အခန်း ၄၅၉
Vol. 39 Ch. 459
အခန်း(၄၅၉)
တိုက်ပွဲက မြန်ဆန်လွန်းလို့ ဘာဖြစ်သွားလဲဆိုတာကို လူတွေ သေချာတောင် သဘောမပေါက်လိုက်ရဘူး။
"....အနိုင်ရရှိသူကတော့...မိုက်ကယ်..." လို့ ကွင်းကြေညာသူက သူမကိုယ်တိုင် မြင်တွေ့လိုက်ရတဲ့အရာကို မယုံကြည်နိုင်သေးတဲ့ လေသံနဲ့ ပြောလိုက်တယ်။
အချို့လူတွေကတော့ လွန်ခဲ့တဲ့ တိုက်ပွဲက မမျှော်လင့်ဘဲ ရှုံးနိမ့်သွားတဲ့ ရလဒ်ကြောင့် အံ့ဩမှင်တက်နေတုန်းမို့ စက္ကန့်ပိုင်းအတွင်း ဖြစ်ပျက်သွားတဲ့ အရာအားလုံးကို လုံးဝ လွတ်သွားကြတယ်။ ကွင်းကြေညာသူက ရလဒ်ကို အော်ဟစ်ကြေညာလိုက်တဲ့ အခါကျမှပဲ သူတို့ ဘာဖြစ်သွားလဲဆိုတာ သိလိုက်ရတော့တယ်။
"ဘာလဲ"
"ပြီးသွားပြီလား။ တိုက်ပွဲ တကယ်ကော ဖြစ်လိုက်ရဲ့လား"
"ငါ လွတ်သွားပြီ"
လူတော်တော်များများ မြင်ခွင့်မရလိုက်ကြဘူး။ ဒါပေမဲ့ မြင်လိုက်ရတဲ့သူတွေကျတော့လည်း ဘာဖြစ်သွားလဲဆိုတာ သူတို့ကိုယ်တိုင် သေချာမရေရာသေးတာမို့ စကားတောင် မဟနိုင်ကြဘူးဖြစ်နေတယ်။
သူတို့ မြင်လိုက်ရတာက မိုက်ကယ်ဟာ ကွင်းပြင်ထဲမှာ ရပ်ပြီး သူ့ပြိုင်ဘက်ကို ရင်ဆိုင်နေတာပဲ။ တိုက်ပွဲ စတင်လိုက်တာနဲ့ တစ်ပြိုင်နက် မိုက်ကယ့်ဆီကနေ ရိုက်ခတ်မှုလှိုင်းလိုမျိုး အရာတစ်ခု ထွက်ပေါ်လာပြီး ပြိုင်ဘက်ရဲ့ ရင်ဘတ်တည့်တည့်ကို အရှိန်နဲ့ ထိမှန်သွားတယ်။ အဲဒီဒဏ်ကြောင့် ပြိုင်ဘက်ရဲ့ ချပ်ဝတ်တန်ဆာဟာ တွန့်လိပ်ပျက်စီးသွားပြီး ပွဲကြည့်စင်တွေဆီကို လွင့်ထွက်သွားခဲ့ရတယ်။
ဒါပါပဲ။ တိုက်ပွဲက မစတင်ရသေးခင်မှာတင် ပြီးဆုံးသွားခဲ့ပါပြီ။
"နေပါဦး...သူက မင်းပြောတဲ့ ဒြပ်စင်လေးခုကို ကျွမ်းကျင်တဲ့ ကလေး မဟုတ်လား"
"အေးဟုတ်ပ။ သူက မနေ့က ကလေးပဲ"
သူက ဘယ်သူလဲဆိုတာကို သဘောပေါက်သွားကြတာနဲ့ လူတိုင်းရဲ့ မျက်လုံးတွေက သူ့ဆီကို စုပြုံရောက်ရှိလာကြတော့တယ်။ အဲဒီလို အဆင့်အတန်းမျိုးရှိတဲ့ ပြိုင်ဘက်တစ်ယောက်ကို အနိုင်ယူဖို့ဆိုတာ ကျွမ်းကျင်မှုနဲ့ တန်ခိုးအာဏာ လိုအပ်တယ်ဆိုတာကို ဘာဖြစ်သွားလဲဆိုတာ သေချာမသိရင်တောင် လူတိုင်း ရိပ်မိကြပါတယ်။ အဲဒီလူဟာ သူ့အရည်အချင်းနဲ့သူ ဒုတိယအဆင့်ကို တက်လှမ်းလာနိုင်ခဲ့တာပါ။ ဒါပေမဲ့ မိုက်ကယ်ကတော့ အဲဒီလူ သူ့ရဲ့ အရည်အချင်းတွေကို မပြသနိုင်ခင်မှာတင် စက္ကန့်ပိုင်းအတွင်းမှာတင် အပြတ်အသတ် အနိုင်ယူလိုက်တာ ဖြစ်တယ်။
ဖြည်းဖြည်းချင်းပဲ ပြိုင်ပွဲရဲ့ လက်ရှိအခြေအနေနဲ့ ပတ်သက်ပြီး ဆွေးနွေးငြင်းခုံသံတွေ ပိုမိုထွက်ပေါ်လာခဲ့တယ်။ တစ်ပွဲပြီးတစ်ပွဲ မမျှော်လင့်ဘဲ ရှုံးနိမ့်မှုတွေချည်း ဖြစ်နေတာကိုး။ နိုင်လိမ့်မယ်လို့ ထင်ထားတဲ့သူတွေက လုံးဝ အမည်မသိတဲ့သူတွေဆီမှာ ရှုံးနိမ့်ကုန်ကြတယ်။
အခုဆိုရင် လက်ရှိ ရေပန်းအစားဆုံး ထိပ်တန်းနှစ်ယောက်က မိုက်ကယ်နဲ့ မြွေလူသားကြီးပဲ ဖြစ်နေပြီ။ မြွေလူသားက စပါတန်လူသားကို အနိုင်ယူခဲ့တဲ့ ပုံစံကို သူတို့ မနှစ်သက်ကြပေမဲ့ သူဟာ ပြိုင်ပွဲမှာ ပထမနေရာကို ရရှိနိုင်မယ့် အရည်အချင်းမျိုး ရှိတယ်ဆိုတာကိုတော့ သူတို့ မတွေးဘဲ မနေနိုင်ကြဘူး။
တစ်ဖက်မှာတော့ တိုက်ပွဲ ပြီးဆုံးသွားပြီဖြစ်လို့ မိုက်ကယ်ဟာ ကွင်းပြင်ပေါ်ကနေ ပြန်လည်ပျံတက်လာပြီး ကလော်ဒီယာ ရှိရာဆီ ပြန်လည်ပူးပေါင်းလိုက်တယ်။
"မြန်လှချည်လား" လို့ သူမက သူ့ကို တိုးတိုးရေရွတ်လိုက်ရင်း "မင်း တစ်ခုခု အလျင်လိုနေလို့လား" လို့ မေးလိုက်တယ်။
သူက ခေါင်းခါပြလိုက်ပြီး "ကျွန်ုပ် စိတ်အခြေအနေ မကောင်းလို့ပါ" လို့ ဆိုလိုက်တယ်။
မြွေလူသား ပြောခဲ့တဲ့ စကားတွေကို ကြားရပြီးတဲ့နောက် မိုက်ကယ်လည်း ဒေါသထွက်လာခဲ့တာ ဖြစ်တယ်။ အဲဒီလူက ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုလွန်ကဲနေတာမို့ မိုက်ကယ်အနေနဲ့ သူတို့နှစ်ယောက် တိုက်ခိုက်ရမယ့်အချိန်ကို မစောင့်နိုင်အောင် ဖြစ်နေရတယ်။
ဒါပေမဲ့ ကံမကောင်းစွာနဲ့ပဲ ပြိုင်ပွဲဇယားအရ သူတို့နှစ်ယောက်ဟာ ဗိုလ်လုပွဲကျမှသာ ဆုံတွေ့နိုင်မှာ ဖြစ်တယ်။ ဒါကြောင့် သူနဲ့ စိန်ခေါ်တိုက်ခိုက်ပွဲ ဆင်နွှဲနိုင်ဖို့အတွက် လက်ရှိတိုက်ပွဲတွေကို တတ်နိုင်သမျှ အမြန်ဆုံး အဆုံးသတ်ပစ်ချင်နေတာပါ။
"ဘာပဲဖြစ်ဖြစ် မင်း တတိယအဆင့်ကို တက်လှမ်းသွားပြီပဲ။ ဗိုလ်လုပွဲမရောက်ခင် နောက်ထပ် သုံးပွဲပဲ နိုင်ဖို့ လိုတော့တယ်"
မိုက်ကယ်က သူ့ရဲ့ ပြိုင်ဘက်ဖြစ်လာနိုင်ခြေရှိသူတွေကို ကြည့်ရှုပြီးသွားပြီဖြစ်လို့ ဘယ်သူ့ကိုမှ သိပ်ပြီး ခက်ခဲမယ့်သူလို့ မမြင်မိပါဘူး။ သူ့ရဲ့ အကြွင်းမဲ့ ဒြပ်စင်ဘက်စုံအကာအကွယ် စွမ်းရည်နဲ့ အဆင့်မြင့်စွမ်းရည်တွေ ပေါင်းစပ်ထားတဲ့ အကန့်အသတ်မဲ့ မန္တန်အလန်းစားတွေကြောင့် သာမန်ပြိုင်ဘက်တွေကို အလွယ်တကူ အနိုင်ယူဖို့က သူ့အတွက်တော့ အေးဆေးပါပဲ။
* * * * * * * *
ဒီလိုတွေ ဖြစ်ပျက်နေတဲ့အချိန်မှာပဲ အလယ်တန်းနဲ့ အဆင့်မြင့် ပြိုင်ပွဲတွေကလည်း တစ်ပြိုင်တည်း ဖြစ်ပွားနေခဲ့တယ်။
အဆင့်မြင့် စိန်ခေါ်တိုက်ခိုက်ပွဲ အများစုကတော့ ကုမ္ပဏီကြီးတွေရဲ့ အိန္ဒြေသိက္ခာပိုင်းဆိုင်ရာတွေကြောင့် လျှို့ဝှက်စွာပဲ ကျင်းပကြတယ်။
ဒစ်ကီရဲ့ ဌာနကတော့ စိန်ခေါ်တိုက်ခိုက်ပွဲတွေမှာ ပါဝင်ဆင်နွှဲနေပြီး တစ်ပြိုင်ပွဲလုံးမှာ အနိုင်ရရှိဖို့ ရေပန်းအစားဆုံး ဖြစ်နေခဲ့တယ်။ သူကလည်း မိန်းလမ်းမကြီးရဲ့ အစိတ်အပိုင်းတစ်ခုကို ရယူချင်နေတာကိုး။
ဒါပေမဲ့ ကွန့်ချ် ကုမ္ပဏီကြီးကတော့ တကယ်တမ်း ဒီလိုမျိုး ပြိုင်ပွဲမှာ ပါဝင်ဖို့အတွက် အလွန်ကြီးမားလွန်းနေပါတယ်။ ဒါက သူတို့ ဂုဏ်သိက္ခာနဲ့ မညီရုံတင်မကဘဲ သူတို့မှာ ပွဲတော်လမ်းကြောင်းပေါ်မှာ ရှိနေတဲ့ တခြားသော မြေကွက်အများအပြားကို ပိုင်ဆိုင်ထားပြီးသားဖြစ်လို့ မိန်းလမ်းမကြီးကို ပိုင်ဆိုင်ဖို့လည်း မလိုအပ်ပါဘူး။
သို့သော် ကွန့်ချ် ကုမ္ပဏီက ဧရာမကုမ္ပဏီကြီး ဖြစ်တာမို့ ဌာနတစ်ခုချင်းစီကိုပဲ ကုမ္ပဏီတစ်ခုအနေနဲ့ သတ်မှတ်လို့ရနေတယ်။ ဒစ်ကီအနေနဲ့ သူ့ဌာနရဲ့ အရင်းအမြစ်တွေကိုသာ အသုံးပြုသရွေ့တော့ သူ့သဘောအတိုင်း ပြိုင်ပွဲထဲ ဝင်ရောက်ယှဉ်ပြိုင်ခွင့် ရှိနေတာ ဖြစ်ပါတယ်။
သူ့ရဲ့ အကြီးမားဆုံး ပြိုင်ဘက်ကတော့ ပိရမစ်ဒစ် ကျူဇင်း ဖြစ်ပြီး သူတို့က စပ်ပြန်းပြန်း အစားအသောက်တွေရဲ့ အရသာတင်မကဘဲ သူတို့ စားဖိုမှူးတွေရဲ့ လက်သီးလက်မောင်း တိုက်ခိုက်ရေး စွမ်းရည်ကိုပါ ဂုဏ်ယူဝင့်ကြွားကြသူတွေ ဖြစ်တယ်။
လူတိုင်းက အဲဒီနှစ်ခုထဲက တစ်ခုခုပဲ နိုင်လိမ့်မယ်လို့ မျှော်လင့်ထားကြတာပါ။ ဒါပေမဲ့ မထင်မှတ်ဘဲနဲ့ ဖျက်မြင်းတစ်ကောင်က ပြိုင်ပွဲကို အေးအေးလူလူ ဖြတ်ကျော်လာနိုင်ခဲ့တယ်။ လူတော်တော်များများက အဲဒီဖျက်မြင်းဟာ ဒစ်ကီရဲ့ ဌာနကိုတောင် အနိုင်ယူနိုင်စွမ်း ရှိတယ်လို့ ယုံကြည်နေကြတယ်။
မမျှော်လင့်ဘဲ ရှုံးနိမ့်မှုတွေ ဖြစ်ပေါ်နေတာက အဆင့်မြင့်ပြိုင်ပွဲတင် မဟုတ်ပါဘူး။ အလယ်တန်းပြိုင်ပွဲမှာလည်း သူ့နည်းသူ့ဟန်နဲ့ ဖျက်မြင်းတစ်ကောင် ပေါ်ထွက်နေခဲ့တယ်။ ပြီးတော့ အခြေခံအဆင့် ပြိုင်ပွဲလိုပဲ အဲဒီဖျက်မြင်းက နိုင်ဖို့ ရေပန်းအစားဆုံး ဖြစ်နေတဲ့သူကို အနိုင်ယူပစ်လိုက်ပြီ ဖြစ်တယ်။
မိုက်ကယ်ကတော့ သူ့ပြိုင်ပွဲအပြင်ဘက်က အကြောင်းအရာတွေကို သိပ်စိတ်မဝင်စားဘဲ နေ့တိုင်း မှန်မှန်ပဲ လာရောက်ယှဉ်ပြိုင်ခဲ့တယ်။
ရက်တွေက ကုန်လွန်သွားခဲ့ပြီး သူဟာ တတိယအဆင့်၊ ထိုမှတစ်ဆင့် ဆီမီးဖိုင်နယ်ကို အနိုင်ရရှိခဲ့ကာ နောက်ဆုံးမှာတော့ ဗိုလ်လုပွဲကို ရောက်ရှိလာခဲ့ပြီ ဖြစ်တယ်။
သူ တစ်ခုလုံးကို အနိုင်ရဖို့အတွက် နောက်ထပ် တစ်ပွဲပဲ လိုတော့တာပါ။ ပြီးတော့ သူ့ရှေ့မှာ မိန်းလမ်းမကြီးကို ပိတ်ဆို့ထားတဲ့ တစ်ဦးတည်းသော ပြိုင်ဘက်ကတော့ မြွေဟောက် လို့ အမည်ရတဲ့ မြွေလူသားကြီးပဲ ဖြစ်တယ်။
မြွေဟောက်နဲ့ သူ့နောက်ကွယ်က လူတွေကတော့ သူတို့ ဘယ်သူနဲ့ ပြိုင်ရမယ်ဆိုတာ မြင်လိုက်ရတာနဲ့တင် အောင်ပွဲခံနေကြပြီ ဖြစ်တယ်။
"ဟေ့လူတို့။ ဒါက အေးဆေးပဲဟေ့"
"ဟား ဟား ဟား။ ကလေးတစ်ယောက် ဗိုလ်လုပွဲ တက်လာတယ်ဆိုတာ မယုံနိုင်စရာပဲ။ အခြေခံအဆင့် ပြိုင်ပွဲကတော့ ရယ်စရာကြီးပဲ"
သူတို့က ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု လွန်ကဲနေကြတာမို့ တခြားပြိုင်ပွဲတွေကို လုံးဝ လှည့်မကြည့်ခဲ့ကြပါဘူး။ မြွေဟောက်က အမြဲတမ်း ပွဲလာတိုက်တယ်၊ နိုင်ရင် တခြားတိုက်ပွဲတွေကို မကြည့်ဘဲ ချက်ချင်း ပြန်သွားတတ်တာ ဖြစ်တယ်။ ဒါကြောင့် သူဟာ မိုက်ကယ့်ရဲ့ စွမ်းရည်ပြသမှုတွေကို လုံးဝ လွတ်သွားခဲ့တာပါ။
"အချင်းချင်း သိပ်ပြီး အထင်မသေးကြနဲ့ဦး။ အဲဒီကလေးက ငယ်ပေမဲ့ သူ့အရည်အချင်းနဲ့သူ ဗိုလ်လုပွဲ တက်လာတာပါ" လို့ မြွေဟောက်က သူ့သူငယ်ချင်းတွေကို ပြောလိုက်ရင်း "ဒါပေမဲ့လည်း ပွဲရလဒ်ကတော့ ပြောင်းလဲသွားမှာ မဟုတ်ပါဘူး။ ဘယ်လိုပဲဖြစ်ဖြစ် ငါပဲ နိုင်မှာပါ" လို့ ဆိုလိုက်တယ်။
သူ့ရဲ့ စကားတွေကြောင့် အနီးနားက ပွဲကြည့်ပရိသတ်တွေ အားလုံး ဒေါသထွက်ကုန်ကြတော့တယ်။ သူတို့ရဲ့ ဝင့်ဝါလွန်းတဲ့ လေသံကို လူတွေ မနှစ်မြို့ကြဘူး။
"သွားစမ်းပါကွာ"
"မင်း ရှုံးပါစေလို့ ငါ ဆုတောင်းတယ်"
"ငါတို့ရဲ့ ပါရမီရှင်လေးက မင်းကို ဆုံးမလိမ့်မယ်"
လွန်ခဲ့တဲ့ သုံးရက်လုံးလုံး ပွဲကြည့်ပရိသတ်တွေဟာ မိုက်ကယ်က သူ့ပြိုင်ဘက်တိုင်းကို အပြတ်အသတ် အနိုင်ယူခဲ့တာကို မြင်တွေ့ခဲ့ကြပြီးသား ဖြစ်တယ်။ သူ့ရဲ့ ဒြပ်စင်လေးခု ကျွမ်းကျင်မှု စွမ်းရည်ကို ဘယ်သူမှ မယှဉ်နိုင်ခဲ့ပါဘူး။ သူ့ရဲ့ သာမန် မီးလုံးတွေ၊ ရေလုံးတွေကတောင် ပြိုင်ဘက်တွေ ဖန်တီးသမျှ အကာအကွယ်တွေကို အမှုန့်ချေ ဖျက်ဆီးပစ်နိုင်ခဲ့တာ ဖြစ်တယ်။
"လွယ်လွယ်လေး နိုင်မယ် ဟုတ်လား။ ဟား။ မင်း ဘယ်သူနဲ့ ရင်ဆိုင်နေရလဲဆိုတာ တောင် မသိဘူးပဲ။ ပါရမီရှင်လေး...သူ့ကို မင်းရဲ့ အစွမ်းတွေကို ပြလိုက်စမ်းပါ" လို့ ပွဲကြည့်ပရိသတ်တစ်ယောက်က အော်ဟစ်လိုက်တယ်။
လူအများရဲ့ ကန့်ကွက်ရှုတ်ချမှုတွေ ပြင်းထန်နေပေမဲ့လည်း မြွေဟောက်နဲ့ သူ့ရဲ့ မြွေလူသားအုပ်စုကတော့ အလွန်အမင်း ယုံကြည်မှု ရှိနေတုန်းပဲ ဖြစ်တယ်။
"ဟားဟား...ပါရမီရှင် ဖြစ်တော့ကော ဘာဖြစ်လဲ။ အရေးမပါပါဘူး"
"တော်လောက်ပြီ" လို့ မြွေဟောက်က သူ့သူငယ်ချင်းကို ပြောလိုက်ရင်း "ဒီစိန်ခေါ်တိုက်ခိုက်ပွဲကို စလိုက်ကြရအောင်။ ဒီမှာ ကြာနေရင် ငါ မိန်းလမ်းမကြီးကို ရဖို့ နောက်ကျလိမ့်မယ်" လို့ ဆိုလိုက်တယ်။
ထို့နောက် မြွေဟောက်က ကွင်းရဲ့ အပေါ်ဆုံးဆီကို မျှော်ကြည့်လိုက်ရင်း "မစ္စ ကလော်ဒီယာ...ကျွန်တော့်ကို ကူညီပေးပါဦး။ ကျွန်တော်တို့ရဲ့ လျှို့ဝှက်ပိုင်ခွင့်ကို တောင်းဆိုပါတယ်" လို့ ပြောလိုက်တယ်။
သူ အဲဒီလို ပြောလိုက်တာနဲ့ တစ်ပြိုင်နက် လူအုပ်ကြီးဆီကနေ မကျေနပ်သံတွေနဲ့ ဒေါသတကြီး အော်ဟစ်သံတွေ ထွက်ပေါ်လာတော့တယ်။
"ဘာလဲ။ အဲဒီလောက်တွေ ပြောပြီးတော့ တိုက်ပွဲကိုတောင် ပေးမကြည့်ဘူး ဟုတ်လား"
"လူကြောက်ကြီး။ မိုက်ကယ်က မင်းခေါင်းကို မြေကြီးပေါ် ဘယ်လို ရိုက်ချမလဲဆိုတာ ငါတို့ကို ပေးကြည့်စမ်းပါ"
မြွေဟောက်က ပခုံးတွန့်ပြလိုက်ရင်း "ဘာပဲဖြစ်ဖြစ် အရေးမကြီးပါဘူး။ တိုက်ပွဲက မစခင်မှာတင် ပြီးသွားမှာမို့လို့ မင်းတို့လည်း ဘာမှ မြင်ရမှာ မဟုတ်ပါဘူး" လို့ ဆိုလိုက်တယ်။
လူအုပ်ကြီးရဲ့ ကန့်ကွက်မှုတွေ ရှိနေပေမဲ့ ကလော်ဒီယာက ကွင်းထဲကို လျှောက်လှမ်းလာပြီး မိုက်ကယ်နဲ့ မြွေဟောက် တို့ဆီ ပူးပေါင်းလိုက်တယ်။
"မင်းတို့က လျှို့ဝှက် စိန်ခေါ်တိုက်ခိုက်ပွဲကို လိုချင်တာလား" လို့ သူမက မေးလိုက်တယ်။
"မှန်ပါတယ်"
လူအုပ်ကြီးက ထပ်မံ အော်ဟစ်ကြပြန်တယ်။ "မင်းတို့ ဒီလို လုပ်လို့ မရဘူးလေ…."
ကလော်ဒီယာက ချက်ချင်းပဲ လက်မြှောက်ပြလိုက်ပြီး လူတိုင်းရဲ့ အော်ဟစ်သံတွေကို တားဆီးလိုက်ရင်း "ဒါက သူတို့ရဲ့ ရပိုင်ခွင့်ပဲ။ မိုက်ကယ်...မင်းကော လျှို့ဝှက်တိုက်ခိုက်ဖို့ သူ့ရဲ့ ဆန္ဒကို သဘောတူလား" လို့ မေးလိုက်တယ်။
မိုက်ကယ်က ခေါင်းငြိမ့်ပြလိုက်တယ်။ ဒါက ပိုပြီး အဆင်ပြေတာပေါ့။
* * * * * * * *
စာစဉ်(၃၉)