အခန်း ၄၆၅
Vol. 39 Ch. 465
အခန်း(၄၆၅)
မိုက်ကယ်က မျက်လုံးတွေကို ဖွင့်လိုက်တဲ့အခါမှာတော့ အရင်အတိုင်းပဲ မြေအောက်ကျင်းထဲကို ပြန်ရောက်နေတာကို တွေ့လိုက်ရတယ်။ သူ့ရှေ့ တည့်တည့်မှာ ရပ်နေတာက ကလော်ဒီယာ ပါ။ သူမရဲ့ စွမ်းအင်တွေ လျော့ကျသွားတာနဲ့အမျှ ခန္ဓာကိုယ်ကလည်း ဖြည်းဖြည်းချင်း မှိန်ဖျော့သွားနေတယ်။
စိန်ခေါ်တိုက်ခိုက်ပွဲက အနိုင်အရှုံး ပေါ်သွားပြီဖြစ်လို့ လျှို့ဝှက်နယ်မြေရဲ့ တည်ရှိမှုကလည်း ဆက်ပြီး မလိုတော့ပါဘူး။ နဂါးငွေ့တန်းလိုမျိုး ပေါ်နေတဲ့ ပေါ်တယ်က လေထုထဲမှာ ကွယ်ပျောက်သွားပြီး တစ်မူထူးခြားတဲ့ စစ်တလင်းဆီ သွားရာတံခါးကို ထာဝရ ပိတ်ပစ်လိုက်ပါတော့တယ်။
ကလော်ဒီယာက မိုက်ကယ်ကို ကြည့်လိုက်တော့ သူ့အဝတ်အစားတွေက လုံးဝ ပုံမှန်အတိုင်း ဖြစ်နေတာကို တွေ့လိုက်ရတယ်။ ပင်ပန်းဆိုးဝါးလှတဲ့ စိန်ခေါ်တိုက်ခိုက်ပွဲတစ်ခုကို ဖြတ်သန်းလာခဲ့ရတဲ့ ပုံစံမျိုးတောင် လုံးဝ မပေါက်ဘူး။
အဲဒါနဲ့ ယှဉ်လိုက်ရင်တော့ သူမက အောက်ကို ငုံ့ကြည့်လိုက်တဲ့အခါ မြွေဟောက်ရဲ့ ခန္ဓာကိုယ်က ငြိမ်သက်စွာ လဲလျောင်းနေပြီး သွေးတွေအိုင်ထွန်းလို့ အသက်ငင်နေတာကို တွေ့လိုက်ရတယ်။
သူ့ရဲ့ အခြေအနေကို ကြည့်ခြင်းအားဖြင့် ဒီတိုက်ပွဲက လက်နက်ချလို့ ပြီးသွားတာမဟုတ်ဘဲ အလဲထိုးခံလိုက်ရလို့ ပြီးသွားတာမှန်း ကလော်ဒီယာ သိလိုက်ပါတယ်။
"မင်း နိုင်သွားပြီ..." လို့ သူမက ဝမ်းသာရိပ်နဲ့ မယုံနိုင်စရာ ခံစားချက်တွေ ရောပြွမ်းနေတဲ့ အသံနဲ့ ပြောလိုက်တယ်။ ဒီစိန်ခေါ်တိုက်ခိုက်ပွဲရဲ့ ရလဒ်က တစ်ဖက်သတ် ဆန်လွန်းလှပြီး တစ်ယောက်က အသက်အန္တရာယ် စိုးရိမ်ရလောက်တဲ့ ဒဏ်ရာတွေ ရနေချိန်မှာ နောက်တစ်ယောက်ရဲ့ ခန္ဓာကိုယ်မှာတော့ ခြစ်ရာတစ်ချက်တောင် မရှိဘူးလို့ သူမ မထင်ထားခဲ့မိဘူး။
"ခင်ဗျား သိထားရမယ့် အကြောင်းအရာတစ်ခု ရှိတယ်" လို့ မိုက်ကယ်က သူမကို ပြောလိုက်တယ်။
သူက တိုက်ပွဲအတွင်းမှာ မြွေဟောက် သူ့ကို ပြောပြခဲ့တဲ့ အကြောင်းတွေကို ချက်ချင်းပဲ ပြန်ပြောပြလိုက်ပါတယ်။ အသစ်တည်ထောင်လိုက်တဲ့ မြွေဆိုး ဆိုတာ တကယ်တော့ ပိုပြီးကြီးမားတဲ့ ဘာဆစ်လစ်အိုးစ် ရဲ့ အမည်ခံ ကုမ္ပဏီတစ်ခုသက်သက်သာ ဖြစ်တယ်ဆိုတာကို ပြောပြလိုက်တာပါ။
ကလော်ဒီယာက နှုတ်ခမ်းကို တင်းတင်းကိုက်လိုက်မိပြီး စိတ်ထဲမှာလည်း ဒေါသတွေ ဖြည်းဖြည်းချင်း ပြည့်လျှံလာတယ်။ သူမရဲ့ မျက်စိအောက်တင် အခုလိုမျိုး ကိစ္စရပ်ကို လုပ်ဝံ့ကြလိမ့်မယ်လို့ လုံးဝ မထင်ထားခဲ့ဘူး။
အဆိုးဆုံးကတော့ သူတို့တွေ နိုင်လုနီးပါး ဖြစ်သွားခဲ့တာပဲ။ အကယ်၍ သူတို့က စိန်ခေါ်တိုက်ခိုက်ပွဲမှာ မိုက်ကယ်ကို သတ်ပစ်လိုက်ပြီး ပြိုင်ပွဲရဲ့ အနိုင်ရရှိသူ ဖြစ်သွားခဲ့ရင် သူမအနေနဲ့ ဘာမှ ပြန်လုပ်နိုင်မှာ မဟုတ်တော့ဘူး။
သူတို့က စိန်ခေါ်တိုက်ခိုက်ပွဲအတွင်း လူသတ်ဖို့အထိ သေသေချာချာ အကွက်ချ စီစဉ်ထားခဲ့ကြတာ။ ပြိုင်ပွဲရဲ့ ဆုလာဘ်ကို ရရှိသွားတာနဲ့တစ်ပြိုင်နက် ဘာတွေဖြစ်ပျက်ခဲ့လဲဆိုတာ သူမ သိမသွားအောင် စာရင်းဇယားတွေထဲက သက်သေအထောက်အထား မှန်သမျှကို ဖျက်ဆီးပစ်ကြလိမ့်မယ်ဆိုတာ ကလော်ဒီယာ လုံးဝ သံသယ မရှိပါဘူး။
သူတို့တွေ လွတ်မြောက်သွားဖို့ လက်တစ်ကမ်းအကွာတင် လိုတော့တာ။ ပြီးတော့ မမျှော်လင့်ထားတဲ့ ပါရမီတွေ ရှိနေတဲ့ မိုက်ကယ်နဲ့ လာတိုးပြီး ကံမဆိုးသွားခဲ့ရင် သူတို့တွေ တကယ်ပဲ လွတ်မြောက်သွားကြမှာပေါ့။
"အဲဒီ အစုတ်ပလုတ် ကုမ္ပဏီ။ သူတို့ရဲ့ လုပ်ငန်းတွေကို ငါ အမှုန့်ခြေပစ်မယ်" လို့ သူမက ကြွေးကြော်လိုက်တယ်။ "မစိုးရိမ်ပါနဲ့ မိုက်ကယ်။ မက်ထရိုပိုလစ်မှာ ဒီလိုမျိုး ပြစ်မှုတွေကို သေသေချာချာ အပြစ်ပေးနိုင်မယ့် တင်းကျပ်တဲ့ စည်းမျဉ်းတွေ ရှိပါတယ်။ သူတို့မှာ ရှိသမျှ အရာအားလုံး ဆုံးရှုံးရတော့မှာပါ"
သူမက မဲ့ပြုံးတစ်ချက် မပြုံးဘဲ မနေနိုင်ခဲ့ဘူး။ ဘာဆစ်လစ်အိုးစ် က အဓိကလမ်းမကြီး က မြေကွက်အသေးလေးတစ်ခုကို ရဖို့အတွက်တင် သူတို့ရဲ့ လုပ်ငန်းတစ်ခုလုံးကို ရင်းပြီး စွန့်စားချင်နေကြတာကိုး။ သူတို့ရဲ့ မိုက်မဲလှတဲ့ ဆုံးဖြတ်ချက်ကို သူမ လုံးဝ မယုံနိုင်အောင် ဖြစ်ရတယ်။
"ဒါနဲ့ အမည်ခံ ကုမ္ပဏီဆိုတာ တကယ်တော့ ဘာလဲ။ ပြီးတော့ အမည်ခံ ကုမ္ပဏီနဲ့ လက်အောက်ခံ ကုမ္ပဏီက ဘာကွာလို့လဲ။ အတူတူပဲ မဟုတ်ဘူးလား"
မိုက်ကယ်က သူ့မှာလည်း ကိုယ်ပိုင် လက်အောက်ခံ ကုမ္ပဏီတွေ အများကြီး ရှိနေတာကြောင့် အဲဒီကွာခြားချက်ကို သိချင်နေတာပါ။ ပြီးတော့ သူက အဲဒီကုမ္ပဏီအားလုံးကို မက်ထရိုပိုလစ်မှာပါ တိုးချဲ့သွားဖို့ ရည်မှန်းချက်တွေ ရှိနေတာကိုး။
"လက်အောက်ခံ ကုမ္ပဏီဆိုတာက တခြားလူတစ်ယောက်ကနေ သီးခြား စီမံခန့်ခွဲတာမျိုးပေါ့။ မိခင်ကုမ္ပဏီရဲ့ မျိုးဆက်တွေ ဖြစ်ဖို့ များပါတယ်။ လက်အောက်ခံ ကုမ္ပဏီတစ်ခုက အရင်းအမြစ်တွေ ရရှိနိုင်ပေမဲ့ သူတို့ဘာသာသူတို့ပဲ အများဆုံး လည်ပတ်ကြတာ။
တစ်ဖက်မှာကျတော့ အမည်ခံ ကုမ္ပဏီဆိုတာ စက္ကူပေါ်မှာပဲ တည်ရှိပြီး ဘာလုပ်ငန်းမှ လုံးဝမရှိတဲ့ အရာမျိုး။
လူသားတွေရဲ့ အမြင်နဲ့ တွေးကြည့်ပေါ့။ မိခင်ကုမ္ပဏီက လူကြီးတစ်ယောက်ဆိုရင် လက်အောက်ခံ ကုမ္ပဏီက သူတို့ရဲ့ ကလေးပေါ့။ နှစ်ခုစလုံးက ဆင်တူမှုတွေ ရှိပေမဲ့ လုံးဝ ကွဲပြားခြားနားတဲ့ လူနှစ်ယောက် ဖြစ်နေတာ။
ဒါပေမဲ့ အမည်ခံ ကုမ္ပဏီတွေကျတော့ ရုပ်ဖျက်ထားသလိုမျိုးပဲ။ လူကြီးတစ်ယောက်က တခြားလူတစ်ယောက် ဖြစ်ယောင်ဆောင်ဖို့ အဝတ်အစားတွေ လဲဝတ်ထားသလိုပေါ့။ ဒါပေမဲ့ လက်တွေ့မှာတော့ သူက ထိုလူပဲလေ။
အခု ကိစ္စမှာဆိုရင် ဘာဆစ်လစ်အိုးစ် က သူတို့ရဲ့ 'ကလေး'တွေထဲက တစ်ယောက်ကို ပြိုင်ပွဲဆီ စေလွှတ်ရမှာ ဖြစ်ပေမဲ့ အဲဒီလို မလုပ်ဘဲ သူတို့ကိုယ်တိုင် ရုပ်ဖျက်ပြီး ဝင်ပြိုင်ခဲ့ကြတာ"
မြွေဆိုး အနေနဲ့ ဘာဆစ်လစ်အိုးစ် နဲ့ ပတ်သက်မှုကို ထုတ်ဖော် ပြောကြားခဲ့သင့်တာ။ ဒါဆိုရင်တော့ မှော်ပညာရှင်အစည်းအရုံးက သူတို့ရဲ့ အင်အားကို သေသေချာချာ တွက်ချက်ပြီး အလယ်တန်းပြိုင်ပွဲဆီ ထည့်ပေးခဲ့မှာပေါ့။
"ငါတို့ တခြားပြိုင်ပွဲတွေဆီ သွားရမယ်။ ဘာတွေဖြစ်ပျက်ခဲ့လဲဆိုတာ သူတို့ကို သွားပြီး သတိပေးရမယ်" လို့ ကလော်ဒီယာက ပြောလိုက်တယ်။
* * * * * * * *
တစ်ဖက်မှာတော့ အလယ်တန်းပြိုင်ပွဲနဲ့ အဆင့်မြင့်ပြိုင်ပွဲတွေက အပ်ပါးဝုဒ်နယ်မြေ အနှံ့မှာ ဆက်လက် ကျင်းပနေဆဲ ဖြစ်ပါတယ်။
ပြီးတော့ အံ့ဩစရာကောင်းတာက ဘာဆစ်လစ်အိုးစ် က ဆီမီးဖိုင်နယ်မှာ ပိရမစ်ဒစ် ကျူဇင်းကို မထင်မှတ်ဘဲ အနိုင်ယူပြီး ကျော်ဖြတ်သွားခဲ့တာကြောင့် ပြိုင်ပွဲရဲ့ နောက်ဆုံးအဆင့်ကို ရောက်ရှိသွားပြီး အကြိုက်ဆုံး ရေပန်းစားနေတဲ့ ကွန့်ချ်ကုမ္ပဏီနဲ့ ရင်ဆိုင်ရတော့မှာ ဖြစ်နေတယ်။
မိုက်ကယ်နဲ့ ကလော်ဒီယာ နှစ်ယောက်စလုံးက အစည်းအရုံး ဌာနချုပ်ကို ဖြတ်ကျော်ပြေးလွှတ်ရင်း မက်ထရိုပိုလစ်နဲ့ ဝေးရာ လူသူကင်းဝေးတဲ့ နေရာတစ်ခုဆီ ဦးတည်ထွက်ခွာလာခဲ့ကြတယ်။
သူမနဲ့ မြွေဟောက်ရဲ့ စိန်ခေါ်တိုက်ခိုက်ပွဲလိုပဲ ဘာဆစ်လစ်အိုးစ် ကလည်း ပရိသတ် လုံးဝမရှိတဲ့ သီးသန့် တိုက်ပွဲနယ်မြေတစ်ခုကို တောင်းဆိုခဲ့တာပါ။
ကလော်ဒီယာက မြင်းစီးပြီး သွားနေချိန်မှာ သူကတော့ လွင်ပြင်တွေကို ဖြတ်သန်းပြီး ပျံသန်းခြင်းနည်းလမ်းကို သုံးခဲ့ရင်း နောက်ဆုံးမှာတော့ တောင်စောင်း သေးသေးလေးတစ်ခုပေါ်က ဂူတစ်ခုဆီကို ရောက်ရှိသွားကြပါတယ်။
လိုဏ်ခေါင်းကို ဖြတ်ပြေးပြီးတဲ့နောက်မှာတော့ ကျောက်စက်ပန်းဆွဲတွေနဲ့ ကျောက်စက်တိုင်တွေ ဖုံးလွှမ်းနေတဲ့ အမိုးခုံးပုံစံ ဧရာမ ဂူကြီးတစ်ခုဆီကို ရောက်သွားကြတယ်။
ပြီးတော့ ဒီအခန်းရဲ့ အလယ်ဗဟိုမှာတော့ ဒစ်ကီနဲ့ မထင်မှတ်ထားတဲ့ လူစိမ်းတစ်ယောက်ကို တွေ့လိုက်ရပြီး ထိုလူက အဖြူရောင် ဝတ်ရုံကို ဝတ်ဆင်ထားတာကြောင့် အစည်းအရုံးဝင် တစ်ယောက် ဖြစ်လိမ့်မယ်လို့ မိုက်ကယ်က တွေးလိုက်မိပါတယ်။
"မဒမ် ကလော်ဒီယာလား..." လို့ မှော်ပညာရှင်အစည်းအရုံး ဝန်ထမ်းက မေးလိုက်တယ်။
"ပြိုင်ပွဲကို ရပ်လိုက်တော့" လို့ သူမက အမိန့်ပေးလိုက်တယ်။ "ဘာဆစ်လစ်အိုးစ် က ပြိုင်ပွဲရဲ့ စည်းမျဉ်းတွေကို ချိုးဖောက်ခဲ့တယ်"
ဒစ်ကီက သူမနဲ့အတူ ရှိနေတဲ့ မိုက်ကယ်ကို သတိထားမိသွားပြီး "ဘာတွေဖြစ်နေတာလဲ မိုက်ကယ်" လို့ ချက်ချင်းပဲ အကျိုးအကြောင်း မေးလိုက်ပါတယ်။
"ဘာဆစ်လစ်အိုးစ် က အခြေခံအဆင့်ပြိုင်ပွဲမှာ ဝင်ပြိုင်ဖို့အတွက် မြွေဆိုး ဆိုတဲ့ နာမည်နဲ့ အမည်ခံ ကုမ္ပဏီတစ်ခုကို တည်ဆောက်ခဲ့တာ"
အစည်းအရုံး ဝန်ထမ်းရဲ့ မျက်လုံးတွေက ပြူးကျယ်သွားပြီး တိုက်ခိုက်သူ နှစ်ယောက်အတွက် သူ ဖန်တီးပေးထားတဲ့ လျှို့ဝှက်နယ်မြေ စိန်ခေါ်တိုက်ခိုက်ပွဲကို အတင်းအကျပ် ရပ်တန့်ပစ်ဖို့ ချက်ချင်းပဲ အပြေးအလွှား လုပ်ဆောင်ပါတော့တယ်။
သူက မျက်လုံးတွေကို ပိတ်လိုက်တဲ့အခါမှာတော့ ထူးဆန်းတဲ့ အလင်းရောင်တစ်ခုက သူ့ရဲ့ ခန္ဓာကိုယ်အတွင်းပိုင်းကို လွှမ်းမိုးသွားပြီး အရေပြားကနေတစ်ဆင့် ဖြည်းဖြည်းချင်း လျှံထွက်လာတယ်။ သူ့ရဲ့ ခန္ဓာကိုယ်က လေထဲကို စတင် ပျံတက်သွားပြီးနောက် နားမလည်နိုင်တဲ့ စကားလုံးအချို့ကို တီးတိုးရေရွတ်လိုက်ပါတယ်။
ရုတ်တရက်ဆိုသလို အဖြူရောင် ပေါ်တယ်တစ်ခုက သူ့ရှေ့မှာ ပေါ်လာခဲ့တယ်။ အဲဒါက အရင်က မိုက်ကယ် ဝင်ခဲ့တဲ့ ပေါ်တယ်နဲ့ ပုံစံတူနီးပါး ဖြစ်နေပေမဲ့ ဒီပေါ်တယ်ထဲက ကြယ်တွေရဲ့ ဖွဲ့စည်းပုံကတော့ လုံးဝ ကွဲပြားခြားနားနေပါတယ်။
ပေါ်တယ်က စတင်လည်ပတ်သွားပြီးနောက် ချက်ကီကို လျှို့ဝှက်နယ်မြေ စိန်ခေါ်တိုက်ခိုက်ပွဲထဲကနေ အပြင်ကို ထွေးထုတ်လိုက်ပါတော့တယ်။ အရပ်ရှည်ရှည် ခန္ဓာကိုယ် ထောင်ထောင်မောင်းမောင်းနဲ့ လူကြီးက လိမ့်ထွက်လာပြီးနောက် သူ့ရဲ့ ခြေကုပ်ကို ပြန်ရှာလိုက်တယ်။ သူက ချက်ချင်းပဲ မတ်တတ်ထရပ်လိုက်ပြီး ရန်သူက သူ့ကို ချောင်းမြောင်း တိုက်ခိုက်တော့မယ့်အတိုင်း သူ့ရဲ့ ပုဆိန်ကို လေထဲမှာ မြှောက်ကိုင်ထားလိုက်ပါတယ်။
ဒါပေမဲ့ သူ့ပတ်ပတ်လည်က ရင်းနှီးနေတဲ့ ဂူကြီးကို မြင်လိုက်ရတဲ့ အခါမှာတော့ သူ လျှို့ဝှက်နယ်မြေထဲမှာ မရှိတော့မှန်း သဘောပေါက်သွားခဲ့တယ်။
"ဘာ....ဘာဖြစ်သွားတာလဲ..." လို့ သူက မောပန်းနွမ်းနယ်စွာနဲ့ မေးလိုက်တယ်။
မိုက်ကယ်က ချက်ကီရဲ့ မကောင်းလှတဲ့ အခြေအနေကို သတိထားမိလိုက်တယ်။ သူ့ရဲ့ ဘယ်ဘက်ခြေထောက်က သိသိသာသာ ထော့နဲ့နေပြီး ညာဘက်လက်မောင်းကတော့ ကျိုးနေတာကြောင့် သူ့ရဲ့ လက်နက်ကိုတောင် မနည်း ကိုင်ထားရရှာတယ်။
သွေးတွေက သူ့ရဲ့ နဖူးကနေ စီးကျနေပြီး သွေးတွေ ရွှဲရွှဲစိုနေတဲ့ အဝတ်အစားတွေနဲ့ ချပ်ဝတ်တန်ဆာပေါ်ကို စိမ့်ကျနေပါတယ်။
သူ ရှုံးနေခဲ့တာပဲလို့ မိုက်ကယ် သဘောပေါက်လိုက်တယ်။
စက္ကန့်အနည်းငယ် ကြာပြီးတဲ့နောက်မှာတော့ တခြားလူတစ်ယောက်က ပေါ်တယ်ထဲကနေ လွင့်ထွက်လာပြန်တယ်။ အဲဒီလူက ခရမ်းရောင် ဆံပင်ထောင်ထောင် စတိုင်နဲ့ ဖြစ်ပြီး လက်ထဲမှာလည်း လှံတစ်စင်းကို ကိုင်ဆောင်ထားတယ်။ လျှို့ဝှက်နယ်မြေထဲကနေ ရုတ်တရက် လွင့်ထွက်လာရတာကြောင့် သူလည်း အံ့ဩသွားပြီး အရှိန်မထိန်းနိုင်ဘဲ ကြမ်းပြင်ပေါ်မှာ လိမ့်ထွက်သွားရင်း မြေပြင်ပေါ်က တုတ်ခိုင်လှတဲ့ ကျောက်စက်တိုင်တစ်ခုနဲ့ သွားတိုက်မိပါတော့တယ်။
သူ့မှာလည်း ခန္ဓာကိုယ်ပေါ်က အချို့နေရာတွေ ကျိုးပဲ့နေတဲ့ ပုံစံမျိုး ရှိနေပါတယ်။ ဒါပေမဲ့ ချက်ကီနဲ့ ယှဉ်လိုက်ရင်တော့ အဲဒီလူက ဒဏ်ရာ သိပ်အပြင်းအထန် ရထားတဲ့ ပုံစံမျိုး မပေါ်ဘူး။
"ဘာဖြစ်တာလဲ" လို့ ဆံပင်ထောင်နဲ့လူက မေးလိုက်တယ်။
ပြီးတော့ ကလော်ဒီယာ မောင့်ဂိုမာရီက သူ့ဆီကို ချဉ်းကပ်လာတာကို သတိထားမိလိုက်တဲ့ အခါကျမှသာ ဘာတွေဖြစ်ပျက်ခဲ့လဲဆိုတာ သူ သဘောပေါက်သွားပါတော့တယ်။
"ဟား...မင်းတို့ သိသွားပြီပေါ့"
"မှန်တယ် မမ်ဘာ။ ငါ့ရဲ့ ပြိုင်ပွဲအောက်မှာ မင်း ကျူးလွန်ခဲ့တဲ့ လိမ်လည်မှုအတွက် ပြန်ပေးဆပ်ရလိမ့်မယ်" လို့ ကလော်ဒီယာက သူ့ကို စိုက်ကြည့်ရင်း ပြောလိုက်တယ်။ မမ်ဘာအပေါ် ထားတဲ့ သူမရဲ့ မုန်းတီးရွံရှာမှုကတော့ လုံးဝ ထင်းထင်းကြီး ပေါ်လွင်နေခဲ့ပါတယ်။
"ဟား...ဟားဟား...ဟားဟားဟား။ မင်းတို့အတွက် နောက်ကျသွားပြီ။ အခုအချိန်ဆို မြွေဟောက်က ပြိုင်ပွဲတစ်ခုလုံးကို အနိုင်ရရှိသွားပြီး အဓိကလမ်းမကြီး ကို ငါတို့အပိုင်အဖြစ် တရားဝင် သိမ်းပိုက်လိုက်ပြီကွ"
* * * * * * * *
စာစဉ်(၃၉)