အခန်း ၄၅၁
Vol. 38 Ch. 451
အခန်း(၄၅၁)
ဒရုန်းမှာ ကင်မရာအသစ် တပ်ဆင်လိုက်တာက မူလအစကတည်းက ရှိနေခဲ့တဲ့အတိုင်း တစ်ဆက်တည်း ဖြစ်နေခဲ့တယ်။ မိုက်ကယ်တောင် ဒါကို ဘယ်လိုပုံဖော်ပြောရမှန်း မသိတော့ဘူး။ အပင်တစ်ပင်ကနေ ခြေလက်အင်္ဂါအသစ်တစ်ခု ထွက်လာသလိုမျိုး တစ်သားတည်း ကျနေတာပေါ့။
ဒါဟာ ရှေးဟောင်းဝိညာဉ်ရဲ့ စွမ်းပကားကြောင့်ပဲလို့ သူ သတ်မှတ်လိုက်မိတယ်။ မီသရယ်သတ္တုကိုတောင် ဒီလိုမျိုး ပြောင်းလဲသွားအောင် လုပ်နိုင်တဲ့ အဲဒီပစ္စည်းက ဘယ်လိုအရာမျိုး ဖြစ်မလဲဆိုတာ သူ တွေးတောဆင်ခြင်နေမိတာပေါ့။
ကံမကောင်းစွာပဲ နိုဗာမှာတောင် သူ့မေးခွန်းအတွက် အဖြေမရှိခဲ့ဘူး။ အကယ်၍ သူ ဒါနဲ့ပတ်သက်ပြီး ပိုသိချင်တယ်ဆိုရင်တော့ သမုဒ္ဒရာရဲ့ အနက်ရှိုင်းဆုံးနေရာအထိ သွားပြီး အတ္တလန်တစ်ဆီကို လည်ပတ်ရုံပဲ ရှိတော့မယ်။ ဒါကတော့ နောက်ပိုင်းမှ လုပ်ရမယ့်စာရင်းထဲ သူ သေချာပေါက် ထည့်ထားလိုက်တယ်၊ ကွင်းစ်နယ်မြေမှာ သူ ခြေကုပ်အပြည့်အဝ ရပြီဆိုမှပဲ ဖြစ်နိုင်လိမ့်မယ်။
သူက ဒရုန်းကို ကြည့်ပြီး သူ အဆင့်မြှင့်တင်လိုက်တဲ့ လုပ်ဆောင်ချက်အသစ်ကို ချက်ချင်း စမ်းသပ်ကြည့်ချင်စိတ် ပေါက်လာတယ်။
ပြဿနာက ဒရုန်းမြင်ကွင်းကို ဘယ်လိုဝင်ရမလဲဆိုတာ သူ လုံးဝမသိတာပဲ။
အင်း...နိုဗာ၊ နည်းနည်းလောက် ကူညီပေးပါဦး။
[ဒရုန်းရဲ့ အောက်ခြေအကျဆုံး အစိတ်အပိုင်းက အောက်ဘက်သို့ ချိုင့်ဝင်နေတဲ့ ခလုတ်ကို နှိပ်ပေးပါ]
ညွှန်ကြားချက်အတိုင်း မိုက်ကယ်က ဒရုန်းကို အောက်ခြေအပေါ်လှန်လိုက်ပြီး ကင်မရာရဲ့ ဘေးနားတင် ရှိနေတဲ့ အနီရောင် ခလုတ်သေးသေးလေးကို မြင်လိုက်ရတယ်။
'ဒါက ဒရုန်းမြင်ကွင်းကို အသက်သွင်းပေးတာလား'၊ 'Wifi Routerတွေမှာ ပါတဲ့ Resetခလုတ်တွေနဲ့ ပိုတူနေတယ်'။
သူက ခလုတ်ကို နှိပ်လိုက်တဲ့အခါမှာတော့ ချက်ချင်းဆိုသလို ဒရုန်းက သူ့လက်ထဲမှာ တွန့်လိမ်သွားပြီး အတွင်းထဲက စက်ယန္တရား တစ်ခုခု လှုပ်ရှားလာသလိုပဲ။ တစ်စက္ကန့်အကြာမှာတော့ ဒရုန်းရဲ့ ဘောင်ထဲကနေ စတုရန်းပုံစံ သေတ္တာအိမ်လေးတစ်ခု ထွက်ကျလာတယ်။ ဒါက စီဒီပြားထည့်တဲ့ အကန့်က အရှေ့ဘက်ကို ထိုးထွက်လာတဲ့ ဒီဗီဒီစက်တွေကို သွားသတိရစေတယ်။ ဒါပေမဲ့ ဒီတစ်ကြိမ်မှာတော့ ဒါက ဒီဗီဒီခွေ လုံးဝမဟုတ်ဘူး။ အလွန်ပါးလွှာပြီး မီသရယ်သတ္တုအစစ်နဲ့ ပြုလုပ်ထားတဲ့ မျက်မှန်တစ်စုံ ဖြစ်နေတယ်။
"ဝိုး" သူ မရေမရွတ်ဘဲ မနေနိုင်ခဲ့ဘူး။
သူက မျက်မှန်ကို အိမ်ထဲကနေ ဖြည်းဖြည်းချင်း ကောက်ယူလိုက်တဲ့အခါ မျက်မှန်က သူ့လက်ထဲ ရောက်သွားတာနဲ့ အဲဒီအိမ်က ဘောင်ထဲဆီ ချက်ချင်း ပြန်ဝင်သွားတယ်။
* * * * * * * *
သူက မော်တော်ဆိုင်ကယ် ဆောင်းဦးထုပ်ရဲ့ မျက်မှန်ကာတွေနဲ့ တူနေတဲ့ အဲဒီမျက်မှန်ကို သေချာကြည့်လိုက်တယ်။ ဘောင်တစ်ခုလုံးကို မီသရယ်နဲ့ ပြုလုပ်ထားပြီး ကျယ်ပြန့်တဲ့ မှန်သားတွေက သူ ထင်ထားတာထက် ပိုပြီး အရောင်ရင့်နေတယ်။
သူက မျက်မှန်ကို ဖြန့်ကြည့်လိုက်ပြီး ပထမဆုံး မြင်လိုက်ရတဲ့ အမြင်အရတော့ ဒါက ရိုးရိုးမျက်မှန်တွေနဲ့ တူတယ်လို့ တွေးလိုက်မိတယ်။ ထူးခြားတဲ့ တစ်ခုတည်းသော အချက်ကတော့ မီသရယ်နဲ့ လုပ်ထားတဲ့ သူ့ရဲ့ ဘောင်ပဲ ဖြစ်နေတယ်။
မျက်မှန်ကာကနေတစ်ဆင့် ကြည့်လိုက်ရင်တောင် ထူးခြားတာ ဘာမှမမြင်ရဘူး။ ဒါပေမဲ့ အရောင်က တော်တော်ရင့်ပြီး အပြင်ကို ဖောက်မမြင်ရတာမို့ မျက်မှန်ရဲ့ အဓိကရည်ရွယ်ချက်ကို လုံးဝ ဥပေက္ခာပြုထားသလိုပဲ။
သူက ဒါကို တပ်ဆင်လိုက်တဲ့အခါ သူ့ရဲ့ နဖူးပြင်နဲ့ အတိအကျ ကွက်တိ ဖြစ်သွားတယ်။
သူ့ရဲ့ နှာတံပေါ်မှာ မျက်မှန်က နေရာကျသွားတာနဲ့ ချက်ချင်းဆိုသလိုပဲ စနစ်ရဲ့ အင်တာဖေ့စ်တစ်ခုက သူ့မျက်စိရှေ့မှာ ပေါ်လာတော့တယ်။
[ဒရုန်းမြင်ကွင်းကို စတင်ဖွင့်လှစ်နေပါသည်... အောင်မြင်ပါသည်]
အဲဒီနောက်မှာတော့ မိုက်ကယ်ဟာ သူ့ရဲ့ အမြင်အာရုံတစ်ခုလုံး လုံးဝ မှောင်အတိကျသွားတာကို ခံစားလိုက်ရတယ်။ သူ ပတ်ပတ်လည်ကို လှည့်ကြည့်လိုက်ရင်တောင် သူ့ဘေးနားမှာ ဘာတစ်ခုမှ မမြင်ရဘူး ဖြစ်နေတယ်။
[ဒရုန်းမှ ကြိုဆိုပါသည်]
သူ့ရဲ့ အမြင်အာရုံက ရုတ်တရက် ပြန်ပွင့်လာတယ်။ ဒါပေမဲ့ ဒီတစ်ကြိမ်မှာတော့ ဒါက သူ့ရဲ့ ပုံမှန်အမြင်နဲ့ လုံးဝကို ကွဲပြားခြားနားနေခဲ့ပြီ။ ဘယ်လိုကြောင့်လဲတော့ သူ မသိဘူး၊ ဒါပေမဲ့ သူ့ပတ်ပတ်လည် တစ်ခွင်လုံးကို ၃၆၀ ဒီဂရီ အပြည့် မြင်ကွင်းနဲ့ ဖောက်ထွင်းမြင်နေရတယ်။ ထူးဆန်းတာက ဒါက သူ့အတွက် လုံးဝကို သဘာဝကျနေပြီး တစ်သက်လုံး ဒီလိုပဲ နေသားတကျ ရှိခဲ့သလိုမျိုး ခံစားရတာပဲ။
ပြီးတော့ နောက်ဘက်ကို ပြန်ကြည့်လိုက်တဲ့အခါ ကုတင်ပေါ်မှာ ထိုင်နေတဲ့ ကိုယ့်ကိုယ်ကိုယ် ပြန်မြင်လိုက်ရတယ်။
ဒါက သူ့အတွက်တော့ တကယ့်ကို ခန္ဓာကိုယ်ပြင်ပ ရောက်သွားတဲ့ အတွေ့အကြုံမျိုးပေါ့။ သူ့ခေါင်းပေါ်မှာ ဒရုန်းမျက်မှန် တပ်ထားလျက်သားနဲ့ လှုပ်ရှားမှုမရှိဘဲ ငြိမ်ငြိမ်ကလေး ထိုင်နေတဲ့ ကိုယ့်ခန္ဓာကိုယ်ကို ကိုယ်တိုင်ပြန်မြင်ရတာက သူ့ကို အနည်းငယ် စိတ်ကူးရခက်စေတယ်၊ သူ နောက်တစ်ကြိမ် လူဝင်စားပြန်ပြီလားလို့တောင် ထင်ရတယ်၊ ဒါပေမဲ့ ဒီတစ်ကြိမ်မှာတော့ ဒရုန်းတစ်စင်းအဖြစ်ပေါ့။
'ဒါကတော့ တကယ့်ကို ထူးဆန်းအံ့ဩဖို့ကောင်းတာပဲ'။
သူက လုံးဝ တခြားခန္ဓာကိုယ်တစ်ခုထဲ ရောက်နေသလို ခံစားရတယ်။ ဖယောင်းရုပ်တုကြီးတစ်ခုလို လုံးဝ ငြိမ်သက်စွာ ထိုင်နေတဲ့ သူ့ရဲ့ ကိုယ်ပိုင်ခန္ဓာကိုယ်ကိုတောင် သူ မလှုပ်ရှားနိုင်တော့ဘူး။
* * * * * * * *
ဒါပေမဲ့ ကိုယ့်ခန္ဓာကိုယ်ကို ထိန်းချုပ်ခွင့် ဆုံးရှုံးသွားတဲ့အတွက် ထိန်းချုပ်ဖို့ ခန္ဓာကိုယ်အသစ်စက်စက်တစ်ခုကို သူ ခံစားလိုက်ရတယ်။
သူက ဒရုန်းကို ထိန်းချုပ်နေရုံတင် မဟုတ်ဘူး။ သူကိုယ်တိုင်က ဒရုန်း ဖြစ်နေတာ။ သူ့ပတ်ပတ်လည်က ပန်ကာလေးခုက ခြေလက်အင်္ဂါအသစ်တွေလို ခံစားရတယ်။ အဲဒီပန်ကာတွေရဲ့ လည်ပတ်မှုကို တစ်ပြိုင်နက်တည်းဖြစ်စေ၊ တစ်ခုချင်းစီဖြစ်စေ သူ ထိန်းချုပ်နိုင်တယ်။ ဒါက သူ့ကို အရင်က တစ်ခါမှ မလုပ်ဖူးတဲ့ ကောင်းကင်ယံအသာစီးရမှုကို ပေးစွမ်းနိုင်လိမ့်မယ်။
သူက ပန်ကာတွေကို လည်ပတ်ဖို့ စိတ်ကူးလိုက်တာနဲ့ ကုတင်ပေါ်ကနေ ပျံတက်သွားတော့တယ်။
အခုဆို သူက ဒရုန်းတစ်စင်းအနေနဲ့ ပျံသန်းနေပြီ။ သူ့ရဲ့ ခန္ဓာကိုယ်အဟောင်းနဲ့ ပျံသန်းခြင်း မန္တန်ကို သုံးတာထက်စာရင် ဒါက ပိုပြီး လွတ်လပ်မှုကို ခံစားရစေတယ်။
'ငါ ဘယ်လောက်အထိ ဝေးဝေး သွားနိုင်မလဲ'
ဒီမေးခွန်းကြောင့် စိတ်လှုပ်ရှားသွားပြီး ဘေးဘက်က ဖွင့်ထားတဲ့ ပြတင်းပေါက်ကို မြင်တာနဲ့ ကောင်းကင်ပြင်ကြီးထဲကို ပျံသန်းထွက်ခွာဖို့ သူ ဆုံးဖြတ်လိုက်တယ်။
အဆောက်အအုံရဲ့ စကျင်ကျောက်ခင်းထားတဲ့ ကြမ်းပြင်ပေါ်မှာ အေးအေးလူလူ လမ်းလျှောက်နေကြတဲ့ အဖွဲ့ချုပ်ရဲ့ ဝန်ထမ်းတွေဟာ နံရံတွေကြားထဲကနေ ပဲ့တင်ထပ်ထွက်လာတဲ့ တဝီဝီမြည်သံကို လိုက်လံရှာဖွေရင်း ခေါင်းတွေကို ဟိုဟိုဒီဒီ လှည့်ကြည့်နေကြတာပေါ့။
မိုက်ကယ်က ကောင်းကင်ယံထဲကို ပိုပြီးတော့ မြင့်သထက် မြင့်အောင် ပျံတက်သွားခဲ့တယ်။ ပြီးတော့ သူ့ရဲ့ ၃၆၀ ဒီဂရီမြင်ကွင်း ကင်မရာနဲ့အတူ မက်ထရိုပိုလစ် တစ်မြို့လုံးကို အပြည့်အစုံ မြင်နေရတယ်။ သူ့ရဲ့ နယ်မြေအားလုံး၊ သူ့ရဲ့ တံတိုင်းအားလုံးနဲ့ သူ့ရဲ့ ဧရာမအဆောက်အအုံကြီးတွေအားလုံး။ သူ ဒါတွေအားလုံးကို မြင်နိုင်တယ်။
ဒီလောက်နဲ့ အားမရသေးဘူးလို့ ဆုံးဖြတ်ပြီး မိုက်ကယ်က ပန်ကာတွေကို ပိုပြီး မြန်သထက်မြန်အောင် လည်ပတ်စေလိုက်တာကြောင့် ဒရုန်းက ကောင်းကင်ပြင်ကို ဖြတ်သန်းပြီး တိမ်တိုက်တွေဆီကို ထိုးတက်သွားတော့တယ်။
သူက ကောင်းကင်အပေါ်ယံလွှာကို ဖြတ်သန်းထိုးတက်သွားတဲ့တိုင် ဒရုန်းအပေါ် ထိန်းချုပ်မှု လျော့နည်းသွားတာမျိုး လုံးဝမရှိခဲ့ဘူး။ နိုဗာ ပြောတာ မှန်တယ်။ သူ ဒရုန်းကို ထိန်းချုပ်နေသရွေ့တော့ ကမ္ဘာမြေရဲ့ အရပ်မျက်နှာလေးခုလုံးကို သယ်ဆောင်သွားနိုင်ပြီး ဘာပြဿနာမှမရှိဘဲ ဆက်ပြီး ထိန်းချုပ်နိုင်လိမ့်မယ်။ သူ့ရဲ့ ဒရုန်းနဲ့ သူ့ခန္ဓာကိုယ်က မိုင်ပေါင်းသန်းချီ ကွာဝေးနေရင်တောင် အရင်အတိုင်း ပုံမှန်အတိုင်း အလုပ်လုပ်နေဦးမှာပဲ။
'ဒီဒရုန်းနဲ့ဆို ငါသွားချင်တဲ့ ဘယ်နေရာကိုမဆို သွားနိုင်တာပဲ...ဒါပေမဲ့ ငါ ပြန်သွားချင်ရင်ကော'
[ဒရုန်းမြင်ကွင်းကနေ ထွက်ခွာချင်ပါသလား]
မိုက်ကယ် ခေါင်းညိတ်လိုက်တယ်။
[သုံး...နှစ်...တစ်... စက္ကန့်အတွင်း ထွက်ခွာနေပါသည်]
* * * * * * * *
ရုတ်တရက်ဆိုသလိုပဲ သူ့ရဲ့ အမြင်အာရုံက အရင်အတိုင်း မှောင်အတိကျသွားတယ်။ တစ်စက္ကန့်အကြာမှာတော့ သူ့ရဲ့ အမြင်အာရုံ ပြန်ပွင့်လာပြီး သူ့ခေါင်းမှာ တပ်ဆင်ထားဆဲဖြစ်တဲ့ ဒရုန်းမျက်မှန်ကို ပြန်မြင်လိုက်ရတယ်။
'ငါ့ခန္ဓာကိုယ်ကို ငါ ပြန်ခံစားရပြီ၊ တော်သေးတာပေါ့'။
သူက ခေါင်းပေါ်က မျက်မှန်ကို ချွတ်လိုက်ပြီး ပြန်ခေါက်ထားလိုက်တယ်။ ဒရုန်းမြင်ကွင်းအကြား အကူးအပြောင်းက တော်တော်လေး ချောမွေ့တာပဲ။ သူ ဘာမသက်မသာဖြစ်မှုမှ လုံးဝ မခံစားရဘူး။ ဒရုန်းအစစ်တစ်ခုထဲမှာ ရောက်နေတယ်ဆိုတဲ့ စိတ်ပိုင်းဆိုင်ရာ အတားအဆီးကို ကျော်လွှားနိုင်သရွေ့တော့ ဒါက မီးခလုတ်ကို ဖွင့်လိုက်ပိတ်လိုက် လုပ်ရသလိုမျိုးပဲ။
'ငါ့ခန္ဓာကိုယ်ထဲကို ငါ ချက်ချင်း ပြန်ရောက်နိုင်တယ်၊ ဒါပေမဲ့ ငါ့ဒရုန်းကကော'။
[သင်၏ဒရုန်းသည် လက်ရှိတွင် ကောင်းကင်ယံ ကီလိုမီတာ ၂၀ အကွာ၌ ရှိနေပါသည်၊ ယခုစက္ကန့်တွင်ပင် သင်ရှိရာနေရာသို့ ဦးတည်လာနေပါသည်၊ ရောက်ရှိရန် ခန့်မှန်းခြေ ၀၂ မိနစ်နှင့် ၃၉ စက္ကန့် ကြာပါလိမ့်မည်]
သူ့ရဲ့ ဒရုန်းက သူ ထားခဲ့တဲ့နေရာမှာတင် ကျန်နေခဲ့မှာဖြစ်လို့ ဒါက သိပ်ပြီး ပြဿနာမဟုတ်ပါဘူး။ ဒရုန်းကို ဘယ်လောက်ဝေးဝေးမှာ ထားခဲ့ပါစေ၊ သူ့ရဲ့ ပုံမှန်ခန္ဓာကိုယ်ထဲကို ချက်ချင်း ပြန်ရောက်နိုင်သရွေ့တော့ သူ ကျေနပ်ပါတယ်။
နှစ်မိနစ်အကြာမှာတော့ ဒရုန်းက ပြတင်းပေါက်ကနေ ဝင်လာပြီး ကုတင်ပေါ်ကို ပြန်လည်ဆင်းသက်လာတယ်။ သူ့ရဲ့ ဘေးဘက်ကနေ သေတ္တာအိမ်လေး ထိုးထွက်လာပြီး သူက မျက်မှန်ကို သူ့ရဲ့ မှန်ကန်တဲ့နေရာဆီ ပြန်ထည့်ပေးလိုက်တယ်။
'ဒီအဆင့်မြှင့်တင်မှုက တော်တော်ကောင်းတာပဲ၊ ဒါပေမဲ့... ငါ နောက်ထပ် အဆင့်မြှင့်တင်မှုတွေ လိုဦးမယ်'။
သူ့အိတ်ကပ်ထဲက ဝိညာဉ်ဆီ ပုလင်းလေးကို သူ ထုတ်လိုက်တယ်။
'မင်းကို ငါ့ဒရုန်းထဲ ထည့်သွင်းရမယ့် အချိန်ရောက်ပြီ' လို့ သူ တွေးလိုက်မိတာပေါ့။
ဝိညာဉ်ဆီကို မီသရယ် မှော်ဝင်ပစ္စည်းထဲ ထည့်သွင်းဖို့ဆိုရင် ချက်ကီလိုမျိုး လူတစ်ယောက်ရဲ့ ကျွမ်းကျင်မှု လိုအပ်တယ်။ ဒါပေမဲ့ ကံကောင်းထောက်မစွာပဲ နိုဗာက အဲဒီလုပ်ငန်းစဉ်ကို အစမှအဆုံးအထိ စောင့်ကြည့်လေ့လာခဲ့ပြီးသားမို့ မန္တန်မှာ ပါဝင်တဲ့ မှော်ကျင့်စဉ်ကို ကူးယူနိုင်ခဲ့တယ်။
သူ မမေးရသေးခင်မှာတင် အချက်အလက် အမြောက်အမြားက သူ့ခေါင်းထဲကို စီးဆင်းဝင်ရောက်လာပြီး ဝိညာဉ်ဆီ ထည့်သွင်းခြင်းအတွက် မန္တန်အသစ်စက်စက်တစ်ခုကို သူ့အား ပေးအပ်လိုက်တော့တယ်။
* * * * * * * *
စာစဉ်(၃၈)