ သုံးစက် ကျန်နေသေးတာကို မြင်လိုက်ရတယ်။
ဒီ ဝိညာဉ်ဆီအစက်တွေရဲ့ တန်ဖိုးကို သိသွားပြီးတဲ့နောက်မှာတော့ ဒါတွေကို သူ့အသက်ထက်တောင် ပိုပြီး အဖိုးတန်တယ်လို့ မတွေးဘဲ မနေနိုင်တော့ဘူး။
"သုံးစက်။ သုံးကြိမ် အဆင့်မြှင့်တင်မှု" သူ ရေရွတ်လိုက်တယ်။
ထို့နောက် သူ့အိတ်ထဲကနေ ဒရုန်းကို ထုတ်လိုက်တဲ့အခါ ပြောင်းလဲသွားတဲ့ ပုံစံကို မြင်လိုက်ရတယ်။
ဒါက အိပ်မက်သက်သက် မဟုတ်ဘူးပဲ လို့ သူ ဝမ်းသာအားရ ဖြစ်သွားတယ်။
လုံးပတ်တစ်ခုရဲ့ တစ်ဝက်စီကို ဒရုန်းရဲ့ အပေါ်နဲ့ အောက်ဘက်မှာ တပ်ဆင်ထားပြီး ၃၆၀ ဒီဂရီ မြင်ကွင်းကျယ် ကင်မရာအဖြစ် သူ ကြည့်ရှုနိုင်ဖို့ ဆောင်ရွက်ပေးထားတယ်။ အဲဒီ ထပ်ဖြည့်ထားတဲ့အရာကလည်း မီသရယ်နဲ့ ပြုလုပ်ထားတာကို မြင်တော့ သူ အံ့ဩသွားရတယ်၊ သူက ပုံသွင်းဖို့ ဘာမှ မပေးခဲ့ရဘဲနဲ့လေ။
ဝိညာဉ်ဆီကြောင့် မီသရယ်က ကြီးထွားလာတာများလား။
* * * * * * * *
စာစဉ်(၃၈)