အခန်း ၄၅၄
Vol. 38 Ch. 454
အခန်း(၄၅၄)
"အဲဒီစီတန်းလှည့်လည်ပွဲမှာ ငါလည်း ပါဝင်ဆင်နွှဲရမှာပေါ့" လို့ သူက ပြတ်ပြတ်သားသား ပြောလိုက်တယ်။
အဲဒီရေလူသားတွေ ရောက်လာတာက သူ့ရဲ့ဒရုန်းဆော့ဝဲလ်အဆင့်မြှင့်တင်မှုတွေအတွက် ဝိညာဉ်ဆီတွေ ပိုပြီးတော့ ရရှိလာဖို့ လမ်းစတစ်ခု ဖြစ်လာလိမ့်မယ်လို့ သူ မျှော်လင့်နေမိတာ။ ဝိညာဉ်ဆီတွေသာ အများကြီး ရလာရင် သူ ဝယ်ယူနိုင်မယ့် အဆင့်မြှင့်တင်မှုတွေအကြောင်း တွေးရင်းနဲ့တင် သူ စိတ်ကူးယဉ်လို့ မဆုံးနိုင်အောင် ဖြစ်နေရတယ်။
ဒါပေမဲ့ အဲဒါကို သူ အကောင်အထည်ဖော်နိုင်ဖို့ဆိုရင် အဲလ်ရစ် ဖန်တီးထားတဲ့ ကစားပွဲထဲကို သူ ဝင်ကစားရဦးမယ်။ စီတန်းလှည့်လည်ပွဲက ခရီးသွားဧည့်သည်တွေ အားလုံးကို သတ်မှတ်ထားတဲ့ လမ်းကြောင်းတစ်ခုတည်းဆီ စုပြုံရောက်သွားအောင် လုပ်မှာလေ။ အဲဒီတော့ သူသာ အဲဒီလို ထင်ပေါ်ကျော်ကြားတဲ့ နေရာတစ်ခုခုမှာ နေရာရခဲ့ရင် သူတို့ရဲ့ အာရုံစိုက်မှုကို ရနိုင်ပြီး မျှော်လင့်ထားသလို ဝိညာဉ်ဆီတွေလည်း ပိုရနိုင်မှာပေါ့။
"မင်းက မိန်းလမ်းမကြီးပေါ်မှာ နေရာတစ်ခု လိုချင်တာလား" လို့ ကလော်ဒီယာက မေးတယ်။
"ဟုတ်တယ်။ အဲဒီနေရာက လှည့်လည်မယ့် လမ်းကြောင်း ဖြတ်သွားမယ့်နေရာ မဟုတ်လား"
အဲဒီနေရာကပဲ သူ့အတွက် ရပိုင်ခွင့်ရှိမယ့် တစ်ခုတည်းသော နေရာ ဖြစ်နေခဲ့တယ်။ လှည့်လည်မယ့် လမ်းကြောင်းပေါ်က နယ်မြေအများစုကို တခြားကုမ္ပဏီတွေက ပိုင်ဆိုင်ထားကြပြီးသားလေ။ အဲဒီထဲက အများစုကို အဲလ်ရစ်ရဲ့ ကုမ္ပဏီဖြစ်တဲ့ ဂီလ်ဒါရန်က ပိုင်ထားတယ်ဆိုရင်တောင် သူ အံ့ဩနေမှာ မဟုတ်တော့ဘူး။
ပြီးတော့ စိန်ခေါ်တိုက်ခိုက်ပွဲ စည်းကမ်းချက်တွေအရ သူ့ထက် အဆင့်မြင့်တဲ့သူကို သွားပြီး စိန်ခေါ်ခွင့် မရှိတာကြောင့် သူ ရနိုင်မယ့် နေရာတစ်ခုကို ရှာဖို့ဆိုတာ သူ့အတွက် တော်တော်လေး ကျပ်တည်းနေမှာ ဖြစ်တယ်။
သူ့ရဲ့ တစ်ခုတည်းသော အခွင့်အရေးက မိန်းလမ်းမကြီးပဲ ဖြစ်နေခဲ့တယ်။
ဒါပေမဲ့ ကံမကောင်းချင်တော့ အဲဒီလို တွေးနေတာက သူတစ်ယောက်တည်း မဟုတ်ဘူး။ ဖလဲယားကော့ပ်ကို ထုတ်ပယ်လိုက်တာကြောင့် အဲဒီနေရာမှာ ဘယ်သူမှ မရှိတော့ဘူးဆိုတဲ့ အချက်က အပ်ပါးဝုဒ်နယ်မြေထဲက ကုမ္ပဏီအားလုံးကို အဲဒီနေရာတစ်နေရာစာအတွက် လုချင်စိတ် ပေါက်သွားစေတာပေါ့။
"မင်း အခုပဲ ပြိုင်ပွဲအတွက် စာရင်းပေးသွင်းရမယ်" လို့ ကလော်ဒီယာက အကြံပြုတယ်။ "မင်း ဒီနေ့ နိုးလာတာ တကယ် ကံကောင်းတာပဲ။ ဘာလို့လဲဆိုတော့ စာရင်းပိတ်ရက်က ဒီနေ့ နောက်ဆုံးမို့လို့"
"ပြိုင်ပွဲတစ်ခု လုပ်နေတာလား" လို့ ယူနာက အံ့ဩတကြီးနဲ့ မေးတယ်။
"ဟုတ်တယ်။ မိန်းလမ်းမကြီးက နေရာတစ်ခုအတွက် လုနေကြတဲ့ ကုမ္ပဏီတွေ အများကြီး ရှိနေတာကြောင့် စိန်ခေါ်သူတွေ အားလုံး အဆင်ပြေအောင် ဘက်စုံပြိုင်ပွဲတစ်ခု စီစဉ်ပေးဖို့ကလွဲလို့ ငါတို့မှာ တခြားရွေးချယ်စရာ မရှိတော့ဘူးလေ"
"အဲဒီပြိုင်ပွဲက ဘယ်လိုမျိုးလဲ" လို့ သူက သူတို့ကို မေးလိုက်တယ်။
"ငါ့ အဒေါ်က နင့်ကို စိန်ခေါ်တိုက်ခိုက်ပွဲတွေအကြောင်း ပြောပြဖူးတယ် မဟုတ်လား။ ပုံမှန်ဆိုရင်တော့ စိန်ခေါ်တိုက်ခိုက်ပွဲတွေမှာ အဖွဲ့နှစ်ဖွဲ့ပဲ အပြန်အလှန် တိုက်ခိုက်ကြတာပေါ့။ ဒါပေမဲ့ တစ်ခါတလေကျရင် စိန်ခေါ်တိုက်ခိုက်ပွဲတစ်ခုမှာ ပါဝင်သူ နှစ်ဖွဲ့ထက် ပိုသွားတာမျိုးလည်း ရှိတတ်တယ်။ သုံးဖွဲ့ဖြစ်တာမျိုး ရှိသလို ရှားရှားပါးပါး လေးဖွဲ့အထိလည်း ဖြစ်သွားတတ်တာပေါ့။ ဒါပေမဲ့ တကယ့် အစွန်းရောက်တဲ့ အခြေအနေမျိုးတွေမှာတော့ ဆုတစ်ခုတည်းအတွက် ကုမ္ပဏီ ဆယ်ခုထက်မက ပြိုင်ဆိုင်ကြတာမျိုးလည်း ရှိတယ်လေ။
ပြိုင်ပွဲဝင်သူ အရေအတွက်က အရမ်းများလွန်းတာကြောင့် စိန်ခေါ်တိုက်ခိုက်ပွဲကို အဆုံးအဖြတ်ပေးဖို့ ပြိုင်ပွဲတစ်ခု လုပ်တာကလွဲလို့ တခြားနည်းလမ်း မရှိတော့ဘူး။ အဲဒါက ပြောတဲ့အတိုင်းပဲပေါ့။ ရှုံးရင် ထွက်ရမယ့် ရှုံးထွက်ပြိုင်ပွဲမျိုးလေ။ နင် နိုင်ရင် နောက်တစ်ဆင့် တက်မယ်။ ရှုံးရင်တော့ အကုန်ပြီးပြီပေါ့။
ပြိုင်ပွဲတစ်ခုလုံးမှာ အနိုင်ရတဲ့ ကုမ္ပဏီကတော့ အကြီးဆုံးဆုကို ရရှိမှာပါ" လို့ ယူနာက ရှင်းပြတယ်။
"အတိအကျပဲ" လို့ ကလော်ဒီယာက ထောက်ခံပြောဆိုတယ်။
"ဒီလိုပြိုင်ပွဲမျိုးတွေက အရမ်းရှားလွန်းလို့ သမိုင်းတစ်လျှောက်မှာ မှတ်တမ်းတင်ထားတဲ့ အဖြစ်အပျက် အနည်းငယ်ပဲ ငါ မြင်ဖူးခဲ့တာ။ အခု ဒီကိစ္စလေးအတွက်နဲ့ ဒီလိုမျိုးအထိ လုပ်ရတယ်ဆိုတော့ အံ့ဩဖို့ကောင်းတယ်" လို့ ယူနာက ထပ်ပြောတယ်။
ကလော်ဒီယာက သက်ပြင်းချလိုက်ရင်း "ငါ ဘာလို့ ခေါင်းခဲနေရလဲဆိုတာ မင်း အခု မြင်ပြီ မဟုတ်လား။ ကမ္ဘာ့ထိပ်သီး ခေါင်းဆောင်နှစ်ယောက်ကြားက သဘောတူညီချက်က တစ်ကမ္ဘာလုံးကို သက်ရောက်မှုတွေ ရှိစေတာလေ။ အခုမှပဲ ငါတို့ အဲဒါကို သိသိသာသာ ခံစားနေရပြီ"
ပင်လယ်ဧကရာဇ်နဲ့ နဂါးဘုရင်မတို့ရဲ့ သဘောတူညီချက်က တစ်ခါမှ မရှိခဲ့ဖူးတဲ့ ကိစ္စဖြစ်တာကြောင့် နောက်ဆက်တွဲ ရလဒ်တွေကလည်း တစ်ခါမှ မရှိခဲ့ဖူးတဲ့အထိ ဖြစ်လာရတာပေါ့။
"ဒါဆို ကျွန်တော်သာ ဒီပြိုင်ပွဲမှာ နိုင်ရင် မိန်းလမ်းမကြီးကို ရမှာပေါ့။ ဟုတ်လား" လို့ မိုက်ကယ်က မေးလိုက်တယ်။
"အင်း... အဲဒါက အတိအကျကြီးတော့ မဟုတ်သေးဘူး။ မိန်းလမ်းမကြီးကို အပ်ပါးဝုဒ်နယ်မြေထဲက ကုမ္ပဏီတွေ အကုန်လုံးက လုနေကြတာ။ ဒါပေမဲ့ အဲဒီကုမ္ပဏီတွေရဲ့ အဆင့်အတန်းက တစ်ခုနဲ့တစ်ခု မတူကြဘူးလေ။ ဆိုလိုတာက မင်းကို ကွန့်ချ်ကုမ္ပဏီလိုမျိုးနဲ့ တစ်အုပ်စုတည်း သွားထားလို့ မရဘူးလေ။
ကျွန်မတို့က ပြိုင်ပွဲတွေကို သုံးပိုင်း ခွဲထားတယ်။
ပထမဆုံးကတော့ အဆင့်မြင့်ပြိုင်ပွဲပေါ့။ အဲဒီထဲမှာ ကွန့်ချ်ကုမ္ပဏီ၊ ပိရမစ်ဒစ် ကျူဇင်းနဲ့ တခြား နာမည်ကြီး ကုမ္ပဏီကြီးတွေ ပါဝင်ကြလိမ့်မယ်။ အဲဒီပြိုင်ပွဲရဲ့ ဆုလာဘ်ကတော့ မိန်းလမ်းမကြီးရဲ့ နယ်မြေ ၆၀ ရာခိုင်နှုန်း ဖြစ်မယ်။
နောက်တစ်ခုကတော့ အောင်မြင်မှု အထိုက်အလျောက် ရှိပေမဲ့ အမြင့်ဆုံးအဆင့်အထိတော့ မရောက်သေးတဲ့ ကုမ္ပဏီတွေအတွက် အလယ်အလတ်အဆင့် ပြိုင်ပွဲပေါ့။ သူတို့ကတော့ မိန်းလမ်းမကြီးရဲ့ ၃၀ ရာခိုင်နှုန်းအတွက် ပြိုင်ရမှာ။
ပြီးတော့ နောက်ဆုံးတစ်ခုကတော့ အခြေခံအဆင့် ပြိုင်ပွဲပဲ။ အဲဒါကတော့ မက်ထရိုပိုလစ်မှာ စီးပွားရေး ရပ်တည်နိုင်ဖို့အတွက် ရုန်းကန်နေရတဲ့ ကုမ္ပဏီတွေပေါ့။ ဒီအုပ်စုထဲမှာ ရှိတဲ့ ကုမ္ပဏီအရေအတွက်က အထက်က အုပ်စုနှစ်ခုလုံး ပေါင်းထားတာထက်တောင် ပိုများသေးတယ်။ သူတို့အားလုံးက မိန်းလမ်းမကြီးရဲ့ ၁၀ ရာခိုင်နှုန်းကိုပဲ လုရမှာ"
ပြိုင်ပွဲကြီး မစတင်ခင်မှာတင် မိုက်ကယ်က နယ်မြေအများစုကို တခြားကုမ္ပဏီတွေဆီ ရှုံးထားနှင့်ပြီးသား ဖြစ်နေပြီ။ ဒါပေမဲ့ မနေ့ကမှ လုပ်ငန်းလိုင်စင် ရထားတဲ့ အမည်မသိ ကုမ္ပဏီအသစ်လေးရဲ့ ကံကြမ္မာက ဒီလိုပဲ ရှိမှာပဲလေ။ ဒါကြောင့် သူလည်း သိပ်ပြီး ညည်းညူမနေတော့ဘူး။
"ကျွန်တော်ကတော့ အခြေခံအဆင့် ပြိုင်ပွဲထဲမှာ ပါမှာပေါ့"
"ဟုတ်တယ်။ ဒါပေမဲ့ ဒါက မင်းရဲ့ အစွမ်းအစကို တိုင်းတာတာ မဟုတ်ဘူး။ စည်းကမ်းချက်တွေကြောင့်သာ ဖြစ်ရတာ။ ဘယ်ကုမ္ပဏီမဆို လုပ်ငန်းလိုင်စင် စစ်ဆေးမှုမှာ ဘယ်လောက်ပဲ ကောင်းကောင်း လုပ်နိုင်ခဲ့ပါစေဦး၊ လိုင်စင်ရပြီးရင်တော့ အောက်ခြေကနေပဲ စရတာချည်းပဲ"
ကလော်ဒီယာက မိုက်ကယ်နဲ့ ရီနေးတားကုမ္ပဏီအတွက် ဒါက အရမ်းမတရားဘူးလို့ ခံစားနေရမိတယ်။ အထူးသဖြင့် သူတို့က ဒီလောက် တိုတောင်းတဲ့ အချိန်အတွင်းမှာ လိုင်စင်စစ်ဆေးမှုကို အောင်မြင်ခဲ့တဲ့ တစ်ခုတည်းသော ကုမ္ပဏီ ဖြစ်နေလို့ပဲ။
သူ ပြသခဲ့တဲ့ အစွမ်းအစတွေအရ ဆိုရင်တော့ သူ့ကို အလယ်အလတ်အဆင့် ပြိုင်ပွဲထဲမှာ ထည့်ထားလို့ ရနေပြီ။ ကံမကောင်းစွာနဲ့ပဲ အစည်းအရုံးရဲ့ စည်းကမ်းချက်တွေက လိုင်စင်စစ်ဆေးမှုမှာ ဒီလောက်အထိ အစွမ်းပြနိုင်မယ့်သူမျိုး ရှိလာမယ်လို့ ကြိုတင်တွက်ဆမထားခဲ့မိဘူးလေ။
"အိုး... ပြိုင်ပွဲလား။ ကျွန်တော်ကော ပါလို့ရမလား" လို့ ဇိုင်ယွန်က မေးတယ်။
"စိတ်မကောင်းပါဘူး။ အခြေခံအဆင့် ပြိုင်ပွဲမှာတော့ ခေါင်းဆောင်တွေပဲ ဝင်ပြိုင်ခွင့် ရှိတာပါ" လို့ ကလော်ဒီယာက ပြောလိုက်တယ်။
"ဟဟဟ... ပါရရင်တော့ ပျော်စရာကြီး ဖြစ်မှာ။ ဒါပေမဲ့ မိုက်ကယ်အတွက် ကျွန်တော်တို့ အကူအညီ မလိုလောက်ပါဘူး" လို့ ဂရီးဗ်က ရယ်မောရင်း ပြောတယ်။
"ဒါပေါ့။ ငါ့သားက ပြိုင်ပွဲတွေ အကုန်လုံးကို အပြတ်အသတ် နိုင်မှာ။ လူတိုင်းကို အနိုင်ဖြတ်ပြီး မိန်းလမ်းမကြီးတစ်ခုလုံးကို သိမ်းပိုက်နိုင်မှာ" လို့ လိုင်လီယာက ကြုံးဝါးလိုက်တယ်။
"မေမေကလည်း၊ အဲဒီလိုမျိုး လုပ်လို့ရတာ မဟုတ်ဘူးလေ" လို့ သူက သူ့အမေကို သတိပေးလိုက်ရတယ်။
"ဘာပဲဖြစ်ဖြစ် မင်း မနက်ဖြန် ပြိုင်ပွဲအတွက် ပြင်ဆင်ထားရမယ်" လို့ ကလော်ဒီယာက ပြောတယ်။ "ကျွန်မကတော့ ဒီအမှိုက်လို ပြိုင်ပွဲအတွက် စာရွက်စာတမ်းတွေ အများကြီး ပြင်ဆင်ရဦးမှာ။ အခုတော့ ခွင့်ပြုပါဦး"
ကလော်ဒီယာ ထွက်သွားတာနဲ့ မိုက်ကယ်က ချက်ချင်းပဲ ပြင်ဆင်စရာ ရှိတာတွေကို စတင်လုပ်ဆောင်တော့တယ်။ ဒီ မက်ထရိုပိုလစ်မှာ သူတို့ရဲ့ လုပ်ငန်းတွေ တိုးချဲ့ဖို့အတွက် ရွှေလမ်းမကြီးနဲ့ တခြား အရာတွေလိုမျိုး ပြင်ဆင်စရာတွေ အများကြီး ရှိနေတာကိုး။
ပြီးတော့ သူတို့မှာ မက်ထရိုပိုလစ်မှာ တည်းခိုဖို့ နေရာမရှိသေးတာကြောင့် အခုလောလောဆယ်တော့ ပြင်ဆင်မှုတွေ စတင်ဖို့ အန်ဂိုရာမြို့ကိုပဲ အားလုံး ပြန်ကြဖို့ ဆုံးဖြတ်လိုက်ကြတယ်။ သူ့အမေကတော့ ဒီမှာတင် နေခဲ့ပြီး သူ့ကို အားပေးချင်ပေမဲ့ လာမယ့် စိန်ခေါ်တိုက်ခိုက်ပွဲတွေအတွက် စိတ်ပိုင်းဆိုင်ရာ ပြင်ဆင်ဖို့ သူတစ်ယောက်တည်း အချိန်နည်းနည်း လိုအပ်တယ်လို့ သူက ပြန်ပြောလိုက်ရတယ်။
နောက်ဆုံးတော့ ဖတ်ချ်ရဲ့ အရိပ်ထဲကနေတစ်ဆင့် သယ်ယူပို့ဆောင်ရေး စွမ်းရည်ကို သုံးပြီး သူတို့အားလုံး တစ်ခဏချင်းအတွင်းမှာပဲ အဲဒီနေရာကနေ ထွက်ခွာသွားကြတော့တယ်။
ယူနာကတော့ ကလော်ဒီယာကို ပြီးအောင်လုပ်ရမယ့် စာရွက်စာတမ်း အလုပ်တွေ ကူညီပေးဖို့အတွက် ကျန်ခဲ့ဖို့ ရွေးချယ်လိုက်တယ်။
ဒါကြောင့် သူ့အခန်းထဲမှာ သူတစ်ယောက်တည်း ကျန်ရစ်ခဲ့တာပေါ့။
သူက သူ့အိတ်ကပ်ထဲကနေ ဒရုန်းကို ထုတ်ပြီး လက်ထဲမှာ ကိုင်ထားလိုက်တယ်။
တောင်ပံနဂါးသားရဲတွေ ရောက်ရှိလာတဲ့ သတင်းကို ကြားရပြီးကတည်းက မိုက်ကယ်က အရင်ကထက် စိန်ခေါ်တိုက်ခိုက်ပွဲတွေ အများကြီး ပိုရှိလာတော့မယ်ဆိုတာကို မှန်မှန်ကန်ကန် သုံးသပ်မိထားပြီးသား။ မက်ထရိုပိုလစ်မှာ စီးပွားရေး ပြိုင်ဆိုင်မှုတွေ ပိုပြီး ပြင်းထန်လာတာနဲ့အမျှ သူကိုယ်တိုင်လည်း အဲဒီစိန်ခေါ်တိုက်ခိုက်ပွဲအချို့မှာ ပါဝင်ရဖို့က ရှောင်လွှဲလို့ ရမှာ မဟုတ်တော့ဘူး။
ဒီပြိုင်ပွဲက လာဦးမယ့် စိန်ခေါ်တိုက်ခိုက်ပွဲ အများကြီးထဲက ပထမဆုံး ပြိုင်ပွဲတစ်ခုပဲ ရှိသေးတာ။
ဒါကြောင့်မို့လို့ ဒရုန်းကို အဆင့်မြှင့်တင်ဖို့ မိုက်ကယ်ရဲ့ ဆုံးဖြတ်ချက်က ရှင်းလင်းသွားခဲ့ပြီ။
သူ့မှာ တိုက်ခိုက်ရေးစွမ်းအား လိုအပ်တယ်။ သူ့ကို စိန်ခေါ်တိုက်ခိုက်ပွဲတွေမှာ အနိုင်ရစေမယ့် အရာတစ်ခုခု သူ လိုအပ်နေတာ။
အဲဒါကြောင့်ပဲ သူက အဆင့်မြှင့်တင်ဖို့အတွက် [သဟဇာတဗုံး] ဆိုတဲ့ ရွေးချယ်မှုကို ယူဖို့ ဆုံးဖြတ်လိုက်တယ်။
ဒရုန်းမှာက သဟဇာတသေနတ် ပြောင်းနှစ်ခု ပါပြီးသားဖြစ်လို့ သူ့အနေနဲ့ သဟဇာတသေနတ် ဗားရှင်းတူး အဖြစ် အဆင့်မြှင့်ဖို့ သိပ်ပြီး မလိုအပ်လှဘူးလေ။ ပြီးတော့ လိုအပ်လာရင်လည်း သူ့ရဲ့ လက်ညှိုးကနေ သဟဇာတသေနတ် ကို သူကိုယ်တိုင် ပစ်ထုတ်လို့ ရနေတာပဲ။
အခု သဟဇာတသေနတ်က တကယ်ကို အစွမ်းထက်တယ်ဆိုတာ အမှားတော့ မဟုတ်ဘူး။ ဒါပေမဲ့ သူ့ရဲ့ ဖျက်ဆီးအားက ကျည်ဆန်တစ်တောင့်လိုမျိုး လမ်းကြောင်းတစ်ခုတည်းကိုပဲ ကန့်သတ်ထားတာလေ။ ပစ်လိုက်တာနဲ့ ချက်ချင်း ရောက်သွားတဲ့ အရှိန်ကြောင့် အများကြီး ပျက်စီးသွားစေနိုင်တာတော့ အမှန်ပဲ။
ဒါပေမဲ့ မိုက်ကယ်က သူ့ရဲ့ တိုက်ခိုက်ရေးစွမ်းအားအတွက် ပိုပြီး ပြင်းထန်တဲ့ အရာမျိုးကို လိုချင်နေတာ။ အဲဒီနေရာမှာ သဟဇာတဗုံး က အသုံးဝင်လာတာပေါ့။ အဲဒါကို နောက်ဆုံး အားကိုးရာ လက်နက်တစ်ခုအနေနဲ့ အသုံးပြုလို့ ရနိုင်တာကိုး။
* * * * * * * *
စာစဉ်(၃၈)