← Chapters

အခန်း ၄၅၅

Vol. 38 Ch. 455

အခန်း ၄၅၅

Vol. 38 Ch. 455

အခန်း(၄၅၅)

[ဒရုန်းကို အဆင့်မြှင့်တင်နေပါသည်...]

ဒရုန်းဆီကနေ စွမ်းအင်တွေ တစ်ဖန်ပြန်ပြီး တဒိတ်ဒိတ် ထွက်ပေါ်လာတာကို မိုက်ကယ် မြင်လိုက်ရတယ်။ သူ့ရဲ့ အတွင်းပိုင်းထဲကနေ အနီရောင် အကြောလိုင်းတွေ ထွက်လာတာက ဒီမီသရယ် မှော်ဝင်ပစ္စည်းကြီးဟာ သက်ရှိတစ်ခုလို လှုပ်ရှားနေသလိုမျိုး ထင်ယောင်ထင်မှားတောင် ဖြစ်စေတယ်။

ဒရုန်းကိုယ်ထည်ရဲ့ အောက်ခြေမှာ နာနိုမှုန်တွေ စုစည်းလာပြီး ပြောင်းဝ အဝိုင်းအရှည် ပုံသဏ္ဌာန်တစ်ခု ပေါ်ထွက်လာတယ်။ ဒါကတော့ လက်ပစ်ဗုံးတွေကို ပစ်လွှတ်မယ့် ဧရာမ ပြောင်းဝကြီးတစ်ခု ပုံပေါ်လာတာပဲ။

ဒီအဆင့်မြှင့်တင်မှုကြီး ပြီးဆုံးသွားဖို့အတွက် သူ မိနစ်သုံးဆယ်တိတိ စောင့်ဆိုင်းခဲ့ရတယ်။

အခုအချိန်မှာတော့ သူ့ရဲ့ ဒရုန်းဟာ စစ်တပ်သုံး ပစ္စည်းတစ်ခုလိုမျိုးကို ဖြစ်နေပြီ။ သူ့ရဲ့ တိုက်ခိုက်ရေးစွမ်းရည်တွေက ခေတ်သစ်စစ်ဆင်ရေးရဲ့ အနာဂတ်လို့တောင် ခေါ်ဆိုထိုက်နေတာပေါ့။

ဒီကမ္ဘာမှာ သေနတ်ဆိုတာတောင် မရှိသေးဘူး။ ဒါပေမဲ့ အခု သူ့မှာ ကောင်းကင်ယံ အမြင့်ပေထောင်ချီကနေ ပျံသန်းပြီး ရန်သူတွေအပေါ် ငရဲမီးတွေ ရွာချနိုင်မယ့် လက်နက်တစ်ခု ရှိနေပြီ။ ဒါပေမဲ့လည်း သူက လူသားတွေရဲ့ ဘေးကင်းလုံခြုံမှုကို ထည့်မတွက်ဘဲ စည်းမဲ့ကမ်းမဲ့ သုံးမယ့်သူတော့ မဟုတ်ပါဘူး။ ဒါကြောင့်မို့လို့လည်း မက်ထရိုပိုလစ်ရဲ့ အလယ်ခေါင်တည့်တည့်မှာ ဒါကို လာပြီး စမ်းသပ်မကြည့်တာပါ။

ပြီးတော့ သူက ဒရုန်းရဲ့ အနီရောင်ခလုတ်လေးကို နှိပ်ပြီး ဒရုန်းမြင်ကွင်းကို ကြည့်ဖို့အတွက် မျက်မှန်ကို ထုတ်ယူလိုက်တယ်။ ဘေးဘက်က အကန့်လေး ပွင့်ထွက်လာပြီး ‘ကလစ်’ ဆိုတဲ့ နားဝင်ချိုတဲ့ အသံလေးနဲ့အတူ မိုက်ကယ်လည်း အထဲက မျက်မှန်ကို လှမ်းယူလိုက်တယ်။

သူက မျက်မှန်ကို တပ်ဆင်လိုက်ပြီး ဒရုန်းရဲ့ ကိုယ်ထည်ထဲကို တိုက်ရိုက် ဝင်ရောက်လိုက်တယ်။ စက္ကန့်ပိုင်းအတွင်းမှာပဲ သူ့ရဲ့ အသိစိတ်ဟာ မီသရယ် မှော်ဝင်ပစ္စည်းဆီကို ကူးပြောင်းသွားပြီး တစ်ကမ္ဘာလုံး မှောင်အတိ ကျသွားသလို ခံစားလိုက်ရတယ်။

အခုဆို သူက ဒရုန်းကို ကိုယ်တိုင် ပျံသန်းမောင်းနှင်နေသလိုမျိုး ဖြစ်နေပြီ။ ပျံသန်းဖို့ အမိန့်ပေးလိုက်တာနဲ့ ပန်ကာဒလက်တွေက တဝုန်းဝုန်းနဲ့ လည်ပတ်လာပြီး ပြတင်းပေါက်ကနေတစ်ဆင့် ကောင်းကင်ယံဆီကို ထိုးပျံတက်သွားခဲ့တယ်။

ဘယ်သူ့ရဲ့ အသံမှ မကြားရတော့မယ့် အကွာအဝေးကို ရောက်တဲ့အခါကျမှ သူက ရပ်တန့်ပြီး ငြိမ်သက်နေလိုက်တယ်။

'အခုက ဒရုန်းထဲ ရောက်နေရင်းနဲ့ ငါ့ရဲ့ မန္တန်တွေကို တကယ် သုံးလို့ရ၊ မရ စမ်းသပ်ဖို့ အခွင့်အရေးပဲ'

နိုဗာရဲ့ ပြောပြချက်အရ သူ့ရဲ့ အသိစိတ်ကို ဒရုန်းထဲ ကူးပြောင်းလိုက်တာက သူ့ရဲ့ တန်ခိုးတွေကိုပါ ဒရုန်းထဲ ထည့်သွင်းလိုက်တာနဲ့ အတူတူပဲတဲ့။ ဘယ်လိုပဲ ကြည့်ကြည့် ဒီဒရုန်းဟာ အခုဆို သူကိုယ်တိုင် ဖြစ်နေပြီ။ သူ့ရဲ့ အဆင့်မြင့်စွမ်းရည်တွေနဲ့ စွမ်းရည်အားလုံးကို ဘယ်လိုဆိုးကျိုးမှ မရှိဘဲ သုံးနိုင်နေတာပေါ့။

သာမန်လူတွေအတွက်ဆိုရင်တော့ မှော်မန္တန်တစ်ခုကို ဖန်တီးဖို့ လပေါင်းများစွာ လေ့ကျင့်ထားရတဲ့ သီးသန့် အလေ့အထကျင့်စဉ်တွေ လိုအပ်တာပေါ့။ အဲဒီတော့ သူတို့က မိမိကိုယ်ထည်ကို မထိန်းချုပ်နိုင်တဲ့ အခြေအနေမျိုးနဲ့ ကြုံရတဲ့အခါ သူတို့ ရင်းနှီးကျွမ်းဝင်နေတဲ့ မန္တန်တွေကို ထုတ်သုံးနိုင်မှာ မဟုတ်တော့ဘူး။

ဒါပေမဲ့ မိုက်ကယ်ကတော့ ထိုသို့မဟုတ်။

သူ့ဘေးမှာ နိုဗာ ရှိနေတာကြောင့် မန္တန်တွေကို သူ့ရဲ့ ဒရုန်းခန္ဓာကိုယ်အသစ်နဲ့ အဆင်ပြေပြေ အံဝင်ခွင်ကျ ဖြစ်သွားအောင် လမ်းကြောင်းပေါ်မှာတင် အနည်းငယ် ပြုပြင်ပြောင်းလဲလိုက်တယ်။

သူ အာရုံစူးစိုက်လိုက်တာနဲ့ ဒရုန်းကိုယ်ထည်ရဲ့ အောက်ခြေမှာ မှော်ကွင်းပြင်တစ်ခု ပေါ်လာတယ်။

မှော်ကွင်းပြင်ထဲကနေ အရိပ်တစ်ခု ထွက်ပေါ်လာပြီး ဒရုန်းတစ်ခုလုံးကို လွှမ်းခြုံပတ်ဆတ်သွားခဲ့တယ်။

မိုက်ကယ်က အရိပ်ထဲကို ဝင်ရောက်သွားရင်း ကမ္ဘာကြီးတစ်ခုလုံး မှောင်မိုက်သွားတာကို ထပ်ပြီး မြင်လိုက်ရပြန်တယ်။ ဒါကတော့ သူ့ရဲ့ အကြိုက်ဆုံး မန္တန်ဖြစ်တဲ့ [အရိပ်ရွှေ့ပြောင်းခြင်း] စွမ်းရည်ပဲ ဖြစ်ပြီး ဘယ်အချိန်၊ ဘယ်နေရာမှာမဆို သူ့ရဲ့ အရိပ်ခွဲနဲ့ နေရာချင်း လဲလှယ်နိုင်တာပေါ့။

ခဏအကြာမှာတော့ အရိပ်က တဖြည်းဖြည်း ပျောက်ကွယ်သွားပြီး မိုက်ကယ်ဟာ လုံးဝ ခြားနားတဲ့ နေရာတစ်ခုကို ရောက်ရှိသွားတာကို မြင်လိုက်ရတယ်။

သူက အခု အန်ဂိုရာမြို့ရဲ့ အရှေ့ဘက်က တောအုပ်ထဲကို ရောက်နေတာပါ။ ဒါက ရီနေးတား နိုင်ငံတော်ဆီ မပြောင်းရွှေ့ခင် နတ်သူငယ်တွေ နေထိုင်ခဲ့တဲ့ နေရာဟောင်းပေါ့။ ပြီးတော့ သူ ဒီနေရာကို နောက်တစ်ကြိမ် ပြန်လာဖို့ လိုအပ်နိုင်တာကြောင့် အရိပ်ခွဲအချို့ကိုလည်း ချန်ထားခဲ့ပါသေးတယ်။

သူ့ပတ်ဝန်းကျင်ကို ဝေ့ဝဲကြည့်လိုက်တော့ သစ်ပင်တွေနဲ့ အပင်ငယ်တွေကလွဲလို့ ဘာမှမရှိဘူး။

ဒါပေမဲ့ တောင်ဘက် ၄ ကီလိုမီတာလောက် အကွာမှာတော့ သူ့ရဲ့ ရီနေးတား ပြည်သူတွေ ရွှေလမ်းမကြီးပေါ်မှာ အလုပ်လုပ်နေကြတာကို လှမ်းမြင်နေရတယ်။ သူက သူတို့ကို သွားပြီး မနှောင့်ယှက်ချင်တာကြောင့် ဒရုန်းရဲ့ စွမ်းရည်အသစ်တွေကို စမ်းသပ်ဖို့အတွက် အနည်းငယ် ပိုဝေးတဲ့ နေရာကို ရွှေ့လိုက်တယ်။

၁၀ ကီလိုမီတာ ပတ်လည်မှာ ဘယ်သူမှ မရှိတော့ဘဲ တစ်ယောက်တည်း ဖြစ်သွားတဲ့ အခါကျမှ စမ်းသပ်မှုကို စတင်လိုက်တယ်။

ပထမဆုံးအနေနဲ့ သူက ဒရုန်းရဲ့ သဟဇာတသေနတ် ရဲ့ စွမ်းဆောင်ရည်ကို ကြည့်ချင်နေတယ်။ ပြီးတော့ ထူးထူးဆန်းဆန်းပဲ၊ ဒရုန်းရဲ့ ဘေးဘက်မှာ ထွက်နေတဲ့ ပြောင်းဝနှစ်ခုက သူ့ရဲ့ လက်နှစ်ဖက်လိုမျိုး စိတ်ထဲမှာ သဘာဝကျကျ ခံစားနေရတယ်။ အမှန်တကယ်တော့ ဒါတွေက အခုမှ ရှိလာတာဆိုတာ သူသိနေပေမဲ့ အစကတည်းက ရှိနေခဲ့သလိုမျိုးပဲ။

သူက ဒါကို ဘယ်ညာ၊ အထက်အောက် လုံးဝ လွတ်လွတ်လပ်လပ် လှုပ်ရှားလို့ ရနေတယ်။

'ဟိုးဘက်က သစ်ပင်အပုလေးကိုပဲ ပစ်မှတ်ထားလိုက်မယ်' လို့ သူက တောအုပ်စိမ်းစိမ်းကြီးထဲကနေ တစ်ပင်တည်း ထိုးထွက်နေတဲ့ သစ်ပင်ကို ကြည့်ပြီး တွေးလိုက်တယ်။

ဒရုန်းရဲ့ မြင်ကွင်းမျက်နှာပြင်က ရုတ်တရက် ပြောင်းလဲသွားတယ်။ အခုဆို သူ စိတ်ထဲမှာ တွေးလိုက်တဲ့ သစ်ကိုင်းလေးအထိ တည့်တည့်မတ်မတ် အာရုံစူးစိုက်ပေးထားတဲ့ ပစ်မှတ်အမှတ်အသား ပေါ်လာပြီ။

ပြောင်းဝနှစ်ခုက ရှေ့ကို တိုးထွက်လာပြီး ပြီးပြည့်စုံတဲ့ တိကျမှုနဲ့အတူ ချိန်ရွယ်ပြီးသား ဖြစ်သွားတယ်။

ပြီးတော့ စိတ်ကူးလိုက်ရုံတင်ပဲ၊ သူ သေနတ်နှစ်လက်လုံးကို ပစ်ခတ်လိုက်တယ်။

ပြောင်းဝတွေထဲကနေ သဟဇာတ စွမ်းအင်တန်းတွေ ချက်ချင်း ထွက်ပေါ်လာပြီး သစ်ပင်ရဲ့ သစ်ကိုင်းအနုလေးတွေကို တည့်တည့် ဖြတ်သန်းသွားကာ ကျိုးပဲ့သွားစေခဲ့တယ်။

'အထင်ကြီးစရာပဲ' လို့ သူ တွေးလိုက်တယ်။

နောက်ထပ် စမ်းသပ်မှု အနည်းငယ် လုပ်ပြီးတဲ့နောက်မှာတော့ သူက ပစ်မှတ်တစ်ခုကို အာရုံစိုက်ထားလိုက်ရင် သူ ဘယ်လောက်ပဲ လှုပ်ရှားလှုပ်ရှား ပစ်မှတ်အမှတ်အသားက လွဲချော်မသွားတာကို တွေ့လိုက်ရတယ်။ ဒါက ပစ်မှတ်ကို အလိုအလျောက် ချိန်ပေးတဲ့ လှည့်စားမှုတစ်ခုလိုပဲ။ သူ့မျက်လုံးက အမှီလိုက်နိုင်သရွှေ့ ဒရုန်းရဲ့ ပစ်မှတ်စနစ်ကလည်း လိုက်ပါနိုင်စွမ်း ရှိတယ်။

အခု သေနတ်တွေကို စမ်းသပ်လို့ ပြီးပြီဆိုတော့ သူက သူ့အောက်က ဧရာမ ကျောက်တုံးကြီးတစ်ခုဆီကို အာရုံပြောင်းလိုက်တယ်။

'အခုတော့ ဧရာမ ဗုံးကြီးကို စမ်းသပ်ရမယ့် အချိန်ပဲ'

သဟဇာတသေနတ်တွေက ပစ်မှတ်အသေးစားတွေကို ထိမှန်ဖို့ ကောင်းမွန်ပေမဲ့ တစ်ခါတရံမှာ ရန်သူအများအပြား ရှိနေတဲ့ ဧရိယာအကျယ်အဝန်းကို ချေမှုန်းဖို့ ပိုမိုပြင်းထန်တဲ့ တိုက်ခိုက်ရေးစွမ်းအား လိုအပ်တာပေါ့။

သူ ကျောက်တုံးကြီးဆီကို အာရုံစိုက်လိုက်တာနဲ့ ဒရုန်းရဲ့ ရှေ့က တိုပြီး တုတ်ခိုင်တဲ့ ပြောင်းဝကြီးက ပစ်မှတ်ကို ချိန်ရွယ်လိုက်တယ်။ သူက မပစ်ခတ်ခင် ပေါက်ကွဲမယ့် ဧရိယာအနီးအနားမှာ သက်ရှိ သတ္တဝါတွေ မရှိတာကို သေချာအောင် ထပ်ပြီး စစ်ဆေးလိုက်သေးတယ်။

ပြီးတော့ သူ ပစ်ခတ်ဖို့ အမိန့်ပေးလိုက်တယ်။

ဘေ့စ်ဘောလုံး အရွယ်အစားလောက်ရှိတဲ့ အဖြူရောင် အလုံးလေးတစ်လုံးက ပြောင်းဝထဲကနေ ဖြည်းဖြည်းချင်း ထွက်ပေါ်လာပြီး ကျောက်တုံးကြီးဆီကို တည့်တည့်မတ်မတ် ကျဆင်းသွားတယ်။ သူက ဒီလက်ပစ်ဗုံးရဲ့ ပေါက်ကွဲမှု အတိုင်းအတာကို အတိအကျ မသိသေးတာကြောင့် ဒရုန်းကို ပစ်မှတ်နဲ့ ဝေးရာဆီကို မောင်းနှင်လိုက်တယ်။

ခဏအကြာမှာတော့ အဖြူရောင် သဟဇာတ အလုံးလေးက ဧရာမ ကျောက်တုံးကြီးနဲ့ ထိတွေ့မိသွားတယ်။

ထိမိသွားတာနဲ့ တပြိုင်နက် ပေါက်ကွဲမှု ဖြစ်ပွားတဲ့ နေရာကနေ တောက်ပတဲ့ အဖြူရောင် အလင်းတန်းကြီး ထွက်ပေါ်လာပြီး ကျောက်တုံးကြီးဟာ အမှုန်အမွှားလေးတွေအဖြစ် ပျက်စီးသွားတာကို မြင်လိုက်ရကာ ပေါက်ကွဲမှု ဧရိယာကလည်း ဆက်တိုက် ကျယ်ပြန့်လာခဲ့တယ်။ သစ်ပင်တွေ၊ မြေကြီးတွေ၊ ကျောက်တုံးတွေ။ ပေါက်ကွဲမှု ပတ်ဝန်းကျင်မှာ ရှိသမျှ အရာအားလုံးဟာ လက်ပစ်ဗုံးကြောင့် ပျက်စီးသွားခဲ့ရတယ်။

အဝေးတစ်နေရာကနေ မိုက်ကယ်ဟာ ပေါက်ကွဲမှုကြောင့် ထွက်ပေါ်လာတဲ့ ပြင်းထန်တဲ့ တုန်ခါမှုလှိုင်းကို ခံစားလိုက်ရတယ်။ ဒါက သူ့ရဲ့ ဒရုန်းကိုတောင် အနည်းငယ် ယိမ်းထိုးသွားစေပြီး မြင်ကွင်းမျက်နှာပြင်မှာ လိုင်းတုန်ခါမှု အနည်းငယ် ဖြစ်သွားကာမှ ပြန်လည် တည်ငြိမ်သွားခဲ့တယ်။

'ဒါက ငါထင်ထားတာထက် ပိုပြင်းထန်ပါလား'

သူက ပေါက်ကွဲပြီးသွားတဲ့ အခြေအနေကို ကြည့်ပြီး တောအုပ်ရဲ့ တစ်စိတ်တစ်ပိုင်းဟာ ယမ်းဘီလူးနဲ့ ဖောက်ခွဲလိုက်သလိုမျိုး ပျက်စီးသွားတာကို ခံစားလိုက်ရတယ်။ နိုဗာရဲ့ တွက်ချက်မှုအရ ဒီလက်ပစ်ဗုံးရဲ့ စုစုပေါင်း ပေါက်ကွဲမှု အဝန်းအဝိုင်းက အချင်း မီတာ ၄၀ လောက် ရှိတယ်တဲ့။ လက်ပစ်ဗုံးလို့ နာမည်ပေးထားပေမဲ့ သူ့ရဲ့ ဖျက်ဆီးနိုင်စွမ်းကတော့ ဗုံးအဆင့်ကို ရောက်နေတာပေါ့။

ဘေးကင်းပြီလို့ ခံစားရတဲ့ အခါကျမှ သူက ဒရုန်းကို ပေါက်ကွဲမှု ဖြစ်ပွားတဲ့ နေရာဆီကို ပိုပြီး နီးကပ်စွာ မောင်းနှင်လိုက်တယ်။ အဲဒီလို လုပ်လိုက်တဲ့အချိန်မှာပဲ သူက ထူးဆန်းတဲ့ ဖြစ်စဉ်တစ်ခုကို ရုတ်တရက် ခံစားလိုက်ရတယ်။ လေထုက... တစ်မျိုးကြီး ဖြစ်နေသလိုပဲ။ လုံးဝ ဟာလာဟင်းလင်း ဖြစ်နေသလို ခံစားရတယ်။

သူ ပိုပြီး နီးနီးကပ်ကပ် ရောက်သွားတဲ့ အခါကျမှပဲ မှော်စွမ်းအင်တွေကို လုံးဝ အာရုံမခံနိုင်တော့တာကို သဘောပေါက်လိုက်တယ်။ အရာအားလုံး ပျောက်ကွယ်သွားပြီ။ သဘာဝတရားကြီးနဲ့ ကမ္ဘာလောကကြီးအပေါ် သူ့ရဲ့ ဆက်နွှယ်မှု ဖြတ်တောက်ခံလိုက်ရသလိုမျိုး ခံစားလိုက်ရတယ်။

'ဒါက တကယ်ကို ဆိုးဝါးတဲ့ ခံစားချက်ပဲ။ သာမန်လူတွေ ခံစားရတာက ဒီလိုမျိုးလား'

မိုက်ကယ်ဟာ ဒီပေါက်ကွဲမှု ဧရိယာထဲမှာ မှော်အတတ် မတတ်တဲ့ လူသာမန်တစ်ယောက်လို ခံစားနေရတယ်။ သဟဇာတလက်ပစ်ဗုံးက ပေါက်ကွဲတဲ့ နေရာမှာ ရှိသမျှ မှော်စွမ်းအင်အားလုံးကို ပိတ်ပစ်နိုင်တဲ့ စွမ်းရည်ရှိမှန်း သူသိထားပေမဲ့ ဒီလောက်အထိ ပြင်းထန်လိမ့်မယ်လို့တော့ မထင်ထားခဲ့ဘူး။ မှော်ပညာအတွက် အဆင့်မြင့်ပါရမီ ရှိတဲ့ သူကိုယ်တိုင်တောင် မှော်စွမ်းအင်ကို လုံးဝ သုံးလို့မရတော့ဘူးဆိုရင် အခြားလူတွေလည်း သုံးနိုင်မှာ မဟုတ်တာ သေချာပါတယ်။

* * * * * * * *

စာစဉ်(၃၈)

All Chapters